မာလာဝီက ၁၄နှစ် သားလေးရဲ့ စွမ်းပကား

Posted on

ရေးသားသူ – Chit Min

အာဖရိကတိုက်ရဲ့ အရှေ့တောင်ဘက်မှာ လူဦးရေ သန်း ၂၀ လောက်ပဲ ရှိတဲ့ မာလာဝီ (Malawi) ဆိုတဲ့ နိုင်ငံလေးရှိတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် လူတဦးချင်းရဲ့ GDP (Nominal) က $ 1,490 ရှိတယ်။ Malawi ရဲ့ ၂၀၁၇ ခုနှစ် လူတဦးချင်းရဲ့ GDP (Nominal) က $331 ပဲ ရှိတယ်။ ဒါဆို Malawi ရဲ့ စီးပွားရေးကို မှန်းလို့ရပြီပေါ့။

အဲဒီလို ဆင်းရဲပါတယ် ဆိုတဲ့ Malawi မှာ ၂၀၀၁ ခုနှစ် ကျတော့ မိုးတွေ သဲကြီးမဲကြီး ရွာတယ်.. ရေကြီးပြီး ရှိစု မဲ့စု စိုက်ခင်းလေးတွေ ပျက်.. စိုက်ပျိုးလို့ မရ။ မိုးရပ်သွားတဲ့အခါကျ လုံးဝ မရွာတော့ဘဲ မြေကြီးတွေ ပက်ကြားအက်ပြီး ဘာအပင်မှ စိုက်လို့ မရပြန်။ လူတွေ အခြေခံ စားဖို့ ဂျုံစပါးတွေ မရှိတော့ဘဲ အငတ်ဘေးနဲ့ ကြုံကြရတယ်။

William Kamkwamba ဆိုတဲ့ ၁၄ နှစ် အရွယ် ကောင်လေး တယောက်ရဲ့ အိမ်မှာလည်း စားစရာ မရှိလို့ မိသားစုဟာ တနေ့ တနပ်ကိုတောင် နည်းနည်းပဲ အချိုးကျ စားကြရတယ်။ William ရဲ့ အဖေနဲ့ အမေက ကိုယ်တိုင်က လယ်လုပ်ကြပေမယ့် သားသမီးတွေကိုတော့ ကျောင်းတက်စေချင်တယ်။

ပိုက်ဆံစုပြီး William ကို ကျောင်းထားပေမယ့် အငတ်ဘေးနဲ့ ကြုံ၊ သီးနှံတွေ ပျက်ပြီး အရှုံးပေါ်တော့ William ကို ကျောင်းဆက်မထားနိုင်။ William ကို ကျောင်းလခ မပေးနိုင်တော့ ကျောင်းအုပ်က ကျောင်းထုတ်။ William က ကျောင်းကို ဆက်ပြီး ခိုးသွားသေးတယ်။ မိတော့ ဆက်မလာခိုင်းဘူး။

အဲဒါကို William က ကျောင်းစာကြည့်တိုက် ဆရာမကို အတင်း တောင်းပန်ပြီး စာကြည့်တိုက်ကို ပေးလာပြီး စာကြည့်တိုက်မှာပဲ ရှိတဲ့ စာအုပ်တွေကို သူ့ဖာသူ လေ့လာဖို့ ခွင့်တောင်းတယ်.. ဆရာမက ခွင့်ပြုတယ်။ Malawi မှာ မိုးခေါင်ရေရှားဖြစ်တော့ လူအများစုက မိုးနတ်မင်းကို ကန်တော့ပြီး မိုးခေါ်တယ်။

William ရဲ့ အဖေကတော့ မိုးနတ်ကို မပူဇော်ပဲ ပက်ကြားအက်နေတဲ့ သူ့ လယ်မြေမှာ မရွာသေးတဲ့ မိုး မျှော်ရင်း ခေါင်းမာမာနဲ့ ကြိုးကြိုးစားစား ဆက်လက် ထွန်ယက်တယ်။ ပက်ကြားအက်မြေမှာ ဘယ်လောက်ပဲ ဇွဲနဲ့ ထွန်ယက်ပေမယ့် သီးနှံတွေ ဘယ် ထွက်ပါ့မလဲ.. ပင်ပန်းရုံပဲ ရှိတာပေါ့။

