နာမည်ကျော် ရက်ပါကြီး စနုဒေါ့

Posted on

အမေရိကန်နိုင်ငံက ကမ္ဘာကျော် ရက်အဆိုတော်၊တေးသီချင်းထုတ်လုပ်သူ၊စီးပွားရေး လုပ်ငန်းရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Snoop Doggတော့ဆိုရင်တော့ ရက်ဂီတ မြတ်နိုးသူတိုင်းကကောင်းကောင်းသိကြပါတယ်။ Snoop Dogg ရဲ့နာမည်အရင်းက တော့ Calvin Cordozar Broadus Jr ဖြစ်ပြီး (၁၉၇၁)ခုနှစ်၊အောက်တိုဘာ(၂၀)ရက် နေ့မှာ အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်ထဲက Long Beach မှာမွေးဖွားခဲ့ပါတယ်။

ငယ်ဘဝ

Snoop Dogg ဆိုတဲ့နာမည်အပြင် DJ Snoopadelic, Niggarachi, Snoop Doggy Dogg, Snoop Lion, Snoopzilla,Nemo Hoes စတဲ့နာမည်တွေလည်းပိုင်ဆိုင်ထားတဲ့ ဒီရက်ပါကြီးဟာ မိသားစုရဲ့ဒုတိယမြောက်သား ဖြစ်ပြီး သူရဲ့နာမည်အရင်းဟာ ပထွေးဖြစ်သူ Calvin Cordozar Broadus Sr ရဲ့နာမည် ကိုယူထားတာဖြစ်ပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ DNAစစ်ဆေးချက်တွေအရ Snoop Doggရဲ့မျိုးရိုးဗီဇ (၇၁)ရာခိုင်နှုန်းဟာ အာဖရိကန်၊(၂၃)ရာခိုင်နှုန်းဟာ အမေရိကန်၊(၆)ရာခိုင်နှုန်းဟာ ဥရောပနဲ့ဆက်စပ်နေတယ်လို့ဖော်ပြထားတာ ကြောင့် Snoop Doggဟာအာဖရိကန်တစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ရမှာပါ။

Snoop Dogg ရဲ့ဖခင် အဆိုတော်တစ်ဦးဖြစ်တဲ့ Vernell Varnado ဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်းက အမေရိကန်စစ်တပ်မှာ အမှုထမ်းခဲ့သူဖြစ်ပြီးမိခင်က တော့ Beverly Broadus ဖြစ်ပါတယ်။ Snoop Dogg (၃)လသားအရွယ်မှာတော့ ဖခင်ဖြစ်သူဟာ မိသားစုကိုစွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။ ငယ်စဉ်ကာလတုန်းကတော့ Snoop Dogg ရဲ့နာမည်ဟာ Snoopy ဖြစ်ပါတယ်။ ဒါကလည်း Snoop Dogg ဟာ ယင်းအချိန်က ကာတွန်းဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Peanuts ကိုအလွန်သဘောကျတာကြောင့် ယင်းဇာက်ကားထဲက ဇာတ်ကောင်ဖြစ်တဲ့ Snoopy ဆိုတဲ့အမည်ကိုတောင် Snoop Dogg ကို ပေးခဲ့ရတဲ့အထိဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်အချိန်မှာတော့ Snoop Doggဟာ မိသားစုပြသာနာ တွေကြုံတွေ့လာခဲ့ပါတယ်။ ယင်းအချိန်က Snoop Doggဟာ ကလေးသာသာပဲ ရှိနေသေးတာကြောင့် သူရဲ့ငယ်ဘဝဟာ လမ်းမှားဘက်ကို ရောက်ရှိ သွားခဲ့ရသလိုတောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Snoop Doggဟာ ဂီတနဲ့ပတ်သက်ပြီးတော့ ကတော့ ကလေးဘဝကတည်းက ရင်းနှီးမှုရှိနေခဲ့ပြီး Golgotha Trinity Baptist Church မှာခရစ်ယာန်ဘာသာဝင်ဖြစ်တာနဲ့အညီ သီချင်းဆိုခြင်း စန္ဒယားတီးခတ်ခြင်းတို့ ကိုပြုလုပ်လေ့ရှိပါတယ်။ (၆)တန်းကျောင်းသားအရွယ်ရောက်ချိန်မှာတော့ ရက်ဂီတ ကိုစတင်သိရှိလာပြီး လက်တန်းရက်ပင်တွေကို ရွတ်ဆိုပါတော့တယ်။

