ရှေးရောမခေတ်က ဂလက်ဒီယေးတားများ 

Posted on

ရှေးခေတ်ရောမနိုင်ငံ ကောင်းစားစဉ်က ယခုခေတ်မျက်စိနှင့်ကြည့်လျှင် လူ့ယဉ်ကျေးမှု နှင့် များစွာ ဖီလာဖြစ်သော ဓားရေး ၊ လှံရေး ယှဉ်ပြိုင်ကစားခြင်းသည် ထွန်းကားခဲ့သည်။ ထိုကစားပွဲများမှာ လူကို အသေသတ်၍ အနိုင်ယူရသော ကစားပွဲများဖြစ်သည်။ ဘုရင်နှင့် တကွ မှူးကြီးမတ်ရာ သေနာပတိများ ၊ သူဌေး သူကြွယ်ကြီးများ နှင့် ရောမသူ အပျိုစင်များသည် ထိုဓားရေးကို အပျင်းဖြေသဘောဖြင့် ကြည့်ရှု့လေ့ရှိသည်။ ယင်းပွဲတော်တွင် ပါဝင်ဆင်နွှဲသူများကို ဂလက်ဒီယေးတား(Gladiator) ဟု ခေါ်သည်။

ဂလက်ဒီယေးတား တို့မှာ အများအားဖြင့် ငွေဝယ်ကျွန်များ ၊ ရာဇ၀တ်ကောင်များ ၊ စစ်သုံ့ပန်းများဖြစ်သည်။ တစ်ခါတစ်ရံ အတိုက်အခိုက် ၀ါသနာထုံသူ အမျိုးကောင်းသားများနှင့် စီးပွားပျက်သူများလည်း ပါဝင်ဆင်နွှဲတတ်ကြလေသည်။ ထိုပွဲများကျင်းပရာနေရာကို အမိုးမဲ့ပွဲကြည့်စင် လူသတ်ဇာတ်ရုံ Amphitheatre ဟုခေါ်ပြီး ရောမပြည်၏ အထင်ကရ လူသတ်ဇာတ်ရုံကြီး Colosseum ကို ယနေ့တိုင်မြင်တွေ့နိုင်သေးသည်။

ယင်းသို့ ဓားရေး ၊ လှံရေး ကစားရသည့်ပွဲများ ကျင်းပသော အလေ့ကို ရောမလူမျိုးများသည် ခရစ်တော်မပေါ်မီ ၂၆၄ ခုနှစ်က စ၍ အီထရပ်စကန် လူမျိုးများထံမှတဆင့် ဆက်ခံရရှိခဲ့ကြသည်။ ထိုပွဲတော်မျိုး အလွန်ခေတ်စားခဲ့စဉ်က ရောမနိုင်ငံ အာဏာရှင်ဖြစ်သူ ဆီဖာဘုရင်သည် ထို ဓားရေး ၊ လှံရေးကစားသော လူသတ်သမားအတွဲပေါင်း ၃၀၀ ကျော်ပါဝင် တိုက်ခိုက်သည့် ပွဲတော်ကြီးတစ်ခုကို ကျင်းပဖူးလေသည်။

ရောမဧကရာဇ် ဘုရင်တိုင်းတပ် လက်ထပ်တွင်လည်း လူပေါင်းထောင်ချီ  နှင့် တိရစ္ဆာန်ရိုင်း အမျိုးစုံပါဝင်၍ ရက်ပေါင်း ၁၀၀ တိတိကြာရှည်သော လူသတ်ကစား ပွဲသဘင်ကြီးကို ကျင်းပခဲ့ဖူးသည်။ နောက်ခေတ်များတွင်လည်း ယင်းပွဲတော်များမှာ ပိုမိုခေတ်စားလာခဲ့ပြီး ဗြိတိန်မှ အာရှမိုင်းနားဒေသများအထိ ထိုပွဲတော် ဓလေ့မှာ ပျံ့နှံ့ခဲ့သည်။ ရှေးခေတ်ရောမနိုင်ငံတွင်ကား လူသတ်ကစားပွဲများတွင် ပါဝင်ဆင်နွဲနိုင်ရန် ဓားရေး ၊ လှံရေး ၊ တိုက်ခိုက်ရေး အတတ်ပညာသင်တန်းကျောင်းများ ကိုပင် ဖွင့်လှစ်ထားခဲ့ကြသည်။

ထိုဓားရေး လှံရေး တိုက်ပွဲများမှာ လွန်စွာကြောက်မက်ဖွယ် ကောင်းလှပေသည်။ တိုက်ပွဲဝင်ကွင်း အလယ်တွင် တိုက်ပွဲဝင်သူ ၂ယောက်သည် သူသေ ကိုယ်သေ တိုက်ခိုက်နေစဉ် ဘုရင်နှင့် တကွ လူထုပရိသတ်က စင်မြင့်ပေါ်မှ စိတ်ဝင်စားစွာ ကြည့်ရှု့ကြသည်။ အကယ်၍ လူသတ်သမား တစ်ယောက်သည် အရေးနိမ့်ကာ မြေပေါ်သို့ လဲကျသွားပါက အနိုင်ရသူသည် ပွဲကြည့်ပရိသတ်အား ထိုသူ၏ ကံကြမ္မာကို ဆုံးဖြတ်ခိုင်းသည့် သဘောဖြင့် အပေါ်သို့မော့၍ ကြည့်သည်။

