ဆိုက်ပရပ်နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ဆိုက်ပရပ်နိုင်ငံဟာ မြေထဲပင်လယ်အရှေ့ပိုင်းက ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး ရှေးအရင်ကတည်းကကျော်ကြားလှတဲ့ သမိုင်းကြောင်းများရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့တရားဝင်နာမည်ကတော့ ဆိုက်ပရပ်သမ္မတနိုင်ငံဖြစ်ပါတယ်။ ဆိုက်ပရပ်နိုင်ငံဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၃၇၅၂ စတုရန်းမိုင်ကျယ်ဝန်းပြီး ဂရိနိုင်ငံရဲ့အရှေ့ဘက် ၊ ဆီးရီးယားနိုင်ငံ နှင့် လက်ဘနွန်နိုင်ငံ ရဲ့အနောက်ဘက် ၊ တူရကီနိုင်ငံရဲ့ တောင်ဘက် ၊ အီဂျစ်နိုင်ငံ ရဲ့ မြောက်ဘက် နှင့် အစ္စရေးနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဆိုက်ပရပ်နိုင်ငံဟာ ရုံးသုံးဘာသာစကားအဖြစ် ဂရိနှင့် တူရကီ ဘာသာစကားတို့ကို သုံးစွဲကြပါတယ်။ ကျွန်းဆွယ်ကိုနှစ်ပိုင်းခွဲထားပြီး မြောက်ပိုင်းကို ဆိုက်ပရပ်တာ့ခ် ဟုခေါ်ပြီး တောင်ပိုင်းကို ဂရိဆိုက်ပရပ်ဟုခေါ်ကြပါတယ်။ ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်သန်းခေါင်စာရင်းအရ ဆိုက်ပရပ်နိုင်ငံ၏ လူဦးရေဟာ ၁၁၇၂၀၇၁(၁.၂သန်းနီးပါး) ရှိပါတယ်။

နီကိုရှား မြို့ဟာ ဆိုက်ပရပ် နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ဖြစ်ပါတယ်။ ၎င်းမြို့ဟာ မြောက်ပိုင်းနဲ့တောင်ပိုင်းခွဲထားတဲ့ ကမ္ဘာပေါ်တွင်တစ်ခုတည်းသောမြို့တော်ဖြစ်ပါတယ်။ ပီးဖော့စ်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး ကျေက်ခေတ်နှောင်းပိုင်းတည်းက နေထိုင်ခဲ့တာဖြစ်ပါတယ်။ ၎င်းမြို့ဟာ အဖရိုဒိုက်နှင့် ဟယ်လင်နစ်ခေတ်နတ်ဘုရားတို့အား ကိုးကွယ်ခဲ့ရာ အချက်အချာနေရာဖြစ်ခဲ့ပါတယ်။ ဂရိဒဏ္ဍာရီလာ အချစ်နတ်သမီးခေါ် အဖရိုဒိုက်ကို ဆိုက်ပရပ်မှာမွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့သော ဘုရားကျောင်းများ ၊ နန်းတော်များ ၊ ကဇာတ်ရုံများ ၊ ခံတပ်များ နှင့် သချိုင်းများကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ဤနေရာဟာ ရှေးခေတ်ယဉ်ကျေးမှု ကြီးကျယ်ထွန်းကားခဲ့ရာ နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ပီးဖော့စ်မြို့တွင် ကမ္ဘာ့အလှဆုံး လို့ဆိုကြတဲ့ mosaics ပန်းချီများကိုလည်းတွေ့ရှိနိုင်ပါတယ်။

ပီးဖော့ခ်သင်္ဘောဆိပ်မှ အနောက်ဖက် ၂ ကီလိုမီတာအကွာမှာတော့ ကြီးမားတဲ့ ရှေးသချိုင်းကြီးကို တွေ့နိုင်ပါတယ်။ မြေအောက်တွင် ဘီစီ ၄ ရာစုခန့်ကထွင်းထုတည်ဆောက်ခဲ့သော သချိုင်းများကိုကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( UNESCO) မှရှေးဟောင်းယဉ်ကျေးမှုနေရာအဖြစ် ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိပါတယ်။