Snoop Dogg ရဲ့ဆယ်ကျော်သက်ကာလတွေမှာတော့ ဥပဒေနဲ့မလွတ်ကင်းတဲ့ ခပ်ဆိုးဆိုး လူငယ်တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ပါတယ်။ သူဟာ Rolling 20 Crips လို့အမည်ရတဲ့ Long Beach အခြေစိုက်လူဆိုးဂိုဏ်းဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ (၁၉၉၃)ခုနှစ်၊သူစတင်အောင်မြင်လာချိန်မှာတော့ Snoop Dogg ဟာ ယင်းဂိုဏ်းနဲ့ လုံးဝဆက်သွယ်တော့မှာ မဟုတ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အထက်တန်းအောင်မြင်ပြီးချိန်မှာတော့ Snoop Dogg ဟာ ငွေရလွယ်တဲ့ ဒုစရိုက် လုပ်ငန်းတွေနဲ့ လက်ပွန်းတတီးဖြစ်လာခဲ့ပါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့အပြင် ကိုကင်း တွေကို လက်ဝယ်တွေ့ရှိတာကြောင့် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရဖူးပါတယ်။ ယင်းနောက်(၃)နှစ်ကာလအတွင်းမှာလည်း Snoop Dogg ဟာ အုပ်စုဖွဲ့ရန်းကားမှု၊ လုယက်မှုအပါအဝင်များစွာသော အသေးစားပြစ်မှုတွေနဲ့ ထောင်ကိုဝင်လိုက်၊ထွက် လိုက်အနေအထားဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဒုစရိုက်လောကမှာ ကျင်လည်နေခဲ့ပြီး နောက်ပိုင်းအချိန်တွေမှာတော့ Snoop Doggဟာ ဘဝကိုပုံစံတစ်မျိုးနဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယင်းအချိန်မှာပဲ Snoop Doggရဲ့ညီအစ်ကိုဝမ်းကွဲတော်စပ်တဲ့ Nate Dogg၊ Lil ½ Deadနဲ့ သူချင်းတစ်ဦးဖြစ်တဲ့ Warren Gတို့နဲ့ပေါင်းပြီး (၂၁၃) ဆိုတဲ့ အမည်ရတဲ့ ဟစ်ဟော့အဖွဲ့ငယ်လေးဖွဲ့စည်းပြီး သီချင်းတွေကို စတင်ပုံဖော်ခဲ့ပါတယ်။ (၂၁၃) ဆိုတာကတော့ သူတို့နေထိုင်တဲ့ long Beach မြို့ရဲ့ဧရိယာကုဒ်တစ်ခုဖြစ်ပါတယ်။

အဆိုတော်ဘဝ

နောက်ပိုင်းမှာတော့ Snoop Doggရဲ့ အခွေကြမ်းတွေဟာ ယင်းအချိန်က နာမည်ရ ထုတ်လုပ်သူရက်ပါတစ်ယောက်ဖြစ်တဲ့ Dr. Dre ရဲ့သတိမိခြင်းကိုခံခဲ့ရပြီး သူရဲ့ Niggaz Wit Attitudes လို့သိကြတဲ့ N.W.A Group ထဲကို Snoop Doggကိုဖိတ်ခေါ်ကာ လိုအပ်တဲ့ hip Hop ဂီတဆိုင်ရာပညာရပ်တွေကို သင်ကြားပြသပေးခဲ့ပါတယ်။ ဒါဟာယခင်တည်းက ဂီတနဲ့ ပတ်သက်ပြီး ပါရမီပါလာတဲ့ Snoop Doggအတွက် မဟာအခွင့်အရေးကြီးဖြစ်ခဲ့သလို ကမ္ဘာကျော်ဂီတသမားတစ်ယောက်ရဲ့စတင်ဖြစ်ပေါ်ခြင်းလို့ဆိုရင်လည်း မမှားပါဘူး။

