အမေရိကန်က အထင်ကရ ရပ်ရှ်မိုးတောင် ဆိုတာ

Posted on

ရပ်ရှ်မိုးတောင် (Mount Rushmore) ဆိုတာ အမေရိကန်က ကမ္ဘာကျော်နေရာတစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ဆိုင်တဲ့ အထိမ်းအမှတ်နေရာတစ်ခုဖြစ်ပြီး တောင်ဒါကိုတာပြည်နယ် ၊ ကီးစတုန်းမြို့က Black Hills မှာ တည်ရှိပါတယ်။ နာမည်ကျော်ရခြင်းအကြောင်းကတော့ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အလွန်အရေးပါတဲ့ သမ္မတကြီးလေးဦးရဲ့ မျက်နှာတွေကို ဒီကျောက်တောင်ရဲ့ နံရံမှာ ထွင်းထုထားတာကြောင့်ဖြစ်ပါတယ်။ Rushmore လို့အမည်တွင်ရခြင်းကတော့ ဒီရုပ်တုများမထွင်းထုမီနှစ်ပေါင်းများစွာကတည်းက ဒီတောင်ရှိရာကို အမြဲတမ်းလာရောက်လေ့ရှိတဲ့ အမေရိကန်လုပ်ငန်းရှင် Charles E. Rushmore ကို ဂုဏ်ပြုပြီးပေးထားတာ ဖြစ်ပါတယ်။

သမ္မတကြီးလေးဦးကတော့ အမေရိကန်နိုင်ငံကို စတင်ထူထောင်ပြီးတဲ့နောက် ပထမဆုံးအုပ်ချုပ်ခဲ့တဲ့ သမ္မတ ဂျော့ဂ်ျဝါရှင်တန် ၊ သမ္မတတာဝန်ထမ်းဆောင်ရင်း ပိုင်ဆိုင်သမျှကိုရောင်းချပြီး နိုင်ငံအတွက်သုံးခဲ့တဲ့ နောက်ဆုံး အကြွေးပါတင်သွားခဲ့ရတဲ့ သမ္မတကြီး သောမတ်ဂျက်ဖာဆန် ၊ အမေရိကန်ပြည်တွင်းစစ်ကိုအဆုံးသတ်ပေးသူ ၊ ကျွန်စနစ်ကိုဖျက်သိမ်းပေးသူ ၊ ပြည်ထောင်စု နှစ်ခြမ်းကွဲမည့်အရေးကို ကယ်တင်ခဲ့သူ သမ္မတကြီး အေဗရာဟမ်လင်ကွန်း နဲ့ ယိုယွင်းနေသောနိုင်ငံတော်ကို ပြန်လည်တည့်မတ်ခဲ့သူ ၊ လူဆိုးဂိုဏ်းများကိုဖြိုခွင်းခဲ့သူ ၊ လာဘ်ပေးလာဘ်ယူ မြောက်ထိုးပင့်ကော်များကို ဖြိုခွင်းသူ ၊ အလုပ်သမားနှင့် လုပ်ငန်းရှင်များအတွက် ခိုင်မာတဲ့အဖွဲ့အစည်းကို ဖွဲ့စည်းပေးခဲ့သူ သမ္မတကြီးသီအိုဒိုရုစဗဲ့ တို့ ဖြစ်ပါတယ်။

ဒီနေရာကို စတုရန်းမိုင် ၂မိုင် ကျယ်ဝန်းတဲ့ အထိမ်းအမှတ်နေရာတစ်ခုအဖြစ်သတ်မှတ်ထားပြီး ပင်လယ်မျက်နှာပြင်ထက် အမြင့်ပေ ၅၇၂၅ပေ မှာ တည်ရှိနေပါတယ်။ ဒီကျောက်တောင်နံရံမှာ ရုပ်တုများ ထွင်းထုဖို့ အကြံကို စရခဲ့သူက တောင်ဒါကိုတာ သမိုင်းပညာရှင် Doane Robinson ဖြစ်ပါတယ်။ ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေကို နံရံမှာထွင်းထုပြီး တောင်ဒါကိုတာပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ချင်ခဲ့တာပါ။

ဒီနေရာမှာ Robinson ထွင်းထုစေချင်ခဲ့တဲ့ ရုပ်တုတွေက သမ္မတတွေရဲ့ရုပ်တုမဟုတ်ပဲ အနောက်ပိုင်းသူရဲကောင်းတွေဖြစ်တဲ့ Meriwether Lewis(စူးစမ်းရှာဖွေသူ) ၊ William Clark (စူးစမ်းရှာဖွေသူ) ၊ Red Cloud(လူမျိုးစုခေါင်းဆောင်) နဲ့ Buffalo Bill Cody(မုဆိုးကျော်) တို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် တာဝန်ယူထုလုပ်ရမယ့် အမေရိကန် ကျောက်ဆစ်ပန်းပုပညာရှင် Gutzon Borglum က Robinson ရဲ့ အဆိုကိုငြင်းပြီး သမ္မတကြီး ၄ယောက်ရဲ့ ရုပ်တုကိုသာ ထုလုပ်ဖို့စတင်ခဲ့ပါတယ်။ ကျောက်တောင်ထွင်းထုတဲ့လုပ်ငန်းကို ၁၉၂၇ခုနှစ်မှာ စတင်ခဲ့ပြီး ဆောက်လုပ်နေစဉ် ၁၉၄၁ခုနှစ် မတ်လ မှာတော့ Borglum သေဆုံးသွားတဲ့အတွက် သားဖြစ်သူ Lincoln Borglum က ဆက်လက်တာဝန်ယူခဲ့ပါတယ်။

