ကမ္ဘာ့ရုပ်ရှင် နှင့် မြန်မာ့ရုပ်ရှင် ဖြစ်ပေါ်လာပုံ သမိုင်း

Posted on

ရေးသားသူ – သန်းမင်းထွဋ်

စာအုပ်တအုပ်၏ ထောင့်စွန်းတိုင်းတွင် ဘောလုံးကန်နေသော ကလေးတယောက်၏ ရုပ်ပုံကို ရေးဆွဲကြည့်ပါ။ ရုပ်ပုံများသည် တဖြည်းဖြည်း မသိမသာ ပြောင်းလဲလာသော ပုံများ ဖြစ်ရပါမည်။ ဥပမာ-ဘောလုံးကို ရွယ်နေပုံ၊ ဘောလုံးနှင့် ခြေထောက် ထိလုနီး ဖြစ်လာပုံ၊ ဘောလုံးနှင့် ခြေထောက် ထိပုံ၊ ဘောလုံးသည် ခြေထောက်နှင့် ဝေးသွားပုံ စသည်ဖြင့် ဖြစ်ရပါမည်။

ပြီးလျှင် ထိုအရုပ်များ ဆွဲထားသော စာအုပ်ထောင့်စွန်းကို ကိုင်၍ လျင်မြန်စွာ စာရွက်လှန်ကြည့်ပါ။ ထိုအခါ အရုပ်လေးများသည် အမှန်တကယ် ဘောလုံးကန်နေသည့်အလား လှုပ်ရှားနေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ဤကစားနည်းသည် ရုပ်ရှင်ပြစက်များ၏ အခြေခံ အယူအဆပင် ဖြစ်ပါသည်။

စင်စစ် ရုပ်ပုံတခုသည် မျက်စိရှေ့မှ ပျောက်ကွယ်သွာသော်လည်း တစက္ကန့်၏ ဆယ်ပုံတပုံကြာသည်အထိ အမြင်အာရုံတွင် စွဲထင်နေတတ်ပါသည်။ ထိုအချိန်အတွင်း အခြားအလားတူ ရုပ်ပုံလေးများ ပေါ်ပေါက်လာသော အခါ မျက်စိသည် အရုပ်လေးများကို တဆက်တည်း လှုပ်ရှားနေသည်။ တနည်းအားဖြင့် အရုပ်လေးများ အသက်ရှင်နေသည်ဟု ထင်မြင်လာစေပါသည်။

ရုပ်ရှင် စတင်ပေါ်ပေါက်လာပုံမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ၁၈၇၂-ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ဘုရင်ခံ လီလန်း စတန်းဖို့ (Leland Stanford) နှင့် ရောင်းရင်းများသည် အငြင်းအခုံတခု ဖြစ်ပွားခဲ့ကြပါသည်။ ၎င်းအငြင်းအခုံမှာ မြင်းပြေးသည့်အခါ ခြေလေးချောင်းလုံး မြေကြီးနှင့်လွတ်သော အခိုက်အတန့် ရှိနိုင်-မရှိနိုင် ဟူ၍ ဖြစ်ပါသည်။ ငွေကြေးချမ်းသာသော စတန်းဖို့သည် ဤကိစ္စအတွက် ဒေါ်လာလေးသောင်း အကုန်ခံ၍ မြင်းပြေးနေသောပုံကို ရိုက်ကူးစေပါသည်။

ထိုအခါ ကင်မရာတလုံးနှင့် ရိုက်ရန် မဖြစ်နိုင်သောကြောင့် ကင်မရာ ၁၂-လုံးကို တလုံးနှင့်တလုံး တပေကွာ နေရာချထားပြီး တချိန်တည်း ရိုက်ကူးစေပါသည်။ ဤလုပ်ငန်းကို မိုင်းဗရစ် (Muybridge) ဆိုသူက ကူညီခဲ့ပါသည်။ ရိုက်ကူးပြီးစီးသွားသော ဓာတ်ပုံ ၁၂-ပုံကို ကြည့်လိုက်သောအခါ တချိန်တွင် မြင်း၏ခြေလေးချောင်းသည် မြေကြီးနှင့် လွတ်နေကြောင်းကို တွေ့ရှိရပါသည်။ ဤအလောင်းအစားတွင် ဘုရင်ခံ စတန်းဖို့ အနိုင်ရရှိခဲ့ပါသည်။

