ကမ္ဘာ့အန္တရာယ်အများဆုံး တောင် ၁၀ လုံး

Posted on

တော၊တောင်ရေမြေသဘာဝရဲ့ ရှုခင်းတွေဟာလူသားတွေရဲ့ စိတ်နှလုံးကိုအေးမြလန်း ဆန်းစေနိုင်ပါတယ်။ ဒါကြောင့်အပျော်တမ်းတောင်တက် ခရီးစဉ်တွေဟာ မျက်မှောက်ခေတ် လူအဖွဲ့အစည်းအတွက် အပန်းဖြေရာအားကစားတစ်ခု အသွင်သဏ္ဍန် ဆောင်လာခဲ့ပြီးအချို့တောင်တက်အဖွဲ့အစည်းတွေ ဆိုရင်သက်ဆိုင်ရာ နိုင်ငံအစိုးအရရဲ့အလေးထားရတဲ့ အဖွဲ့တွေတောင်ဖြစ်လာကြကာ ခက်ခဲကြမ်းတမ်း ပါတယ်ဆိုတဲ့တောင်ထိပ်တွေကိုတက်ရောက်ပြီး နိုင်ငံဂုဏ်ကိုမြှင့်တင်လာကြတာကို တွေ့နေရပါတယ်။

ဒါပေမဲ့ အချို့သောတော၊တောင်တွေကတော့ လူသားတွေအတွက်ဘေးအန္တရာယ်ကိုဖြစ်စေနိုင်ပြီး ဝန်းကျင် သဘာဝရဲ့ အနေအထားအရလာရောက်တဲ့ တောင်တက်သူတွေကို အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ မက်စောက် ကြမ်းတမ်းတဲ့ တောင်ပေါင်း(၁၀၀၀)ကျော်လောက်ရှိတဲ့အနက်က တောင်တက်သမားတွေ အတွက် ဘေးအန္တရာယ်အရှိဆုံးနေရာအဖြစ် သတ်မှတ်ထားတဲ့ တောင်(၁၀)တောင် ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဒီစာရင်းမှာပါဝင်တဲ့ တောင်အများစုဟာ နီပေါနိုင်ငံထဲကနေဖြစ်တာကြောင့် နီပေါနိုင်ငံဟာ ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံး တောင်တွေကို အများဆုံးပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ်သတ်မှတ်ရမှာလည်း ဖြစ်ပါတယ်။ ဒီတာင်တွေကတော့…

(၁၀) The Eiger

ဥရောပတိုက်၊ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ The Eiger တောင်ဟာ ကမ္ဘာပေါ်မှာတော့ တောင်တက်သမားတွေအတွက် (၁၀) ခုမြောက် အန္တရာယ်အရှိဆုံးတောင်အဖြစ် သတ်မှတ်ခြင်းကိုခံထားရပါတယ်။ The Eiger တောင်ဟာ ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း(၃၉၆၇)မီတာအမြင့်မှာ တည်ရှိပြီး တောင်ရဲ့မီတာ(၃၃၀၀)လောက်မှာ တောင်တက်သမား(၂)ယောက်ရဲ့ အေးခဲနေတဲ့ရုပ်အလောင်းတွေကိုတွေ့ရှိချိန်မှာတော့ Death Bivouac ဆိုတဲ့အမည်ကို ပြောင်းလဲခေါ်ဆိုကြပါတယ်။

The Eiger တောင်ဟာ ရာသီဥတုကြမ်းတမ်းလာတာနဲ့အမျှ အန္တရာယ်နဲ့ကြုံတွေ့ဖို့များလာပြီး ထူပြောာတဲ့မြူနှင်း နဲ့ဆီးနှင်းတွေဟာ တောင်တက်သူတွေကို အဓိကဒုက္ခပေးတဲ့အရာတွေ ဖြစ်ပါတယ်။
တရားဝင်မဟုတ်တဲ့ အပျော်တမ်းတောင်တက်သူ များစွာ သေဆုံးကြရာ တောင်တစ်ခု ဖြစ်ပါတယ်။