ဒါပေမယ့် ရန်ပုံငွေမရှိတော့တာကြောင့် ၁၉၄၁ အောက်တိုဘာမှာတော့ လုပ်ငန်းကို အဆုံးသတ်ခဲ့ရပါတယ်။ မူလပထမက သမ္မတတွေရဲ့ ခေါင်းကနေ ခါးအထိ ထုလုပ်ဖို့ရည်မှန်းထားကြပေမယ့် ငွေကြေးအခက်အခဲကြောင့် ဦးခေါင်းပိုင်းတွေပြီးအောင်ပဲ ထုလုပ်နိုင်ခဲ့ကြပါတယ်။ ဆောက်လုပ်ရေး လုပ်သားပေါင်း ၄၀၀ကျော်နဲ့အတူ စုစုပေါင်း ၁၄နှစ် အချိန်ယူခဲ့ရပါတယ်။

မူလက သောမတ်ဂျက်ဖာဆန်ဟာ ဂျော့ဂ်ျဝါရှင်တန်ရဲ့ ဘယ်ဘက်မှာ(မျက်နှာချင်းဆိုင်ကကြည့်လျှင်) ရှိခဲ့ပေမယ့် ထုလုပ်နေစဉ်မှာ ကျောက်သားတွေ ကျွတ်ဆတ်ပြီး မညီမညာဖြစ်ခဲ့တာကြောင့် ဒိုင်းနမိုက်နဲ့ ဖျက်စီးခဲ့ရပါတယ်။ အဲဒီနောက်တော့ ဂျော့ဂ်ျဝါရှင်တန်ရဲ့ ညာဘက်မှာ သောမတ်ဂျက်မာဆန်ရဲ့မျက်နှာကို အသစ်ပြန်လည်ထုလုပ်ခဲ့ရပါတယ်။ ထုလုပ်တဲ့လုပ်ငန်းခွင်မှာ ဒိုင်းနမိုက်တွေကို တွက်ချက် နေရာချပြီး ဖောက်လုပ်ခဲ့တဲ့ နည်းကို အများဆုံးသုံးခဲ့ရပါတယ်။

သမ္မတဦးခေါင်းပုံတွေရဲ့ အမြင့်ဟာ ပေ ၆၀စီရှိပြီး ခြောက်ထပ်အဆောက်အဦးနဲ့ အမြင့်နဲ့ ညီပါတယ်။ မျက်လုံးတွေကတော့ ၁၁ပေ ကျယ်ပြီး ပါးစပ်တွေကတော့ ၁၈ပေ ကျယ်ပါတယ်။ ရုပ်တုနှာခေါင်းတွေရဲ့ အရှည်ကတော့ ပေ ၂၀ ရှည်ပါတယ်။ တကယ်လို့သာ ခေါင်းကနေ ခြေထောက်အထိ ဒီအရွယ်အစားအတိုင်းထွင်းထုမယ်ဆိုရင် ရုပ်တုတွေရဲ့အမြင့်ဟာ ၄၆၅ပေ မြင့်သွားမှာ ဖြစ်ပါတယ်။

ဒီလို ထွင်းထုတဲ့လုပ်ငန်းစဉ်မှာ ဖယ်ရှားခဲ့ရတဲ့ကျောက်တုံးတွေရဲ့ စုစုပေါင်း အလေးချိန်က ပေါင် ၈သန်း ဖြစ်ပါတယ်။ ၁၄နှစ်ကြာခဲ့တဲ့ ဒီလုပ်ငန်းခွင်မှာ အနည်းငယ်ဒါဏ်ရာရတာကလွဲလို့ မတော်တဆမှုဖြစ်ပြီး သေဆုံးသူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ စုစုပေါင်း ကုန်ကျစရိတ်ကတော့ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၉၈၉၉၉၂ ဖြစ်ပြီး လက်ရှိငွေကြေးတန်ဖိုးနဲ့တွက်မယ်ဆိုရင် ဒေါ်လာ သန်း၂၀ ခန့်ရှိနိုင်ပါတယ်။

ဒီရရှ်မိုးတောင်ဟာ Book of Secrets, Team America: World Police, Mars Attacks စတဲ့ရုပ်ရှင်တွေအပြင် အခြားရုပ်ရှင်ပေါင်းများစွာမှာ ထည့်သွင်းရိုက်ကူးခြင်းကို ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကို စွမ်းစွမ်းတမံအုပ်ချုပ်ခဲ့တဲ့ သမ္မတကြီး ၄ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထုလုပ်ခဲ့သော ဒီ Mount Rushmore အထိမ်းအမှတ်နေရာကို နှစ်စဉ်လာရောက်လည်ပတ်သူပေါင်း ၂သန်းကျော် ရှိပါတယ်။

 

သေချာမြင်ချင်ရင် အောက်က ဗီဒီယိုကနေ သွားကြည့်နိုင်ပါတယ်။

သုတဇုန်

Leave a Reply