သမိုင်းတလျှောက် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ယောက်

Posted on

ဒီတစ်ခါတော့ နယူးယောက်အခြေစိုက် အားကစားဝဘ်ဆိုဒ် Bleacher Report ကဖော်ပြထားတဲ့ သမိုင်းတလျှောက် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၁ ယောက်  စာရင်းကို ပြန်လည်ဝေမျှလိုက်ပါတယ်။ ဒီစာရင်းမှာ ပါဝင်သူအများစုဟာ ခေတ်ဟောင်းအားကစားသမားတွေဖြစ်တာကြောင့် မိတ်ဆွေတို့အကြိုက်နဲ့တော့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ မိတ်ဆွေရဲ့အကြိုက်ဆုံး ဂိုးသမားကရော ဘယ်သူများဖြစ်မလဲ…

၁၁။ ပတ်တ်ဂျင်းနင်း(Pat Jennings) ၊ မြောက်အိုင်ယာလန်

ပတ်တ်ဂျင်းနင်းဟာ အာဆင်နယ်နဲ့စပါး ၂ သင်းလုံးမှာကစားခဲ့ပေမယ့် ၂ သင်းလုံးရဲ့ပရိတ်သတ်တွေ ကချစ်ခင်တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ ကစားသမားသက်တမ်း ၂၂ နှစ်အတွင်းမှာ ပွဲပေါင်း ၁၀၀၀ ကျော်ကစားခဲ့ပါတယ်။ မြောက်အိုင်ယာလန်အသင်းနဲ့ အတူ ၁၁၉ ပွဲကစားခဲ့ပါတယ်။ ဂျင်းနင်းဟာ စပါးအသင်းနှင့်အတူ FA ဖလား ၂ ကြိမ် ၊ ၁၉၇၂ ခုနှစ်မှာ UEFA ဖလား ရယူနိုင်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်မှာ FWA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆု ၊ ၁၉၇၆ ခုနှစ်မှာ PFA ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုများကို ရရှိခဲ့ပါတယ်။

၁၀။ ဂီယန်လူဂီ ဘူဖွန်(Gianluigi Buffon) ၊ အီတလီ

ဘူဖွန်ဟာလက်ရှိအချိန်မှာတော့ သူ့ရဲ့အသက်အရွယ်ကြောင့် အရင်လိုအကောင်းဆုံးအခြေအနေမှာ မရှိတော့ပေမယ့် တချိန်က လက်စွမ်းပြခဲ့မှုတွေကြောင့် အကောင်းဆုံးဂိုးသမားတစ်ယောက်လို့ ဆိုရင် မမှားပါဘူး။ ပါးမားအသင်းမှ ဂျူဗင်တပ်အသင်းသို့ပြောင်းရွေ့ပြီးနောက် ဂျူဗင်တပ်အသင်းနှင့်အတူ  အီတလီဖလား ၄ ကြိမ် ၊ စီးရီးအေဖလား ၉ ကြိမ်တို့ကိုရယူနိုင်ခဲ့ပါတယ်။ အီတလီအသင်းနှင့်အတူ ပွဲပေါင်း ၉၀ ကျော်ကစာခဲ့ပြီး ကမ္ဘာ့ဖလား ၁ ကြိမ်ရယူခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေတစ်နှစ်တာအကောင်းဆုံး ဂိုးသမားဆု ၁၂ ကြိမ် ၊ IFFHS ကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု ၅ ကြိမ် ၊ IFFHS က သတ်မှတ်တဲ့ ၂၀၀၀-၂၀၁၀ ဆယ်စုနှစ်အကောင်းဆုံးဂိုးသမားဆုတို့ကိုရယူထားပါတယ်။

၉။ ပီတာရှီတန် ( Peter Shilton ) ၊ အင်္ဂလန်

လက်စတာလူငယ်ကစားသမား ဘဝကတက်လာတဲ့ ရှီတန်ဟာ ကစားသမားသက်တမ်းတလျှောက်အောင်မြင်မှုများရယူနိုင်ခဲ့ပါတယ်။ သူဟာကစားသမားသက်တမ်း ၃၁ နှစ်အတွင်းမှာ ပွဲပေါင်း ၁၂၃၇ ပွဲကစားခဲ့ပြီး နိုင်ငံအသင်းအတွက် ၁၂၅ ပွဲကစားကာ ၄၇ နှစ်အရွယ်မှာ အနားယူခဲ့ပါတယ်။ ရှီတန်ဟာ နော်တင်ဟန်အသင်းနှင့်အတူ လိဂ်ဖလား ၁ ကြိမ် ၊ ပြည်တွင်းဖလား ၁ ကြိမ် ၊ ဥရောပဖလား ၂ ကြိမ်ရယူကာ ၁၉၇၈ ခုနှစ်မှာ PFA ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