(၉) Gasherbrum

ပါကစ္စတန်နဲ့တရုတ်နိုင်ငံ နယ်စပ်မှာတည်ရှိတဲ့ Gasherbrum တောင်ဟာ ကမ္ဘာ (၁၁) ခုမြောက်အမြင့်ဆုံးတောင်ဖြစ်ပြီး တရားဝင်စာရင်းတွေအရ လာရောက်တောက်တက် သူ(၉)ရာခိုင်နှုန်းလောက်ဟာ သေကြေပျက်စီးရတယ်လို့ သိရပါတယ်။

ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ(၈၀၈၀)မီတာမြင့်တဲ့ Gasherbrum တောင်ဟာ Hidden Peak လို့လည်းခေါ်ဆိုကြပြီး အလွန်လှပတဲ့အသွင်သဏ္ဍန်ကိုလည်း ပိုင်ဆိုင်ပါတယ်။ (၁၉၇၇)ခုနှစ်က စတင်မှတ်တမ်းတင်တဲ့စာရင်းအရတော့ တောင်တက်သမား(၂)ဦး ကိုသေဆုံးစေတယ်လို့ ဖော်ပြထားတာကိုတွေ့နိုင်ပြီးအတည်မပြုနိုင်တဲ့သေဆုံး စာရင်းများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

(၈) Manaslu

နီပေါနိုင်ငံမှာတည်ရှိတဲ့ ဟိမဝန္တာတောင်တန်းတွေအကြားက တစ်ခုဖြစ်တဲ့ Manaslu ဟာလည်း ကမ္ဘာအန္တရာယ်အရှိဆုံးတောင်စာရင်းမှာပါဝင်ပါတယ်။ ဒေသခံတွေကတော့ Kutang လို့သိကြပြီး ပင်လယ်ရေမျက်နှာပြင်ထက် (၈၁၆၃)မီတာမြင့်မားကာ ကမ္ဘာ(၈) ခုမြောက်အမြင့်ဆုံးတောင်အဖြစ်လည်း သတ်မှတ်ခြင်းခံထားရတာကိုတွေ့ရပါတယ်။ Manaslu ဆိုတာကတော့ ဟိန္ဒူလူမျိုးတွေရဲ့ရှေးဟောင်းဘာသာစကား တစ်ခုဖြစ်တဲ့ Sanskrit ဘာသာကနေဆင်းသက်လာတာဖြစ်ပြီး ဝိညာဉ်တောင်လို့ အဓိပ္ပါယ်ရပါတယ်။

Manaslu ဟာ ရှေးနှစ်ပေါင်းများစွာကာလကတည်းက လူသားတွေအတွက် ဘေးဖြစ် စေတဲ့တောင်ဖြစ်ပြီး ရှေးဒဏ္ဍာရီလာမိစ္ဆာတွေရဲ့ကျင်လည်ရာ အရပ်ဖြစ်တယ်လို့လည်း ဒေသခံတွေအကြားမှာထင်ရှားပါတယ်။ မှတ်တမ်းတွေအရတော့ Manasluတောင်ကို လာရောက်တက်ကြတဲ့ တောင်တက်အဖွဲ့ဝင်(၁၀၀)ရာခိုင်နှုန်းမှာ (၁၀)ရာခိုင်နှုန်းအထိ သေကြေပျက်စီးကြတယ်လို့ ဖော်ပြထားပါတယ်။ (၂၀၁၂)ခုနှစ် စက်တင်ဘာလတုန်း ကလည်း တောင်ထိပ်ပေါ်ကနေနှင်းနဲ့ရေခဲထု တစ်ဟုန်ထိုးကျဆင်းမှုကြောင့် တောင်တက်သမား(၁၁)ဦးလောက်အထိ အသက်ဆုံးရှုံးခဲ့ရပါသေးတယ်။

