ပေါ်တူဂီနိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ပေါ်တူဂီနိုင်ငံ၏ တရားဝင်အမည်မှာ ပေါ်တူဂီသမ္မတနိုင်ငံ ဖြစ်ပါတယ်။ ဥရောပတိုက်ကုန်းမကြီးရဲ့ နောက်ဘက်အကျဆုံးနိုင်ငံဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေထဲက ရှေးအကျဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခုလက်ရှိဧရိယာအနေအထားအတိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ခန့်ကာလကတည်းက ရှိနေတာဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံရဲ့ အကျယ်အ၀န်းက ၃၅၆၀၃ စတုရန်းမိုင်ဖြစ်ပြီး အနောက်ဘက်နဲ့ တောင်ဘက်မှာ အတ္တလန္တိတ်သမုဒ္ဒရာ ၊ အရှေ့ဘက်နဲ့ မြောက်ဘက်မှာ စပိန်နိုင်ငံတွေနဲ့ ထိစပ်လျှက်ရှိပါတယ်။ ၂၀၁၇ခုနှစ် စာရင်းအရ လူဦးရေ ၁၀.၃သန်းရှိပြီး ၁မိုင်ပတ်လည်မှာ ပျမ်းမျှအားဖြင့် ၂၈၇ယောက် နေထိုင်ကြပါတယ်။ အကြီးဆုံးမြို့နဲ့ မြို့တော်ကတော့ လစ္စဘွန်းမြို့ဖြစ်ပြီး မြို့နေလူဦးရေ ၅သိန်းခန့်ရှိပါတယ်။ မြို့တော်ဧရိယာဝန်းကျင်တစ်ခုလုံးမှာတော့ လူဦးရေစုစုပေါင်း ၃သန်းခန့်နေထိုင်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးဒေသတွေထဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

ပေါ်တူဂီဟာ အနောက်အာဖရိက က လူမျိုးတွေကို ဥရောပတွေကို ကျွန်တွေအဖြစ်စတင် သွင်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ မကြာမီမှာပဲ အခြားဥရောပနိုင်ငံတွေဟာ ပေါ်တူဂီရဲ့လမ်းစဉ်ကိုလိုက်ခဲ့ပြီး ကျွန်စနစ်ကို အပြိုင်အဆိုင် ထူထောင်ခဲ့ကြပါတယ်။ ပေါ်တူဂီ အင်ပါယာဟာ ၁၅ရာစု အစောပိုင်းကစလို့ ရာစုနှစ် ၆ခုတိုင်အောင် ရှည်ကြာခဲ့တဲ့ အင်ပါယာတစ်ခုဖြစ်ပြီး နယ်မြေပေါင်း ၅၀ကျော်ကို အုပ်စိုးခဲ့ပါတယ်။

ဒီလိုကိုလိုနီချဲ့ခဲ့ခြင်းရဲ့ သက်သေကတော့ ပေါ်တူဂီဟာ ယနေ့မှာ နိုင်ငံငယ်လေးဖြစ်ပေမယ့် ပေါ်တူဂီရဲ့ ဘာသာစကားကတော့ ကမ္ဘာပေါ်မှာ ၆ခုမြောက် လူပြောအများဆုံး ဘာသာစကားတစ်ခု ဖြစ်နေခြင်းပါပဲ။ ပေါ်တူဂီဘာသာစကားဟာ ရိုမန်ဘာသာစကားကွဲ ၅ခုအနက် တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အခြားရိုမန်ဘာသာစကားကွဲ ၄ခုကတော့ ပြင်သစ် ၊ အီတလီ ၊ စပိန် နဲ့ ရိုမန်းနီယန်း တို့ဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံတည်ရှိရာ အိုင်ဘေးရီးယန်းကျွန်းဆွယ်ပေါ်မှာ သမိုင်းမတင်မီခေတ်ကတည်း လူသားများ နေထိုင်နေကြပါပြီ။ ဆဲတစ်ဖြစ်လာမယ့် ရှေးဦးလူမျိုးစုတွေဟာ ဘီစီ ၇၀၀ခန့်မှာ ဒီနေရာမှာ အခြေချနေထိုင်ခဲ့ကြပါတယ်။ ဘီစီ ၃ရာစုမှာတော့ ရိုမန်တွေဟာ ပေါ်တူဂီရှိရာနေရာအပါအ၀င် အိုင်ဘေးရီးယန်းကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက်ခဲ့ကြပါတယ်။ ဘီစီ ၂ရာစုမှာတော့ ပေါ်တူဂီဟာ ရောမအင်ပါယာထဲက Lusitania ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။  Lusitania နယ်ထဲမှာနေကြတဲ့အတွက် အဲဒီအချိန်က ပေါ်တူဂီလူမျိုးတွေကို  Luso လို့ခေါ်ခဲ့ကြပါတယ်။