Snoop Doggရဲ့ဂီတလမ်းကြောင်းကိုတော့ (၁၉၉၂) ခုနှစ် ကစတင်ခဲ့ပြီး နာမည်ကျော်ရက်ပါ Dr Dre ရဲ့ solo album,The Chronic ထဲမှာပါဝင်တဲ့ Deep Coverသီချင်းမှာ featuring ဝင်ဆိုပေးပြီးစတင်ခဲ့ပါတယ်။ Snoop Doggဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ သီချင်းခွေပေါင်း(၂၃)သန်းထက် အထက်ရောင်းချ နိုင်ခဲ့တဲ့အဆိုတော်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ အချပ်ရေ(၃၅)သန်းလောက် စံချိန်တင် ရောင်းချနိုင်ခဲ့သူဖြစ်ပါတယ်။

(၁၉၉၃)ခုနှစ်မှာတော့ Snoop Dogg ရဲ့ Doggystyle လို့အမည်ရတဲ့အယ်ဘမ်ကို Death Row Record ကနေစတင်ထုတ်ဝေခဲ့ပြီး ပရိုဂျူစာကတော့ Dr Dwe ပဲဖြစ်ပါတယ်။ Snoop Dogg ရဲ့ အဲဒီအယ်ဘမ်ဟာ Billboard 200 စာရင်းမှာနံပါတ်(၁)နေရာကနေ ရပ်တည်နိုင်ခဲ့သလို Billboard Top R&B/Hip Hop စာရင်းမှာလည်း ပါဝင်နိုင်ခဲ့ပါတယ်။ Snoop Doggရဲ့ဒီအယ်ဘမ်ဟာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ထွက်ရှိပြီး တစ်ပတ်အကြာမှာပဲ ကော်ပီချပ်ရေ (၈၀၆၈၅၈) ချပ်ရေအထိရောင်းချနိုင်ခဲ့တဲ့အပြင် ကမ္ဘာHip Hopဂီတလောကရဲ့ အကောင်းဆုံး အယ်ဘမ်တစ်ခြပ်အဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရတဲ့အထိ အောင်မြင်မှုရရှိခဲ့ပါတယ်။

ယင်းအယ်ဘမ်မှာပါရှိတဲ့ What’s My Name? နဲ့ Gin& Juiceစတဲ့သီချင်းတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးက လူငယ်တွေအကြား မှာခေတ်စားခဲ့တဲ့သီချင်းတွေဖြစ်ခဲ့ပါတယ်။ (၁၉၉၄)ခုနှစ်မှာ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ soundtrack တစ်ခုဖြစ်တဲ့ Murder Was The Case ကိုထုတ်ဝေခဲ့ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုကို ဆက်လက်ရယူနိုင်ခဲ့ပြန်ပါတယ်။

Snoop Dogg ရဲ့ဒုတိယမြောက်အယ်ဘမ်ဖြစ်တဲ့ Doggfather ကိုတော့ (၁၉၉၆) ခုနှစ် ကထုတ်ဝေခဲ့ပြီး (၁၉၉၇)ခုနှစ်မှာ Double platinum ဆုကိုချီမြှင့်ခြင်းခံခဲ့ရပါတယ်။ ယင်းနောက်မှာတော့ Snoop Doggဟာ Death Row Reord ကနေ No Limit Record ကိုပြောင်းလဲပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Snoop Doggဟာ No Limit Recordနဲ့ လက်တွဲပြီး (၁၉၉၈)ခုနှစ်မှာ Da Game is to Be Soldနဲ့ Not to be Told အယ်ဘမ် တွေကိုဆက်တိုက် ထုတ်ဝေခဲ့ပြီး (၁၉၉၉)ခုနှစ်မှာလည်း Not Limit Top Dogg အယ်ဘမ်၊(၂၀၀၀)ပြည့်နှစ်က the Last Meal အယ်ဘမ်တွေကို ကမ္ဘာအရပ်ရပ်က Hip Hop ချစ်သူပရိတ်သတ်တွေလက်ထဲ အောင်မြင်စွာ ချပြနိုင်ခဲ့ပါတယ်။

(၂၀၀၂)ခုနှစ်မှာတော့ Snoop Doggဟာ EMI Record နဲ့ စာချုပ်ချုပ်ဆိုပြီး Paid the Cost to Be da Boss အမည်ရတဲ့ အယ်ဘမ်ကိုထုတ်ဝေခဲ့တဲ့အပြင် နောက်ပိုင်းမှာ များစွာသော တေးထုတ်လုပ်ရေးတွေနဲ့လက်တွဲပြီး ပရိသတ်အကြိုက် သီချင်းတွေကို ဆက်လက်ဖန်တီးခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာတော့ Bible of love လို့အမည်ရတဲ့ သူရဲ့ပထမဆုံးသောခရစ်ယာန်ဘာသာရေးဆိုင်ရာ gospel အယ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။ ယင်းနှစ် နိုဝင်ဘာ(၁၉)ရက်နေ့မှာတော့ Snoop Doggဟာ Hollysood Walk of Fame (ကျော်ကြားသူများရဲ့လျှောက်လမ်း)မှာ ကြယ်ပွင့်တပ် ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

