ဟောင်ကောင်က တီယန်တန်ရုပ်ပွားတော်မြတ်

Posted on

တီယန်တန် ဗုဒ္ဓရုပ်ပွားတော်ဟာ စင်္ကြာမုနိကြေးရုပ်ပွာတော်တစ်ဆူဖြစ်ပါတယ်။ ၎င်းရုပ်ပွားတော်ဟာ တရုတ်နိုင်ငံရဲ့ အထူးဒေသ ဟောင်ကောင်က, Lantau ကျွန်း Ngong Ping ဒေသမှာတည်ရှိပြီး ၁၉၉၃ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ရုပ်ပွားတော်ဟာ Po Lin ဘုန်းတော်ကြီးကျောင်းတွင်တည်ရှိပြီး ဟောင်ကောင်တွင် ဗုဒ္ဓဝါဒ၏အဓိကအချက်အချာကျတဲ့ နေရာဖြစ်တဲ့အပြင် နိုင်ငံခြားခရီးသွားများ လည်ပတ်မှုများသည့်နေရာလည်းဖြစ်ပါတယ်။ ရုပ်ပွားတော်၏အောက်ခြေမှာတော့ ပေကျင်းဒေသ၏အလေးအမြတ်ထားတဲ့ဘုရားကျောင်းတစ်ခုဖြစ်တဲ့ Tian Tan ဘုရားကျောင်းတည်ရှိပါတယ်။

Tian Tan ရုပ်ပွားတော်ဟာ တရုတ်နိုင်ငံ၏အကြီးဆုံးရုပ်ပွားတော်၅ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရုပ်ပွားတော်ဟာ ကြာပွင့်ပုံ ၃ဆင့် ပလ္လင် ပေါ်တွင်တည်ရှိပြီး ရုပ်ပွားတော်ကြီးရဲ့အနီးမှာတော့ The Offering of the Six Devas လို့အမည်ရတဲ့ နတ်သမီးခြောက်ဖော်ရဲ့ရုပ်တုတွေတည်ရှိပါတယ်။

နတ်သမီးတွေရဲ့ရုပ်တုတွေကို ပန်းများ ၊ အမွှေးတိုင်များ ၊ ဆီမီများ ၊ အမွှေးနံ့သာများ ၊ သစ်သီးများ ဆပ်ကပ်ဟန် နှင့် တေးသီချင်းများ သီဆိုနေဟန်ထုလုပ်ထားပါတယ်။ နတ်သမီးရုပ်တွေရဲ့ အဓိပ္ပာယ်တွေကတော့ သဘောထားကြီးခြင်း ၊ အကျင့်သိက္ခာကောင်းခြင်း ၊ သီးခံခြင်း ၊ ဇွဲလုံလကောင်းခြင်း ၊ ဥာဏ်ပညာကြီးမာခြင်း နှင့် ကိုယ်စိတ်ချမ်းသာခြင်းတို့ဖြစ်ပါတယ်။

ရုပ်ပွားတော်ကြီးဟာဥာဏ်တော် ၁၁၂ ပေမြင့် ပြီး အလေးချိန်အားဖြင့် ၂၅၀ မက်ထရစ်တန် ရှိပါတယ်။ ကြေးအစိတ်အပိုင်း ၂၀၂ခုဖြင့်တည်ဆောက်ခဲ့တာဖြစ်ပြီး အထဲတွင် သံဖရိန်ထည့်ထားပါတယ်။ မိုးလေဝသကြည်လင်သည့်နေ့များတွင် ရုပ်ပွားတော်အား မကာအိုဒေသမှပင် လှမ်းမြင်နိုင်ပါတယ်။