၎ရာစုအလယ်ပိုင်းမှာတော့ ဒီနေရာကို ခရစ်ယာန်ဘာသာစတင် ရောက်ရှိလာခဲ့ပါတယ်။ ၅ရာစုမှာတော့ ရိုမန်တို့ရဲ့အုပ်ချုပ်မှုအဆုံးသတ်သွားပြီး Visigoths တွေက နှစ်ပေါင်း ၂ရာခန့် အုပ်ချုပ်ခဲ့ကြပြန်ပါတယ်။အဒီ ၁၁၃၉မှာတော့ Afonso I ဟာ ဒီနေရာမှာ ပေါ်တူဂီ ဘုရင့်နိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ပေါ်တူဂီဟာ နိုင်ငံအကျယ်အ၀န်း သေးငယ်တဲ့နိုင်ငံဖြစ်ပေမယ့် ပေါ်တူဂီအင်ပါယာကတော့ အလွန်ကြီးထွားခဲ့ဖူးပါတယ်။

၁၅ ရာစု နဲ့ ၁၆ရာစုကြားမှာ ပေါ်တူဂီတွေဟာ ကမ္ဘာတလွှားက ရေလမ်းကြောင်း အသီးသီးကို အုပ်စိုးနိုင်ခဲ့ပါတယ်။ Henry the Navigator ၊ Vasco da Gama နဲ့  Álvares Cabral တို့ဟာ ပေါ်တူဂီရဲ့ ကျော်ကြားတဲ့ နယ်မြေသစ်စူးစမ်းရှာဖွေသူတွေဖြစ်ပြီး သူတို့ကြောင့် နယ်မြေသစ်အများအပြားကို တွေ့ရှိပြီးတဲ့နောက် ပေါ်တူဂီနိုင်ငံရဲ့ စီးပွားရေးသာမက စစ်ရေးစွမ်းအားပါ တိုးတက်ခဲ့ပါတယ်။ ပေါ်တူဂီဘုရင် အစဉ်အဆက်အုပ်ချုပ်ခဲ့ကြပြီး နောက်ဆုံးဘုရင်ကတော့ ၁၉၁၀ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ဘုရင် Manuel II ပဲ ဖြစ်ပါတယ်။ အဲဒီနောက်တော့ ပေါ်တူဂီဘုရင့်နိုင်ငံကနေ ပေါ်တူဂီသမ္မတနိုင်ငံ အဖြစ်ပြောင်းလဲ အုပ်ချုပ်ခဲ့ပါတယ်။

ပထမကမ္ဘာစစ်အတွင်းမှာတော့ ပေါ်တူဂီနိုင်ငံဟာ မဟာမိတ်နိုင်ငံတွေဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မှာတော့ ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၁၉၄၉ နဲ့ ၁၉၅၅ခုနှစ်မှာ NATO အဖွဲ့ဝင် ၊ ကုလအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သမ္မတ ကနေ ဝန်ကြီးချုပ်ကို ခန့်အပ်ရတဲ့ semi-presidential စနစ်ကို ကျင့်သုံးပြီး လက်ရှိသမ္မတက Marcelo Rebelo ဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်အချက်များ

ပေါ်တူဂီ ဆိုတဲ့ စကားလုံးဟာ အေဒီ ၈၆၈ခုနှစ်ခန့်မှာ စတင်ပေါ်ပေါက်လာခဲ့တာပါ။ Portus Cale ကနေစတင်လာတာဖြစ်ပြီး Portus က လက်တင်ဘာသာစကားနဲ့ သင်္ဘောဆိပ် ၊ cale ကတော့ ရာသီဥတုကိုစောင့်ရှောက်တဲ့ ဆဲလ်တစ်နတ်သမီး Cailleach ကို ရည်ညွှန်းတာဖြစ်ပါတယ်။ Portuscale ကနေမှ Portucale အဲဒီနောက်တော့ Portugale ၊ Portugal ဆိုပြီး အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာခဲ့တာပါ။

ပေါ်တူဂီမြို့တော် လစ္စဘွန်းဟာ ရောမမြို့တော်ထက် နှစ်ပေါင်း ၄၀၀ခန့်ပိုစောတဲ့ မြို့ဖြစ်ပါတယ်။ ရောမမြို့ကို ဘီစီ ၈ရာစုမှာ တည်ထောင်တာဖြစ်ပြီး လစ္စဘွန်းကို ဘီစီ ၁၂ရာစုကတည်းက စတင်တည်ထောင်ခဲ့လို့ပါ။

