မြို့တော်ခန်းမ က ပြောပြနေတဲ့ သမိုင်းဖြစ်ရပ်များ

Posted on

DVB Burmese (သုတကဖေး)

အဆောက်အအုံတိုင်းကတော့ သူ့သမိုင်းနဲ့သူ ရှိကြစမြဲပဲ။ အချို့သော အဆောက်အအုံတွေကြတော့ သူဖြတ်သန်းခဲ့ရာ သမိုင်းကို ကိုယ်စားပြုတတ်ကြတယ်။ အချို့က တိုတောင်းတဲ့ ကာလနဲ့ မှတ်တိုင်တခု ဖြစ်ခဲ့သလို အချို့ကတော့ ခေတ်များစွာ ကာလများစွာ ဖြတ်သန်းရင်း ဖြစ်ရပ်များစွာကို ဖော်ပြခဲ့ကြတယ်။ အဲ့ဒီထဲမှာ “မြို့တော်ခန်းမ” ဟာလည်း တခုအပါအဝင် ဖြစ်ခဲ့တယ်။ တကယ်လို့များ Town Hall လို့ခေါ်တဲ့ မြို့တော်ခန်းမသာ စကားပြောတတ်မယ်ဆိုရင်…။

ဒီနေရာမှာ ရန်ကုန်တမြို့လုံးကို စီမံခန့်ခွဲခဲ့ဖူးတယ်။ ၁၈၇၄ အက်ဥပဒေနဲ့ မြူနီစီပယ်လူကြီး ရွေးတော့လည်း ဒီနေရာစခဲ့တာ။ အဲ့ဒီတုန်းက “ရစ်ပွန်ဟော” Ripon (Rippon) Hall တောင် မဆောက်ရသေးဘူး။ ရစ်ပွန် ဆိုတာက ၁၈၈၂ ခုနှစ် အိန္ဒိယဘုရင်ခံချုပ်ရဲ့ နာမည်။ သူဟာ ဗမာပြည်လာမယ်ဆိုလို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဆောက်ခဲ့တာ။ နောက်ပိုင်း မြူနီစီပါယ် လူကြီးမင်းတို့ ရုံးထိုင်ခဲ့တာပေါ့။

ဒီဟောမှာပဲ မြန်မာတို့အရေး ဆွေးနွေးခဲ့ကြတာပဲ။ ရစ်ပွန်ဟောမှာ ဗမာပြည် ကံကြမ္မာအရေးလည်း ဆွေးနွေးခဲ့ဖူးတယ်။ အချို့မှတ်တမ်းတွေအရဆိုရင် သီပေါဘုရင့်နိုင်ငံကို သိမ်းယူဖို့ ရန်ကုန်ရှိ မြန်မာသစ္စာဖောက်ကုန်သည် အချို့နဲ့ ဥရောပသား ကုန်သည်တို့က စည်းဝေးဆုံးဖြတ် တိုက်တွန်းခဲ့ဖူးတယ်လို့ နိုဝယ်ဆင်းဂါးက Old Rangoon City of the Shwedagon မှာ ဖော်ပြထားတာ ဖတ်ခဲ့ရတယ်။

ပထမအကြိမ် အထက်တန်းကျောင်းသားလေး မောင်တင် (ဦးဖေမောင်တင်) တို့ ကျောင်းမတက်ဘဲ သပိတ်စတင်မှောက်ချိန်ကလည်း မြို့မိမြို့ဖတွေ စုဝေးပြီး တော်စိန်ခိုကို သဘာပတိတင်လို့ ပြဿနာဖြေရှင်းကြတော့လည်း ဒီရစ်ပွန်ဟောမှာ စုဝေးဆုံးဖြတ်ခဲ့ကြရတာပါ။ အစောဆုံး ကျောင်းသားသပိတ်ပေါ့။ အစိုးရဘက်သာမက အရပ်ဘက်ဆိုင်ရာ ကိစ္စတွေကိုလည်း ဒီနေရာမှာ စုဝေးခဲ့ကြ၊ ဆုံးဖြတ်ချက် ချရပေသကိုး။ မြန်မာ့အရေးတွေကို အတန်ကြာ ဖြေရှင်းပေးခဲ့ရဖူးတဲ့ ရစ်ပွန်ခန်းမဟာ ၁၉၁၀ ထဲမှာတေ့ အမိုးတွေပြိုကျ၊ ပေါ်တီကိုအမိုးလည်း ပျက်စီးနေပြီမို့ အဆောက်အအုံ ပြန်လည်ဆောက်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပထမကမ္ဘာစစ်ကြောင့် ဆိုင်းငံ့ခဲ့ရပါတယ်။

