နှင်းတွေကြားမှာ တစ်ကိုယ်လုံးအေးခဲမတတ်ဖြစ်နေတဲ့ ကြောင်တစ်ကောင်ကို ကယ်ဆယ်နိုင်ခဲ့ကြသူများ

Posted on

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်က ကာလီစပဲ ဆိုတဲ့မြို့လေးမှာ ဖြစ်ခဲ့တာပါ။ အအေးလွန်ကဲတဲ့ရာသီဥတုဖြစ်ပွားစဉ်မှာ တစ်ကိုယ်လုံး နှင်းတွေဖုံးအုပ်ပြီး ရေခဲမတတ်ဖြစ်နေတဲ့ ကြောင်ကလေးတစ်ကောင်ရဲ့အသက်ကို တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက အမိအရကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်ပါ။

ဒီကြောင်မလေးရဲ့နာမည်က ဖလပ်ဖီ Fluffy ဖြစ်ပြီး ဆေးခန်းကို သူ့သခင်က ယူလာခဲ့ချိန်မှာ အအေးဒဏ်ကြောင့် ကြောင်မလေးဟာ သေဆုံးလု မတတ်ဖြစ်နေပါပြီ။ အိမ်အပြင်ဘက်မှာ မလှုပ်ရှားနိုင်တော့ပဲ အဲဒီအတိုင်းခဲနေတာ နာရီအနည်းငယ်ကြာခဲ့ပြီးမှ သခင်ဖြစ်သူကတွေ့ရှိခဲ့ပြီးနောက် တိရစ္ဆာန်ဆေးကုခန်းကို ယူလာနိုင်ခဲ့တာပါ။

ကြောင်မလေးရဲ့ ကိုယ်အပူချိန်ကို တိုင်းကြည့်တဲ့အခါမှာတော့ အလွန်အမင်းကျဆင်းနေပါပြီ။ ပုံမှန်ဆိုရင်ကြောင်တစ်ကောင်ရဲ့ပျမ်းမျှ ကိုယ်ခန္ဓာအပူချိန်ဟာ ၁၀၁ ဒီဂရီလောက်ရှိရမှာဖြစ်ပေမယ့် ဒီအချိန်မှာ ကြောင်မလေးရဲ့ အပူချိန်ဟာ ၉၀ဒီဂရီအောက်ဖြစ်နေပါပြီ။ အသက်ရှုလည်းရပ်လုမတတ်ဖြစ်နေပြီး နှလုံးက တစ်ချက် တစ်ချက်ပဲ ခုန်ပါတော့တယ်။

ဆရာဝန်တွေဟာ ဆေးခန်းကို ကြောင်မလေးရောက်လာလာချင်းပဲ နည်းလမ်းမျိုးစုံနဲ့ ကယ်တင်ဖို့ကြိုးစားခဲ့ကြပါတယ်။ ပထမဆုံးအနေနဲ့ ရေခဲတွေအရည်ပျော်စေဖို့ ရေနွေးနွေးနဲ့ ကြောင်မလေးရဲ့ ခန္ဓာကိုယ်ပေါ်လောင်းကြပါတယ်။ အဲဒီနောက်တော့ မျက်နှာသုတ်ပါဝါတွေနဲ့ သုတ်ပေးခြင်း ၊ ဒရိုင်ယာတွေရဲ့ အပူပေးခြင်း စတာတွေကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ခဲ့ကြပါတယ်။ ပြီးတဲ့နောက်တော့ ဖလပ်ဖီရဲ့ ကိုယ်တွင်းမှာ ပုံမှန်သွေးလှည့်ပတ်နိုင်စေဖို့ အကြောတွင်းသို့ ဆေးသွင်းခြင်း ပြုလုပ်ပေးခဲ့ပါတယ်။

ဆေးသွင်းပြီးတဲ့နောက် စောင်နဲ့ပတ်ထားပေးပြီး ၂နာရီကြာတာတောင် ခန္ဓာကိုယ်အပူချိန်က ကျဆင်းနေတုန်းပါပဲ။ ဒါကြောင့် အရေးပေါ်အခန်းထဲကိုခေါ်သွားပြီးနောက် အရေးပေါ်ကုသခြင်းတွေကို လုပ်ပေးခဲ့ကြပါတယ်။ နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဖလပ်ဖီ ဟာ ပုံမှန်ကိုယ်ခန္ဓာအပူချိန်ကို ပြန်လည်ရရှိခဲ့ပါတယ်။

လှုပ်တောင်မလှုပ်တော့တဲ့ သူ့အခြေအနေကို တွေ့တွေ့ချင်းတုန်းက သူ့ရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ ကျမတို့ အာမမခံရဲကြပါဘူး။ အခုလို ဖလပ်ဖီရဲ့အသက်ကို ကယ်တင်နိုင်လိုက်တာဟာ ဖလပ်ဖီ ဒီလိုဖြစ်နေတာ တွေ့တွေ့ချင်း ဆေးခန်းကို ယူလာခဲ့တဲ့ သူ့သခင် နဲ့ ဖလပ်ဖီကိုယ်တိုင်ကလည်း ကျန်းမာသန်စွမ်းနေလို့ ဖြစ်ပါတယ် လို့ တာဝန်ကျဆရာဝန် ကဆိုပါတယ်။

အသက် ၃နှစ်ရှိပြီဖြစ်တဲ့ ကြောင်မလေး ဖလပ်ဖီဟာ ဘာကြောင့် အိမ်အပြင်ကို ထွက်သွားခဲ့သလဲဆိုတာကိုတော့ ပိုင်ရှင်က မသိခဲ့ပါဘူး။ တစ်ခုခုကို လိုက်ဖမ်းရင်းနှင်းတောထဲမှာ နစ်သွားတာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။ အဲဒီညမှာပဲ ပြန်လည်ကျန်းမာလာတဲ့ ဖလပ်ဖီကို ဆရာဝန်တွေက သခင်ဖြစ်သူထံ ပြန်အပ်နိုင်ခဲ့ကြပါတယ်။

ဖလပ်ဖီကို အသက်ကယ်တင်နိုင်ပြီဆိုတဲ့ အကြောင်းကို ကာလီစပဲလ်တိရစ္ဆာန်ဆေးခန်းမှ ဆရာဝန်က ဖေ့ဘုတ်မှာ တင်လိုက်ချိန်မှာတော့ သူတို့ရဲ့အောင်မြင်မှုအတွက် လူအများအံသြခဲ့ကြရပါတယ်။ ကြောင်တစ်ကောင်ရဲ့ အသက်ကိုတောင် တန်ဖိုးထားပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြသူတွေရယ် လို့ အများရဲ့ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။

 

Leave a Reply