ပေါ်တူဂီဟာ ကမ္ဘာသစ်ရဲ့တစ်ဝက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကမ္ဘာသစ်ဆိုတာ ၁၄ ရာစုဝန်းကျင်က ဥရောပလူမျိုးတွေနဲ့ သိပ်အဆက်အစပ်မရှိတဲ့ နယ်ပယ်အသစ်တွေကို ဆိုလိုတာပါ။ ၁၄၉၄ခုနှစ်မှာ ပေါ်တူဂီ နဲ့ စပိန်တို့ ဟာ ကမ္ဘာသစ်ကို တစ်ဝက်စီအုပ်ချုပ်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ ပေါ်တူဂီတွေဟာ ကမ္ဘာ့အရှေ့ခြမ်းတွေဖြစ်တဲ့ ဘရာဇီး ၊ အာရှ နဲ့ အာဖရိက နယ်ပယ်တွေကို ချဲ့ထွင်သိမ်းပိုက်ခဲ့ပါတယ်။ မကာအိုဆိုရင် ပေါ်တူဂီတို့ရဲ့ အကြာဆုံးအုပ်ချုပ်မှုကို ခံရတဲ့ ကိုလိုနီနယ်မြေဖြစ်ပြီး ၁၉၉၉ခုနှစ်မှ တရုတ်နိုင်ငံဆီ ပြန်လွှဲခဲ့တာပါ။

ပေါ်တူဂီဟာ ကျွန်စနစ်ကို အစောဆုံးစတင်ခဲ့တဲ့ နိုင်ငံအဖြစ် နာမည်ပျက်ခဲ့ပေမယ့် အစောဆုံးဖျက်သိမ်းပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်နေပြန်ပါတယ်။ ၁၄၄၄ ခုနှစ်မှာ Lagos ကျွန်ဈေးကို စတင်ခဲ့ပြီး ၁၇၆၁ခုနှစ်မှာတော့ လက်အောက်ခံနိုင်ငံတွေမှာ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ရှိသမျှ ဖော့ဆို့တွေရဲ့ တစ်ဝက်ကျော်ဟာ ပေါ်တူဂီနိုင်ငံကနေ လာတာဖြစ်ပါတယ်။ ပေါ်တူဂီဟာ ဖော့ဆို့တွေကို ဖြစ်လာစေခဲ့ cork oak သစ်တောပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်။ ကမ္ဘာ့ဖော့ဆို့ဈေးကွက်ရဲ့ ၇၀% ဟာ ပေါ်တူဂီဆီမှဖြစ်ပြီး ဂျာမနီ ၊ ယူကေ နဲ့ အမေရိကန်နိုင်ငံတွေကို အဓိကတင်သွင်းပါတယ်။

ပေါ်တူဂီနဲ့ အင်္ဂလန်နိုင်ငံတွေဟာ သက်တမ်းအရင့်ဆုံး မဟာမိတ်နိုင်ငံတွေ ဖြစ်ပါတယ်။ ၁၃၇၃ခုနှစ်မှာ Anglo-Portuguese မဟာမိတ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး မဟာမိတ်နိုင်ငံဖြစ်ခဲ့တာ ယနေ့အချိန်အထိပါပဲ။

ပေါ်တူဂီမြို့တော်လစ္စဘွန်းဟာ ဥရောပသမိုင်းတလျှောက် အပြင်းထန်ဆုံးငလျှင်ဒါဏ်ကို ခံခဲ့ရဖူးပါတယ်။ ၁၇၅၅ခုနှစ်မှာ ဆူနာမီကြောင့်ဖြစ်ပေါ်လာတဲ့ ဒီငလျှင်ကြီးဟာ ပြင်းအား 9.0 magnitude ရှိပြီး လစ္စဘွန်းမြို့နေလူပေါင်း ၁သိန်းကျော်ကို သေစေခဲ့သလို အဆောက်အအုံစုစုပေါင်းရဲ့ ၈၅%ခန့်ကို ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့ပါတယ်။

ကမ္ဘာ့အစောဆုံး တက္ကသိုလ်တွေထဲမှာပါဝင်တဲ့ Coimbra တက္ကသိုလ်ဟာ ပေါ်တူဂီနိုင်ငံမှာ ရှိခဲ့ပါတယ်။ ဒီတက္ကသိုလ်ကို ၁၂၉၀ခုနှစ်မှာ လစ္စဘွန်းမြို့တွင် စတင်တည်ထောင်ခဲ့ပြီး အဲဒီနောက်တော့ Coimbra မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးတွေဟာ ဂျပန်နိုင်ငံကို ပထမဆုံးရောက်ခဲ့တဲ့ ဥရောပသားတွေဖြစ်ပါတယ်။ ၁၄၉၂ခုနှစ်မှာ Tanegashima ကျွန်းကိုပထမဆုံးရောက်ရှိခဲ့ပါတယ်။ ပေါ်တူဂီတွေက တဆင့် ဂျပန်တွေဟာ အနောက်နိုင်ငံ နည်းပညာတွေကို ရရှိခဲ့ပြီး စစ်ပွဲတွေမှာ စတင်အသုံးချခဲ့ကြပါတယ်။