စစ်ကြီးပြီးတော့ ရစ်ပွန်ဟောကို ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးကြသေးတယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးကြတာက ၁၉၂၈ ထဲမှာပါ။ အဲဒီဆွေးနွေးပွဲမှာ ကော်မရှင်နာမင်းကြီး အင်ဂျင်နီယာ “ဘရေး” ရဲ့ အဆောက်အအုံပုံစံကို မြန်မာမှုမပါတဲ့အတွက် စိုင်အာခီရဲ့ မင်းတိုင်ပင်အမတ် ဦးဘဖေ (ဘကြီးဘဘေ) က ကန့်ကွက်ခဲ့တာကြောင့် ၁၉၂၉ မှာ အစည်းအဝေးထပ်ခေါ်ပြီး စည်သူဦးတင်ကို တာဝန်ပေးခဲ့ပြီး ဆွဲခဲ့တာ။ ၁၉၃၄ မှာ စဆောက်ခဲ့ပြီး ၁၉၃၆ မှာ အဆောက်အုံပြီးလို့ ဖွင့်ပွဲလုပ်ခဲ့တယ်။ အဲဒီဖွင့်ပွဲကို ဘုရင်ခံ ဆာအာချီဘောကော့ကရိန်းက ရွှေထီးငါးလက်မိုးထားတဲ့ ရထားလုံးကို စီးနင်းပြီး လာရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ မှတ်တမ်းပြုထားလေရဲ့။

အင်္ဂလိပ်တို့ရဲ့ မှတ်တမ်းဖြစ်တဲ့ Old Town Hall & EmmanuelBaptist Church မှာတော့ The City Hall occupies the former site of Ripon Hall. လို့ ရေးသားခဲ့တယ်။ ဒါကြောင့် မြို့တော်ခန်းမ (Town Hall) ဟာ ရိပွန်ဟောနေရာမှာ ဆောက်လုပ်ခဲ့တာဖြစ်ကြောင်း ပြောနိုင်ပါတယ်။ အဲဒီအချိန်ကစပြီး ရိပွန်ဟောလို့ မခေါ်ကြတော့ဘဲ မြို့တော်ခန်းမရယ်လို့ ခေါ်တွင်လာခဲ့ကြပါတော့တယ်။ မြို့တော်ခန်းမဟာ ဥဒေါင်းရုပ်၊ ကြာပန်းအလှနဲ့ နဂါးနှစ်ကောင်တို့ရဲ့ မြန်မာမှု အနုလက်ရာတွေနဲ့ ခန့်ညားထည်ဝါစွာ ထွက်ပေါ်လာခဲ့ပါတော့တယ်။

အဆောက်အအုံရဲ့ အဓိကခန်းမထဲမှာ ဆိုရင်လည်း မြန်မာ့ဗိသုကာ လက်ရာတွေနဲ့ တန်ဆာဆင်ထားတယ်။ ကျယ်ဝန်းတဲ့ လှေကားတွေနဲ့ တက်ရဆင်းရသလို ခန်းမဆောင်ရဲ့ တံခါးပေါက်တခုချင်းဆီမှာ ထီးဟန်နန်းဟန်ပါတဲ့ အပြောက်အမွမ်းတွေနဲ့ တန်ဆာဆင်ထားတယ်။ မြို့တော်ခန်းမကို အစပြု ခေါ်တာက “ရန်ကုန်မြူနီစပယ် ကော်ပိုရေးရှင်း အဆောက်အအုံ” ဖြစ်တယ်။ ကော်ပိုရေးရှင်းဥက္ကဋ္ဌကို “မြို့တော်ဝန်” လို့ စခေါ်ခဲ့တာက ၁၉၃၄ ခုနှစ်မှာပါ။ နောက်တော့ မြူနီစီပါယ် ကော်ပိုရေးရှင်းကို မြူနီစီပယ်အဖွဲ့လို့ ပြင်ဆင်ခဲ့ပါတယ်။ မြို့တော်ဝန် အခေါ်နဲ့အတူ မြို့တော်ခန်းမလို့ ခေါ်ဝေါ်ပြောဆိုလာကြတယ်။

