ဗင်နီဇွဲလားနိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

တရားဝင်အမည် ဗင်နီဇွဲလားပြည်ထောင်စုသမ္မတနိုင်ငံဟု ခေါ်သော ဗင်နီဇွဲလားနိုင်ငံ(Bolivarian Republic of Venezuela) သည် တောင်အမေရိကတိုက်၏ မြောက်ဖက်အကျဆုံးသောနိုင်ငံ ဖြစ်သည်။ မြောက်ဖက်တွင် ကာရစ်ဘီယံ ပင်လယ်၊ အရှေ့ဖက်တွင် ဂီယားနာနယ်၊ အရှေ့တောင်ဖက်တွင် ဘရာဇီးနိုင်ငံ၊ အနောက်ဖက်နှင့် အနောက်တောင်ဖက်တွင် ကိုလံဘီယာနိုင်ငံတို့ရှိသည်။ အရှေ့မှ အနောက်သို့ ၉၂၈ မိုင်ကျယ်၍ တောင်မှမြောက် ၇၉၀ မိုင် ရှည်သည်။  တနိုင်ငံလုံး၏ ဧရိယာအကျယ်အဝန်းမှာ ၃၅၃၈၄၁ စတုရန်းမိုင်ဖြစ်ပြီး မြန်မာနိုင်ငံထက် တစ်ဆခွဲခန့်ကြီးသည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံများအနက် ဆဋ္ဌမအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာတွင် ၃၂ နိုင်ငံမြောက် အကြီးဆုံးနိုင်ငံ ဖြစ်သည်။ မြို့တော်မှာ ကာရာကပ်စ်မြို့ဖြစ်ပြီး လူဦးရေ ၂သန်းနီးပါး နေထိုင်သည်။

ဗင်နီဇွဲလားဟူသောအမည်မှာ စပိန်ဘာသာဖြင့် ဗင်းနစ်မြို့ကလေးဖြစ်သည်။ ၁၄၉၉ ခုတွင် စပိန်လူမျိုး အလွန်းဆိုသေအိုဇေဒါခေါင်းဆောင်သော စွန့်စားရှာဖွေသူ တစုသည် ယခု မာရာကိုင်းဗိုအိုင်အတွင်း ရေတိမ်ရာ၌ တိုင်များစိုက်၍ တဲအိမ်ခြေတံရှည်များဆောက်လုပ်ထားသော အင်ဒီးယန်းရွာကို တွေ့မြင်ရသောအခါ ဗင်းနစ်မြို့၏ ရှုခင်းနှင့်ဆင်ဆင်တူသဖြင့် ဗင်နီဇွဲလားဟု မှည့်ခေါ်ခဲ့သည်။ ယင်းမှ တနိုင်ငံလုံးကို ဗင်နီဇွဲလားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

ဗင်နီဇွဲလားနိုင်ငံနေရာတွင် လူသားတို့စတင်အခြေချခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀၀ ခန့်ကတည်းကဟု ဆိုနိုင်သည်။ El Jobo ဟုခေါ်သည့် ဗင်နီဇွဲလား အနောက်မြောက်ပိုင်းဒေသတွင်တွေ့ရှိရသော လူအသုံးအဆောင်ပစ္စည်းများ ကို တွေ့ရှိခဲ့ပြီး သက်တမ်းတွက်ချက်ခဲ့ရာ ဘီစီ ၁၃၀၀၀ ခန့်အချိန်ကဟု သိရသည်။ Kalina (Caribs), Auaké, Caquetio, Mariche, နှင့် Timoto–Cuicas စသည့်လူမျိုးများသည် ရှေးခေတ်လူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်သည်။