ပေါ်တူဂီလူမျိုးတစ်ဦးဟာ ရှင်ဒဲလားထက် ဂျူးလူမျိုးတွေကို ပိုကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ကောင်စစ်ဝန်ဖြစ်ခဲ့တဲ့ ပေါ်တူဂီလူမျိုး Aristides de Sousa Mendes ဟာ အစိုးရခွင့်မပြုတဲ့ကြားက ဂျူးလူမျိုး ၁သောင်းခန့်ကို ဗီဇာထုတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဥရောပရဲ့ အရှည်ဆုံး တံတားဟာ ပေါ်တူဂီနိုင်ငံမှာ ရှိတဲ့ ဗာစကိုဒဂါးမား တံတားဖြစ်ပါတယ်။ ပေါ်တူဂီ နယ်မြေရှာဖွေရေးသမား ဗာစကိုဒဂါးမားကို ဂုဏ်ပြုပြီးနာမည်ပေးထားတဲ့ ဒီတံတားဟာ လစ္စဘွန်းမြို့တော် Tagus မြစ်ကို ဖြတ်ထိုးထားတာဖြစ်ပြီး အရှည် ၄၀၅၀၂ပေ (၇မိုင်ကျော်) အရှည်ရှိပါတယ်။

ကမ္ဘာကျော် ၀ိုင်အမျိုးအစားဖြစ်တဲ့ Port ၀ိုင်ဟာ ပေါ်တူဂီရဲ့ နာမည်ကျော် ပို့ကုန်တစ်ခုဖြစ်ပါတယ်။ ပေါ်တိုမြို့ Douro တောင်ကြား စပျစ်ခြံတွေကနေ ထွက်ရှိတဲ့ ဒီစပျစ်ဝိုင်ကို အမေရိကန် ၊ သြစတြေးလျ ၊ တောင်အာဖရိက နဲ့ အိန္ဒိယနိုင်ငံတွေကို တင်ပို့နေရပါတယ်။

ပေါ်တူဂီနိုင်ငံက စုစုပေါင်းလူဦးရေ ရဲ့၈၅% က ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ ဒီအထဲက ၈၁% ကနေ ရိုမန်ကတ်သလစ်ဘာသာဝင်တွေဖြစ်ပြီး ၄%ကတော့ ကျန်ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။

အဓိက စီးပွားရေးလုပ်ငန်းတွေကတော့ ချည်မျှင်နှင့်အထည် ၊ သစ် ၊ စက္ကူ ၊ ဓာတုပစ္စည်း ၊ စက်မှုပစ္စည်းအစိတ်အပိုင်းများ ၊ စားသောက်ကုန်များ ၊ ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများ ၊ သင်္ဘောတည်ဆောက်ရေး ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ နဲ့ ဟိုတယ် ခရီးသွားလာရေး လုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၇ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအရ ပေါ်တူဂီ နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၃၂၁၉၉ ဖြစ်ပြီး ကမ္ဘာ့အဆင့် ၃၇ ဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံရဲ့ အဓိက အားကစားက ဘောလုံးအားကစားဖြစ်ပါတယ်။ ပေါ်တူဂီဘောလုံးအသင်းဟာ လက်ရှိဥရောပ ချန်ပီယံဖြစ်ပြီး ၁၉၆၆ခုနှစ်မှာ ကမ္ဘာ့ဖလား တတိယ ၊ ၂၀၀၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထ အသီးသီးရခဲ့ဖူးပါတယ်။

ပေါ်တူဂီနိုင်ငံမှာ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၁၅ခုတောင် ရှိပါတယ်။ ဒီအထဲမှာ ယဉ်ကျေးမှုအမွေအနှစ် နေရာက ၁၄ခု ရှိပြီး ကျန်တစ်ခုကတော့ သဘာဝနေရာတစ်ခုဖြစ်တဲ့ Madeira ကျွန်းဖြစ်ပါတယ်။ ပေါ်တူဂီဟာ ကမ္ဘာ့ခရီးသွားအလာဆုံးနိုင်ငံစာရင်းမှာ ပါဝင်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား ၁၃သန်းခန့်လာရောက်လေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

VIDEO

သုတဇုန်

Leave a Reply