ဂျပန်နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ရေးသားသူ – ကောင်းစည်သူ(သုတအလင်း)

ဂျပန်ဘာသာ စကားဖြင့် နိပွန် သို့မဟုတ် နိဟွန်းဟု ခေါ်ဆိုကြသည့် ဂျပန်နိုင်ငံ သည် အရှေ့အာရှ ဒေသတွင် တည်ရှိပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အာရှတိုက်ကုန်းမြေ၏ အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ တည်ရှိနေသော ဂျပန်နိုင်ငံသည် မြောက်ဘက်တွင် Okhotsk ပင်လယ်၊ မြောက်ဘက်တွင် အရှေ့တရုတ် ပင်လယ် နှင့် အနောက် တောင်ဘက်တွင် တရုတ်နိုင်ငံတို့ ၀န်းရံနေသည်။တရုတ် ဂျပန် အသံထွက် ကန်ဂျီး Kanji သည်ဂျပန်ဘာသာဖြင့် နေလုံး ဟုဆိုလိုကာ ဂျပန်နိုင်ငံကို နေထွက်နိုင်ငံဟုလည်း ခေါ်ဆိုကြသည်။

ဂျပန်နိုင်ငံသည် ကျွန်းငယ်ပေါင်း ၆၈၅၂ ခုရှိပြီး ငလျင်မကြာခဏလှုပ်လေ့ရှိသည့် နိုင်ငံလည်းဖြစ်သည်။ Honshu ၊ Hokkaido၊ Kyushu နှင့် Shikoku ကျွန်းကြီးလေးကျွန်းသည် ဂျပန်နိုင်ငံ ပင်မကုန်းမြေ၏ ၉၇ ရာခိုင်နှုန်းဖြစ်သည်။ဂျပန်နိုင်ငံကို ပြည်နယ် ၄၇ ခု၊ ဒေသကြီးရှစ်ခုတို့ဖြင့် ဖွဲ့စည်းထားပြီး ဟိုကိုင်ဒိုးကျွန်းသည် မြောက်ဘက်အစွန်ဆုံးပြည်နယ်ဖြစ်ကာ အိုကီနာဝါက တောင်ဘက် အစွန်ဆုံးဖြစ်သည်။

ဂျပန်နိုင်ငံ၏ လူဦးရေသည် ၁၂၇ သန်းနီးပါးရှိသဖြင့် ကမ္ဘာပေါ်တွင် ဒသမမြောက်အများဆုံးဖြစ်သည်။ ယင်းလူဦးရေတွင် ဂျပန် လူမျိုးများက ၉၈ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြပြီး လူပေါင်း ၉ ဒသမ ၁ သန်းသည် ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် နေထိုင်လျက် ရှိကြသည်။

ရှေးဟောင်းသုတေသနလေ့လာမှုများအရဂျပန်နိုင်ငံသည် ကျောက်ခေတ်သစ် အထက်ပိုင်းကာလများကတည်းက လူများ အခြေချ နေထိုင်ခဲ့သည့် နေရာဖြစ်ခဲ့ကာဂျပန်နိုင်ငံ၏ အစောဆုံးစာပေမှတ်တမ်းသည် အေဒီ တစ်ရာစုကရေးသားခဲ့သည့် တရုတ် သမိုင်း ဖြစ်ပေသည်။

ဂျပန်နိုင်ငံကို ၁၂ ရာစု မှ ၁၈၆၈ ခုနှစ်တိုင် ပဒေသရာဇ် ရှိုးဂန်းများကအစဉ်အဆက်အုပ်ချုပ်ခဲ့ကြသည်။ ၁၇ ရာစု အစော ပိုင်းမှ စတင်၍ ကာလရှည်ကြာစွာ တသီးတခြားရပ်တည်ခဲ့သည့် ဂျပန်နိုင်ငံသည် ၁၈၅၃ ခုနှစ်တွင် အမေရိကန် ရေတပ် သင်္ဘောအုပ်စုက အနောက်နိုင်ငံများသို့ တံခါးဖွင့်ရန် ဖိအားပေးခဲ့ချိန်တွင် အဆုံးသတ်ခဲ့သည်။ရာစုနှစ် နှစ်စုနီးပါး ပြည်တွင်း ပဋိပက္ခများနှင့် ပုန်ကန်မှုများဖြစ်ပွားခဲ့ပြီးနောက် ၁၈၆၈ ခုနှစ်တွင် ဂျပန် အင်ပါယာနန်းတော်သည် နိုင်ငံရေးအာဏာပြန် လည်ရရှိခဲ့ ကာ ဂျပန် အင်ပါယာကိုထူထောင်နိုင်ခဲ့သည်။

၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတို့တွင် ပထမတရုတ် ဂျပန် စစ်ပွဲ၊ရုရှ ဂျပန်စစ်ပွဲနှင့် ပထမကမ္ဘာစစ်တို့တွင် ဂျပန် နိုင်ငံအောင်ပွဲဆင်နိုင်ခဲ့မှုများက မိမိ၏ စစ်အင်အားကို တိုးမြင့်ခဲ့ကာ အင်ပါယာကို တိုးချဲ့နိုင်စေခဲ့သည်။၁၉၃၇ ခုနှစ် တွင် ဖြစ်ပွားခဲ့သည့် ဒုတိယတရုတ် ဂျပန်စစ်ပွဲသည် ၁၉၄၁ ခုနှစ်တွင်ဖြစ်ပွားကာ ၁၉၄၅ ခုနှစ်တွင်ပြီးဆုံးခဲ့သည့် ဒုတိယကမ္ဘာစစ်၏ အစိတ် အပိုင်းတစ်ခုအဖြစ်သို့ ကျယ်ပြန့်ခဲ့သည်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့အပေါ် အမေရိကန်က အနုမြူဗုံး ကြဲချခံရပြီး နောက် ဂျပန်တို့ လက်နက်ချကာ ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်ခဲ့သည်။

၁၉၄၇ ခုနှစ် မေလ ၃ ရက်တွင် ဂျပန်နိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဋ္ဌာန်ခဲ့ပြီးနောက် စည်းမျဉ်းခံဘုရင် နှင့် လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးခဲ့သည်။ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် အမျိုးသားလွှတ်တော်(National Diet) ကိုဖွဲ့စည်း သည်။ ဂျပန်နိုင်ငံသည် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများစွာတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ အင်အားကြီးနိုင်ငံ တစ်ခု အဖြစ် အသိအမှတ်ပြုခြင်းခံထားရသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် GDP တတိယအကြီးမားဆုံးဖြစ်ကာ စတုတ္ထမြောက် ၀ယ်လိုအား အမြင့်ဆုံးနိုင်ငံဖြစ်သည်။ထို့အတူဂျပန်နိုင်ငံသည် ကမ္ဘာ့ စတုတ္ထအကြီးဆုံး ပြည်ပပို့ကုန်ရောင်းချသည့် နိုင်ငံ၊ပြည်တွင်းကုန်ပစ္စည်းတင်သွင်းသည့် နိုင်ငံဖြစ်သည်။

အဆင့်မြင့်ကျွမ်းကျင် လုပ်သားအင်အားစုရှိနေခြင်းနှင့် ကမ္ဘာပေါ်တွင် ပညာရေးအဆင့်အမြင့်ဆုံးနိုင်ငံများအနက် တစ်ခု ဖြစ်နေခြင်းက ဂျပန်နိုင်ငံကို အကျိုးအမြတ် ဖြစ်ထွန်းမှုများစွာရရှိစေခဲ့သည်။ ဂျပန်နိုင်ငံသားရာခိုင်နှုန်းအများစုသည် တတိယအဆင့် ဒီဂရီတစ်ခုကိုရရှိထားကြသည်။ ဂျပန်နိုင်ငံသည် စစ်ကြေညာခွင့်ကို တရားဝင်စွန့်လွှတ်ထားရသော်လည်းကမ္ဘာတွင်ကာကွယ် ရေးအသုံးစရိတ်ကျခံသုံးစွဲမှု တွင် အဋ္ဌမနေရာတွင်ရပ်တည်နေသည်။ ယင်းကာကွယ်ရေးစရိတ်များကိုကိုယ်ပိုင်ကာကွယ်ရေးအပြင် ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းများတွင်ပါ ကျခံသုံးစွဲလျက်ရှိသည်။

ဂျပန်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံတစ်ခုဖြစ်ကာ လူနေမှုအဆင့်နှင့် လူ့ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း အလွန် မြင့်မား သည့် နိုင်ငံဖြစ်သည်။ထို့အတူ လူ့သက်တမ်းမြင့်မားသည့် နိုင်ငံလည်းဖြစ်ပြီးကမ္ဘာတွင် ကလေးသေဆုံးမှု အနည်းဆုံး တတိယနေရာ တွင်ရပ်တည်နေသည်။ ဂျပန်သည် သမိုင်း၊ကျယ်ပြန့်ကြီးမားသည့် ရုပ်ရှင်လုပ်ငန်း၊အစားအစာ၊သိပ္ပံနှင့် နည်းပညာ တိုးတက်မှု များ ကြောင့် ထင်ရှားကျော်ကြားခဲ့သည်။

နိပွန် ဂျပန်

ဂျပန်ဘာသာစကားနိဟွန်းသို့မဟုတ် နိပွန်သည် နေမင်း၏ ဇာစ်မြစ်ဟုအဓိပ္ပာယ်ရှိကာ တက်နေ၀န်း နိုင်ငံတော်ဟုဆိုလို သည်။နိဟွန်းဟူသည့် အသုံးအနှုန်းသည် တရုတ်နိုင်ငံ၊ တန်မင်းဆက် သမိုင်းမှတ်တမ်းဖြစ်သည့် Old Book of Tang တွင် အစောဆုံး ပါရှိခဲ့သည်။ ခုနစ်ရာစုအဆုံးပိုင်းတွင် ဂျပန် နိုင်ငံကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က ယင်းတို့နိုင်ငံအမည် ကိုနိဟွန်း(Nihon) ဟုသုံးစွဲရန် ပန်ကြားခဲ့သည်။