ဥရောပလူမျိုးများအနေဖြင့် စပိန်လူမျိုးများမှ ၁၅၂၀ခန့်တွင် အခြေခဲ့သည်။ ၁၈၁၁ ခုနှစ်တွင် စပိန်များထံမှ လွတ်လပ်ရေးရပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ခဲ့သော်လည်း ၁၀နှစ်ကြာ စပိန်တပ်များနှင့် စစ်ပွဲများဖြစ်ပွားခဲ့သည်။ ၁၈၂၁ခုနှစ်တွင် စပိန်စစ်ရှုံးပြီးနောက် ဗင်နီဇွဲလားသည် Gran Colombia (Colombia, Ecuador, Panama, Venezuela) ၏ နယ်မြေတစိတ်တပိုင်းအဖြစ် ပါဝင်လာခဲ့သည်။ ၁၈၂၉ တွင်  Gran Colombia မှ ခွဲထွက်ကာ လွတ်လပ်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

တောင်အမေရိကတိုက်၏ တတိယအကြီးဆုံးမြစ်ဖြစ်သော အောင်ရင်နိုးကိုးမြစ်နှင့် ယင်း၏ မြစ်လက်တက်ပေါင်း ၄၃၆ ခုတို့သည် ဗင်နီဇွဲလားနိုင်ငံ အကျယ်အဝန်း၏ ၅ ပုံ ၄ ပုံ တွင် ပိုက်ကွန်ကြီးသဖွယ် ဖြန့်၍ စီးဆင်းလျက်ရှိသည်။ အော်ရင်နိုးကိုးမြစ်သည် မိုင် ၁,၇၀၀ ခန့် ရှည်၍ ပွားတိုအယာကူချိမြို့တည်ရာ မြစ်ဝမှ မိုင် ၁,၀၀၀ ခန့်အထိ လှေသင်္ဘောများသွားလာနိုင်သည်။ အော်ရင်းနိုးကိုးမြစ်ဝှမ်းဒေသ၏ ထူးခြားချက်တရပ်မှာ အမေဇုန်မြစ်၊ နီးဂရိုးမြစ်တို့နှင့် အော်ရင်နိုးကိုးမြစ်ကို သဘာဝတူးမြောင်းကြီးသဖွယ် ဆက်လျက်ရှိသော ကာဆီကွီးယားရေးမြစ်ပင် ဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာမှ အော်ရင်နိုးကိုးမြစ်ကို ဆန်တက်လာသည့် သင်္ဘောများသည် ကာဆီကွီယားရေမှတဆင့် နီးဂရိုးမြစ်၊ ယင်းမှ အမေဇုန်မြစ်ကို စုန်ဆင်းကာ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ပြန်ထွက်နိုင်လေသည်။

ဗင်နီဇွဲလားနိုင်ငံကို သဘာဝအားဖြင့် ၄ ပိုင်းခွဲခြားနိုင်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသ၊ တောင်တန်းဒေသ၊ ကုန်းပြင်မြင့်ဒေသနှင့် အီလာနော့ခေါ် လွင်ပြင်ဒေသတို့ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသတွင် ကမ်းရိုးလွန်ရှိ ကျွန်းကလေးများပါဝင်သည်။ စတုရန်းမိုင် ၂၀,၀၀၀ ကျော် ကျယ်ဝန်းသည်။ ပုလဲဖမ်းလုပ်ငန်း အများအပြား လုပ်ကိုင်သည်။ ဗင်နီဇွဲလားနိုင်ငံထွက် ရေနံအများဆုံးထွက်ရာ ဒေသဖြစ်သည်။ ရာသီဥတုမှာ ပူ၍ စိုစွတ်သည်။ တောင်တန်းဒေသသည် ဗင်နီဇွဲလားမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ အန်းဒီးတောင်တန်းမှ ဖြာထွက်သော တောင်တန်းများနှင့် မိုင်ပေါင်း ၅၀၀ ခန့် ကမ်းရိုးတန်းနှင့်ပြိုင်၍ တန်းဆင်းသွားသော တောင်တန်းများရှိရာ ဒေသ ဖြစ်သည်။ ယင်းဒေသသည် စတုရန်းမိုင်ပေါင်း ၄၀,၀၀၀ ခန့် ကျယ်ဝန်း၍ နိုင်ငံရေးနှင့် စီးပွားရေးလောက၏ အာရုံစူးစိုက်ရာ ဒေသဖြစ်သည်။