အလောင်းအစား ပြီးသွားသည့်နောက်တွင် မိုင်းဗရစ်သည် ဓာတ်ပုံ ၁၂-ပုံကို အစဉ်အတိုင်း စီထားလိုက်ပါသည်။ ထို့နောက် ဓာတ်ပုံတပုံစာအရွယ်ရှိ အပေါက်တပေါက်မှ ပုံ ၁၂-ပုံကို အမြန်ဆွဲကြည့်သောအခါ မြင်းပြေးနေပုံကို ပြည်လည်တွေ့ရှိလာပါသည်။ သူသည် ဤနည်းကို အခြေခံ၍ Zoopraxiscope ခေါ် တိရစ္ဆာန်များ လှုပ်ရှားပုံကို ကြည့်သည့်ရုပ်ရှင်ပြစက်တခုကို တီထွင်ခဲ့ပါသည်။

ယနေ့ခေတ် ရုပ်ရှင်ပြစက်နှင့် ရိုက်စက်တို့ကို တီထွင်ပေးခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး သောမတ်စ်အက်ဒီဆင် (Thomas Edison) ပင် ဖြစ်ပါသည်။ တနေ့တွင် အက်ဒီဆင်သည် ရထားစီးလာရင်း လမ်းဘေးမှ သစ်ပင်များကို ငေးမောကြည့်နေမိပါသည်။ ထိုအခါ လမ်းဘေးတွင် ရပ်နေသော သစ်ပင်များသည် အက်ဒီဆင်၏စိတ်ထဲတွင် လှုပ်ရှားနေသည်ဟု ထင်မြင်လာပါသည်။

ဤတွင် အက်ဒီဆင်သည် ဓာတ်ပုံငယ်လေးများကို ရစ်လုံးနှင့်ရစ်ပြီး လက်နှင့်လှည့်လျှင် ရနိုင်သည်ကို တွေးမိပါသည်။ ဤကမှတဆင့် အက်ဒီဆင်သည် ကန်နီတိုဂရမ်(Kinematograph) ခေါ် ဓာတ်ပုံရိုက်စက်နှင့် ကီနီမာ စကုပ် (kinematoscope) ခေါ် ရုပ်ရှင်ပြစက်တို့ကို တီထွင်နိုင်ခဲ့ပါသည်။ ၁၈၈၉-ခု၊အောက်တိုဘာလ ၆-ရက်နေ့တွင် အက်ဒီဆင်သည် သူ၏ဓာတ်ခွဲခန်း၌ ပရိသတ်များအား ဖိတ်ခေါ်၍ ရုပ်ရှင်ပြသနိုင်ခဲ့ပါသည်။

၁၈၉၆-ခုတွင် ပြင်သစ်နိုင်ငံမှ လူမျဲ ညီအကိုသည် ရုပ်ရှင်ပြစက်တခုကို ထပ်မံတီထွင်ပြန်ပါသည်။ သူတို့၏ စက်သည် ပုံရိပ်အရွယ်ကို အဆပေါင်း သုံးသောင်းငါးထောင်ခန့် ကြီးအောင်ချဲ့နိုင်ပါသည်။ ဖလင်အရှည် တပေကို ပုံပေါင်း ၁၆-ပုံ ရိုက်ယူနိုင်ပါသည်။ ယနေ့ခေတ် ရုပ်ရှင်ပြစက်များ၏ အခြေခံမှာမူ ၁၈၉၄-ခုနှစ် အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှ ငွေတိုက်စာရေး စီဖရန်းစစ် ဂျင်းကင်း၏ ရုပ်ရှင်ပြစက်ပင်ဖြစ်ပါသည်။