ဂျပန် အိမ်ရှေ့မင်းသား ရှိုတိုကုသည် သက္ကရာဇ် ၆၀၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ရာ သ၀ဏ်လွှာတွင် `ကျွန်ုပ်နေထွက်နိုင်ငံတော်မှဘုရင်က နေ၀င်နိုင်ငံဘုရင်ထံ သ၀ဏ်လွှာပေးပို့ပါသည်။ အဆွေတော် ကျန်းခန့်သာ၍ မာပါစ`ဟုရေးသားကာ မိမိကိုမိမိ နေထွက်နိုင်ငံတော်၏ ဧကရာဇ်ဟု သုံးစွဲခဲ့သည်။ နိဟွန်းဟူသည့် စကားလုံးကိုမသုံးစွဲမီက ယာမာတို (Yamato) နှင့် ၀ါကိုကု (Wakoku)ဟူသည့်အမည်များကိုသုံးစွဲခဲ့သည်။

Wa သည် သုံးရာစု ကာလတွင် တရုတ်တို့က ဂျပန်များကို ရည်ညွှန်းခေါ်ဆိုခဲ့သည့် အမည်ဖြစ်သည်။ Wa ဟု အသံထွက်ချင်းတူ သော်လည်း အဓိပ္ပာယ်ကွဲပြားသည့် Wa သည် တရုတ်ဘာသာဖြင့် လူပု ဟု ဆိုလိုသဖြင့် ဂျပန်တို့က မနှစ်သက်ခဲ့ဘဲ အတူတကွ၊ စည်းလုံးညီညွတ်ခြင်းဟု ပြန်ဆိုနိုင်သည့် ဂျပန်စာလုံး Wa ကို သုံးစွဲခဲ့သည်။

အင်္ဂလိပ်တို့သုံးစွဲသည့် ဂျပန်ဟူသည့်အမည်သည် တရုတ်အသံထွက်မှ ဆင်းသက်လာသည့် စကာလုံးဖြစ်ကာ အစောပိုင်း ၀ူ မျိုးနွယ် တရုတ်များဖြစ်နိုင်ဖွယ်ရှိသည့် မန်ဒါရင်များ၏ အသံထွက်ကို မာကိုပိုလိုက Cipangu ဟု မှတ်တမ်းတင်ခဲ့သည်။ ခေတ်သစ် အက္ခရာစာလုံးများ အသံထွက်အရ ဇာပန်း (Zeppen) ဖြစ်ပေသည်။ဂျပန် ကို ရှေးခေတ် မလေးများက Japun ၊Japangဟု ခေါ်ဆို ခဲ့ ခြင်းသည်လည်း တောင်ပိုင်းတရုတ်တို့၏ အသံကို ယူထားခြင်းဖြစ်သည်။မလေးတို့ သုံးစွဲခဲ့သည့် ယင်းဝေါဟာရ ကို အရှေ့ တောင် အာရှနှင့် ကုန်သွယ်ခဲ့သည့် ပေါ်တူဂီများက ၁၆ ရာစုတွင် ကြားသိခဲ့သည်။

ပေါ်တူဂီ ဘရင်ဂျီ ဘာသာရေးဂိုဏ်းဝင် Luís Fróis ၁၅၆၅ ခုနှစ်တွင် ရေးသားခဲ့သည့် စာတစ်စောင်ကို အင်္ဂလိပ်ဘာသို့ ပြန်ဆို၍ ၁၅၇၇ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ ဂျပန်တို့ကို Giapan ဟု ရေးသားခဲ့ခြင်းသည် ဂျပန်အမည်ကို အင်္ဂလိပ်အမည်ဖြင့် ပထမ ဆုံး ဖော်ပြခဲ့သည့် မှတ်တမ်းဖြစ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အပြီးတွင် မီဂျီတို့ အာဏာပြန်လည်ရရှိချိန်မှစ၍ ဂျပနိုင်ငံ၏ အမည်အပြည့်အစုံကို Dai Nippon Teikoku ဟု သုံးစွဲခဲ့သည်။အဓိပ္ပာယ်မှာ မဟာ ဧကရာဇ် ဂျပန် ဖြစ်သည်။ မျက်မှောက်ကာလတွင် နိဟွန်း ကိုကု ၊ နိပွန်ကိုကု (Nihon-koku /Nippon-koku) ဂျပန်နိုင်ငံဟု တရားဝင်သုံးစွဲသည်။

ရှေးဟောင်းဂျပန်

ခရစ်တော်မပေါ်မီ ၆၆၀ ခုနှစ်က ဂျပန် ပထမဆုံး ဧကရာဇ်ဂျမ်မူး ခေတ်မှစ၍ အဆက်ဆက် ဆင်းသက်ခဲ့သည့် လက်ရှိ ဂျပန် နိုင်ငံ၏ အမျိုးသား နိုင်ငံတော်ထူထောင်ရေးနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်ဟု သတ်မှတ်ခဲ့သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း သုံးသောင်းကာလ၊ ကျောက်ခေတ်ဟောင်းတွင် ဂျပန်ကျွန်းစုပေါ်တွင် လူသားများပထမဆုံး အခြေချနေထိုင်ခဲ့ကြသည်။ ဂျပန်တို့အကြောင်းကို တရုတ်နိုင်ငံ ဟန်မင်းဆက် မှတ်တမ်းတွင် ပထမဆုံးတွေ့ရှိကြရသည်။မင်းဆက် သုံးဆက် မှတ်တမ်းအရ ဂျပန်ကျွန်းပေါ်တွင် အင်အားအကြီးမားဆုံး မင်းဆက်သည် သုံးရာစုတွင်ပေါ်ထွန်းခဲ့သည့် Yamataikoku ဖြစ်သည်။

ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုကို ဂျပန်တို့ထံ ကိုရီးယားမှ Baekje က စတင် မိတ်ဆက်ပေးခဲ့ကာ မင်းသား ရှိုတိုကု က ဗုဒ္ဓဘာသာပြန့်ပွားရေးကို ဆောင်ရွက်ခဲ့သည်။သို့သော် ဂျပန် ဗုဒ္ဓဘာသာ ဆက်လက် ဖွံ့ဖြိုးလာမှုသည် အဓိက အားဖြင့် တရုတ် တို့၏ သြဇာသက်ရောက်မှုကြောင့်ဖြစ်သည်။အစောပိုင်းကာလများတွင် ဗုဒ္ဓဘာသာကို လက်မခံမှုများရှိခဲ့သော်လည်း အုပ်ချုပ်သူ လူတန်းစားများ၏ တိုက်တွန်း အားပေးမှုများကြောင့် အာစုက ခေတ်(ခရစ်နှစ် ၅၉၂-၇၁၀)တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံ လာခဲ့ကြသည်။

နာရာခေတ်(ခရစ်နှစ် ၇၁၀-၇၈၄) တွင်ဘုရင်ကို ဗဟိုပြုသည့် စနစ်တစ်ရပ် စတင်ခဲ့ကာ ဂျပန်စာပေ ဖွံ့ဖြိုး မှု အစပြုခဲ့ပြီး ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် အနုပညာနှင့် ဗိသုကာ ပညာရပ်များ တိုးတက်လာခဲ့သည်။ခရစ်နှစ် ၇၃၅ ခုနှစ်မှ ၇၃၇ ခုနှစ် အတွင်း ကျောက်ရောဂါ ကူးစက်ပြန့်ပွားခဲ့သဖြင့် ဂျပန်နိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံ သေဆုံးခဲ့ကြောင်း ယုံကြည်ခဲ့ကြသည်။

ဂျပန်ဧကရာဇ် ကန်မူးသည် ဂျပန်နိုင်ငံ မြို့တော်ကို နာရာမှ နာဂိုကာကျို (လက်ရှိ ကျိုတို)သို့ ၇၉၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ သည်။ယင်းအချိန်သည် ဟိုင်ရန် ခေတ် (၇၉၄-၁၁၈၅) အစပြုခဲ့ချိန်ဖြစ်ကာ ကွဲပြားခြားနားသော တိုင်းရင်းသားဂျပန် ယဉ်ကျေးမှု များ အဖြစ် စာပေ ကဗျာများပေါ်ပေါက်လာခဲ့သည်။ဂျပန် အမျိုးသီချင်းကဗျာ Kimigayo ကို ယင်းခေတ်တွင် ရေးသားခဲ့သည်။ဗုဒ္ဓဘာသာ သည် ယင်းကာလအတွင်း စတင်ပြန့်ပွားခဲ့၍ အဓိက ဂိုဏ်းကွဲများပေါ်ထွန်းခဲ့သည်။

မြေရှင်ပဒေသရာဇ်ခေတ်

ဂျပန်နိုင်ငံသမိုင်းတွင် မြေရှင်ပဒေသရာဇ်ခေတ်သည် စစ်သည်များက အုပ်ချုပ်ရေး လူတန်းစားအဖြစ် စတင်ခဲ့သည့် ဆာမူရိုင်း ခေတ်ဟု ထင်ရှားခဲ့သည်။၁၁၈၅ ခုနှစ်တွင် Genpei စစ်ပွဲ၌ တိုင်ရာ(Taira ) မျိုးနွယ်စုများရှုံးနိမ့်ပြီးနောက် ဆာမူရိုင်း မီနာမို တိုနိုယိုရိတိုမိုအား ရှိုဂန် အဖြစ် ဧကရာဇ်က ခန့်အပ်ခဲ့ပြီးနောက် ယိုရိတိုမိုသည် ကာမာကုရတွင် အာဏာထူထောင်ခဲ့သည်။ ယိုရိတို မို ကွယ်လွန်ပြီးနောက် ဟိုဂျို မျိုးနွယ်စုများက အာဏာရရှိခဲ့သည်။ကာမာကုရခေတ်(၁၁၈၅-၁၃၃၃)တွင် ဇင် ဗုဒ္ဓဘာသာ ကျောင်း တော်ကို တရုတ်နိုင်ငံက စတင်ခဲ့ကာ ဆာမူရိုင်းများအကြား လူကြိုက်များခဲ့သည်။၁၂၇၄ ခုနှစ်နှင့် ၁၂၈၁ ခုနှစ်တွင် ကမာကုရ ရှိုဂန် များက မွန်ဂိုများ ကျူးကျော်မှုကို နှင်ထုတ်နိုင်ခဲ့သည်။