ဆိုက်ပရပ်နိုင်ငံ အလယ်တွင်တည်ရှိသော ထရူးဒေါ့တောင်ရှိရောမ ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတွင်နံရံအပြည့်ရေးခြယ်ထားသော အရှေ့ရောမ နံရံဆေးရးပန်းချီကားများဟာ လည်း ယူနက်စကို ကရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါတယ်။

Kykkos ဘုန်းတော်ကြီးကျောင်းဟာ ဆိုင်ပရပ်မှာရှိတဲ့နာမည်အကြီးဆုံး ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ အဆိုပါဘုန်းကြီးကျောင်းကို ဘိုင်ဇန်တိုင်းအင်ပါယာဘုရင် အလက်ဇီးယက်ကွန်နီးနော့စ် (၁၀၈၁-၁၁၁၈) က ၁၁ ရာစုအကုန်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၎င်းကျောင်းဟာ ထရူးဒေါ့စ်တောင်ရဲ့အနောက်တောင်ဘက် ၁၃၁၈ မီတာအကွာမှာ ရှိတာဖြစ်ပါတယ်။

ထို့အပြင် အိုလန်ပက် တောင်ဟာလည်း ၁၉၅၂ မီတာမြင့်ပြီး ဆိုက်ပရပ်မှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ်။ ဆိုက်ပရပ်နိုင်ငံရှိ ဖစ်ထရီးဘေးကမ်းခြေဟာ ၂၀၁၁ ခုနှစ်တုန်းက ခရီးသွားအကြံပေးအဖွဲ့မှ ဥရောပတွင် တတိယအကောင်းဆုံးကမ်းခြေအဖြစ် ကြေငြာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အဆင့် ၉ နေရာသို့ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် နစ်ဆီကမ်းခြေဟာ အရှည်မီတာ ၅၀၀ ရှိပြီး ကမ်းခြေမှာကရှိတဲ့ကြည်လင်တဲ့ရေများကြောင့် blue flag ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

ဆိုက်ပရပ်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းခန့်ကတည်းက လူတွေနေထိုင်ခဲ့တဲ့ အထောက်အထားတွေကို တွေ့ရှိခဲ့ရပါတယ်။ ဆိုက်ပရပ်က Neolithic ဒေသမှာတွေ့ရတဲ့ ဂူတစ်ဂူရဲ့ သက်တမ်းကို တွက်ချက်ရာမှာ နှစ်ပေါင်း ၉၅၀၀ခန့် ရှိနေပြီလို့ သိရပါတယ်။ ဘီစီ ၁၄၀၀ခန့်မှာတော့ ရှေးဂရိတွေဟာ ဒီဒေသကို ခြေချလာခဲ့ကြပါတယ်။ ဘီစီ ၇၀၀ ခန့်မှာတော့ ဒီဒေသကို အဆီးရီးယန်းတွေက အုပ်ချုပ်ခဲ့ကြပါတယ်။ ဘီစီ ၃၃၀ ၀န်းကျင်မှာတော့ စစ်ဘုရင် အလက်ဇန္ဒားရဲ့လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။

ဘီစီ ၅၀ခန့်မှာတော့ ရောမအင်ပါယာအောက်ကို ရောက်ခဲ့ပြီး ရောမအင်ပါယာ နှစ်ခြမ်းကွဲသွားပြီးတဲ့နောက်မှာတော့ အရှေ့ရောမအင်ပါယာလို့ခေါ်တဲ့ ဘိုင်ဇန်တိုင်းအင်ပါယာအောက်ကို ရောက်ရှိခဲ့ပါတယ်။ အေဒီ ၁၁၉၁ တတိယခရူးဆိတ်စစ်ပွဲအပြီးမှာတော့ အင်္ဂလန်ဘုရင် ရစ်ချက်ရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Aimery က ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဆိုက်ပရပ်ဘုရင့်နိုင်ငံကိုတည်ထောင်တဲ့ ပထမဆုံးဘုရင်ဖြစ်လာခဲ့ပါတယ်။ ဆိုက်ပရပ် ဘုရင့်နိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သူကတော့ ဘုရင်မ Catherine Cornaro ဖြစ်ပါတယ်။