ရုပ်ရှင်လုပ်ငန်းကို စီးပွားဖြစ် ရုံဝင်ခယူကာ ပြသသောနေ့မှာ ၁၈၉၅-၊ မေလ ၂၀-ရက်နေ့ ဖြစ်ပါသည်။ ပြသသောမြို့မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ရုပ်ရှင်လုပ်ငန်း စတင်သောနေ့ကို ထိုနေ့အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ထိုစဉ်က ရုပ်ရှင်ဇာတ်ကားများ ပြသခဲ့ခြင်း မဟုတ်ပါ။ လူတို့ လှုပ်ရှားနေပုံ၊ စကားပြောနေပုံ၊ တိရစ္ဆာန်တို့ ပြုမူပုံများကိုသာ ရိုက်ကူးတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ ၁၈၉၇-တွင် ရိုက်ကူးသော ကောဗက်နှင့် ဖစ်ဇီမွန်တို့၏ လက်ဝှေ့ပွဲသတင်းကားသည် ကမ္ဘာ့ပထမဆုံး သတင်းကားပင် ဖြစ်ပါသည်။

ကမ္ဘာ့ပထမဆုံး ဇာတ်လမ်းရုပ်ရှင်မှာ အမေရိကန်မီးသတ်သမား (Life of an American Fireman) အမည်ရှိ ဇာတ်ကားပင် ဖြစ်ပါသည်။

VIDEO ( Life of an American Fireman)

ရုပ်ရှင်ရိုက်ကူးရာ၌ ပေ(၁၀၀) မှ ပေ(၁၀၀၀)အထိရှည်သော ဖလင်ကော်ပြားများကို အသုံးပြုကြသည်။ သတင်းကား၊ မော်ကွန်းတင်ကားနှင့် ပညာပေးကားများ ရိုက်ကူးရာ၌ များသောအားဖြင့် ကင်မရာအသေးနှင့် ပေ(၁၀၀)ပေ(၂၀၀)ပေ(၄၀၀) အသီးသီးရှည်သော ဖလင်ကို အသုံးပြုရိုက်ကူးတတ်ကြပြီးလျှင် ဇာတ်ထုပ်ကိုမူ ပေ(၄၀၀)နှင့် ပေ(၁၀၀၀)အထိရှည်သော ဖလင်ကို အသုံးပြု၍ ကင်မရာအကြီးနှင့် ရိုက်ကူးကြသည်။ ဖလင်ကော်ပြားသည် အသံထွက်ရုပ်ရှင်အတွက် ပေ(၁၀၀၀) ဖလင်လိပ်သည် အသင့်လျော်ဆုံးဖြစ်သည်။

၁၉၁၀-ပြည့်နှစ်တွင် မြန်မာနိုင်ငံတွင် ရုပ်ရှင်ရုံများ စတင်ပေါ်ပေါက်လာပါသည်။ ပထမဆုံး ရုပ်ရှင်ရုံမှာ ယခု မြို့မကျောင်းလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် တည်ရှိပါသည်။ ရုံအမည်မှာ အက်ဒီဆင်ဘိုင်စကုပ်ရုံ ဖြစ်ပါသည်။ ထိုရုံတွင် အင်္ဂလိပ်ကားများကို ရုံတင်ပြသခဲ့ပါသည်။

