နှလုံးမှာစိုက်နေတဲ့ သွားကြားထိုးတံကြောင့် သေမလိုဖြစ်ခဲ့ရသူ

Posted on

အစားမတော်တစ်လုပ် ၊ အသွားမတော်တစ်လှမ်း ဆိုပြီး စကားပုံရှိပါတယ်။ အခုလူကတော့ အသောက်မတော်တစ်ခွက် လို့ ဆိုရမလိုပါ။ တရုတ်နိုင်ငံတောင်ပိုင်း Guangxi  ပြည်နယ်မှာနေထိုင်တဲ့ အသက် ၂၉နှစ်အရွယ် တရုတ်အမျိုးသားတစ်ယောက်ရဲ့ ဖြစ်ရပ်ပါ။ သူ့နာမည်က Zhou လို့ခေါ်ပြီး သူဟာ ရှာဖွေလို့မရတဲ့ရောဂါကို လေးနှစ်တိုင်ခံစားခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကတော့ သူ့ရောဂါ တရှောင်ရှောင်ဖြစ်နေရခြင်းရဲ့ တရားခံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့နှလုံးမှာ ထိုးစိုက်နေတဲ့ သွားကြားထိုးတံ တစ်ချောင်းပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၉ရက်နေ့က Guangxi  ပြည်နယ် Nanning မြို့ဆေးရုံမှာ နှလုံးခွဲစိတ်မှုပြုလုပ်ခဲ့ပြီး Zhou ရဲ့နှလုံးမှာ ထိုးစိုက်နေခဲ့တဲ့ သွားကြားထိုးတံကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက Zhou ဟာ ရောဂါတရှောင်ရှောင်ဖြစ်ခဲ့ပါတယ်။ အဆုတ်ယောင်ယမ်းတာ ၊ မကြာခဏအဖြားတက်တာတွေ ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်ကာ ကျန်းမာရေးချူချာခဲ့ပါတယ်။

ဆေးရုံ ဆေးခန်းပေါင်းများစွာကို သွားရောက်စစ်ဆေးခဲ့ပေမယ့် တိကျတဲ့အဖြေမရတဲ့အတွက် ကျန်းမာလာခြင်းမရှိပဲ ငွေတွေသောက်သောက်လဲ ကုန်ခဲ့ပါတယ်။ ဒေါ်လာ ၃သောင်းနီးပါးလောက် ကုန်ခဲ့တယ် လို့သိရပါတယ်။ တချို့ဆရာဝန်တွေက ကိုယ်ခံအားနည်းပါးလို့ဆိုပြီး တချို့ကတော့ သွေးကင်ဆာ လို့ဆိုကြပေမယ့် အတိအကျမပြောနိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ မကျန်းမာလိုက် ဆေးကုလိုက်နဲ့ လေးနှစ်ကြာဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ ကံကောင်းထောက်မစွာနဲ့ပဲ ဆရာဝန်တစ်ဦးက သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဓာတ်မှန်ကနေတစ်ဆင့် Zhou ရဲ့ နှလုံးမှာ ရှည်မျောမျောအရာဝထ္ထုတစ်ခု စိုက်နေတာကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။  နှလုံးရဲ့ ညာဘက်သွေးလွှတ်ကြောမှာ ဒီရှည်မျောမျာအရာက ထိုးစိုက်နေခဲ့တာကြောင့် နှစ်ပေါင်းများစွာ ရောဂါတွေ တသီကြီးခံစားခဲ့ရတာလို့ ဆိုပါတယ်။

ရောဂါရဲ့ ပြသနာကို သိသိချင်းမှာပဲ Zhou ရဲ့ ခန္ဓာကိုယ်ထဲက အဲဒီအရာကို ဖယ်ရှားဖို့ ခွဲစိတ်မှုကို အမြန်ပြုလုပ်ခဲ့ပါတယ်။ နှလုံးခွဲစိတ်ချိန်စုစုပေါင်း ၇နာရီခွဲကြာပြီးတဲ့နောက်မှာ နှလုံးသွေးလွှတ်ကြောမှာ ထိုးစိုက်နေတဲ့ အဲဒီရှည်မျောမျာအရာဟာ အရှည် ၂.၄လက်မ(၆စင်တီမီတာ) ရှိတဲ့ သွားကြားထိုးတံတစ်ချောင်းဖြစ်နေတာကို တွေ့လိုက်ကြပြီး အောင်မြင်စွာ ဖယ်ရှားနိုင်လိုက်ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတဲ့အကြောင်း Zhou ကိုမေးကြည့်တဲ့အခါ ဘယ်တုန်းက မြိုချမိလိုက်တယ်ဆိုတာ သူသတိမထားမိလိုက်ဘူးလို့ ဖြေခဲ့ပါတယ်။ Zhou မှာ ထူးထူးဆန်းဆန်းအကျင့်တစ်ခု ရှိပါတယ်။ အဲဒါကတော့ Zhou ဟာ အပေါင်းအသင်းတွေနဲ့ အရက်သောက်တဲ့အခါမျိုးမှာ သူ့ရဲ့အရက်ခွက်ကို မှတ်မိအောင် ဖန်ခွက်ထဲကို သွားကြားထိုးတံတစ်ချောင်းထည့်ထား တတ်တယ် ဆိုတာပါ။ မူးနေတဲ့အချိန်သောက်မိလိုက်ပြီး သွားကြားထိုးတံက တိုက်ရိုက်ဝင်သွားတာကြောင့် ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

နှလုံးခွဲစိတ်မှုဌာနရဲ့ ဒုတိယအကြီးအကဲဖြစ်သူ ဒေါက်တာ Dr Wen Zhaohui ကတော့ သွားကြားထိုးတံဟာ လည်ချောင်းကတစ်ဆင့် လေပြွန် ၊ အဲဒီကနေမှ ညာဘက်အဆုတ်အတွင်းကို ထိုးဖောက်ပြီးတဲ့နောက်နှလုံးမှာ ထိုးစိုက်မိနေတာ ဖြစ်နိုင်တယ် လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီသွားကြားထိုးတံကို ဖယ်ရှားခဲ့ပြီးမကြာမီမှာပဲ Zhou ဟာ အရင်က သူခံစားခဲ့တဲ့ ရောဂါတွေကို မခံစားရတော့ပဲ ကျန်းကျန်းမာမာ အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

VIDEO

Leave a Reply