သမိုင်းတလျှောက် အိန္ဒိယ-ပါကစ္စတန် ၂နိုင်ငံကြားက စစ်ပွဲများ

Posted on

7 Day Daily ဂျာနယ် ၊ အတွဲ(၁၇)၊ အမှတ်(၅၁) မှ

အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ စစ်ရေး တင်းမာမှုဟာ အခုသီတင်းပတ်အတွင်း စိုးရိမ်စရာ အခြေအနေထိ တရိပ်ရိပ် မြင့်တက်လာပါတယ်။ အာရှ တောင်ပိုင်း ဒေသက နိုင်ငံနှစ်ခုဟာ နျူကလီးယား လက်နက်တွေ အသီးသီး ပိုင်ဆိုင်ထားတဲ့အပြင် သမိုင်းအစဉ်အဆက် ခါးသီးမှုတွေ ရှိခဲ့တာကြောင့် လတ်တလော ပဋိပက္ခတွေကနေ အလုံးစုံ စစ်ပွဲအသွင် ကူးပြောင်းသွားမှာကို နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်နေပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အုပ်စုတစ်ခုက ကက်ရှ်မီးယားမှာ အိန္ဒိယ စစ်တပ် ဘတ်စ်ကား တစ်စီးကို အသေခံ ဗုံးခွဲခဲ့ရာက လက်ရှိ ပြဿနာတွေ စတင်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်မှာ အိန္ဒိယက နှစ်နိုင်ငံ နယ်စပ် သတ်မှတ်လိုင်းကို ကျော်လွန်ပြီး ပါကစ္စတန်ပိုင်နက်ထဲက စစ်သွေးကြွ စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးရာ ရောက်တဲ့အတွက် စစ်ရေးအရ တုံ့ပြန်ရာက ကက်ရှ်မီးယားမှာ နှစ်နိုင်ငံ လေတပ်ချင်း၊ ကြည်းတပ်ချင်း ထိပ်တိုက် ထိတွေ့မှုတွေ ဖြစ်ပွားလာပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား ပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။ ၁၉၄၇ ကစလို့ အဓိက စစ်ပွဲ လေးခု ဖြစ်ပွားခဲ့ရာမှာ သုံးခုကတော့ လက်ရှိ အချိန်ထိ နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယား ဒေသကို ဗဟိုပြုခဲ့ပါတယ်။

၁။ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ (၁၉၄၇)

အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန် အင်ပါယာ လက်အောက်ခံ ဘဝကနေ လွတ်လပ်ရေး ရယူပြီး ကတည်းက ပြိုင်ဘက် နိုင်ငံတွေအသွင် ရပ်တည်လာခဲ့ပါတယ်။ ၁၉၄၇၊ အောက်တိုဘာလမှာ ကက်ရှ်မီးယား ဒေသရဲ့ စော်ဘွားဟာ အိန္ဒိယနဲ့ ပါကစ္စတန် ဘယ်ဖက်ကို သစ္စာခံရမလဲ ဆိုတာကို ရွေးချယ်ဖို့ အကြောင်းဖန်လာပါတယ်။ ကက်ရှ်မီးယားရဲ့ လူဦးရေ အများဆုံး ခရိုင်ကြီး နှစ်ခုဟာ မွတ်ဆလင် အများစု နေထိုင်တဲ့အတွက် ပါကစ္စတန်နဲ့ ပေါင်းစည်းချင်တယ်။ ဒါပေမဲ့ အုပ်ချုပ်သူ အစုအဖွဲ့က ဟိန္ဒူဘာသာဝင်တွေ များပြီး အိန္ဒိယနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိကြပါတယ်။

ပါကစ္စတန် စစ်တပ်ရဲ့ ထောက်ခံမှုကို ရထားတဲ့ ဒေသခံ စစ်ခေါင်းဆောင် တချို့က စတင် တော်လှန်လာတဲ့နောက် ကက်ရှ်မီးယား စော်ဘွားက အိန္ဒိယရဲ့ အကူအညီယူဖို့ သဘောတူ လက်မှတ် ရေးထိုးလိုက်ရပါတယ်။ အဲဒီနောက် ပါကစ္စတန်နဲ့ ဒေသခံ သူပုန်တွေက တစ်ဖက်၊ အိန္ဒိယနဲ့ စော်ဘွား သစ္စာတော်ခံ အင်အားစုတွေကတစ်ဖက် စစ်ခင်းခဲ့ကြပြီး ၁၉၄၉ နှစ်ဆန်းပိုင်းကျမှ ကုလသမဂ္ဂရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ စစ်ပြေငြိမ်းလိုက်ပါတယ်။