အကယ်၍ ပရိသတ်က လက်ကိုမြှောက်၍ လက်မကို အောက်သို့စိုက်လိုက်လျှင် သေစေဟု အဓိပ္ပါယ်ရ၍ အရေးနိမ့်သူမှာ မရှု့မလှ အသတ်ခံရလေသည်။ ယင်းသို့ ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲကြသူများသည် ကျား ၊ ခြင်္သေ့စသော သားရိုင်းတိရစ္ဆာန်များနှင့် တိုက်ခိုက်ရသည့်အခါလည်း ရှိသည်။ အချို့မှာ ခက်ရင်းခွ နှင့် ပိုက်ကွန်ကိုကိုင်လျှက် ရန်သူအား ပိုက်ကွန်ဖြင့် မိအောင်ဖမ်း၍ ကစားတတ်သည်။ အချို့မှာလည်း သံခမောက်ဆောင်း၍ သံချပ်ဝတ်စုံများဝတ်ကာ တိုက်ခိုက်ကြသည်။ မြင်းစီး၍၎င်း စစ်ရထားလုံးများစီး၍၎င်း တိုက်ခိုက်ကြသည့်အခါများလည်း ရှိသည်။

အလွန်ပြင်းထန်ရက်စက်တဲ့ ရှေးရောမအင်ပါယာရဲ့ လူနေမှုစနစ်ရဲ့ ဒီမှတ်တမ်းဆိုးဖြစ်တဲ့ ဒီစနစ် ကိုမခံမရပ်နိုင်ကြတဲ့ ကျွန်တိုက်ခိုက်ရေးသမားတွေဟာ စပါတာကတ်ရဲ့ဦးဆောင်မှုနဲ့ ရောမအင်ပါယာကို ပြန်လည်ပုန်ကန်ခဲ့ကြဖူးသည်။ ကျွန်တွေ ရဲ့ပုန်ကန်မှုဟာ ရောမတစ်နိုင်ငံလုံးကို အထိတ်တလန့်ဖြစ်စေခဲ့တဲ့ အထိ ကြီးမားခဲ့သည်။

(၇၃-၇၁)ဘီစီအတွင်းဖြစ်ပွားခဲ့သည့် Third Servile War တိုက် ပွဲတွေမှာ Gauls Crixus, Gannicus, Castus, Oenomaus စတဲ့ ကျွန်သူရဲကောင်းတွေဟာ စပါတာကတ်နှင့် အတူလက်တွဲပြီး ရောမစစ်တပ်ကို ပုန်ကန်တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် အင်အားကြီးမားလှသည့် ရောမအင်ပါယာ၏ အင်အားကို မလှန်နိုင်ပဲ ကျွန်တပ်မတော်ဟာ အရေးနိမ့်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ စပါတာကတ်ကိုယ်တိုင် ကျဆုံးခဲ့ရသည်။

ထိုကြမ်းကြုတ်သော တိုက်ပွဲများသည် အေဒီ ၄၀၄ခုနှစ်မှသာ ပပျောက်သွားခဲ့သည်။ ထိုနှစ်အတွင်း တစ်ခုသော လူသတ်ကစားပွဲတွင် တယ်လင်းမကပ်(Saint Telemachus) အမည်ရှိသော ဘုန်းတော်ကြီးတစ်ပါးသည် ထိုကစားပွဲကို ကြည့်ရှု့ရာတွင် အရေးနိမ့်သော လူသတ်သမားအား သတ်အံ့ဆဲဆဲ၌ ကွင်းအတွင်းသို့ ရုတ်တရက် ခုန်ချပြေးဝင်လျှက် ထိုသူ၏ အသက်အားချမ်းသာပေးရန် အနိုင်ရသူအား အသနားခံတောင်းပန်လေသည်။ ထိုစဉ် လူသတ်ခြင်းကို ကြည့်ရှု့လိုသော ပွဲကြည့်ပရိသတ်များက မိမိတို့အာရုံကို ဖျက်စီးသော ဘုန်းတော်ကြီးအား ဒေါသထွက်၍ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြလေရာ ဘုန်းတော်ကြီးမှာ ထိုနေရာ၌ပင် လွန်လေသည်။

သို့ရာတွင် ဘုန်းတော်ကြီး၏ ကြိုးစားမှုမှာ အချည်းနှီးမဖြစ်ခဲ့ပေ။ ထို လူသတ်ကစားပွဲကို ကြည့်ရှု့နေသော ရောမဧကရာဇ်ဘုရင် ဟိုနိုးရိယပ်သည် ထိုအဖြစ်ကို သံဝေဂရ၍ ထိုကဲ့သို့သော လူသတ်ကစားပွဲများကို ထိုနေ့မှစ၍ ပိတ်ပင်တားမြစ်လိုက်ရာမှ လူသတ်ကစားပွဲများ ပပျောက်သွားခဲ့ရလေတော့သည်။

စပါတာကတ်ဇာတ်ကားထဲမှ ဂလက်ဒီယေးတား တိုက်ခိုက်ပွဲတစ်ခု ဗီဒီယို

Leave a Reply