တောင်တက် သမားတွေအနေနဲ့ Manasluတောင်ကိုတက်ရောက်မယ်ဆိုရင်တော့ ဒေသအာဏာ ပိုင်တွေကိုအကြောင်းကြားရမှာဖြစ်သလို ဒေသခံလမ်းပြရဲ့ အကူအညီကိုလည်း မဖြစ်မနေရယူရပါလိမ့်မယ်။ အထက်မှာဖော်ပြသလို Manasluတောင်ရဲ့ဆိုးရွားတဲ့ လူသေဆုံးမှုအခြေအနေတွေကြောင့် အာဏာပိုင်တွေအနေနဲ့က လာရောက်တောင် တက်သူများကို များစွာသောကန့်သတ်ချက်တွေထားရှိပေမဲ့ နှစ်စဉ်တက်ရောက်လေ့ရှိတဲ့ တောင်တက်အဖွဲ့တွေက တော့ယုတ်လျော့သွားခြင်းမရှိပါဘူး။ တစ်ဦးချင်းဖြစ်စေ၊အဖွဲ့လိုက်ဖြစ်စေ Manaslu တောင်တက်ခရီးစဉ်ကို နှစ်စဉ်ဆင်နွှဲနေကြဆဲဖြစ်တာကို တွေ့ရပါတယ်။

(၇) Mt. Everest

ဧဝရတ်တောင်လို့သိကြတဲ့ Mt. Everest ဟာ တောင်တက်သမားတွေအဖို့ အလွန်အန္တရာယ်များတဲ့နေရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ အားလုံးသိရှိပြီးဖြစ် ပါလိမ့်မယ်။ Mt. Everest တောင်ထိပ်ပေါ်ကိုရောက်ရှိဖို့ ကမ္ဘာနိုင်ငံအသီးသီးက ထောင်ပေါင်းများစွာသော တောင်တက်သမားတွေကြိုးစားခဲ့ကြပါတယ်။ Mt. Everest ဟာ ကမ္ဘာအမြင့်ဆုံးတောင်အဖြစ် ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ(၈၈၄၈) မီတာမှာတည်ရှိပြီး တရုတ်နိုင်ငံ(တိဗတ်ဒေသ) နဲ့နီပေါနိုင်ငံ နယ်နိမိတ်ရဲ့တစ်ဖက်တစ်ချက်စီမှာ တည်ရှိ နေပါတယ်။

ပြင်းထန်တဲ့လေတိုက်နှုန်းတွေ၊ ထူထဲစွာနဲ့ကျဆင်းတဲ့ ဆီးနှင်းတွေ ကျဆင်းလေ့ရှိတဲ့ Mt. Everestဟာ လူသားတွေအတွက် ဘေးအန္တရာယ်အပေးနိုင်ဆုံး သောတောင်တစ်ခုအဖြစ်တည်ရှိနေပေမဲ့ ကမ္ဘာအရပ်ရပ်ကတောင်တက်သမားတွေ အဖို့မှာတော့ အဖိုးမဖြတ်နိုင်တဲ့တောင်တက်လမ်းကြောင်းခရီးစဉ်တစ်ခုအနေနဲ့ တည်ရှိနေတာပါ။ ဟိမဝန္တာတောင်တန်းစုမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Mt. Everest ကို Sagarmatha လို့လည်းသိကြပြီး ကမ္ဘာပေါ်မှာရှိတဲ့ သွားလာမှုကိုကန့်သတ်ထားတဲ့ တောင်တစ်ခုဖြစ်ပြီး (၂၀၁၃)ခုနှစ်ကစာရင်းအရတော့ ကန့်သတ်နေရာပေါင်း (၆၈၇၁) တစ်ခုလောက်ရှိပါတယ်။

စွန့်စားသွားလာသူ တောင်တက်သမားတွေအတွက်လည်း Safe Zone အများဆုံးဖန်တီးပေးထားတဲ့ တောင်တစ်ခုလည်းဖြစ်နေပြီး Mt. Everestရဲ့ အမြင့်ဆုံးတောင်ထိပ်အပိုင်းတွေဟာ အစဉ်အေးခဲလျက်ရှိပါတယ်။ (၂၀၁၂)ခုနှစ်က စာရင်း အရတော့ Mt. Everest ကို တက်ရောက်တဲ့ တောင်တက်အဖွဲ့ဝင် (၅၆၅၆)ဦးအနက် (၂၂၃)ဦးသောတောင်တက်သမားတွေဟာ သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေကို ကြုံတွေ့ခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။

