မြက်ခင်းစိမ်းပေါ်ကဂြိုလ်သားတစ်ယောက် (သို့) ပီယာလူအီဂျီ ကော်လီနာ

Posted on

နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ဟာ ဘောလုံးအားကစားပေါ်မူတည်နေတယ်လို့ဆိုရင် ယခုခေတ် မှာတော့မှန်ကန်နေတယ်လို့ဆိုရပါတော့မယ်။ ဘောလုံးပွဲတစ်ပွဲရဲ့ရသဟာ ပြိုင်ဘက်နှစ် သင်းနဲ့အသင်းနည်းပြတွေပေါ်မှာသာမက ယင်းပွဲကို ကြီးကြပ်ကိုင်တွယ်တဲ့ ကွင်းလယ်ဒိုင်၊ အကူဒိုင်နဲ့ စည်းကြပ်ဒိုင်တွေပေါ်မှာလည်း မူတည်နေပါတယ်။ အထူးသဖြင့်ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေဟာ ပွဲတစ်ပွဲရဲ့ရလဒ်ကိုပါပြောင်းလဲပေးနိုင်တာ ကြောင့် ဘောလုံးပွဲတစ်ပွဲမှာ အလွန်အရေးပါနေတယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။ ကွင်းလယ်ဒိုင်ရဲ့အရည်အသွေးညံ့ဖျင်းမှုကြောင့် ပျက်စီးခဲ့ရတဲ့ ဘောလုံးပွဲတွေ၊ နစ်နာခဲ့ရတဲ့အသင်းများစွာဟာ ကမ္ဘာဘောလုံးဇာက်ခုံမှာ လက်ညိုးထိုးမလွဲရှိနေခဲ့ရပါ တယ်။

ယခုခေတ်ကာလမှာတော့ နည်းပညာအကူအညီတွေကိုအသုံးပြုပြီး ဒိုင်လူကြီး တွေရဲ့စွမ်းဆောင်ရည်ကို အတတ်နိုင်ဆုံးမှန်ကန်အောင်ပြုလုပ်နေတာကိုလည်း ဥရောပထိပ်တန်းလိဂ်တွေမှာ တွေ့မြင်နေရပါတယ်။ ဒါပေမဲ့နည်းပညာဖွံဖြိုးမှုအားနည်းနေတဲ့ (၂၀၀၀)ပြည့်နှစ်ကာလတွေတုန်းကတော့ ဂြိုလ်သားတစ်ယောက်လို အသွင်သဏ္ဍန်မျိုး နဲ့ကွင်းလယ်ဒိုင်တစ်ဦးကတော့ နည်းပညာအကူအညီရယူခြင်းမရှိပဲ သမာသမတ်ကျစွာ နဲ့ ဘောလုံးပွဲကြီးပွဲကောင်းများစွာကို ကမ္ဘာဘောလုံးပရိတ်သတ်အားလုံးအတွက် ဆောင်ယူပေးခဲ့ပါတယ်။ သူဟာ ယခုချိန်မှာတော့ ဘောလုံးဒိုင်တစ်ဦးဘဝကနေအနား ယူခဲ့ပြီဖြစ်ပေမဲ့ ယနေ့အချိန်ထိတော့ သူထက်ပိုကောင်းတဲ့ ကွင်းလယ်ဒိုင်မရှိသေး ကြောင်းတရားဝင် မှတ်တမ်းတွေကဖော်ပြနေပါတယ်။

