အကြီးကျယ်ဆုံးဖြစ်လာမယ့် တရုတ်နိုင်ငံက ရေပေါ်ရေအောက်တံတား

Posted on

ဒီတံတားကတော့ Shenzhen-Zhongshan လို့ခေါ်ပြီး တရုတ်နိုင်ငံက ဂွမ်ဒေါင် ဟောင်ကောင် မကာအို ပင်လယ်အော်ဒေသမှာ တည်ဆောက်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်တည်ဆောက်ရေးလုပ်ငန်းများကိုတော့ ဂွမ်ဒေါင်ပြည်နယ်တောင်ပိုင်းက Lingding ရေလက်ကြားမှာ ပြုလုပ်နေပါတယ်။

ဒီတံတားအတွက် စုစုပေါင်းရင်းနှီးမြုပ်နှံထားတာကတော့ တရုတ်ယွန် ၄၄.၆၉ဘီလျံ(အမေရိကန် ၆.၆၉ဘီလျံ ဒေါ်လာ) ဖြစ်ပြီး တည်ဆောက်မှုကတော့ ၂၀၂၄ခုနှစ်လောက်မှ ပြီးစီးမယ်လို့ သိရှိရပါတယ်။ တည်ဆောက်ပြီးခဲ့ရင်တော့ two way (အသွား၊အပြန်) ၈လမ်းမောင်းဥမင်လမ်းကြောင်းတွေပါ ပါဝင်တဲ့ ဒီတံတားဟာ ကမ္ဘာ့အကြီးဆုံး နဲ့ အကျယ်ဆုံး တံတားဖြစ်လာလိမ့်မယ်လို့ သိပ္ပံ နဲ့ နည်းပညာနေ့စဉ်သတင်းက ဆိုပါတယ်။

တံတားလမ်းကြောင်းရဲ့ အရှည်ကတော့ ၃၁ မိုင်ဖြစ်ပြီး ဒီအထဲမှာပါဝင်တဲ့ ရေအောက်ဥမင်လမ်းကြောင်းရဲ့အရှည်ကတော့ ၄.၂၂မိုင် ဖြစ်ပြီး အဲဒီထဲမှာတော့ ၁နာရီကို ၆၂မိုင်နှုန်းနဲ့ မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒီတံတားရဲ့သက်တမ်းကိုတော့ နှစ် ၁၀၀ အထိရည်ရွယ်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ရေအောက်လမ်းကြောင်းတွေအပြင် ၊ လူလုပ်ကျွန်းတွေ ၊ ဥမင်တွေကို နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေနဲ့ တည်ဆောက်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကမှ ဖွင့်လှစ်ခဲ့တဲ့ ဟောင်ကောင် မကာအို တံတားလိုပဲ ဒီ Shenzhen-Zhongshan တံတားဟာလည်း လူလုပ်ကျွန်းပေါင်းများစွာကို ဆက်စပ်ဖြတ်သန်းပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဒီတံတားကို တာဝန်ယူတည်ဆောက်တဲ့ ကုမ္ပဏီကတော့ တရုတ်ရဲ့အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ CCCC (China Communications Construction Company) ဖြစ်ပြီး လက်ရှိအချိန်မှာတော့ လူလုပ်ကျွန်းတုတွေကို မြေဖို့ရန်အတွက် အချင်း ၂၈မီတာစီရှိတဲ့ စလင်ဒါပေါင်း ၅၇ခုကို တည်ဆောက်ပြီးစီးပြီးဖြစ်တယ် လို့ လက်ထောက်အင်ဂျင်နီယာချုပ်ဖြစ်သူ  Yang Run က ဆိုပါတယ်။ ဒါဟာ ဘောလုံးကွင်း ၁၉ခုစာ အကျယ်နဲ့ညီပါတယ်။

Shenzhen-Zhongshan တံတားဟာ ပုလဲမြစ်ဝကျွန်းပေါ် (PRD) ဒေသကိုဖြတ်သန်းပြီး Zhongshan နဲ့ Shenzhen မြို့နှစ်မြို့ကို ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ ဒီတံတားကြောင့် ပြည်နယ် အရှေ့ပိုင်း နဲ့ အနောက်ပိုင်း ခရီးသွားချိန်ဟာ မြန်ဆန်သွားပြီး ယခင် ၂နာရီကြာတာကနေ မိနစ် ၃၀ ပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။

ဒီဒေသဟာ လူပေါင်း သန်း ၁၀၀ ခန့်နေထိုင်ရာဒေသဖြစ်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏဖြစ်လေ့ရှိပြီး တစ်နေရာက တစ်နေရာကို သွားဖို့ ခက်ခဲလှပါတယ်။ ဒီတံတားကြောင့် တရုတ်ပြည်မကြီးဟာ အထူးအုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဟောင်ကောင် ၊ မကာအို တို့နဲ့ နီးကပ်သွားမှာဖြစ်ပြီး ခရီးသွားတွေ ပိုမိုမြန်ဆန်စွာ သွားစေနိုင်မှာပဲဖြစ်ပါတယ်။

Ref :
People’s Daily China

Leave a Reply