အော်ရင်နိုးကိုးမြစ်၏ လက်ျာဖက်ကမ်းမှ ဗင်နီဇွဲလား – ဘရာဇီးနိုင်ငံနယ်နိမိတ်အတွင်းရှိ ဂီယားနား ကုန်းပြင်မြင့်ဒေသသည် ဗင်နီဇွဲလားနိုင်ငံ၏ တဝက်ခန့်ရှိသည်။ သစ်တောများအလွန်ထူထပ်၍ အချို့နေရာများသို့ ယခုတိုင် လူသူရောက်ပေါက်ခြင်း မရှိသေးချေ။ တွင်းထွက်သတ္တုများနှင့် အဖိုးတန်သစ်တောများရှိရာဒေသ ဖြစ်သည်။ ပေ ၁၈၀၀ မှ ၆၀၀၀ အထိမြင့်သော အန်းဒီးနှင့် ကမ်းရိုးတောင်တန်းဒေသသည် အပူချိန်ဖာရင်ဟိုက် ၅၀ ဒီဂရီ မှ ၇၅ ဒီဂရီအတွင်း ရှိသည်။ ကုန်သည်လေမှန်တိုက်ခတ်ရာဒေသဖြစ်သဖြင့် ရာသီဥတု သမမျှတသည်။ ထင်ရှားသော မြို့ကြီးများနှင့် လူနေအိမ်ခြေပေါများရာ အရောင်းအဝယ်ဖွံ့ဖြိုးရာဒေသဖြစ်သည်။

ပေ ၆၀၀၀ အထက်မြင့်သော ဒေသသည် အေးသောအပိုင်းဖြစ်၍ လူနေနည်းသည်။ ဗင်နီဇွဲလားနိုင်ငံတွင် စိုစွတ်သော ရာသီဥတုနှင့် ခြောက်သွေ့သော ရာသီဥတုဟူ၍ တနှစ်လျှင် ၂ မျိုးသာရှိသည်။ မေမှ နိုဝင်ဘာအတွင်း မိုးများစွာရွာသွန်းသည်။ ယင်းသည် ပူအိုက်စိုစွတ်သော ရာသီဖြစ်သည်။ ဒီဇင်ဘာမှ ဧပြီလအတွင်း ခြောက်သွေ့သော ရာသီဖြစ်သည်။ မြောက်ဖက်မှ တိုက်ခတ်သော ကုန်သည်လေမှန်ကြောင့် ရာသီဥတုမှ ပိုမိုမျှတသည်။ ယေဘူယျအားဖြင့်မူ ဗင်နီဇွဲလားနိုင်ငံ၏ ရာသီဥတုသည် ကျန်းမာရေးနှင့် ညီညွတ်ကောင်းမွန်သော ရာသီဥတုဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ၏ လူဦးရေမှာ ၂၀၁၆ခုနှစ် စာရင်းအရ ၃၁.၆သန်း ဖြစ်သည်။ ရုံးသုံးဘာသာစကားမှာ စပိန်ဘာသာစကားဖြစ်ပြီး ဒေသတွင်းပြောဆိုသုံးစွဲသည့် ဘာသာစကားခွဲပေါင်းမှာမူ ၄၀ ကျော်ခန့်ရှိသည်။ အများဆုံးနေထိုင်သည့် လူမျိုးမှာ ဗင်နီဇွဲလားလူမျိုးဟုခေါ်သည့် Morenos လူမျိုးများဖြစ်သည်။ Moreno များသည် အမေရိက ၊ ဥရောပ နှင့် အာဖရိကလူမျိုးများ ပေါင်းစည်းမှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၅၀%ခန့်မှာ Moreno များဖြစ်ပြီး ၄၀ % မှာ ဥပရောလူမျိုးများဖြစ်ပြီး အမေရိက နှင့် အာဖရိကလူမျိုးအနည်းငယ်လည်း နေထိုင်ကြသည်။ တစ်နိုင်ငံလုံးစုစုပေါင်း၏ ၉၀% ခန့်မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ထို ၉၀%ခန့်တွင် ၇၀% မှာ ကတ်သလစ်ခရစ်ယာန်ဖြစ်ပြီး ၂၀%ခန့်မှာ ပရိုတက်စတင့်များဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းသည် လူဖြူများဖြစ်၍ ၆၅ ရာခိုင်နှုန်းသည် လူဖြူနှင့် တိုင်းရင်းသားလူမျိုးတို့မှ ပေါက်ဖွားသော ကပြားများဖြစ်သည်။ ကျန် ၁၅ ရာခိုင်နှုန်းသည် တိုင်းရင်းသား အင်ဒီးယန်းလူမျိုးများနှင့် နီဂရိုးလူမျိုးများ ဖြစ်သည်။ မြောက်နှင့် အနောက်မြောက်တောင်တန်းဒေသတွင် လူအများဆုံးနေထိုင်၍ ဂီယားနားကုန်းပြင်မြင့် ဒေသသည် လူနေအနည်းဆုံးဖြစ်သည်။ အများအားဖြင့် စပိန်ဘာသာစကားကို ပြောဆိုကြ၍ ဘရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။ ငွေကြေးစနစ်အဖြစ် ယခင်ငွေကြေးဖောင်းပွလွန်းသည့် VEF မှ Bolívar Soberano ကို ပြောင်းလဲသုံးစွဲခဲ့သည်။ အမေရိကန် ၁ဒေါ်လာသည်  Bs.S ၃၂၉၈ နှင့် ညီမျှသည်။