Pierluigi Collinaလို့သိကြတဲ့ ဒီအီတလီနိုင်ငံသားကွင်းလယ်ဒိုင်လူကြီးဟာ ဖီဖာရဲ့ အကောင်းဆုံးသော ကွင်းလယ်ဒိုင်လူကြီးအဖြစ်(၁၉၉၈ခုနှစ်ကနေ၂၀၀၃ခုနှစ်အထိ) (၆)ကြိမ်ဆက်ရွေးချယ်ခြင်းခံခဲ့ရတဲ့ အပြင် အငြင်းပွားဖွယ်မရှိတဲ့ အကောင်းဆုံးကွင်းလယ်ဒိုင်တစ်ဦးလည်း ဖြစ်ပါ တယ်။ ယခုအချိန်မှာတော့ Pierluigi Collina ကို ဘောလုံးကွင်းအတွင်းမှာ ပြန်လည် မတွေ့ရတော့ပေမဲ့(AIA)လို့သိထားတဲ့ အီတလီနိုင်ငံဒိုင်အဖွဲ့ချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ် ၊ ယူကရိန်းနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ အကြီးအကဲ၊ UEFA ရဲ့ဒိုင်ကော်မတီတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေဆဲလည်းဖြစ်ပါတယ်။ ရံပုံငွေဘောလုံးပွဲတွေ အဆင့်မြင့် ဘောလုံးပြိုင်ပွဲတွေရဲ့ မဲခွဲတဲ့အခမ်းအနားတွေမှာ ရံဖန်ရံခါတွေ့ရပေမဲ့ ဘောလုံးပရိတ်သတ်တွေမျှော်လင့်ထားသလိုတော့ ကွင်းအတွင်းမှာပြန်လည်တွေ့ရဖို့တော့ မရှိတော့ ပါဘူး။

Pierluigi Collinaဟာ (၁၉၆၀)ခုနှစ် ၊ဖေဖော်ဝါ၇ီ(၁၃)ရက်နေ့မှာမွေးဖွားသူ ဖြစ်ခဲ့တာ ကြောင့် ယခုအချိန်မှာတော့ အသက်(၅၉)နှစ်အရွယ်ရှိနေပါပြီ။ Collina ဟာ အီတလီ နိုင်ငံ ဘိုလော့နာမြို့ဇာတိဖြစ်ပြီး ငယ်စဉ်ကသူရဲ့ဝါသနာကတော့ ဘောလုံးသမားတစ် ယောက်ဖြစ်ဖို့သာဖြစ်ပါတယ်။ (၁၉၈၄)ခုနှစ်မှာတော့ ဘိုလော့နာတက္ကသိုလ်ကနေ စီးပွားရေးဘာသာရပ်အထူးပြုတဲ့ဘွဲ့အပ်နှင်းခြင်း ခံခဲ့ရပါတယ်။ Collinaဟာဆယ်ကျော် သက်ဘဝတည်းက ဘိုလော့နာဒေသခံအပျော်တမ်းအသင်းတစ်ခုမှာ နောက်တန်း ဗဟိုလူတစ်ယောက်အဖြစ်စတင်ကစားခဲ့ရပါတယ်။

ယင်းအချိန်တည်းက သူရဲ့ကစား ဖော်တွေဟာ Collinaရဲ့ခြေစွမ်းထက် ဘောလုံးပွဲတစ်ပွဲအပေါ်ရှုမြင်တဲ့သူရဲ့ ကျွမ်းကျင်တဲ့ ပါးနပ်မှုကိုပိုမိုသတိထားမိခဲ့ပါတယ်။Collina အသက် (၁၇)နှစ်အရွယ်ရောက်ချိန်မှာတော့ မိသားစုရဲ့တိုက်တွန်းမှုနဲ့ ဒိုင်လူကြီးသင်တန်းကျောင်းတစ်ခုကို တက်ရောက်ခဲ့ရပါတယ်။ သင်တန်းပြီးချိန်မှာတော့ Collinaဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် ဖြစ်ဖို့ထက် ဒိုင်လူကြီးတစ်ယောက်ဖြစ်ဖို့သာ ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ ယင်းနောက် မှာတော့ Collinaဟာဒေသတွင်း အမြင့်ဆုံးပြိုင်ပွဲတွေအထိ ကွင်းလယ်ဒိုင်တစ်ယောက် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး သူရဲ့သမာသမတ်ကျတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဒေသတွင်းသတင်းစာတွေကပါ ချီးကျူးခဲ့ရတဲ့ လူငယ်ကွင်းလယ်ဒိုင်ဖြစ်လာပါတယ်။