ဂျပန်နိုင်ငံပြည်တွင်းစစ်သည် ၁၄၆၇ ခုနှစ်တွင်စတင်ဖြစ်ပွားခဲ့ကာ ရာစုနှစ်သက်တမ်းရှည်ခဲ့သည့် စန်ဂိုကု ခေတ် ပေါ်ထွန်း ခဲ့ သည်။၁၆ ရာစုတွင်ပေါ်တူဂီမှ ကုန်သည်နှင့် သာသနာပြုသူများ ဂျပန်မြေသို့ ပထမဆုံးရောက်ရှိခဲ့ကြကာ ဂျပန်နှင့်ဥရောပတိုက် အကြား ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုများ ဖလှယ်ခဲ့သည်။ ၁၅၀၂ ခုနှစ်နှင့် ၁၅၉၇ ခုနှစ်များတွင် ဂျပန်တို့သည် ကိုရီးယားကို ကျူး ကျော် ၍ အောင်နိုင်ခဲ့ကြသည်။

ခေတ်သစ် ဂျပန်

၁၈၅၄ ခုနှစ် မတ်လ ၃၁ ရက်တွင် အမေရိကန် ရေတပ်မတော်မှ ဗိုလ်မှူးချုပ် မက်သူးပါရေးသည် ကာနာဂါဝါသဘောတူ စာချုပ်ဖြင့် ဂျပန်နိုင်ငံကို ပြည်ပကမ္ဘာသို့လမ်းဖွင့်ပေးခဲ့သည်။ အလားတူ ဥရောပနိုင်ငံများနှင့် ချုပ်ဆိုခဲ့သည့်စာချုပ်များသည် စီးပွား ရေးနှင့် နိုင်ငံရေး ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့သော်လည်း မီဂျီ ဘုရင်များလက်ထက်တွင် စည်းလုံးသော ဗဟိုနိုင်ငံတော်ကို ထူထောင် နိုင် ခဲ့သည်။

မီဂျီတို့သည် ဂျပန်နိုင်ငံကို အနောက်နိုင်ငံများကဲ့သို့ ခေတ်မီစေရေးလုပ်ငန်းစဉ်များအဖြစ် နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေး မူဝါဒများကို ချမှတ်ခဲ့သည်။ခေတ်မီ စက်မှု နိုင်ငံဖြစ်လာရာတွင် အနောက်တိုင်းယဉ်ကျေးမှု သြဇာသက်ရောက်မှုများက ဂျပန်ရိုးရာ ယဉ်ကျေးမှုများနှင့် အတူ ဖြစ်ပေါ်လာခဲ့သည်။အစိုးရအဖွဲ့က မီဂျီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ရပ်ကို ရေးဆွဲခဲ့ကာ လွှတ် တော်ကို ထူထောင်ခဲ့သည်။မီဂျီတို့သည် ဂျပန် ဧကရာဇ်နိုင်ငံကို စက်မှု လုပ်ငန်း ဖွံ့ဖြိုး၍ မိမိ၏ သြဇာကြီးမားရေးအတွက် နယ် မြေချဲ့ထွင်မှုများပြုလုပ်ခုသြဖြင့် စစ်ရေး ပြဿနာများဖြစ်ပေါ်လာခဲ့သည်။

ပထမ တရုတ် ဂျပန်စစ်ပွဲနှင့် ရုရှ ဂျပန်စစ်ပွဲများကို အောင်မြင်ခဲ့ပြီးနောက် ဂျပန်သည်တိုင်ဝမ်၊ ကိုရီးယားတို့ကို ထိန်းချုပ်နိုင် ခဲ့ကာ နိုင်ငံလူဦးရေသည်လည်း ၁၈၇၃ ခုနှစ်တွင် ၃၅ သန်းရှိခဲ့ရာမှ ၁၉၃၅ ခုနှစ်တွင် သန်း ၇၀ ရှိလာခဲ့သည်။ပထမကမ္ဘာစစ်ကြီး အတွင်းက ဂျပန်နိုင်ငံသည် မဟာမိတ်နိုင်ငံများဘက်မှ ရပ်တည်ခဲ့ကာ အာရှတိုက်တွင် နယ်မြေနှင့် လွှမ်းမိုးမှုများကို တိုးချဲ့ခဲ့သည်။ သည်။၁၉၃၁ ခုနှစ်တွင် ဂျပန်သည် မန်ချူးရီးယားကို သိမ်းပိုက်ခဲ့သဖြင့် နိုင်ငံတကာက ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဂျပန်နိုင်ငံသည် ၁၉၃၃ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများအဖွဲ့ချုပ်မှ နှုတ်ထွက်ခဲ့ကာ ၁၉၃၆ ခုနှစ်တွင် ကူမင်တန် ဆန့်ကျင်ရေး စာချုပ်ကို ဂျာမနီနိုင်ငံ နှင့် ချုပ်ဆိုခဲ့သည်။၁၉၄၀ ပြည့်နှစ်တွင် သုံးနိုင်ငံ စာချုပ်တစ်ရပ်ကို ချုပ်ဆို၍ ၀င်ရိုးတန်း သုံးနိုင်ငံတွင် တစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဆိုဗီယက်ဂျပန် နယ်စပ်စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဂျပန်နိုင်ငံသည် ဆိုဗီယက် ဂျပန် ကြားနေရေးစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းခဲ့ရာ ဆိုဗီယက်တို့က မန်ချူးရီးယားကို ကျူးကျော်ခဲ့ကြသည့် ၁၉၄၅ ခုနှစ်အထိ ကြာမြင့် ခဲ့သည်။ ၁၉၃၇ ခုနှစ် တွင် ဂျပန်သည် တရုတ်နိုင်ငံ နေရာအချို့ကို ကျူးကျော်ခဲ့ရာမှ ဒုတိယ တရုတ် ဂျပန်စစ်ပွဲ(ခရစ်နှစ် ၁၉၃၇-၁၉၄၅) ဖြစ်ပွား ခဲ့သည်။