ဗင်နီဇွဲလားနိုင်ငံသား တစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ၂၀၁၇ခုနှစ် International Monetary Fund စာရင်းအရ အမေရိကန်ဒေါ်လာ ၆၈၉၀ ဖြစ်သည်။ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ရေနံ ၊ သဘာဝဓာတ်ငွေ့ ၊ ဆောက်လုပ်ရေးပစ္စည်း ၊ အစားအစာ ၊ သံရိုင်း ၊ စတီး ၊ အလူမီနီယံ သတ္တုတူးဖော်ခြင်းများ ၊ စက်မှုပစ္စည်းများ ၊ အိမ်ခြံမြေလုပ်ငန်း ၊ ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အထူးသဖြင့် မြောက်ပိုင်းတွင် စိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်ကြသည်။ ကာဖီပင်ကို အများဆုံးစိုက်ပျိုးလုပ်ကိုင်၍ ကကေးအိုးသည် ဒုတိယအကြီးအကျယ်ဆုံး စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည်။ သကြား၊ ပြောင်း၊ ပဲ၊ အုန်းနှင့် အပူပိုင်းဇုန် အသီးအနှံများကိုလည်း စိုက်ပျိုးကြသည်။ လွင်ပြင်ဒေသရှိ မြက်ခင်းများတွင် ကျွဲနွားတိရစ္ဆာန်များ မွေးမြူ၍ သားရေများကို တင်ပို့ရောင်းချကြသည်။ သစ်တောဒေသမှလည်း ကြက်ပေါင်စေးနှင့် ဘယဆေးပင်များစွာ ထွက်သည်။