(၆) Kangchenjunga

ကမ္ဘာအန္တရာယ်အရှိဆုံးတောင်တွေအနက်က တစ်ခုအပါအဝင်ဖြစ်တဲ့ Kangchenjunga တောင်ဟာ နီပေါနိုင်ငံက Sikkim ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံတို့အကြားမှာတည်ရှိနေတာ ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ တတိယမြောက်အမြင့်ဆုံးတောင်အဖြစ်သတ်မှတ်ထားခြင်းကို ခံထားရပါတယ်။ နီပေါနဲ့အိန္ဒိယနိုင်ငံနယ်နိမိတ်စည်းမျဉ်းတစ်လျှောက်မှာတည်ရှိနေပြီး တောင်ထိပ်(၅)ခုအထိပိုင်ဆိုင်တဲ့ Kangchenjungaတောင်ဟာ ပင်လယ်ရေမျက်နှာ ပြင်ထက်အမြင့်ပေ (၈၅၆၈)ပေလောက်မြင့်မားပြီး လာရောက်တောင်တက်သူအားလုံးရဲ့ စုစုပေါင်း(၁၅)ရာခိုင်နှုန်းလောက်အထိ သေဆုံးခဲ့ရတဲ့မှတ်တမ်းဆိုးကိုပိုင်ဆိုင်ထားပါ တယ်။

ရာသီဥတုအခြေအနေကိုလိုက်ပြီး အန္တရာယ်ဇုန်အဖြစ်ကျရောက်လေ့ရှိတဲ့ Kangchenjunga ရဲ့အမြင့်ပိုင်းနေရာတွေဆီကနေ နှင်းထု၊ရေခဲထုတွေဟာ ရုတ်တရက် ကျဆင်းလေ့ရှိတာကြောင့် (၁၉၀၅)ခုနှစ်လောက်ကတော့ ဒေသခံအထမ်းသမားများစွာ သေကြေပျက်စီးခဲ့ရတဲ့ သာဓကတွေဖြစ်ခဲ့ဖူးပါတယ်။

(၅) Dhaulagiri

Dhaulagiri တောင်ကတော့ ပင်လယ်ရေမျက်နှာပြင်ထက်ပေပေါင်း(၈၁၆၇)မီတာ လောက်မြင့်မားပြီး ကမ္ဘာပေါ်မှာတော့ သတ္တမမြောက်အမြင့်ဆုံးတောင်အဖြစ် သတ်မှတ် ခြင်းကိုခံထားရပါတယ်။ သဘာဝတရားရဲ့အလွန်လှပတဲ့ရှုခင်းတွေကို ပိုင်ဆိုင်ထားတဲ့ Dhaulagiriတောင်ဟာ နီပေါနယ်စပ်မှာပဲတည်ရှိပြီး လာရောက်လည်ပတ်သူနဲ့ အခြေချ နေထိုင်သူများစွာလည်းရှိကြတာကိုတွေ့ရပါတယ်။ Dhaulagiriဆိုတဲ့စကားကတော့ Sanskrit ဘာသာစကားကနေပဲဆင်းသက်လာပြီး လှပသောတောင်လို့ အဓိပ္ပါယ်ရပါ တယ်။

ဒါပေမဲ့ လှပတယ်ဆိုတဲ့စကားရဲ့နောက်ကွယ်မှာတော့ Dhaulagiriဟာ တောင်တက်သမားတွေအဖို့ အလွန်အန္တရာယ်များတဲ့ဖြစ်စဉ်တွေကို ပိုင်ဆိုင်ထားတာကိုတွေ့ရ မှာဖြစ်ပြီး လာရောက်တောင်တက်သူစုစုပေါင်းရဲ့(၁၆.၂)ရာခိုင်နှုန်းလောက်အထိ သေဆုံးခဲ့ ရပါတယ်။ (၂၀၀၇)ခုနှစ်က တရားဝင်အတည်ပြုထားတဲ့စာရင်းအရ Dhaulagiri တောင်ကိုလာရောက် တဲ့တောင်တက်ခရီးစဉ်ပေါင်းဟာစုစုပေါင်း (၅၈) ခုလောက်ရှိတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