အဲဒီနောက်တော့ သူဟာအီတလီနိုင်ငံရဲ့ စစ်မှုမထမ်းမနေရဥပဒေအရ စစ်တပ်မှာ ဝင်ရောက်စစ်မှုထမ်းခဲ့ပါတယ်။ စစ်မှုထမ်းကာလပြီးဆုံးပြီးတဲ့နောက် (၁၉၈၈)ခုနှစ် ရောက်ချိန်မှာတော့ Collinaဟာ အီတလီစီးရီး(C) 1နဲ့ (C) 2 တွေကိုကိုင်တွယ်ခွင့်ရခဲ့ ပါတယ်။ (၃)ရာသီလောက်ကိုင်တွယ်ပြီးချိန်မှာတော့ သူရဲ့အရည်အချင်းကြောင့် အီတလီစီးရီး(B) နဲ့ စီးရီး(A)ပွဲစဉ်အချို့ကို ကို်င်တွယ်ခွင့်ရရှိလာခဲ့ပါတယ်။ အဲအချိန်မှာ ပဲ Collinaဟာ Alopecia လို့ခေါ်တဲ့ဆံပင်ကျွတ်တဲ့ရောဂါကို ပြင်းထန်စွာခံစားခဲ့ရပါ တယ်။

Collinaရဲ့ ခေါင်းတုံးတစ်ခုလုံးသာမက မျက်နှာပြင်တွေအထိ အမွှေးအမျှင် ပေါက်ရာက်ခြင်းမရှိတော့ပဲ အပေါင်းအသင်းတွေက Kojak (1973 ကနေ 1978 ကာလ က အမေရိကန်ထုတ်လုပ်ရေးCBSကထုတ်တဲ့ရုပ်သံစီးရီးထဲက နယူးဟောက်ရဲဝန်ထမ်း အဖြစ်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Telly Savalasရဲ့ ကာရိုက်တာ) လို့အမည်ပြောင် ပေးခဲ့ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့အများနဲ့မတူတဲ့ ဂြိုလ်သား တစ်ယောက်လိုပုံကပဲနောက်ပိုင်းမှာ Collina ကိုလူသိများစေခဲ့သလို စီးပွားရေးလုပ်ငန်း ရှင်များစွာက စပွန်ဆာအဖြစ်ပေးရန် ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။)

(1995)ခုနှစ်အတွင်းမှာတော့ Collinaဟာ ကွင်းလယ်ဒိုင်အဖြစ်နဲ့ စီးရီအေ ပွဲစဉ်ပေါင်း(၄၃)ပွဲအထိ ကိုင်တွယ်နိုင်ခဲ့သလို တစ်ဖက်မှာလည်း ဖီဖာရဲ့အသိအမှတ်ပြု ဒိုင်လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ (၁၉၉၆)ခုနှစ် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ နွေရာသီအိုလံပစ်ပြိုင်ပွဲ၊အမျိုးသားဘောလုံးပွဲစဉ်မှတော့ Collinaဟာ ဗိုလ်လုပွဲအပါအဝင် ပွဲစဉ်ပေါင်း(၅)ပွဲအထိ ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ ဒါအပြင် နောက်ထပ်(၃)နှစ်အကြာမှာကျင်းပတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ် တို့ရဲ့ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲစဉ်ကိုလည်း ကိုင်တွယ်ခွင့်ရရှိခဲ့ပါတယ်။

ဒါအပြင် ကိုရီးနဲ့ဂျပန်မှာကျင်းပတဲ့ (၂၀၀၂)ခုနှစ်ကမ္ဘာဖလား ဗိုလ်လုပွဲစဉ်ကိုလည်း Collinaသာကိုင်တွယ် ခွင့်ရခြဲု့ပန်ပါတယ်။ ယင်းပြိုင်ပွဲမှာပဲ ကွင်းလယ်ဒိုင်တစ်ချို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးက ပရိတ်သက်တွေအတွက် မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး အထူးသဖြင့် အိမ်ရှင်တောင်ကိုရီးယားအသင်းက အံ့ဖွယ်ကောင်လောက်အောင် စပိန်နဲ့အီတလီအသင်းတွေကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်တွေမှာဆိုရင် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အချို့ဟာ အတော်ကိုဆိုးရွားခဲ့ပါတယ်။