ဂျပန်တို့သည် နန်ကင်းမြို့ကို သိမ်းပိုက်၍ လူအများအပြားကို သတ်ဖြတ်ခဲ့ကြသည်။၁၉၄၀ ပြည့်နှစ်တွင် ပြင်သစ် အင်ဒိုချိုင်းနားကို ကျူးကျော်ခဲ့ပြန်သဖြင့် အမေရိကန်က ဂျပန်ကို စီးပွားရေး ပိတ်ဆို့ခဲ့သည်။၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်တွင် ဂျပန် သည် အမေရိကန် ပုလဲ ဆိပ်ကမ်းကို ရှောင်တခင် ဗုံးကြဲခဲ့ရာမှ ဒုတိယကမ္ဘာ စစ်ကြီး ဖြစ်ပွားခဲ့ကာ သုံးနှစ်အကြာ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် ဂျပန်တို့ လက်နက်ချပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ဂျပန်နိုင်ငံသည် ၁၉၄၇ ခုနှစ်တွင် လစ်ဘရယ်ဒီမိုကရေးစီစနစ်ကို အထူးပြုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့သည်။

ပထ၀ီဝင်

ကျွန်းပေါင်း ၆၈၅၂ ခုရှိသည့် ဂျပန်နိုင်ငံသည် အရှေ့အာရှ ၊ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတွင် တည်ရှိသည်။ဂျပန်နိုင်ငံ၏ ၇၃ ရာခိုင်နှုန်းသည် တောင်တန်းနှင့် သစ်တောများဖုံးလွှမ်းနေသဖြင့် ကမ်းရိုးတန်းနေရာများတွင်သာ လူများနေထိုင်ကြကာ လူဦးရေ သိပ်သည်းဆများပြားသော မြို့တော်များဖြစ်လာခဲ့သည်။ဂျပန်နိုင်ငံသည် မီးတောင်ပေါက်ကွဲဇုန် တစ်ခုတွင် တည်ရှိနေသဖြင့် မီးတောင်ရှင် ၁၀၈ ခုရှိသည်။ ၂၀ ရာစုအတွင်းမီးတောင်ပေါက်ကွဲမှုများဖြစ်ပွားခဲ့သကဲ့သို့ ဆူနာမီရေလှိုင်းများကို ဖြစ်ပေါ်စေသည့် ငလျင်လှုပ်ခတ်မှုများသည် ဂျပန်နိုင်ငံ၌ ရာစုနှစ်တိုင်းတွင်ဖြစ်ပွားခဲ့သည်။

၁၉၂၃ ခုနှစ် တိုကျို ငလျင်ကြောင့် လူပေါင်း ၁၄၀ ၀၀၀ အသက်ဆုံးရှုံးခဲ့သည်။၁၉၉၅ ခုနှစ်က လှုပ်ခဲ့သည့် ဟန်ရှင်းငလျင် နှင့် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်တွင်လှုပ်ခဲ့သည့် ပြင်းအား ၉ ဒသမ ၁ မဂ္ဂနီကျု ရှိသော တိုဟိုးကု ငလျင်သည် ဆူနာမီရေလှိုင်း များကို ဖြစ်ပေါ်စေခဲ့သည်။ထို့ကြောင့် ဂျပန်နိုင်ငံသည် ၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ သဘာဝဘေးအန္တရာယ် အမြင့်မား ဆုံးနိုင်ငံများ အညွှန်းကိန်းတွင် အမှတ်စဉ် ၁၅ နေရာ၌ ရှိခဲ့သည်။