(၄) Nanga Parbat

ကမ္ဘာပေါ်မှာ ဘေးအန္တ ရာယ်အရှိဆုံးလမ်းကြောင်းတွေအဖြစ် သတ်မှတ်ထားတာက တော့ ပါကစ္စတန်နိုင်ငံက Nanga Parbat လမ်းဖြစ်ပါတယ်။ ပထဝီဝင်အနေအထားနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ Parbat တောင်ကြောင့် Nanga Parbat ဧရိယာဟာ အလွန် ကြမ်းတမ်းပြီးသဘာဝဘေးရန်ထူပြောပါတယ်။ Nanga Parbat တောင်လို့ပဲခေါ်ဆိုလေ့ ရှိကြတဲ့ အဲဒီတောင်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် (၈၁၂၆)မီတာမြင့်မားပြီး တောင်တက်လမ်းတစ်လျောက်မက်စောက်တဲ့ ချောက်ကမ်းပါးများစွာတည်ရှိနေတဲ့ အရပ်လည်းဖြစ်ပါတယ်။

Nanga Parbatရဲ့ ရာသီအချိန်မရွေးဖြစ်ပေါ်တက်တဲ့ လေပြင်း များတိုက်ခြင်း၊ဆီးနှင်းများကျဆင်းခြင်းနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ ဒီနေရာဟာ တောင်တက်သမားတွေအတွက် မသွားသင့်တဲ့နေရာတစ်ခုဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ကမ္ဘာအရပ်ရပ်ကလူစွန့်စားတောင်တက်သမားတွေအတွက်ကတော့ သူတို့ရဲ့ သမိုင်းကြောင်းကို စိုက်ထူဖို့ Nanga Parbatဟာအကောင်းဆုံး မှတ်တိုင်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ယနေ့အချိန်ထိလာရောက်တောင်တက်သူ စုစုပေါင်းရဲ့ (၂၁) ရာခိုင်နှုန်းအထိ သေဆုံးခဲ့ရပါပြီ။

(၃) Matterhorn

ဥရောပရဲ့နာမည်ကျော် Alps တောင်တန်းတွေထဲမှာပါဝင်တဲ့ Matterhorn ဟာ ယင်းတောင်တန်းတွေအနက်မှာတော့ အလှပဆုံးသောတောင်အဖြစ်တည်ရှိပါတယ်။ ဒီလိုလှပတဲ့အနေအထားကြောင့် ကမ္ဘာတစ်ဝှမ်းလုံးကတောင်တက်သမားတွေကို အဓိကဆွဲဆောင်ထားပြီး ယင်းကိုလာရောက်ကြတဲ့တောင်တက်ခရီးဖြစ်စဉ်တွေကပဲ Matterhornကို ကမ္ဘာအန္တရာယ်အရှိဆုံးတောင်စာရင်းကို တွန်းပို့ပေးပါတော့တယ်။

(၁၈၆၅) ခုနှစ်ကနေ ယနေ့အချိန်ထိ Matterhorn ဟာတောင်တက်သမား(၅၀၀) ကျော် လောက်ရဲ့ အသက်ကိုဖျက်စီးခဲ့ပြီး အခြားတောင်တွေနဲ့မတူတဲ့ ခက်ခဲတဲ့တောင်ဖြစ်တာ ကြောင့် Mountain of Mountains ဆိုတဲ့အမည်ကိုတောင်ပိုင်ဆိုင်ခဲ့ပါတယ်။ နှစ်စဉ် Matterhorn တောင်ကို လာရောက်ကြတဲ့ တောင်တက်ခရီးသွားအများစု ဟာ Matterhornတောင်ရဲ့ အရှေမြောက်ဘက် တောင်တက်လမ်းဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံအတွင်းက Hornli Hut တောင်တက်စခန်း ကနေတစ်ဆင့် တောင်တက်ခရီးကိုဆင်နွှဲလေ့ရှိပါတယ်။

(၂) K2

နာမည်ကိုကြည့်လိုက်ရင်တော့ စစ်ဘက်ဆိုင်ရာ လက်နက်တစ်ခုအမည်နဲ့ အလားသဏ္ဍန် တူညီတဲ့ တရုတ်နဲ့ပါကစ္စတန်နိုင်ငံနယ်စပ် အနီးက K2 တောင်ဟာ စစ်လက်နက်တစ်ခုလိုပဲ လူသားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ K2 ဆိုတဲ့ နာမည်ကတော့ Urdu ဘာသာကနေဆင်းသက်လာတာဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်(၈၆၁၁)မီတာမြင့်မားပါတယ်။ တရုတ်နိုင်ငံဘက်အခြမ်းမှာရှိတဲ့ K2တောင်ရဲ့ အခြေအနေဟာအလွန်မတ်စောက်တာကြောင့် တောင်တက်သမားတွေ လာရောက်လေ့မရှိလောက်တဲ့အထိ ဖြစ်နေတာကိုတွေ့ရပါတယ်။