ဖီဖာအနေနဲ့ကျဆင်းခဲ့ရတဲ့ ဒိုင်တွေရဲ့ပုံရိပ်ကို အဖတ်ဆယ်ရာမှာ Collinaရဲ့စွမ်းဆောင်ချက်တွေက ပိုမိုအရေးပါခဲ့တာကိုမြင်တွေ့နိုင်ပါတယ်။ Collina ဟာ အမြင်အလွန်စူးရှသလို မမောမပန်းပြေးလွှားနိုင်သူဖြစ်ပြီး ဘောလုံးရှိရာနေရာတိုင်း သူရှိနေသလိုဖြစ်နေခဲ့ပါတယ်။ ဒါအပြင်သူရဲ့လုပ်ပိုင်ခွင့်ကို စည်းမျဉ်းစည်းကမ်းအတွင်း ကပဲဆောင်ရွက်လေ့ရှိပြီး နှစ်ဖက်အသင်းသားတွေသာမက၊အုပ်ချုပ်သူနည်းပြတွေအ ပေါ်မှာပါ သြဇာသက်ရောက်မှုရှိသူဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကိုမှန်မှန်နဲ့မြန်မြန်ချမှတ် နိုင်ပြီး ကွင်းထဲမှာခက်ထန်ဟန်ရှိပေမဲ့ အပြင်လောကမှာတော့ လူမှုဆက်ဆံရေးအလွန် ကောင်းသူဖြစ်တာကြောင့် နာမည်ကျော်ဘောလုံးသမား/နည်းပြတိုင်းက ချစ်ကြောက်ရို သေခဲ့ရသူဖြစ်ပါတယ်။

ကမ္ဘာအကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်ခံခဲ့ရဖူးတဲ့ ဂျာမနီ နဲ့ဘိုင်ယန်အသင်းဂိုးသမား အိုလီဗာခန်းကတော့ ကမ္ဘာအကောင်းဆုံးဒိုင်လူကြီးဆိုရင် Collina က လွဲပြီးဘယ်သူရှိပါတော့မလဲဗျာ။ ဒါဟာကမ္ဘာအကောင်းဆုံးဘောလုံးသမား ရွေးနေသလို ခေါင်းခြောက်အောင် စဉ်းစားစရာမဟုတ်ပါဘူး၊ သံသယလည်းဖြစ်နေစရာမလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်အတွက်တော့သူဟာ ကံဆိုးမှုတွေကိုယူလာတဲ့သူပါ။ ( ကိုလီနာ ကိုင်တွယ်ခဲ့တဲ့ မန်ယူ ၂- ၁ဘိုင်ယန်(၁၉၉၉ချန်ပီယံလိဂ်ဖိုင်နယ်)၊ အင်္ဂလန် ၅-၁ ဂျာမနီ (၂၀၀၂ကမ္ဘာဖလားခြေစစ်ပွဲ)၊ ဂျာမနီ ၀- ၂ဘရာဇီး(၂၀၀၂ ကမ္ဘာဖလားဗိုလ်လုပွဲ) တွေကိုရည်ညွှန်း)