၁၄ နှစ်သား William ကတော့ သူ့ ကျောင်း စာကြည့်တိုက်ထဲက “Using Energy” စာအုပ်ကို အရမ်း စိတ်ဝင်စားတယ်.. ဖတ်တယ်။ သူ စိတ်ကူးနေတာက လေအားကို သုံးပြီး ဒိုင်နမိုနဲ့ လျှပ်စစ်မီးထုတ်မယ်.. လျှပ်စစ်နဲ့ ရေတွင်းထဲက ရေကို စုပ်ယူပြီး လယ်တောထဲ သွယ်မယ်.. ၁၄ နှစ်သား William ရဲ့ စိတ်ကူး..

ဒါပေမယ့် လေအားယူဖို့ လေဒလက် တည်ဆောက်ဖို့ လိုနေတဲ့ ပစ္စည်းတွေကို ဘယ်ဝယ်နိုင်မှာလဲ.. လူတွေ မသုံးတော့တဲ့ ပစ္စည်းတွေ၊ ကိုယ့် ပတ်ဝန်းကျင်မှာ ပိုက်ဆံ မပေးရဘဲ ရနိုင်တဲ့ ပစ္စည်းတွေထဲကပဲ အသုံးဝင်မယ့်ဟာတွေ ရှာရတာပေါ့။

အဲဒီမှာ သူတို့ မိသားစု ချမ်းသာသမျှတွေထဲက လက်ကျန်ပစ္စည်းလေးဖြစ်တဲ့ စက်ဘီးကို သူ့အဖေဆီက တောင်းတယ်.. စက်ဘီးကို ဖျက်ချပြီး စက်ဘီးဂွေနဲ့ ချိန်းကြိုးကို ဖြုတ်ပြီး ဒလက်မှာ တပ်ဖို့..။ သူ့အဖေက မင်း ရူးနေလားပေါ့.. ဒလက်နဲ့ လျှပ်စစ်ထုတ်ပြီး ရေ ရအောင် ယူမယ်ဆိုတာ.. ငါ့ စက်ဘီးတော့ အဖျက် မခံနိုင်ဘူး.. မင်းလည်း ရူးကြောင်မူးကြောင်တွေ ဆက် မလုပ်တော့ဘဲ ငါနဲ့အတူ မနက်လင်းတာနဲ့ လယ်ထဲဆင်းပြီး မြေပေါက်ရမယ်တဲ့..

အဲဒီမှာ William ရဲ့ အမေက ကြားက အတင်း ဝင်ပြောပေးပြီး စက်ဘီးကို သုံးခွင့်ပေးဖို့ ပြောတယ်.. ဒီထက်လည်း ဆက် ဆုံးရှုံးစရာ မရှိတော့ဘူးလေ.။ အဲဒီမှာ ၁၄ နှစ်သား William ဟာ ဘေးပတ်ဝန်းကျင်က အသုံးမလိုတော့တဲ့ ပစ္စည်းအဟောင်းတွေကို ရှာသုံးပြီး ၃၉ ပေ မြင့်တဲ့ လေဒလက် တည်ဆောက်ပြီး လျှပ်စစ်ထုတ်နိုင်ခဲ့တယ်.. အဲဒီ လျှပ်စစ်နဲ့ မြေကြီးထဲက ရေကို စုပ်ပြီး သူ့ အဖေ စိုက်ခင်းကို ရေသွယ် ပေးနိုင်ခဲ့တယ်။

အဲဒီနောက် နောက်ထပ် လေဒလက်တွေ တပ်ဆင်ပေးပြီး အငတ်ဘေးနဲ့ လပေါင်းများစွာ ကြုံခဲ့ရတဲ့ သူ့ရွာလေးကို ကယ်တင်နိုင်ခဲ့တယ်။ သူ့ရဲ့အကြောင်းကို အနီးအနားရွာတွေက တစ်ဆင့်မြို့တွေအထိ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက် ၂၀၀၆ခုနှစ်မှာ မာလာဝီနိုင်ငံရဲ့ Daily Time သတင်းစာမှာ ပါလာခဲ့တဲ့အထိ လူသိများသွားခဲ့တယ်။ အဲဒီကနေတစ်ဆင့် ၂၀၀၇ခုနှစ် တန်ဇန်းနီးယားမှာပြုလုပ်တဲ့ ကမ္ဘာကျော် TED ကွန်ဖရင့်မှာ သူ့ရဲ့အတွေ့အကြုံနဲ့ အိပ်မက်တွေကို ဟောပြောခွင့်ရခဲ့တယ်။