ညှိနှိုင်း သဘောတူညီမှုတွေအရ အိန္ဒိယဟာ ကက်ရှ်မီးယား တောင်ကြား၊ ဂျမ်မူနဲ့ လာဒက်ခ် ခရိုင်ကြီးတွေ အပါအဝင် ဒေသတစ်ခုလုံးရဲ့ သုံးပုံ၊ နှစ်ပုံကို ထိန်းချုပ်ခွင့် ရသွားပါတယ်။ ပါကစ္စတန်ကတော့ အဇက် ကက်ရှ်မီးယား၊ ဂီလ်ဂျစ်-ဘာလစ္စတန်တို့ အပါအ၀င် နယ်မြေ ဧရိယာ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ခဲ့တယ်။ ကက်ရှ်မီးယားမှာ ကြားခံ စည်းတစ်ခု သတ်မှတ်ထားပြီး နိုင်ငံနှစ်ခု အပြိုင် အုပ်ချုပ်လာကြပါတယ်။

၂။ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ (၁၉၆၅)

ပါကစ္စတန်ရဲ့ ဂျီဘရော်လ်တာလို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကနေ အစပြုပြီး နှစ်နိုင်ငံ ဒုတိယအကြိမ် စစ်ဖြစ်ကြပါတယ်။ ဂျမ်မူနဲ့ ကက်ရှ်မီးယားက အိန္ဒိယ အုပ်ချုပ်ရာ နယ်မြေတွေမှာ သူပုန်ထနိုင်အောင် အထူးတပ်ဖွဲ့တွေ စိမ့်ဝင် စေလွှတ်ပြီး ကူညီဖို့ ဒီစစ်ဆင်ရေးကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယက အင်အား အလုံးအရင်းနဲ့ လက်တုံ့ပြန်ပြီး ပါကစ္စတန် အနောက်ပိုင်း ဒေသကို ဝင်တိုက်ခိုက်ခဲ့ပါတယ်။ ၁၇ ရက်ကြာတဲ့ စစ်ပွဲကြောင့် နှစ်ဖက်စလုံးမှာ လူပေါင်း ထောင်ချီ သေဆုံးခဲ့ကြတယ်။

ဒုတိယ ကက်ရှ်မီးယား စစ်ပွဲလို့လည်း ခေါ်ဝေါ်တဲ့ ဒီပဋိပက္ခဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ အများဆုံး အသုံးပြုတဲ့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲလို့လည်း ညွှန်းဆို ခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့က ကြားဝင်ပြီး အပစ်အခတ် ရပ်စဲဖို့ ညှိပေးခဲ့ရတယ်။ ညှိနှိုင်းမှုတွေမှာ အိန္ဒိယက အထက်စည်း နေရာကို ရယူနိုင်ခဲ့ပါတယ်။

၃။ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ (၁၉၇၁)

ဒီစစ်ပွဲကတော့ ကက်ရှ်မီးယား ပြဿနာနဲ့ မဆိုင်ပါဘူး။ အာရှတောင်ပိုင်းမှာ မူဝါဒရေးရာ အားပြိုင်မှုတွေနဲ့ ပိုပြီး အကျုံးဝင်ပါတယ်။ အရှေ့ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ခွဲထွက်ဖို့ ကြိုးစားရာက အရှုပ်အထွေးတွေ စတင်လာပါတယ်။ ပါကစ္စတန်ရဲ့ စစ်ဆင်ရေးတွေနဲ့ လူမျိုးရေး သုတ်သင် ရှင်းလင်းမှုတွေကြောင့် အရှေ့ပါကစ္စတန်က ဘင်္ဂါလီ ၁၀ သန်းလောက်ဟာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို ခိုလှုံ ထွက်ပြေးလာကြတယ်။

အိန္ဒိယက ဒီပြဿနာမှာ ကြားဝင်လာပြီး ဘင်္ဂလားဒေ့ရှ်ကို လွတ်လပ်ရေး ကြေညာနိုင်အောင် ကူညီ ပံ့ပိုးပေးခဲ့တယ်။ ပါကစ္စတန်က အခဲမကျေဘဲ လက်တုံ့ပြန်ရာက နှစ်နိုင်ငံကြား စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာပြန်ပါတယ်။
ပါကစ္စတန်က အိန္ဒိယ အနောက်ပိုင်း နယ်နိမိတ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် အိန္ဒိယ နယ်ခြားစောင့် တပ်တွေက ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယ စစ်တပ်က ပြန်လည် အသာရလာပြီး ပါကစ္စတန် ပိုင်နက်ထဲက စတုရန်းပေ ၅၈၀၀ လောက် နယ်မြေတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်။