ဖက်ဒရယ်သမ္မတစနစ်ကို ကျင့်သုံးပြီး လက်ရှိသမ္မတမှာ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ဖြစ်သည်။ လက်ရှိတွင် ဗင်နီဇွဲလား ပြည်သူများမှာ ဆင်းရဲကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသည်။ ဗင်နီဇွဲလားနိုင်ငံ အကျပ်အတည်းအခြေအနေသည် အတိုက်အခံခေါင်းဆောင် Juan Guaidoက ၎င်းကိုယ်၎င်း ကြားဖြတ်သမ္မတအဖြစ် ဇန်န၀ါရီ ၂၃ ရက်က ကြေညာခဲ့ကာ သမ္မတ Nicolas Maduro အစိုးရကို တရားမ၀င်အစိုးရအဖြစ် စွပ်စွဲပြီးနောက် စတင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ ပြင်သစ် နှင့် အချို့သော နိုင်ငံများသည် Guaido ကို သမ္မတအဖြစ်အသိအမှတ်ပြုထားကြသည်။ သမ္မတမာဒူရိုအစိုးရကိုမူ ရုရှားနဲ့တရုတ်နိုင်ငံတွေသာမကပဲ ဘိုလစ်ဗီးယား၊ ကျူးဘား၊ အီရန် နဲ့ဆီးရီးယားနိုင်ငံများက ထောက်ခံထားကြသည်။ ထိုအကျပ်အတည်းကြောင့် ပြည်သူများ၏ ဆန္ဒပြမှုများ ၊ အစိုးရ၏နှိမ်နှင်းမှုများ ၊ ဆင်းရဲငတ်မွတ်မှုများ ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသား ၃သန်းခန့်သည် နိုင်ငံမှ ထွက်သွားကြပြီဖြစ်သည်။

ဗင်နီဇွဲလားရဲ့ စိတ်ဝင်စားဖွယ်အချက်များ

အိန်ဂျယ်လ်ရေတံခွန် သည် ဗင်နီဇွဲလားနိုင်ငံတွင် တည်ရှိပြီး ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်ပါတယ်။ စုစုပေါင်းအမြင့်မှာ ၉၂၉ မီတာ (၃၂၁၂ ပေ) ရှိပါတယ်။ ရေတံခွန်၏ ရေစတင်ကျဆင်းရာ နေရာမှ အမြင့်မှာ ၈၀၇ မီတာ(၂၄၆၈ ပေ) ရှိပြီး ရေများသည် Auyantepui တောင်၏ အစွန်မှ စီးဆင်းခြင်းဖြစ်ပါတယ်။ ၎င်းတောင်ဟာ Bolívar ပြည်နယ်၊ Gran Sabana ဒေသအတွင်းရှိ  Canaima National Park အတွင်းတွင် တည်ရှိပါတယ်။

အင်ဒီစ်းတောင်တန်းစုရဲ့ မြောက်ဘက်စွန်းမှာရှိတဲ့ Pico Bolivar တောင်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်ပြီး အမြင့်ပေ ၁၆၃၃၅ မြင့်ပါတယ်။ ဗင်နီဇွဲလားရဲ့နောက်ထပ်ထင်ရှားတဲ့တောင်ကတော့ ရုပ်ရှင်တွေမှာ မြင်ရလေ့ရှိတဲ့ Roraima တောင်ပါ။ Roraima တောင်ဟာ ဗင်နီဇွဲလား ၊ ဘရာဇီး နဲ့ ဂိုင်ယာနာ နိုင်ံ ၃ခု နယ်စပ်မှာရှိပြီး အမြင့်ပေ ၉၂၂၀ပေ မြင့်ပါတယ်။

ဗင်နီဇွဲလားရဲ့ ကမ်းရိုးတန်းအလျားက ၁၇၄၀မိုင်တောင် ရှိပါတယ်။ ဗင်နီဇွဲလားရဲ့ ကမ်းရိုးတန်းအများစုမှာ ဖြူလွှလွှသဲသောင်ပြင်တွေနဲ့ ကြည်လင်တဲ့ရေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဗင်နီဇွဲလားမှာ ကမ်းခြေပေါင်းများစွာ ရှိပြီး ထင်ရှားတဲ့ကမ်းခြေ ၅ခုကတော့ Madrisqui , Cayo de Agua , Mochima National Park , Playa El Yaque နဲ့ Isla El Faro ကမ်းခြေတွေပဲ ဖြစ်ပါတယ်။

ဗင်နီဇွဲလားမှာ အမျိုးသားဥယျာဉ်ပေါင်း ၄၃ခု ရှိပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ အမျိုးသားဥယျာဉ်ကတော့ Canaima ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် ၇.၄သန်း ဧက ကျယ်ဝန်းပါတယ်။ ရေတံခွန်များ ၊ သစ်တောများ ၊ တောင်တန်းများ ပါဝင်တဲ့ ဒီအမျိုးသားဥယျာဉ်ဟာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် အဖြစ်သတ်မှတ်ထားခြင်းခံရတဲ့နေရာလည်း ဖြစ်ပါတယ်။