(၂၀၀၇)ခုနှစ်ကထွက်ရှိခဲ့တဲ့ EA Sports ရဲ့ FIFA Footvall 2005 ဂိမ်းခွေရဲ့ ကာဗာမှာတော့ ထူးထူးခြားခြားဒိုင်လူကြီးတစ်ယောက်ဖြစ်တဲ့ Collinaရဲ့ပုံဟာ ပါဝင်လာခဲ့တာကြောင့် သူရဲ့ကျော်ကြားမှုဟာ ကမ္ဘာတစ်ဝှမ်းက လူငယ်ပိုင်းအထိသက်ရောက်လာခဲ့ပြန်ပါတယ်။ Collinaဟာ (၂၀၀၄)ခုနှစ်မှာကျင်းပခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တစ်ခုဖြစ်ခဲ့တဲ့ ဗလန်စီယာနဲ့ ပြင်သစ်ကလပ် မာဆေးတို့ရဲ့ပွဲစဉ်ကိုကိုင်တွယ်ခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ သူအတွက်တော့ ကလပ်အသင်းပြိုင်ပွဲဗိုလ်လုပွဲစဉ်အဖြစ် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။

ဂရိအသင်း အံ့ဖွယ်ဗိုလ်စွဲသွားတဲ့ ယူရို(၂၀၀၄)ပြိုင်ပွဲကတော့ သူအတွက်နောက်ဆုံး အဓိကပြိုင်ပွဲကြီးတွေကို ကိုင်တွယ်ခဲ့တဲ့ပြိုင်ပွဲအဖြစ် သတ်မှတ်ရပါမယ်။ နိုင်ငံတကာဒိုင်လူကြီးဘဝနဲ့ နောက်ဆုံးပွဲစဉ်ကတော့ (၂၀၀၄)ခုနှစ်က ကျင်းပခဲ့တဲ့ (၂၀၀၆ ကမ္ဘာဖလားခြေစစ်ပွဲစဉ်ဖြစ်တဲ့) လစ္စဘွန်းမြို့ Estadio da Luz အားကစားကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အိမ်ရှင်ပေါ်တူဂီနဲ့ ဆလိုဗက်ကီးယားအသင်းတို့ ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။  (၂၀၀၅)ခုနှစ် သြဂုတ်လ(၂၄)၇က်နေ့မှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲဖြစ်တဲ့ အယ်ဗာတန်အသင်းနဲ့ ဗီလာရီးရဲအသင်းတို့ရဲ့ပွဲစဉ်ပြီးတဲ့နောက်မှာတော့ Collinaဟာ ဒိုင်လူကြီးအဖြစ်မှ အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

Collinaဟာပြင်ပလူနေမှုဘဝမှာတော့ သမီး(၂)ယောက်ရဲ့ဖခင်ဖြစ်ပြီး (၂၀၀၃)ခုနှစ် ကတော့ သူရဲ့ဘဝမှတ်တမ်းဖြစ်တဲ့ My Rules of the Game အမည်ရတဲ့စာအုပ်ကို ထုတ်ဝေခဲ့ဖူးပါတယ်။ (၂၀၀၄)ခုနှစ်ကတော Collina ဟာ အင်္ဂလန်နိုင်ငံ Hull တက္ကသိုလ်ရဲ့ အားကစားဆိုင်ရာ ဒေါက်တာဘွဲ့ကိုချီးမြှင့်ခြင်းခံခဲ့ရတာကြောင့် ဒေါက်တာ Collina လို့လည်းခေါ်ဆိုနိုင်ပါတယ်။

ဘောလုံးလောကမှာ ကမ္ဘာကျော်တာဟာ ကစားသမားနဲ့နည်းပြတွေသာဖြစ်တယ်ဆိုတဲ့ စကားဟာ Collina အတွက်တော့ မမှန်ကန်ခဲ့ပါဘူး။ အထူးသဖြင့်နည်းပညာအထာက်အကူအားနည်းတဲ့ ကာလမှာ ဒိုင်တစ်ဦးဖြစ်လာတဲ့ Collina အတွက်တော့ သူရဲ့စွမ်းဆောင်ရည်တွေဟာ ဘောင်အပြင်ဘက်တောင်ကျော်လွန်နေခဲ့ပြီး ယနေ့အချိန်ထိတော့ သူ့လိုကွင်းလယ်ဒိုင်လူကြီးမျိုး မပေါ်ပေါက်သေးပါဘူး။

Leave a Reply