ခရီးသွားများအနေဖြင့် ရုပ်ပွားတော်သို့ရောက်ရှိရန် လှေကား ၂၆၈ ဆင့်တက်ရပြီး မသန်စွမ်းသူများအတွက်ဘေးတွင် လမ်းတစ်ခုလုပ်ပေးထားပါတယ်။ ဗုဒ္ဓ၏ ညာဘက်လက်တော်အားမြင့်တက်နေရခြင်းရဲ့ရည်ရွယ်ချက်မှာ ဘေးဒုက္ခဝေဒနာများကင်းဝေးစေရန်ဖြစ်ပြီး ဘယ်ဘက်လက်ချထားရခြင်း၏အဓိပ္ပာယ်မှာ သဘောထားကြီးခြင်းဖြစ်ပါတယ်။ ရုပ်ပွားတော်အများစုဟာ တောင်ဘက်ကိုမျက်နှာမူလေ့ရှိပြီး Tian Tan ရုပ်ပွားတော်ကြီးမှာ မြောက်ဘက်ကိုမျက်နှာမူထားတာကြောင့် တမူထူးခြားပြီးပြိုင်စံရှားလှပါတယ်။

ရုပ်ပွားတော်မှာ ဂေါတမမြတ်စွာဘုရား၏ဓာတ်တော်များဖြင့် ဌာပနာထားသော ရုပ်ပွားတော်များထဲမှတစ်ဆူအပါအဝင်ဖြစ်သည့်အတွက် မြတ်စွာဘုရား၏ဓာတ်တော်များကို ဖူးမြော်ချင်သူများအနေဖြင့် ဤနေရာကိုမေ့ထားလို့မရပါဘူး။ ဘုရားဖူးလာရောက်သူများအား ၁၀၈ ပါးသော ဒုက္ခအပေါင်းကင်းဝေးစေရန်အတွက် ၇ မိနစ်တွင် တစ်ခါ တစ်နေ့လုံးတွင် ၁၀၈ကြိမ် ခေါင်းလောင်းသံမြည်အောင်လုပ်ထားပါတယ်။

ရုပ်ပွားတော်ကြီးကိုတော့ ၁၉၉၀ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အဆောက်အဦးအကုန်လုံးကိုတော့ ၁၉၉၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၉ ရက်တွင် အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ရုပ်ပွားတော် ဆောက်လုပ်ပြီးစီးတဲ့အခါမှာတော့ တကမ္ဘာလုံးမှ ဘုန်းတော်ကြီးများကို ဖွင့်ပွဲအတွက်ပင့်ဖိတ်ခဲ့ပါတယ်။

အိမ်ရှင်တရုတ်နိုင်ငံ ၊ ထိုင်ဝမ် ၊ အိန္ဒိယ ၊ ဂျပန် ၊ ကိုရီးယား ၊ ထိုင်း ၊ မလေးရှား ၊ စင်ကာပူ ၊ သီရိလင်္ကာ၊ အမေရိကန် နှင့် ကမ္ဘာတစ်ဝှမ်းမှလူများလည်း ရုပ်ပွားတော်ကြီးဆောက်လုပ်ပြီးစီးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါတယ်။ ဟောင်ကောင်စာတိုက်ကလည်း ရုပ်ပွားတော်ကြီးရဲ့ပုံတော်ကို တံဆိပ်ခေါင်းအဖြစ် ထုတ်ဝေခဲ့ပါတယ်။

Po Lin ဘုန်းတော်ကြီးကျောင်းနှင့် ရုပ်ပွားတော်မြတ်အား မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိလာရောက်လည်ပတ်နိုင်ပါတယ်။ ရုပ်ပွားတော်မြတ်အားအပြင်မှ အခမဲ့ဖူးမြော်နိုင်ပြီး ရုပ်ပွားတော်မြတ်အတွင်းသို့ဝင်ရောက်သူများမှာ ဝင်ကြေးပေးဆောင်ရပါတယ်။ ရုပ်ပွားတော်မြတ်အား Mui Wo မြို့မှတက်စီ သို့မဟုတ် ဘတ်စ်ကားဖြင့်လာရောက်နိုင်ပြီး Tung Chung station မှမီးရထား သို့မဟုတ် ကေဘယ်ကားဖြင့် လာရောက်နိုင်ပါတယ်။

VIDEO

Ref : Wikipedia

Leave a Reply