အမေရိကန်ရဲ့ ရေတပ်မတော် အကြောင်း သိကောင်းစရာ

Posted on

ရေးသားသူ – မခင်နှင်းအေး

လက်ရှိကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံးနိုင်ငံဟာ ဘယ်နိုင်ငံလဲလို့မေးရင် ကလေးတောင်သိကြပါတယ်။ အမေရိကန်လို့ပဲဖြေကြမှာပါ။ ဟုတ်ပါတယ်။ လက်ရှိမှာ သူ့စစ်အင်အားကို ဘယ်သူမှမမီအောင် ခေတ်မီယာဉ်၊ လက်နက်ကိရိယာတွေနဲ့ စနစ်တကျလေ့ကျင့်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အဲဒီထဲကမှ ရေတပ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံလေးအကြောင်း ပြောပြချင်ပါတယ်။

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန်စစ်ရေးအတွေးအခေါ်က စစ် ၂ ခုကို တစ်ပြိုင်တည်းတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (pearl Habour, Hawaii)ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတစ်ခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ပထဝီအနေအထားအရ လိုအပ်သလိုဖွဲ့ထားပြန်ပါတယ်။

ဥပမာ အာရှအတွက် 7th Fleet အမှတ်(၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် ၆ ရေတပ်မတော်နဲ့ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော်ကို ဘာရိန်းမှာ ထားရှိထားပါတယ်။ နောက်ဆုံး 4th Fleet အမှတ် ၄ ရေတပ်မတော်ကို တောင်အမေရိကအတွက် ၂၀၀၈ / ၂၀၀၉ က ပြန်ဖွဲ့စည်းခဲ့ပါတယ်။ ဒီနံပါတ်တပ်ခေါ်တဲ့ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ရှေ့ပြေးရေတပ်တွေဖြစ်ပါတယ်။ ဥပမာ – 5th Fleet အမှတ် ၅ ရေတပ်မတော်ဟာ သူ့နယ်မြေဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာမှာကင်းလှည့်ရပါတယ်။ လိုအပ်တဲ့သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက အလှည့်ကျပို့ပေးရပါတယ်။

အမှတ် ၂ ရေတပ်မတော်ဟာ ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာတောက်လျှောက် မြောက်ကနေတောင်အထိ တာဝန်ရှိပါတယ်။ အမှတ် ၃ ရေတပ်မတော်ကတော့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုးမှာရှိပါတယ်။ အဝေးရောက်အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေးတပ်တွေပါ။ ဒီတပ်တွေတိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက်အပိုပစ္စည်းတွေပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူးတွေရှိပါတယ်။ သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

ရေတပ်နဲ့အတူ ကမ်းခြေတက်တပ် မရင်း Marines တွေရှိပါတယ်။ မရင်းစစ်ဗိုလ်တွေဟာ ရေတပ်စစ်ဗိုလ်သင်တန်းကျောင်းမှာ အတူတူတက်ကြရပါတယ်။ ပြီးမှ မရင်းစစ်ဗိုလ်အဖြစ်ခွဲထွက်သွားကြရတာပါ။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင့်အမိန့်လိုက်နာမှုကိုတော့ မရင်းတပ်သားတွေလိုက်နာရပါတယ်။ မရင်းတွေမှာလည်း မရင်းတွေကိုကူတိုက်ဖို့ မရင်းလေတပ်အသေးစားရှိပါတယ်။ မရင်းတွေဟာ ရက် ၆၀ အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ပြင်ဆင်ထားပါတယ်။

ကမ်းခြေတက် မရင်းတွေဟာ တစ်ကိုယ်တည်းသွားလို့မရပါဘူး။ ရေတပ်သင်္ဘောတွေရဲ့အကူအညီကိုယူရပြီး ရေတပ်နဲ့အတူပါရတာကြောင့် မရင်းတွေကို ရေတပ်နဲ့အတူတွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့တိုက်ရာမှာ မရင်းတွေနာမည်ကောင်းရခဲ့ပါတယ်။ ဒါကြောင့် မရင်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ်။ သို့သော်တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိမရင်းတပ်မ ၄ ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ ၁၀ ခုရှိပါတယ်။

အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။ အမေရိကန်တပ်မတော်ဖွဲ့စည်းပုံမှာ စစ်တပ်ကအာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရင်းကို မျှမျှတတထူထောင်ပေးထားပါတယ်။ ရေတပ်မှာ မရင်းတပ်တွေရှိသလို လေယာဉ်တွေလည်းရှိပါတယ်။ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ပုံမှန်အားဖြင့် ၄ နှစ်ထက်ပိုမထားပါဘူး။

အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန်သင်္ဘောတွေလာစုပြီး task force အနေနဲ့တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် Verticle ခွဲပြီး ပဏာမလေ့ကျင့်ရပါတယ်။ ဥပမာ – ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ်သင်္ဘောအုပ်စုခွဲထားပါတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ်အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားအလိုက်ခွဲပြီး လေ့ကျင့်ရပါတယ်။

ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိပါတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင်လုပ်ခြင်းဖြစ်ပါတယ်။ လေယာဉ်တင်သင်္ဘောဟာ တစ်စီးတည်းကင်းလှည့်လေ့မရှိပါဘူး။ Carrier group လို့ခေါ်တဲ့ အစောင့်အရှောက်တွေခြံရံပြီး ကင်းလှည့်ရပါတယ်။ ဥပမာ – Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃၀၀ အတွင်းရှိတဲ့ သင်္ဘောတွေ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင်ပစ်ချဖို့ အဆင်သင့်လုပ်ထားရပါတယ်။ အဝေးကရေငုပ်သင်္ဘောကျတော့ ဆိုနာ Sonar နဲ့ပဲရှာလို့ရပါတယ်။ ကိုယ့်သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type Commander တွေက လေ့ကျင့်ပေးပြီး ဒုတိယအဆင့်အားလုံးပါဝင်တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ပေးရပြန်ပါတယ်။ ဒီတာဝန်ကိုတော့ Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့်ပေးရပါတယ်။