၈။ အက်ဒွင် ဗန်ဒါးဆား (Edwin Van Der Sar) ၊ နယ်သာလန်

မြန်မာဘောလုံးပရိသတ်တွေနဲ့ သိပ်မစိမ်းတဲ့ ဒီဒတ်ခ်ျဂန္ထ၀င် ဂိုးသမားကတော့ ၁၁၃၁မိနစ် ဆက်တိုက်ဂိုးမပေးရအောင် စံချိန်တင်ကာကွယ်နိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအေဂျက်အသင်းရဲ့ CEO တာဝန်ကိုထမ်းဆောင်နေတဲ့ ဗန်ဒါးဆားဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးအစကို ဒီအေဂျက်အသင်းမှာပဲ စခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ ဂျူဗင်တပ် ၊ ဖူဟမ် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ရဲ့အကောင်းဆုံးလက်စွမ်းပြနိုင်မှုကြောင့် မန်ယူပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ဖူးပါတယ်။ ဒတ်ခ်ျအကောင်းဆုံးဂိုးသမား ၊ ဥရောပအကောင်းဆုံးဂိုးသမား ၊ ဒတ်ခ်ျတစ်နှစ်တာအကောင်းဆုံး ၊ IFFHS ကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၊ ပရီးမီးယားလိဂ်ရွှေလက်ပိုင်ရှင် ၊ UEFA အကောင်းဆုံးဂိုးသမား စတဲ့ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့သူဖြစ်ပါတယ်။  အသက် ၄၀နှစ် ၂၀၅ရက်နဲ့ ပရီးမီးယားလိဂ်အသက်အကြီးဆုံးဂိုးသမား ၊ ၁၁၃၁မိနစ်ကြာ ဂိုးမပေးရအောင်ကာကွယ်ခဲ့သူ ၊ ချန်ပီယံလိဂ် ဂိုးမပေးရတဲ့ပွဲ ၅၀ ရှိခဲ့သူ ၊ ယူရိုပါလိဂ်ဂိုးမပေးရတဲ့ပွဲ ၉ပွဲ ရှိခဲ့သူ စတဲ့စံချိန်တွေရှိခဲ့သူလည်းဖြစ်ပါတယ်။

၇။ ကာဆီးလက် (Iker Casillas) ၊ စပိန်

လက်ရှိပေါ်တိုအသင်းရဲ့ ဂိုးသမားဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေကတော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ တောက်လျှောက်နာမည်ကြီးခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့လျှင်မြန်မှု ၊ နေရာယူတတ်မှု ၊ ဂိုးမပေးရအောင် အသင်းကိုအကြိမ်ပေါင်းများစွာ ကာကွယ်ပေးမှုတွေကြောင့် အကောင်းဆုံးဂိုးသမားစာရင်းမှာ ထည့်သွင်းသတ်မှတ်ကြပါတယ်။ လာလီဂါဖလား ၅ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၃ကြိမ် ၊ ယူအီးအက်ဖ်အေစူပါဖလား ၂ကြိမ် ၊ ကမ္ဘာ့ဖလားတစ်ကြိမ် တို့ကိုအသင်းနဲ့ အတူရရှိခဲ့ပါတယ်။ တစ်ယောက်တည်းရရှိထားတဲ့ ဆုကလည်း မနည်းပါဘူး။ လာလီဂါအကောင်းဆုံးဘောလုံးသမား ၊ လာလီဂါအကောင်းဆုံးဂိုးသမား ၊ ဥရောပအကောင်းဆုံးဂိုးသမား ၊ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၊ ရွှေလက်အိတ်ဆု ၊ ရွှေခြေဖ၀ါးဆု စတာတွေကို ရရှိခဲ့သူပါ။ စံချိန်တွေအနေနဲ့ကတော့ ချန်ပီယံလိဂ်ပွဲအများဆုံးကစားခဲ့သူ ၊ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ၁၉ကြိမ်တိုင်တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမား ၊ ချန်ပီယံလိဂ်ပွဲပေါင်း ၅၇ပွဲ ဂိုးမပေးခဲ့ရသူ ၊ IFFHS ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု ၅ကြိမ်ရခဲ့သူ ၊ စပိန်အတွက်ပွဲအများဆုံးကစားခဲ့သူ ၊ နိုင်ငံအသင်းမှာ ပွဲပေါင်း ၁၀၂ပွဲဂိုးမပေးရသူ စတဲ့စံချိန်တွေကို တင်ခဲ့သူဖြစ်ပါတယ်။