မိသားစု

(၁၉၉၇)ခုနှစ် ဇွန်လ(၁၂)ရက်နေ့မှာတော့ Snoop Doggဟာအထက်တန်းကျောင်း ကတည်းကချစ်ကြိုက်ခဲ့တဲ့ Shante Taylor နဲ့လက်ထပ်ခဲ့ပြီး (၂၀၀၄) ခုနှစ်မှာ ကွာရှင်း ပြတ်ဆဲခဲ့ပါတယ်။ (၂၀၀၈)ခုနှစ်မှာတော့ ပြန်လည်ပေါင်းထုပ်ခဲ့ပြီး သား(၂)ယောက်၊ သမီး(၁)ယောက်ထွန်းကားခဲ့ပါတယ်။ Snoop Doggဟာ အခြားအတူနေချစ်သူဖြစ်ခဲ့တဲ့ Laurie Holmond ဆိုသူနဲ့ သားတစ်ယောက်လည်းထွန်းကားခဲ့ပါသေးတယ်။

သူဟာ နာမည်ကျော် R&Bအဆိုတော်တွေဖြစ်ကြတဲ့ Brandy , Ray j နဲ့ WWE ကြေးစားနပန်းမယ် Sasha Banks ဝမ်းကွဲမောင်နှမ တော်စပ်သူလည်းဖြစ်ပါတယ်။ Snoop Doggဟာ အဆိုတော်စဖြစ်ကာစကတည်းက သူဟာဆေးခြောက်ကိုသုံးစွဲသူဖြစ်ကြောင်း အတိအလင်းကြေငြာထားတာဖြစ်ပြီး (၂၀၀၆) ခုနှစ်က Rolling stone မဂ္ဂဇင်းနဲ့ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာလည်း Snoop Dogg ဟာ (၂၀၀၃)နဲ့(၂၀၀၄)ခုနှစ်တွေကနေစပြီး လိင်အကျိုးဆောင်(pimp)တစ်ဦး အဖြစ်လုပ်ကိုင်သူခဲ့ဖူးသူဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ နာမည်ကျော် တွေအကြားဒီလုပ်ငန်းဟာ သူအတွက်အလွန်ဝင်ငွေကောင်းပေမဲ့ နောက်ပိုင်းမှာတော့ မိသားစု ကိုအချိန်ပိုပေးချင်တာကြောင့် ဒီလုပ်ငန်းကိုစွန့်လွှတ်ခဲ့တာလို့ Snoop Doggက ပြောဆိုခဲ့ပါတယ်။

(၂၀၀၇) ခုနှစ် ကစာရင်းတွေအရတော့ Snoop Doggဟာ အမေရိကန်ဒေါ်လာ (၁၂၄)သန်းလောက် ချမ်းသာသူဖြစ်တယ်လို့ သိရပါတယ်။ (၂၀၀၉)ခုနှစ်တုန်းကတော့ Snoop Dogg ဟာ Nation of Islam(NOI) ဘာသာဝင်တစ်ယောက်ဖြစ်တယ်လို့ သိရပြီး ဘယ်အချိန်ကတည်းက ဒီဘာသာဝင်ဖြစ်လာခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆို ထားခြင်းမရှိပါဘူး။

Snoop Dogg ဟာယခုအချိန်မှာတော့ အသက်(၄၇)နှစ်အရွယ်ရှိနေပြီး မြေးနှစ်ယောက် ရဲ့အဘိုးဖြစ်နေပါပြီ။ ဒါအပြင် Snoop Youth Football Laegue ရဲ့အဓိက စပွန်ဆာပေးသူဖြစ်ပြီး လူအခွင့်အရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူသားချင်း စာနာရေးလုပ်ငန်းစဉ်တွေမှာ တက်ကြွစွာပါဝင်နေသူဖြစ်ပါတယ်။

Leave a Reply