အာရပ်စော်ဘွားများပြည်ထောင်စု ၊ ဒူဘိုင်းက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ဆိုတာ

Posted on

အခုတလော အွန်လိုင်းပေါ်မှာ ဒူဘိုင်းက ပထမဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ဆိုတဲ့ပိုစ့်ကို တော်တော်များများ မြင်ကြမှာပါ။ ယူအေအီးဟာ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရှိတယ်ဆိုတာကို ယုံသူများရှိသလို မယုံသူများလည်း ရှိနိုင်ပါတယ်။ တက်လာတဲ့ပိုစ့်တွေကလည်း ပုံနဲ့ ဗီဒီယိုတွေသာ ဖြစ်တာကြောင့် ဒီထက်ပိုသိချင်သေးတဲ့ သုတဇုန် မိတ်ဆွေများအတွက် ထုံးစံအတိုင်း ဟိုရှာ ဒီရှာ နဲ့ မျှဝေလိုက်ပါကြောင်း

mevnawa မဟာ​မေ့ဗ်​န၀ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ရှိနေခဲ့တာ ကြာပါပြီ။ အခုတလောမှ နာမည်ကြီးလာရခြင်းကတော့ အာရပ်အွန်လိုင်း နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Khalid Al Ameri က ဘုန်းကြီးကျောင်းကို လေ့လာတဲ့အနေနဲ့ သွားရောက်ခဲ့ကာ သူသိလိုတဲ့အကြောင်းတွေကို မေးမြန်းထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့လို့ ဖြစ်ပါတယ်။

ဒူဘိုင်း နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဗုဒ္ဓဘာသာဝင်တွေ ရောက်ရှိနေခဲ့တာ ဆယ်စုနှစ် မကတော့ပါဘူး။ အားလုံးနီးပါးဟာ အလုပ်လုပ်ရင်းသွားရောက်နေထိုင်ကြတာဖြစ်ပါတယ်။ ၂၀၀၇ စာရင်းအရ အရှေ့အလယ်ပိုင်းဒေသမှာ ဗုဒ္ဓဘာသာဝင်ပေါင်း ၉သိန်းကျော် ရှိနေပြီး ယူအေအီးမှာက ၂၂၂၂၀၂ ယောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ယူအေအီးမှာ ဗုဒ္ဓဘာသာဝင်ပေါင်း ၅သိန်းဝန်းကျင် ရှိသွားပြီလို့ Khalid ဗီဒီယိုအရသိရပါတယ်။
(ဒူဘိုင်းမှာတော့ ဗုဒ္ဓဘာသာ ၃သိန်းဝန်းကျင်ခန့် ရှိနေပြီဖြစ်ပြီး ၂သိန်းခွဲက သီရိလင်္ကာနိုင်ငံသားတွေဖြစ်ပါတယ်)

Maha mevnawa ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဟာ ဒူဘိုင်းမှာသာမက အာရေးဘီးယားကျွန်းဆွယ် တစ်ခုလုံးမှာ တစ်ခုတည်းရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတချို့ရဲ့ ကြိုးပမ်းမှု နဲ့ Al Satwa နယ်မြေမှာ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ၂၀၀၈ခုနှစ်ကုန် လောက်ကတည်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အစပထမတုန်းက တိတ်တဆိတ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်တာကြောင့် ဒီကျောင်းရှိနေတာကို ဒူဘိုင်းမှာ နေထိုင်သူ အနည်းစုလောက်သာ သိပါတယ်။

၂၀၁၂ခုနှစ်မှာတော့ ဖွင့်လှစ်ခဲ့တဲ့ Al Satwa နယ်ကနေ လက်ရှိနေရာ Jumeirah ကို ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ဒူဘိုင်းခေါင်းဆောင်အချို့ရဲ့နားလည်မှုနဲ့အတူ ဘုန်းကြီးကျောင်းဟာလည်း လူသိများလာခဲ့ပါတယ်။ ဒီဘုန်းကြီးကျောင်းကို နေ့စဉ် မနက် ၆နာရီကစလို့ ဖွင့်ထားပေမယ့် သောကြာနေ့တွေမှသာ လူစည်လေ့ရှိပါတယ်။ ဒီလိုနေ့တွေမှာတော့ အ၀တ်ဖြူဝတ်ထားတဲ့ ခြေဗလာနဲ့ ဗုဒ္ဓဘာသာ အမျိုးသားအမျိုးသမီးတွေဟာ ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ခြင်း ၊ ဥပုသ်စောင့်ခြင်း ၊ တရားထိုင်ခြင်း နဲ့ ဘုန်းတော်ကြီးတွေရဲ့ တရားဟောတာကို နားထောင်ခြင်းတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒီဘုန်းကြီးကျောင်းဝန်းထဲမှာ ဗုဒ္ဓရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ ဗောဓိညောင်ပင်တစ်ပင်လည်း ရှိနေပြီး လက်အုပ်ချီကာ ညောင်ပင်ကို ငြိမ်သက်စွာလှည့်ပတ်နေတဲ့သူတွေလည်း ရှိပါတယ်။ ညောင်ပင်ရဲ့အခြေမှာတော့ အမွှေးတိုင် ၊ဘုရားပန်းများနဲ့ ပူဇော်ထားပါတယ်။  ကျောင်းမှာ ဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ မစ္စတာ Pillai ကတော့