နာမည်ကျော် Wall Street ဂျာနယ်မှာလည်း သူ့အကြောင်းပါလာတယ်။ ကမ္ဘာ့နိုင်ငံအချို့က သူ့ကိုသတိထားမိသွားတယ်။ ကျောင်းထွက်ခဲ့ရတဲ့ ကမ်ကွမ်ဘား ထောက်ပံ့သူတွေရဲ့အကူအညီနဲ့ African Bible ကောလိပ်မှာ ကျောင်းတက်ခွင့်ပြန်ရခဲ့တယ်။ အဲဒီကနေတစ်ဆင့် အမေရိကန်နည်းပညာရှင်များရဲ့ ပံ့ပိုးမှုနဲ့ နာမည်ကျော် Dartmouth ကောလိပ်မှာတက်ခွင့်ရခဲ့ပြီးတဲ့နောက် ၂၀၁၄ခုနှစ်မှာ ဘွဲ့ရခဲ့တယ်။

အဲဒီကနေစလို့ သိပ္ပံ နဲ့ နည်းပညာဟောပြောပွဲတွေမှာ သူဟာ မပါမဖြစ်ပါလာခဲ့ပြီး ၂၀၁၃ခုနှစ် တိုမ်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာကြီးကိုပြောင်းလဲခဲ့တဲ့ လူ ၃၀ စာရင်းမှာလည်း သူ့နာမည်ပါဝင်လာခဲ့တယ်။ သူ့အထ္ထုပတ္တိ The Boy Who Harnessed the Wind စာအုပ်ကိုလည်း ရေးခဲ့တယ်။

လက်ရှိအချိန်မှာတော့ ကမ်ကွမ်ဘားဟာ အောင်မြင်တဲ့ အင်ဂျင်နီယာ ၊ စာရေးသူ ၊ ဟောပြောသူတစ်ယောက်အဖြစ် ရပ်တည်နေရင်း မပြည့်စုံတဲ့ နေရာဒေသတွေအတွက် နည်းပညာအကူအညီပေးတဲ့ ပရဟိတပရောဂျက်တွေကို လုပ်ကိုင်လျှက်ရှိပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် စိတ်ကူးစိတ်သန်း နဲ့ လုံ့လ၀ိရိယသာရှိရင် အောင်မြင်နိုင်ကြောင်း မပြည့်မစုံ နဲ့ ကျောင်းထွက်ခဲ့ရတဲ့ ဒီလူငယ်လေးက သက်သေပြသွားခဲ့တယ်။

လူအများစုက နတ်တွေကို ပူဇော်ပသပြီး မိုးခေါ်တယ်.. မိုး မရွာခဲ့ဘူး..။ William ရဲ့ အဖေကတော့ မိုးနတ် မခေါ်ဘူး.. ပက်ကြားအက်နေတဲ့ မြေပေါ်မှာ မိုးမျှော်ရင်း ပင်ပင်ပန်းပန်း ပေါက်တူးပေါက်ပြီး စိုက်ပျိုးတယ်။ ဘာ သီးနှံမှ မဖြစ်ထွန်းသလို မိုးလဲ မရွာခဲ့ဘူး.။ ၁၄ နှစ်သား William ကတော့ စာကြည့်တိုက်ထဲက စာအုပ်ကို ကြိုးကြိုးစားစား လေ့လာ ဖတ်ပြီး ပက်ကြားအက်နေတဲ့ မြေသားတွေပေါ်ကို ရေရအောင် ပညာကို သုံးပြီး လုပ်ပေးနိုင်ခဲ့တယ်။

ပညာမှာ တန်ဖိုးရှိတယ်..

ပညာမှာ တန်ခိုးရှိတယ်..

*Inspired by “The Boy Who Harnessed The Wind”

Chit Min

Leave a Reply