နောက်ထပ်ထင်ရှားတာကတော့ Maracaibo ရေကန်ပါ။ ရေကန်လို့ ဆိုပေမယ့် ဗင်နီဇွဲလားပင်လယ်ကွေ့နဲ့ တဆက်တည်းဖြစ်နေတာကြောင့် တကယ့်ရေကန် အစစ်တော့မဟုတ်ပါဘူး။ ဒီနေရာရဲ့အကျယ်ကတော့ စတုရန်းမိုင် ၅၁၀၀ ခန့် ရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း သန်း ၂၀ အကြာကတည်းက ရှိခဲ့တာလို့ ဆိုပါတယ်။ The Catatumbo Lightning လို့ခေါ်တဲ့ ထူခြားတဲ့သဘာဝဖြစ်စဉ်တစ်ခုဟာ ဒီရေကန်ကြီးထဲမှာ ရှိနေပါတယ်။ အဲဒါကတော့ ဒီရေကန်ရဲ့ ၅မိုင်ပတ်လည်နေရာအတွင်းမှာ တစ်နှစ်ကို ရက်ပေါင်း ၁၆၀ ခန့်မိုးကြိုးပစ်လေ့ရှိပြီး အကြိမ်အားဖြင့် ဆိုရင် ၁.၂သန်း တောင်ရှိပါသတဲ့။ ဒီလိုမိုးကြိုးတွေစုပြုံပစ်တာကို အကွာအဝေးမိုင် ၂၅၀ ကတောင် မြင်နိုင်ပါသတဲ့။

Our Lady of Peace လို့ခေါ်တဲ့ မယ်တော်မယ်ရီရုပ်တုဟာ အမေရိကတိုက်ရဲ့အမြင့်ဆုံး မယ်တော်မယ်ရီရုပ်တုဖြစ်ပြီး အမြင့် ၁၅၃ပေ အနံ(အကျယ်) ၅၉ပေ ရှိပါပြီး အလေးချိန်အားဖြင့် ၁၂၀၀ တန်ရှိပါတယ်။ ဒီရုပ်တုဟာ အမေရိကန်က နာမည်ကျော် လေဘာတီရုပ်တုထက် ၂၈လက်မ ပိုမြင့်ပါတယ်။

နောက်ထပ် ယူနက်စကိုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့နေရာကတော့ Corot မြို့ဖြစ်ပါတယ်။ ဒီမြို့မှာ ရှေးဟောင်း စပိန် နဲ့ ဒတ်ခ်ျ ဗိသုကာအနုပညာနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို မြင်ရမှာဖြစ်ပါတယ်။ ၁၆ရာစုက ဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင် အဆောက်အဦး စုစုပေါင်း ၆၀၂ ခုခန့် ရှိတဲ့မြို့ဖြစ်ပါတယ်။ ဒီမြို့နဲ့အတူ ရှေးဟောင်းဆိပ်ကမ်း La Vela ဟာ လည်း ယူနက်စကိုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်း အများဆုံးရှိတဲ့နိုင်ငံတွေထဲမှာ ၇ခုမြောက် နိုင်ငံဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တိရစ္ဆာန်တွေဖြစ်တဲ့ ပုရွက်ဆိတ်စားကောင် ၊ အမေဇုန်လင်းပိုင် ၊ ဂျာဂွား ၊ ဆလော့ နဲ့ Orinoco မိကျောင်း အစရှိတဲ့ အကောင်တွေကို ဗင်နီဇွဲလားမှာ တစုတစည်းတည်းမြင်ရမှာ ဖြစ်ပါတယ်။