မြန်မာ့ရုပ်ရှင်အကြောင်း ပြောမည်ဆိုလျှင် မြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်၏ ကြိုးပမ်းမှုများကို မေ့ပျောက်၍ မဖြစ်နိုင်ပါ။ လန်ဒန်အတ် ဦးအုန်းမောင်ကို ၁၈၉၂-ခု၊ ဇူလိုင်လ ၁၀-ရက်နေ့တွင် အဘ ဦးဘိုးထီ၊ အမိ ဒေါ်မြတို့က မွေးဖွားခဲ့ပါသည်။ ဓာတ်ပုံပညာကို မစ္စတာ ၀က်စတက်ဖ်ထံမှ သင်ယူတတ်မြောက်ခဲ့ပါသည်။ ဒီအေ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါသည်။

၁၉၁၄-ခု နိုဝင်ဘာတွင် ဦးအုန်းမောင်သည် လခစားအလုပ်မှ ထွက်၍ ယောက်ဖဖြစ်သူ ကိုမောင်မောင်နှင့်အတူ ပန်းဆိုးတန်းတွင် လန်ဒန်အတ်ဓာတ်ပုံဆိုင်ကို တည်ထောင်ခဲ့ကြပါသည်။ ဓာတ်ပုံဝါသနာကြီးသူ ဦးအုန်းမောင် သည် ရုပ်ရှင်ရိုက်ရန် ကင်မရာတလုံးကို အမြဲရှာဖွေနေခဲ့ပါသည်။ တနေ့တွင် ဦးအုန်းမောင်သည် ဒီဆူဇာ ဆေးတိုက်မှ သုံးမရ၍ ချောင်ထိုးထားသော ကင်မရာတလုံးကို တွေ့ရှိသွားပါသည်။ ထိုကင်မရာမှာလည်း အိန္ဒိယမှ ဧည့်သည်တဦးက ပျက်နေ၍ ပစ်ထားခဲ့သော ကင်မရာဖြစ်လေသည်။ မှန်ဘီလူးလည်း မပါချေ။ သို့သော် ဦးအုန်းမောင်သည်ထိုကင်မရာကိုပင် ထိုခေတ် ငွေတရာပေး၍ ၀ယ်ခဲ့လေသည်။

ကင်မရာအတွက် မှန်ဘီလူးကို ဘုံဘေ၊ ကာလကတ္တားမြို့များသို့ လှမ်းမှာသော်လည်း မရနိုင်ချေ။ စီနီမာ-ဒီ ပဲရစ် ရုံပိုင်ရှင် မစ္စတာ အချားနှင့် စကားစပ်မိသောအခါမှ သူ့အိမ်တွင် ပစ်ထားသော မှန်ဘီလူးတခုကို ရရှိလေသည်။ ထိုကင်မရာ အစုတ်လေးမှာလည်း ပေတရာခန့်သာ ရိုက်ကူးနိုင်လေသည်။ မည်သို့ပင်ဆိုစေ ဦးအုန်းမောင်သည် ရှိသည့်ကင်မရာအစုတ်လေးဖြင့် ပထမဆုံး မြန်မာရုပ်ရှင်ဖြစ်သော မေတ္တာနှင့်သူရာ-ကို ၁၉၁၆-တွင် စတင် ရိုက်ကူးခဲ့ပါသည်။

ဇာတ်လမ်းကို ဆရာကြီး ပီမိုးနင်းက ရေးသားပေးပြီး အမူအရာများကို ဒါရိုက်တာ ဦးတုတ်ကြီးက သင်ကြားပေးပါသည်။ မင်းသားမှာ ကိုညီပု၊ မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီ-ခေါ် မအေးကြည် ဖြစ်ပါသည်။ ဇာတ်ရံများမှာ ဘောလုံးသမား မောင်မောင်ချစ်၊ ဦးပု-ခေါ် ဦးတုတ်ကြီး၊ ဥိးပါကြီး၊ ဦးငြိမ်း၊ ဦးမောင်မောင်ကလေး၊ မောင်တင်ဖေ-ခေါ် မောင်မောင်စိုး တို့ ဖြစ်ပါသည်။ ထိုအတွင်း အင်္ဂလိပ်အစိုးရက ၁၉၁၉-လန်ဒန်တွင် ကျင်းပမည့် ဗိတိသျှအင်ပါယာပြပွဲကြီးအတွက် မြန်မာ့အိမ်တွင်းမှု လုပ်ငန်းများကို ရုပ်ရှင်ရိုက်ပေးရန် မေတ္တာရပ်ခံလာသဖြင့် ဦးအေုန်းမောင်သည် သူ့ကင်မရာအစုတ်ကလေးဖြင့် သတင်းကားတိုလေးကို ရိုက်ကူးပေးလိုက်ပါသည်။