ရေငုပ်သင်္ဘောတွေမှာလည်း မတူတဲ့တာဝန်တွေရှိကြပါတယ်။ ရန်သူသင်္ဘောတွေကိုလိုက်ရှာပြီး ဖျက်ဆီးတဲ့ရေငုပ်သင်္ဘောကို attack submarines (SSN) လို့ခေါ်ပါတယ်။ သူတို့က အရွယ်အစားသေးပါတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့ရင် ရန်သူကိုပြန်လည်ချေမှုန်းဖို့ အဝေးပစ်အဏုမြူဒုံးပျံတွေတင်ပြီး ကင်းလှည့်နေတဲ့ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ MAD (Mutual Assured Destruction) ငါသေရင် မင်းလည်းသေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ။ SSBN တွေက တာဝန်ကျရင် လနဲ့ချီပြီး ရေအောက်မှာပျောက်နေတတ်ပါတယ်။

ရေငုပ်သင်္ဘောက ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့်အမေရိကန်ရေငုပ်သင်္ဘောတွေဟာ အဏုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် Cruise Missile တွေတပ်ဆင်ထားပါတယ်။ ရေအောက်ကနေ ကုန်းပေါ်ကိုပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သင်္ဘောတွေဟာ ပိုပြီးအရေးပါလာပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့အလွယ်တကူရှာနိုင်ပါတယ်။

အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့လေယာဉ်တင်သင်္ဘော ၄ စီးကို ဖျက်ဆီးနိုင်ပြီးကတည်းက လေယာဉ်တင်သင်္ဘောချင်းတိုက်တဲ့ စစ်အတွေ့အကြုံရခဲ့ပြီး ကိုရီယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ အတွေ့အကြုံတောက်လျှောက်ရခဲ့ပါတယ်။ လေယာဉ်တင်သင်္ဘောတွေဟာ ရန်သူ့တော်ပီဒိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကတည်းက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် Zig Zag မောင်းရတာတွေရှိပါတယ်။ အခုခေတ်မှာတော့ နည်းပညာတွေတိုးတက်လာတာကြောင့် ရှောင်တိမ်းနိုင်တဲ့နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techiques နည်းလမ်းတွေရှိလာပါတယ်။

လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကတည်းက Fighter တိုက်လေယာဉ်နဲ့ Fighter Bomber (သို့) တော်ပီဒိုလေယာဉ် Torpedo plane ဗုံးကြဲလေယာဉ်ဆိုတာတွေရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose Fighter လို့ခေါ်ကြပါတယ်။ ကွာခြားမှုက Fighter တွေက လေယာဉ်ကနေ မြေပြင်ကိုဗုံးကြဲဖို့မဟုတ်ဘဲ ရန်သူ့လေယာဉ်ကိုပစ်ချဖို့သက်သက်ဖြစ်ပါတယ်။ ယနေ့ခေတ်လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့အစွမ်းက အရေးကြီးပါတယ်။

ရန်သူ့လေယာဉ်ကို အဝေးကြီးကတည်းကမြင်နိုင်ရင် အစောကြီး ကိုယ်ကပစ်ချနိုင်မှာပါ။ ရှေ့ဦးမှာ Fighter Bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် Fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင်ဗုံးတွေက အရင်လိုမတိမကျပစ်ရတာမဟုတ်တော့ဘဲ ပစ်မှတ်ကိုတိတိကျကျပစ်နိုင်တဲ့ Percision Guidance Bombs တွေဖြစ်ပါတယ်။

အမေရိကန်ရေတပ်မှာ သင်္ဘောတွေစစ်မှုထမ်းသက်တမ်းကျော်သွားရင် monthballs လုပ်ပြီး အနားပေးလိုက်ပြီဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါဘူး။ စစ်လက်နက်တွေကိုဖြုတ်၊ ဂိုဒေါင်ထဲမှာ သိမ်းထားပြီး သင်္ဘောတွေကိုသံချေးမတက်အောင် ကျကျနနထိန်းသိမ်းထားပါတယ်။ အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲတာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့ကတာဝန်ယူရပါတယ်။

ရေတပ်မှာ ဌာနနဲ့တပ်ဖွဲ့တွေအများကြီးရှိပါတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW (State Naval Special Warfare Command) လက်အောက်မှာရှိပါတယ်။ Navy Seals ၂၄၅၀ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ အမေရိကန်တွေ ၄ ယောက်မှာ တစ်ယောက်ပဲအောင်ကြပါတယ်။ ထိုင်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seal သင်တန်းရှိပါတယ်။ ရေတပ်ဗိုလ်ချုပ်တွေမှာ အတွေးအခေါ်တစ်ခုရှိပါတယ်။ ဒီကနေ့တိုက်ပွဲမှာ မိမိဘက်က အရေးမသာခဲ့ရင် ပြန်ဆုတ်၊ ပြန်ခု၊ ပြန်ဖြည့်ပြီး နောက်နေ့အတွက် ပြင်ဆင်ရပါတယ်။ သူသေကိုယ်သေမတိုက်ကြပါဘူး။

ခင်နှင်းအေး
Content Translation Department

Leave a Reply