၁၉၇၂ မှာတော့ အိန္ဒိယက သဘောထား ကြီးမှုကို ပြသပြီး အဲဒီနယ်မြေတွေကို ပါကစ္စတန်ဆီ ပြန်လွှဲပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဖြစ်ဖူးသမျှ သွေးမြေအကျဆုံး စစ်ပွဲအနေနဲ့ မှတ်တမ်းဝင်ခဲ့ပြီး ပါကစ္စတန် စစ်သည်နဲ့ အရပ်သား ကိုးသောင်းကျော်လောက် သုံ့ပန်း ဖြစ်ခဲ့ပါတယ်။ ပါကစ္စတန်ဟာ အဆုံးအရှုံး အများကြီး ကြုံခဲ့ပြီး နိုင်ငံရဲ့ ရေတပ် ထက်ဝက်၊ လေတပ်အင်အား လေးပုံတစ်ပုံ၊ ကြည်းတပ်အင်အား သုံးပုံတစ်ပုံ ပျက်သုဉ်းသွားခဲ့တယ်။

၎။ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ (၁၉၉၉)

ဒီတစ်ကြိမ်ကိုတော့ ကာဂီလ်စစ်ပွဲလို့ လူသိများပါတယ်။ ပြီးတော့ နှစ်ဖက်စလုံး အတော်လေး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်ပြီး စစ်ဖြစ်ခဲ့ကြတာလို့ ဆိုနိုင်တယ်။ ၁၉၉၉ ခုနှစ် အစောပိုင်းမှာ ပါကစ္စတန် တပ်တွေက နယ်ခြားလိုင်းကို ကျော်ဖြတ်ပြီး အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသက ကာဂီလ်ခရိုင်ကို သိမ်းပိုက်လိုက်ပါတယ်။ အိန္ဒိယက စစ်သည်အင်အား အလုံးအရင်း စေလွှတ်ပြီး ပါကစ္စတန် ကျူးကျော်သူတွေကို တုံ့ပြန်တယ်။ တစ်ဖက်မှာလည်း သံတမန် နည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့တယ်။

နှစ်လလောက် ကြာမြင့်ပြီးချိန်မှာ အိန္ဒိယ တပ်တွေဟာ ကာဂီလ်ရဲ့ အစိတ်အပိုင်း အများစုကို ပြန်လည် သိမ်းယူလာနိုင်ခဲ့ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေကလည်း ပါကစ္စတန် အစိုးရကို အကျပ်ရိုက်စေခဲ့တယ်။ နိုင်ငံ စီးပွားရေး ကျဆင်းနေတဲ့အချိန်၊ အပြည်ပြည်ဆိုင်ရာ အရေးယူမှုတွေပါ ကြုံလာနိုင်တဲ့ အန္တရာယ်ကြောင့် ပါကစ္စတန်က တပ်တွေ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ အဲဒီစစ်ပွဲမှာ ပါကစ္စတန်ရဲ့ မြောက်ပိုင်း ခြေလျင်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ အများစု အသက်ပေးခဲ့ရတယ်။

အစောပိုင်းမှာ ပါကစ္စတန် အစိုးရက စစ်သည်တွေ အများကြီး သေခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး ကျဆုံး စစ်သည်တွေရဲ့ အလောင်းတွေကို ပြန်မယူခဲ့ပါဘူး။ ဒီဖြစ်ရပ်ကြောင့် မြောက်ပိုင်း ဒေသတွေက ကျန်ရစ်သူ မိသားစုတွေက အစိုးရကို ဆန္ဒပြ ရှုတ်ချလာကြတယ်။ ဇူလိုင်လကုန်မှာတော့ ကာဂီလ်ကို သိမ်းပိုက်ထားတဲ့ အခြေအနေ လုံးဝ ပြီးဆုံး ပျက်ပြယ်သွားပါတယ်။ ဒါဟာ ပါကစ္စတန်အတွက် ရလဒ်အနေနဲ့ရော၊ သိက္ခာအရပါ အရှုံးပေါ်စေတဲ့ စစ်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

7 Day Daily ဂျာနယ် ၊ အတွဲ(၁၇)၊ အမှတ်(၅၁) မှ

Leave a Reply