“ဒီမှာ အားလုံးအဆင်ပြေပါတယ်။ ဟိုဟာလုပ်ရမယ် ဒီဟာမလုပ်ရဘူးဆိုပြီး တားထားတာတွေမရှိပါဘူး။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွေ အားလုံးကို ပြုလုပ်နိုင်ပါတယ်။ တစ်ခုပဲ အခက်အခဲရှိပါတယ်။ အဲဒါကတော့ ကျောင်းဟာ လာရောက်သူတွေအတွက် အလွန်ကျဉ်းနေတာပါ။ လူ ၁ထောင် ၀န်းကျင်လောက်ကိုပဲ လက်ခံနိုင်ပါတယ်။ ဒီထက်ပိုကျယ်ပြီး လူ ၁သောင်းလောက် လာလို့ရမယ့် ဘုန်းကြီးကျောင်းကို ဆောက်နိုင်ဖို့ အစိုးရနဲ့ ညှိနိုင်းနေပါတယ်” လို့ ဆိုပါတယ်။

ဘုရားကျောင်းထဲမှာတော့ အဖြူရောင် ကျောက်သား ဗုဒ္ဓဆင်းတုတော် တစ်ဆူရှိပြီး အနောက်ဘက်မှာတော့ သာဝက ရဟန်းတော်တွေရဲ့ ပန်းချီကိုမြင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကိုလည်း သီရိလင်္ကာဘာသာ နဲ့ ထားရှိပါတယ်။ လက်ရှိဘုန်းကြီးကျောင်းကို သီရိလင်္ကာနိုင်ငံ Mahamevnawa ဘုန်းကြီးကျောင်းရဲ့ ကျောင်းခွဲတစ်ခု အနေနဲ့ သီရိလင်္ကာရဟန်းတော်တွေနဲ့ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ ဒီသီရိလင်္ကာဘုန်းကြီးကျောင်းဟာ ကနေဒါ ၊ အမေရိကန် ၊ ဂျာမနီ ၊ ယူကေ ၊ ဒူဘိုင်းအစရှိတဲ့ နိုင်ငံပေါင်းများစွာမှာ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ကျောင်းပေါင်း ၄၀ကျော်ကို ဖွင့်လှစ်ထားပါတယ်။

ဒူဘိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဟာ ဒူဘိုင်းရောက် ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အိုအေစစ် တစ်ခုလို ဖြစ်နေပါတယ်။ သောကြာနေ့တိုင်းမှာတော့ ဒူဘိုင်းမြို့အနှံ့က ဗုဒ္ဓဘာသာပေါင်းများစွာ ဟာ ဒီဘုန်းကြီးကျောင်းရှိရာကို လာရောက်လေ့ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းခွင်က စိတ်ပင်ပန်းနွမ်းနယ်မှုတွေဟာ ဒီဘုန်းကြီးကျောင်းကို ရောက်ပြီး ဗုဒ္ဒရဲ့တရားတော်တွေနဲ့တွေ့ရင် ပြေပျောက် အေးချမ်းသွားတယ်လို့ လာဖူးတဲ့ သူတွေက ဆိုလေ့ရှိပါတယ်။

ဒီဘုန်းကြီးကျောင်းရဲ့ လိပ်စာက 51 Street , 8 A Street, Villa No : 03 – Dubai ဖြစ်ပြီး စိတ်ဝင်စားလို့ Google Map မှာ ရှာကြည့်ချင်ရင်တော့ Mahamevnawa Buddhist Temple – Dubai လို့ ရှာနိုင်ကြောင်းပါ။

အခုလောက်ဆိုရင် ဒူဘိုင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအကျောင်းကို သုတဇုန်မိတ်ဆွေများ နည်းနည်းတော့ သိလောက်ပြီထင်ပါတယ်။

Khalid Al Ameri ရဲ့ဗီဒီယို – BUDDHIST IN DUBAI

ကိုးကား
thenational ae – Inside the tiny Buddhist temple
En Wikipedia

သုတဇုန်

Leave a Reply