၆။ အိုလီဗာခန်းန် ( Oliver Kahn ) ၊ ဂျာမနီ


အိုလီဗာခန်းန် ဟာ ဂျာမဏီရဲ့တသက်တာ အကောင်းဆုံးဂိုးသမား လို့တောင်သတ်မှတ်ခြင်းခံရသူ ဖြစ်ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒက်လီဂါဖလား ၈ ကြိမ် ၊ ဂျာမန်ဖလား ၆ ကြိမ် ၊ UEFA ၁ကြိမ် နှင့် Champion League ၁ ကြိမ် တို့ကိုရယူနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းအတွက် ၈၆ ပွဲကစားပြီး ၁၉၉၆ ခုနှစ်မှာယူရိုဖလား ရရှိခဲ့ပါတယ်။ ထို့အပြင် ဂျာမနီတစ်နှစ်တာအကောင်းဆုံးကစားသမား ၂ ကြိမ် ၊ IFFHS ကပေးတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား ၃ ကြိမ် နှင့် ဘွန်ဒက်လီဂါ အကောင်းဆုံးဂိုးသမားဆု ၇ ကြိမ်ရရှိခဲ့ပါတယ်။

၅။ ဒီနိုဇော့ဖ် (Dino Zoff) ၊ အီတလီ

ဇော့ဖ်ဟာ ကမ္ဘာ့ဖလားရတဲ့ အသက်အကြီးဆုံးကစားသမားဖြစ်ပါတယ်။ သုဟာ အီတလီအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပြီး သူ့အသက် ၄၀ မှာ အီတလီအသင်းနှင့်အတူ ကမ္ဘာ့ဖလားရခဲ့တာဖြစ်ပါတယ်။ ဇော့ဖ်ဟာ အီတလီအသင်းအတွက် ၁၁၂ ပွဲကစားထားခဲ့ပြီး တတိယပွဲအများဆုံးကစားတဲ့ ကစားသမားဖြစ်တဲ့အပြင် ၁၁၄၂ မိနစ်အထိ ဂိုးမပေးရတဲ့ စံချိန်ကောင်းတစ်ခုကို ယနေ့ချိန်အထိတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၈ မှာ ဥရောပဖလား နှင့် ၁၉၈၂ ခုနှစ်မှာ ကမ္ဘာ့ဖလားတို့ကို အီတလီအသင်းနှင့်အတူ ရယူနိုင်ခဲ့ပါတယ်။ ဇော့ဖ်ဟာ ဂျူဗင်တပ်အသင်းနှင့်အတူ စီးရီးအေဖလား ၆ ကြိမ် ၊ ကိုပါအီတလီယာ ဖလား ၂ ကြိမ် နှင့် UEFA ဖလား ၁ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင်သူဟာ ၂၀ ရာစု ရဲ့တတိယအကောင်းဆုံး ဂိုးသမားအဖြစ် IFFHS ရဲ့ကြောငြာခြင်းကိုခံခဲ့ရတဲ့အပြင် ၂၀၀၃ ခုနှစ်မှာည်း နှစ် ၅၀ အတွင်းမှာအကောင်းဆုံး အီတလီကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၎။ ဆပ်ပ်မိုင်ယာ(Sepp Maier) ၊ ဂျာမနီ

မိုင်ယာဟာ ကစားသမား သက်တမ်းတလျှောက်မှာ အသင်းဖော် ဘက်ကင်ဘောင်ဝါနဲ့ကလပ်ရော နိုင်ငံအသင်းပါအတူတူကစားခဲ့ပါတယ်။သူဟာ မြူးနစ်အသင်းနှင့် ဂျာမနီအသင်းတို့ရဲ့အဓိက ကစားသမားဖြစ်ပြီး မြူးနစ်အသင်းနှင့်အတူ ဘွန်ဒက်လီဂါဖလား ၄ ကြိမ် ၊ ဂျာမန်ဖလား ၄ ကြိမ်အပြင် ဥရောပဖလား ၃ နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။ နိုင်ငံအသင်းနှင့်အတူ ၉၅ ပွဲကစားခဲ့ပြီး ဥရောပဖလား ၁ ကြိမ် နှင့် ကမ္ဘာ့ဖလား ၁ ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အနောက်ဂျာမနီရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမား ၃ ကြိမ်ရရှိခဲ့ပါတယ်။ မိုင်ယာဟာ ပွဲပေါင်း ၄၄၂ ပွဲကိုမရပ်မနားကစားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါဟာ ၁၁ နှစ်ဆက်တိုက် တစ်ပွဲမှပျက်ကွက်ခြင်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။