ဒုတိကကမ္ဘာစစ်ကြီးပြီးတော့ အင်္ဂလိပ်တို့ရဲ့ ကက်စဘီ အုပ်ချုပ်ရေးကာလမှာ မြို့တော်ခန်းမဟာ တကျော့ပြန် အသက်ဝင်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်ထဲမှာ မြို့တော်ခန်းမဟာ အင်္ဂလိပ် မဟာမိတ်တပ်များရဲ့ စစ်ရာဇဝတ်ခုံရုံးအဖြစ် အသုံးတော် ခံရပြန်ပါတယ်။ ပထမဆုံး စစ်ရာဇဝတ်ကောင်အဖြစ် ဂျပန်စစ်ဗိုလ်တွေကို စစ်ဆေးခဲ့တယ်။ ၁၉၄၄ ခုနှစ် စစ်တွင်းကာလမှာ မော်လမြိုင်မြို့နဲ့ (၁၀) မိုင်ခန့်ကွာဝေးတဲ့ ကျိုက်မရောမြို့နယ်ထဲက ရေတွင်းကုန်းဆိုတဲ့ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တခုပါ။

အဲဒီရွာသား ၆၀၀ ကျော်လောက်ကို ဗမာ့တော်လှန်ရေး ပြောက်ကျားတပ်များနဲ့ ဗြိတိသျှ လေထီးတပ်သားတွေကို အကူအညီပေးလို့ဆိုပြီး ဂျပန်တို့က သတ်ပစ်ခဲ့ကြတယ်။ အဲဒီအထဲက ထွက်ပြေးလွတ်မြောက်သွားသူတွေက သတ်စဉ်က ပါဝင်ခဲ့တဲ့ စစ်သားနဲ့ စစ်ဗိုလ်တွေကို ပြသစေပြီး သက်သေယူကာ အမှန်တကယ် ပါဝင်ခဲ့တဲ့ ဂျပန်စစ်ဗိုလ် (၄) ယောက်ကို သေဒဏ်ပေးခဲ့တယ်။ စစ်ခုံရုံးနေရာက မြို့တော်ခန်းမရဲ့ အပေါ်ဆုံးထပ်မှာပါ။ သေမိန့်ချမှတ်ခဲ့တာက ၁၉၄၆ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပေါ့။

တကယ်တော့ မြို့တော်ခန်းမဟာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ စီမံခန့်ခွဲမှုပြုရာ နေရာသာမက မြန်မာ့လွတ်လပ်ရေးအတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှာလည်း ပါဝင်ခဲ့ပါတယ်။ အထူးသဖြင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး သခင်အောင်ဆန်းရဲ့ “ဗမာတွေ စိတ်ထက်သလေး ဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။ ဗမာပြည် လွတ်လပ်ရေးရအောင် လုပ်ရမယ့် တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ ဗမာ ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။ ဒါမျိုးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး” ဆိုတဲ့ နောက်ဆုံးမိန့်ခွန်းကလည်း မြို့တော်ခန်းမအတွက် မမေ့နိုင်တဲ့ မှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း မြို့တော်ခန်းမဟာ ရန်ကုန်ရဲ့ မြူနီစီပါယ်အဖွဲ့အဖြစ် ကပြအသုံးတော်ခံရပြန်ပါတယ်။ ၁၉၆၄ ထဲမှာတော့ အမျိုးသားစာကြည့်တိုက်ကို မြို့တော်ခန်းမကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသေးတယ်။ မဆလအစိုးလက်ထက် ၁၉၇၄ ခု မတ်လ ၂၅ ရက်နေ့မှာတော့ ရန်ကုန် မြူနီစီပါယ်ကော်မတီကို “စည်ပင်သာယာရေးအဖွဲ့” လို့ အမည်ပြောင်းကြောင်းကိုတော့ ပြည်ထဲရေးနဲ့ သာသနာရေး ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကစပြီး စည်ပင်သာယာအဖွဲ့လို့ပဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့တော်ခန်းမဆိုတဲ့ အဆောက်အအုံကြီးကို ၂၀၁၄ ခုနှစ် သြဂတ်လမှာပဲ (၉) ရက်နေ့မှာ အပြာရောင် ကမ္ပည်းစာတမ်းကပ်လို့ သမိုင်းအမွေအနှစ် စာရင်းဝင် လူအိုကြီးအဖြစ် ရောက်ရှိသွားခဲ့ပါတော့တယ်။

DVB Burmese
သုတကဖေး

Leave a Reply