ထိုအခါ အစိုးရက ကျေးဇူးတုံ့ပြန်သောအားဖြင့် ၀ီလျံဆင်အမည်ရှိ ဖလင်ပေ ၄၀၀-ရိုက်နိုင်သော ကားကူးစက်တခုကို ၀ယ်ယူခွင့် ပြုလိုက်ပါသည်။ ထိုအတွင်း ၁၉၂၀-ဇွန်လ ၂-ရက်နေ့၌ ဖေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့မှ ဦးထွန်းရှိန် ၂၉-နှစ်သည် ကွယ်လွန်သွားခဲ့ပါသည်။ ဦးအုန်းမောင်တို့သည် ခေါင်းဆောင်ကြီး ဦးထွန်းရှိန်၏ ဈာပနကို သတင်းကားအဖြစ် ရိုက်ကူးပြီး ထိုနှစ် စက်တင်ဘာလတွင် အမေရိကန် ရုပ်ရှင်ကားတကားဖြင့်တွဲပြီး ပြသခဲ့ရာ ပရိသတ်တို့၏ တခဲနက်အားပေးမှုကို ရရှိခဲ့ပေသည်။

ဤတွင် ဦးအုန်းမောင်တို့သည် အားတက်ပြီး ရိုက်ကူးဆဲ မေတ္တာနှင့်သူရာ-ကို အပြီးသတ်ရိုက်ကူးခဲ့ရာ ၁၉၂၀-အောက်တိုဘာ ၁၃-ရက်တွင် ယခု အောင်ဆန်းကွင်း ပထမတန်းနေရာတွင်ရှိသော ရွိုင်ရယ်စီနီမာရုံတွင် ရုံတင်ပြသနိုင်ခဲ့ပါသည်။ ထိုနေ့သည် မြန်မာ့ရုပ်ရှင် စတင်သောနေ့ပင် ဖြစ်ပါသည်။ မေတ္တာနှင့်သူရာ-သည် အင်္ဂလိပ်မြန်မာ စာတန်းထိုး အသံတိတ်ကားပင် ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာပြန်ကို ဆရာကြီးပီမိုးနင်းကပင် ပြန်ဆိုပေးခဲ့ပါသည်။ ကားအရှည်မှာ ပေ ၉၀၀၀-ရှိပါသည်။

ထို့နောက် ဦးအုန်းမောင်တို့သည် မြန်မာ့ရုပ်ရှင်၏ ဒုတိယမြောက်ကားဖြစ်သော ကျေးတောသူ မနု-ကို မင်းသား ကိုညီပု၊ မင်းသမီး ခင်ခင်နု တို့နှင့် ရိုက်ကူးပြီး ၁၉၂၁-မတ်လတွင် ရုံတင်ပြသခဲ့ပါသည်။ ထို့ပြင် ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်သည် ပထမဆုံး နှစ်ကိုယ်ခွဲကားဖြစ်သော ခင်ခင့်အမှားတော်ပုံ-ကိုလည်း ရိုက်ကူးပေးခဲ့ပါသည်။ ဦးအုန်းမောင် စတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ယခုအခါ စိန်ရတုခေတ်ကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါသည်။ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်မှာမူ ၁၉၆၄- သြဂုတ်လ ၁၅-ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ပါသည်။

သန်းမင်းထွဋ်

Leave a Reply