ရှားပါးငှက်များအပါအ၀င် ငှက်မျိုးစိတ်ပေါင်း ၁၄၀၀ခန့်ရှိပြီး သစ်ခွမျိုးစိတ်ပေါင်းကတော့ ၂၅၀၀၀ ခန့်တောင်ရှိနေပါတယ်။ Venezuelan troupial က ဗင်နီဇွဲလားရဲ့ နိုင်ငံအထိမ်းအမှတ်ငှက်ဖြစ်ပြီး flor de mayo သစ်ခွကတော့ နိုင်ငံအထိမ်းအမှတ် ပန်းဖြစ်ပါတယ်။

ဗင်နီဇွဲလားရဲ့ အလံမှာတော့ အ၀ါ ၊ အပြာ ၊ အနီ ရောင်တွေနဲ့အတူ ကြယ် ၈လုံးပါဝင်ပါတယ်။ အ၀ါ ကတော့ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတကြွယ်ဝမှုကို ရည်ညွှန်းပါတယ်။ အပြာကတော့ ကာရေးဘီးယန်းပင်လယ်ဝန်းရံပြီး များပြားလှတဲ့ ကမ်းခြေတွေ ရှိနေတာကို ရည်ညွှန်းပါတယ်။ အနီကတော့ စပိန်လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲတွေအတွက် ကျခဲ့တဲ့သွေးတွေကို ရည်ညွှန်းပါတယ်။ ကြယ် ၈လုံးကတော့ နယ်မြေ ၈ခုကို ရည်ညွှန်းပြီး အဲဒါတွေကတော့ Barcelona(စပိန်ဘာစီလိုနာ မဟုတ်ပါ), Cumana, Caracas, Barinas, Merida, Margarita, Trujillo နဲ့ Guayana နယ်မြေတွေ ဖြစ်ကြပါတယ်။

ဗင်နီဇွဲလားဟာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ အများဆုံးထွက်ရာ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ပြည်သူရဲ့သုံးစွဲမှုအချို့ကို အစိုးရက ကျခံပေးတာကြောင့် ဗင်နီဇွဲလားပြည်သူတွေဟာ လောင်စာဆီတွေကို ဈေးအပေါဆုံးနဲ့ သုံးစွဲကြရပါတယ်။ ဗင်နီဇွဲလားရဲ့ Orinoco Arc နဲ့ အခြားနေရာတချို့ဟာ ရွှေအလွန်ထွက်ပြီး ကမ္ဘာပေါ်မှာ ရွှေအထွက်ဆုံး နံပါတ် ၂ ဖြစ်ပါတယ်။

ဗင်နီဇွဲလားဟာ နေထိုင်ဖို့ အန္တရာယ်အရှိဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ၂၀၁၅ခုနှစ်က ဆို အသတ်အခံရဆုံး နိုင်ငံအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပျမ်းမျှအချိန် ၂၁မိနစ်တိုင်းမှာ လူ သတ်မှု ၁ခုဖြစ်တဲ့ အထိဆိုးရွားခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ အကျဉ်းထောင်ထဲမှာ နိုက်ကလပ်တစ်ခု ၊ လက်ဝှေ့သတ်ကွင်းတစ်ခု နဲ့အတူ ဘိလိယက်ခန်းတွေ ထူးထူးခြားခြား ရှိနေပါတယ်။

ဗင်နီဇွဲလားမှာ လူကြိုက်အများဆုံးဖြစ်တဲ့အားကစားကတော့ဘေစ့်ဘော ဖြစ်ပါတယ်။ ဗင်နီဇွဲလားသူတွေဟာ ကမ္ဘာ့အချောဆုံး အမျိုးသမီးစာရင်းမှာ ထိပ်တန်းက ပါတယ် လို့ဆိုနိုင်ပါတယ်။ အကြောင်းကတော့ ဗင်နီဇွဲလားသူတွေဟာ မယ်စကြ၀ဠာဘွဲ့ ၇ ခါ နဲ့ မယ်ကမ္ဘာဘွဲ့ ၆ ခါ ယူထားနိုင်ခဲ့လို့ ဖြစ်ပါတယ်။

Wikpeida
Facts Of Venezuela

သုတဇုန်

Leave a Reply