သဘာဝ ပတ်ဝန်းကျင်

ဂျပန်နိုင်ငံတွင် သဘာဝ သစ်တောဇုန် ကိုးခုတည်ရှိကာ ဇီဝမျိုးစုံ မျိုးကွဲ သက်ရှိမျိုးစိတ် ၉၀ ၀၀၀ ကျော် ရှင်သန် ကျက်စား လျက်ရှိသည်။ယင်းတို့အနက် ၀က်ဝံညိုများ၊ မြီးတို Macaque မျောက်များ၊ မွေးပွ Raccoon ခွေးများ၊ ကြီးမားသော လယ်ကြွက်များ၊ ရေပုတ်သင် Salamander များသည် ထင်ရှားသော မျိုးစိတ်များဖြစ်ကြသည်။ ဂျပန်နိုင်ငံသည် တောရိုင်း အပင်နှင့် သတ္တ၀ါများကို ထိန်းသိမ်းကာကွယ်ရန် အမျိုးသား ဥယျာဉ်များကို တည်ထောင်ထား သည်။ထို့အတူ ရမ်ဆာ ရေတိမ် ဒေသ ၃၇ ခုကို ထိန်းသိမ်းထားပေသည်။ယင်းတို့အနက် လေးခုသည် ယူနက်စ်ကိုအဖွဲ့၏ ကမ္ဘာ့ အမွေအနှစ်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် ဂျပန်နိုင်ငံသည် စီးပွားရေး တဟုန်ထိုးတိုးတက်ခဲ့သဖြင့် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များမှ စ၍ လေထု ညစ်ညမ်းမှု များ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာခဲ့သည်။ဂျပန်အစိုးရသည် ၁၉၇၀ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ များကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရေနံအရေးအခင်းသည် သဘာဝသယံဇာတ အလွန်နည်းပါးသည့် ဂျပန်နိုင်ငံကို စွမ်းအင်ကို ထိရောက်စွာသုံးစွဲရန် နှိုးဆော်သကဲ့သို့ ဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဂျပန်သည် ကျောက်မီးသွေးလောင်စာသုံးစက်ရုံ ၄၀ ကျော်ကို ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။၂၀၁၆ ခုနှစ် တွင် ထုတ်ပြန်သည့် ပတ်ဝန်းကျင် ဆိုင်ရာ ဆောင်ရွက်မှု အညွှန်းကိန်းတွင် ဂျပန်နိုင်ငံ သည် အဆင့် ၃၉ တွင်ရပ်တည်နေသည်။ ၁၉၉၇ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ကျိုတိုသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှု လျှော့ချရေးလုပ်ငန်းစဉ်ကို လိုက်နာကာ ရာသီဥတုပြောင်းလဲမှု မရှိနိုင်စေရန် ကြိုးပမ်းမှု များကို ပြုလုပ်ခဲ့သည်။

နိုင်ငံရေး

ဂျပန်နိုင်ငံသည် စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးကာ ဘုရင်၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ထားသည်။ဖွဲ့စည်း အုပ် ချုပ်ပုံ အခြေခံဥပဒေအရ ဘုရင်သည် ဂျပန်နိုင်ငံနှင့် ပြည်သူများ၏ ဂုဏ်ဆောင်ပုဂ္ဂိုလ်တစ်ဦးသာဖြစ်၍ အုပ်ချုပ်ရေး အာဏာ အရပ် ရပ်ကို ၀န်ကြီးချုပ်အား အပ်နှံသည်။ လက်ရှိ ဂျပန်နိုင်ငံဘုရင်သည် ၁၉၈၉ ခုနှစ်မှ စတင်တာဝန်ယူခဲ့သည့် အကီဟီတိုဖြစ်ကာ ၀န်ကြီးချုပ်သည် ၂၀၁၂ မှ စတင် တာဝန်ယူခဲ့သည့် ရှင်ဇို အာဘေးဖြစ်သည်။

ဥပဒေပြု အာဏာကို ဂျပန် အမျိုးသား လွှတ်တော်(National Diet) ထံ အပ်နှင်း၍ ကိုယ်စားလှယ် ၄၆၅ ဦးပါဝင်သော အောက်လွှတ်တော်နှင့် ကိုယ်စားလှယ် ၂၄၂ ဦးပါဝင်သည့် အထက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းသည်။အောက်လွှတ်တော်သည် သက်တမ်း လေးနှစ်ဖြစ်၍ အထက်လွှတ်တော်သက်တမ်းသည် ခြောက်နှစ်ဖြစ်သည်။အသက် ၁၈ နှစ်ပြည့်သူတိုင်းမဲပေးခွင့်ရှိသည်။ တရားစီရင်ရေးအာဏာကို တရားရုံးချုပ်နှင့် အဆင့် သုံးဆင့်ရှိသော တရားရုံးများက ခွဲဝေ ကျင့်သုံးသည်။

ဂျပန်နိုင်ငံသည် လွတ်လပ်သော နိုင်ငံများ အားလုံးနီးပါးနှင့် သံတမန်ဆက်သွယ်မှုရှိကာ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလမှ စတင် ၍ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့တွင် တက်ကြွစွာ ပါဝင် လှုပ်ရှားလျက်ရှိသည်။ထို့အတူ G8 ၊APEC ၊ASEAN Plus Three စသည့် အဖွဲ့ များ တွင်ပါဝင်သည်။၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ကမ္ဘာအရပ်ရပ်သို့အမေရိကန်ဒေါ်လာ ၉ ဒငသမ ၂ ဘီလျံ လှူဒါန်းခဲ့ကာ ကမ္ဘာ့ ပဉ္စမမြောက် အလှူနိုင်ဆုံးနိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နီးကပ်စွာဆက်ဆံ၍ စီးပွားရေးနှင့် ကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် နေပေသည်။

စစ်ရေး နှင့် စီးပွားရေး

ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကာကွယ်ရေး စရိတ် အမြင့်မားဆုံးသုံးစွဲသည့် နိုင်ငံတစ်ခုဖြစ်သော်လည်းနိုင်ငံ၏ ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့(JSDF) သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ စစ်ကြေညာခွင့်မရှိသကဲ့သို့ နိုင်ငံတကာ ပဋိပက္ခများတွင် မိမိစစ်အင်အားကို သုံးစွဲခွင့်မရှိချေ။ ဂျပန်နိုင်ငံပြင်ပတွင် ဂျပန်တပ်မတော်သည် သေနတ်တစ်ချက်ပင် မပစ်ဖောက်သည့် အတွက် အာရှတိုက် ငြိမ်းချမ်းရေးအညွှန်းကိန်းတွင် ထိပ်ဆုံးမှ တည်ရှိခဲ့သည်။