ဆိုက်ပရပ်ဟာ အော်တိုမန်အင်ပါယာ နဲ့ ဗြိတိသျှအင်ပါယာတို့ရဲ့ လက်အောက်ကိုရောက်ခဲ့ပြီး ၁၉၆၀ခုနှစ်မှ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအုပ်ချုပ်ရေးအနေဖြင့် ဗဟိုအစိုးရ သမ္မတစနစ်ကိုကျင့်သုံးပြီး လက်ရှိသမ္မတမှာ ၂၀၁၃ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ပြီး ဒုတိယအကြိမ်ထပ်မံရွေးကောက်ခံထားရသူ Nicos Anastasiades ဖြစ်ပါတယ်။

ဆိုက်ပရပ်နိုင်ငံမှာ အဓိကနေထိုင်တဲ့ လူမျိုးစုကြီး ၄စုကတော့ ဂရိဆိုက်ပရပ် ၊ တူရကီဆိုက်ပရပ် ၊ အာမေးနီးယန်း နဲ့ မာရွန်နိုက် လူမျိုးတွေဖြစ်ပါတယ်။ ကိုးကွယ်မှုအနေနဲ့ကတော့ အရှေ့တိုင်းခရစ်ယာန်(Eastern Orthodox )ဘာသာကို ၇၈% ၊ အစ္စလမ်ဘာသာကို ၂၀% နဲ့ အခြားဘာသာကို ၂% ခန့်ကိုးကွယ်ကြပါတယ်။

စီးပွားရေးအနေနဲ့ကတော့ ဆိုက်ပရပ်နိုင်ငံသားတွေဟာ အစားအစာ ၊ အဖျော်ယမကာ ၊ ဘိလပ်မြေ ၊ သင်္ဘောပြုပြင်ရေး ၊ ချည်မျှင်အထည် ၊ ဓာတုပစ္စည်းများ ၊ သတ္တုပစ္စည်းများ ၊ သစ် ၊ စက္ကူ ၊ ရွံ့စေးမြေစေး လုပ်ငန်းများ နဲ့ ဟိုတယ် ခရီးသွားလာရေး ၀န်ဆောင်မှု လုပ်ငန်းများကိုလုပ်ကိုင်ကြပါတယ်။ ဆိုက်ပရပ်နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ် ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၁၅၇၂ ဖြစ်ပြီး ကမ္ဘာမှာ ၃၅ခုမြောက် အချမ်းသာဆုံးနိုင်ငံ ဖြစ်ပါတယ်။ ငွေကြေးစနစ် အနေနဲ့ကတော့ ယူရိုကို သုံးပါတယ်။

ဆိုက်ပရပ်နိုင်ငံမှာ အစိုးရနှင့် ပုဂ္ဂလိက ပညာရေးဟူ၍ပညာရေး ၂ မျိုးရှိပါတယ်။ အထက်တန်းကျောင်းဒစ်ပလိုမာကို အဆင့် ၂၅ ရာခိုင်နှုန်းအတွင်းဝင်သည့်သူများသာပေးပြီး ကျန် ၇၅ ရာခိုင်နှုန်းကိုတော့ ထိန်းသိမ်းလုပ်ဆောင်ပါတယ်။ တက္ကသိုလ်ကျောင်းများဟာ သာမာန်အားဖြင့် ဝင်ခွင့်သတ်မှတ်ထားခြင်းမရှိပဲ အထက်ကျောင်းဒစ်ပလိုမာအရ ဖြေသင့်သည့်သူများသာဝင်ခွင့်အတွက်ဖြေဆိုရပါတယ်။ ဆိုက်ပရပ်နိုင်ငံကျောင်းသားများဟာ ပိုမိုမြင့်မားတဲ့ ဘွဲ့များအတွက် ဂရိ ၊ တူရကီ ၊ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများတွင်တက်ရောက်ကြရပါတယ်။

သုတဇုန်

 

Leave a Reply