၃။ ဂျော်ဒန်ဘန့်ခ်( Gordon Banks) ၊ အင်္ဂလန်

ဂျော်ဒန်ဘန့်ခ်ကို ၁၉၇၀ ကမ္ဘာ့ဖလားမှာ ပီလီရဲ့ ဂိုးရရှိဖို့ကြိုးပမ်းမှုတွေကို အကောင်းဆုံးကာကွယ်ခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကို အင်္ဂလန်ပရိတ်သတ်များ အသိအမှတ်ပြုကြပါတယ်။ ဒါ့အပြင်သူ့ရဲ့ကောင်းမွန်တဲ့ကစားမှုတွေကြောင့် ကမ္ဘာ့အကောင်းကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ ကားမတော်တဆ မှုကြောင့် မျက်စိထိခိုက်ခဲ့ရပြီး ကြိုးစားခဲ့ပေမယ့် နကိုလိုပြန်မဖြစ်ခဲ့ပါဘူး။ ဘန့်ခ် ဟာ နိုင်ငံအသင်းအတွက် ၇၃ ပွဲပါဝင်ကစားပေးခဲ့ပြီး IFFHS ရဲ့ ၂၀ ရာစုရဲ့ ဒုတိယ အကောင်းဆုံးစားသမား အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

၂။ ပီတာရှမိုက်ကယ်(Peter Schmeichel) ၊ ဒိန်းမတ်

ရှမိုက်ကယ်ဟာ ကစားသမားဘဝကို ဒိန်းမတ်ကလပ် ဘရွန်ဘိုင်ကစတင်လခဲ့ပြီး အမှတ်ပေးဖလား ၄ ကြိမ် နှင့် ဒန်းနစ်ဖလား ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဥရောပဖလားတွင် ရှမိုက်ကယ်ရဲ့ ကြိုးစားမှုတွေကြောင့် ဒိန်းမတ်အသင်းကို အံ့အားသင့်ဖွယ် ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ် ၊ FA ဖလား ၃ ကြိမ် ၊ ပြည်တွင်းဖလား ၁ ကြိမ်နှင့် ချန်ပီယံလိဂ် ၁ ကြိမ် တို့ကိုရယူခဲ့ပါတယ်။ ရှမိုက်ကယ်ဟာ IFFHS ရဲ အကောင်းဆုံး ဂိုးသမားစားရင်းမှာ ၂ ကြိမ် ဖော်ပြခြင်းခံခဲ့ရပါတယ်။

၁။ လက်ဗ်ရာရှင်(Lev Yashin) ၊ ဆိုဗီယက်ပြည်ထောင်စု

Black spider လို့တောင်ဆိုဗီယက်ပရိတ်သတ်တွေရဲ့တင်စားခြင်းခံရတဲ့ လက်ဗ်ရာရှင်ဟာ သူ့ရဲ့ကောင်းမွန်တဲ့ဂိုးပေါက်ကာကွယ်မှုတွေနဲ့အတူ အလိုအလျောက်တုန့်ပြန်တယ်လို့တောင်ထင်ရတဲ့သူ့ရဲ့လျင်မြန်လွန်းတဲ့ ကာကွယ်မှု တွေကြောင့် လူသိများစေခဲ့ပါတယ်။ သူဟာ သူ့ရဲ့အားကစားသမားဘ၀ကို ဒိုင်နမိုမော်စကို အသင်းတသင်းထဲမှာပဲ ကုန်ဆုံးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဆိုဗီယက်အသင်းနှင့် ၇၄ ပွဲကစားပြီး သူဟာကစားသမားသက်တမ်းတစ်လျှောက်မှာ ၈၁၂ ပွဲကစားပြီး ပင်နယ်တီ ကာကွယ်မှု ၁၅၀ နှင့်ဂိုးမပေးရသောပွဲပေါင်း ၂၇၀ကျော် အထိရှိခဲ့ပါတယ်။ ရာရှင်ဟာ ဆိုဗီယက်အသင်းနှင့်အတူ ဥရောပဖလား ၁ ကြိမ် ၊ အိုလံပစ်ဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆိုဗီယက်အကောင်းဆုံးဂိုးသမားဆု ၃ ကြိမ် ၊ ဥရောပတစ်နှစ်တာကောင်းဆုံးကစားသမားဆု ၁ ကြိမ် တို့ကိုရရှိခဲ့ပါတယ်။ IFFHS ရဲ့ ၂၀ ရာစုအကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။

သုတဇုန်

Leave a Reply