ဂျပန်တပ်မတော်ကို ကြည်း၊ရေ၊လေ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားကာ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းများတွင်ပူးပေါင်းပါဝင်ခဲ့သည်။အီရတ် နိုင်ငံတွင် ငြိမ်းချမ်းရေး တပ်ဖွဲ့များနှင့် အတူ တပ်စွဲခဲ့ခြင်းသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းကာလအတွင်း ဂျပန်နိုင်ငံတပ်များကို ပြည်ပတွင် ပထမဆုံး အသုံးချခဲ့ခြင်းဖြစ်ပေသည်။ဂျပန်နိုင်ငံဝန်းကျင်၏ လုံခြုံရေး အနေအထားသည် မြောက်ကိုရီးယားနိုင်ငံ၏ နယူးကလီးယားနှင့် ဒုံးကျည်များအရေးကြောင့် ပြင်းထန်မှုများ တိုးတက် လာခဲ့သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာတွင်တတိယ အကြီးမားဆုံးဖြစ်ကာ ၀ယ်လိုအား စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံသည် ကြီးများသော စက်မှု စွမ်းအားကို ပိုင်ဆိုင်ထားကာ နည်းပညာအမြင့်မားဆုံးသော လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ မော်တော်ယာဉ်များ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် စက်ပစ္စည်း ကိရိယာများ၊ ပင်လယ်ကူး သဘောင်္များ၊ဓာတု ပစ္စည်း များ အစရှိသည်ဖြင့် များစွာသော ထုတ်ကုန် လုပ်ငန်းကြီးများကို ဆောင်ရွက်လျက်ရှိသည်။၂၀၁၆ ခုနှစ် တွင် ဂျပန်နိုင်ငံ၏ လုပ်သား အင်အားသည် ၆၅ ဒသမ ၉ သန်းရှိခဲ့သဖြင့် အလုပ်လက်မဲ့နှုန်း လေးရာခိုင်နှုန်းသာရှိပေသည်။

၂၀၁၄ ခုနှစ်တွင်ဂျပန်နိုင်ငံသည် မိမိ၏ ထုတ်ကုန်များကို အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ခဲ့သည်။သွင်းကုန်အဖြစ် ဇီဝရုပ်ကြွင်းလောင်စာ၊ အမဲသားအများဆုံးပါဝင်သည့် စားသောက်ကုန်များ၊ဓာတုပစ္စည်းများ၊ ချည်မျှင်များနှင့်စက်မှုကုန်ကြမ်းများကို တင်သွင်းခဲ့သည်။ ဂျပန်နိုင်ငံသို့ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၁၉ ဒသမ ၇၃ သန်း လာရောက်လည်ပတ်ခဲ့ကြသည်။ ဂျပန်နိုင်ငံသည် ခရီးသွားလုပ်ငန်းတိုးတက်စေရန် ၂၀၀၈ ခုနှစ်တွင် ဂျပန် ခရီသွားလုပ်ငန်း အေဂျင်စီကို ထူထောင်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ လှည့် ခရီးသည် သန်း ၂၀ လာရောက်ရန် ရည်ရွယ်ခဲ့သည်။

သို့သော် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၂၄ သန်း ကျော်လာ ရောက်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ် ခရီးသည် ရည်မှန်းချက်ကို သန်း ၄၀ ဟု ပြင်ဆင်ခဲ့ကာ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၆၀ လာရောက်ရန် ရည်ရွယ်ခဲ့ သည်။ဂျပန်နိုင်ငံတွင် ကမ္ဘာ့အမွေအနှစ်နေရာ ၂၀ ရှိပြီး ကမ္ဘာလှည့် ခရီးသွားများ အများဆုံး လည်ပတ်ကြသည့် နေရာများသည် တိုကျို၊ ဟီင်္ရိုရှီးမားနှင့် ဖူဂျီတောင်တို့ဖြစ်ကြသည်။

သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးသည့် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သော ဂျပန်သည် သုသေတန ရံပုံငွေ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလျံသုံးစွဲခဲ့ကာ သုတေသနပြုသူပေါင်း ခုနစ်သိန်းကျော်ရှိခဲ့၍ နိုဘယ်ဆုရှင် ၂၂ ဦး ပေါ်ထွက်ခဲ့သည်။ စတုရန်းမိုင် ၁၄၅၉၃၆ ကျယ်ဝန်း၍ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူ ၁၂၆ ၅၇၂ ၀၀၀ နေထိုင်သည့် ဂျပန်နိုင်ငံသည် နည်းပညာနှင့် စီးပွားရေး တိုးတက်ကောင်းမွန်မှုများကြောင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ခဲ့ရာတွင် နိုင်ငံတိုးတက် ဖွံ့ဖြိုးမှု၏ အဓိကကျ သည့် အချက်မှာ ဂျပန်လူမျိုးများသည် အချိန်ကို လေးစားလိုက်နာကာ စည်းကမ်းရှိ ၍ အလုပ်ကြိုးစားကြခြင်း ကြောင့် ဖြစ်ပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ်မေလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Leave a Reply