ဒါကြောင့် K2 တောင် ကိုချဉ်းကပ်ကြသူတွေဟာ ပါကစ္စတန်ဘက်ခြမ်းကနေပဲ ချဉ်းကပ်ပြီးတောင်တက်ခရီးစဉ် တွေစတင်လေ့ရှိတာကိုတွေ့ရပါတယ်။ K2 တောင်ရဲ့ကပ်လျက်မှာတော့ K1လို့အမည် ပေးထားတဲ့တောင်တစ်ခုတည်ရှိပြီး K2 ထက်တော့အနည်းငယ်နိမ့်ပါးပါတယ်။ ဒီတောင် တွေပေါ်မှာတော့ ဆောင်းတွင်းကာလရောက်ချိန်မှာရေခဲမြစ်တွေ ဖြစ်ထွန်းလေ့ရှိတာ ကြောင့် ယင်းအချိန်မှာတော့ မည်သူမှတက်ရောက်ကြတာမျိုးမရှိကြပါဘူး။ ယနေ့အချိန် ထိလာရောက်တက်ကြတဲ့တောင်တက်သမားဦးရေရဲ့ (၂၉)ရာခိုင်နှုန်းလောက်ဟာ K2 တောင်ရဲ့ပြင်းထန်တဲ့သဘာဝဖြစ်စဉ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရပါပြီ။

(၁) Annapurna

နီပေါနိုင်ငံအလယ်ပိုင်းက Annapurna တောင်ဟာ ကမ္ဘာပေါ်မှာအန္တရာယ်အရှိဆုံး တောင်အဖြစ်သတ်မှတ်ထားခြင်းခံရတဲ့တောင်ဖြစ်ပြီး တောင်ရဲ့အနေအထားကို မြင်လိုက်တာနဲ့ သွားရောက်ဖို့မသင့်ဘူးဆိုတဲ့ အတွေးက လူသားတွေကိုဖိစီးစေမှာ အမှန်ဖြစ်ပါတယ်။မြောက် Himalayan တောင်တန်းတွေရဲ့အဆက်ဖြစ်တဲ့ Annapurna ဟာပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၈၀၉၁)မီတာလောက်မြင့်မားတဲ့အပြင် ခက်ထန်ကြမ်းတမ်းတဲ့ ပထဝီဝင်အနေအထားကလည်း ကမ္ဘာထိပ်တန်း အန္တရာယ်ဇုန် အဖြစ်ကိုရောက်ရှိစေပါတယ်။

Annapurnaဟာ ကမ္ဘာ(၁၀)ခုမြောက် အမြင့်ဆုံးတောင် ဖြစ်ပြီး Annapurna ဆိုတာကတော့ ဟိန္ဒူလူမျိုးတွေရဲ့ရှေးဘာသာစကား Sanskrit ကနေဆင်းသက်လာတာဖြစ်ပြီး အစားအသောက်တွေနဲ့ပြည့်နှက်နေတဲ့တောင်လို့ အဓိပ္ပါယ်ရပါတယ်။ (၂၀၁၂)ခုနှစ်အထိ ကောက်ခံရရှိတဲ့စာရင်းတွေအရ Annapurnaရဲ့ တောင်တက်ခရီးစဉ်(၆၁)ခုအနက် တောင်တက်သမား စုစုပေါင်းရဲ့ (၃၄)ရာခိုင်နှုန်းဟာ သေကြေပျက်စီးခဲ့ရရှာပါတယ်။ ဒီမှတ်တမ်းဟာ ကမ္ဘာပေါ် မှာရှိတဲ့တောင်တွေအကြားမှာ လူသေဆုံးမှုအများဆုံးဖြစ်နေပြီး Annapurna ကို ကမ္ဘာ့အန္တရာယ်အရှိဆုံးတောင်စာရင်းမှာ နံပါတ်(၁)နေရာကိုရပ်တည်စေခဲ့ပါတယ်။

သုတဇုန်

Leave a Reply