အန္တာတိကထက် ပိုအေးသွားခဲ့တဲ့ အမေရိကန် ရှီကာဂို

Posted on

နှစ်စဉ်ဆောင်းရာဦရောက်တဲ့အခါတိုင်းမှာ အမေရိကန်ပြည်ထောင်စု နေရာဒေသတော်တော်များများဟာ နှင်းမှုန်တိုင်း နဲ့ အအေးဒါဏ်ကို ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါအေးတဲ့နှုန်းကတော့ စံချိန်တင် အနုတ် ၆၅ဒီဂရီလောက်အထိ ကျဆင်းသွားခဲ့ပြီး ကမ္ဘာ့အအေးဆုံးဒေသလို့ သတ်မှတ်ထားတဲ့ အန္တာတိကရဲ့ ပျမ်းမျှအပူချိန်ထက်တောင် ပိုအေးသွားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ ပြင်းထန်လွန်းတဲ့ စံချိန်တင် အအေးဒါဏ်ကို နိုင်ငံသား သန်းနဲ့ချီခံစားခဲ့ရပါတယ်။ အလက်စကား နဲ့ ဟာဝိုင်ယီပြည်နယ်တွေက လွဲလို့ နိုင်ငံ့နယ်မြေ ၈၅% ရဲ့ အပူချိန်ဟာ ရေခဲမှတ်အောက်ကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ အေးခဲတဲ့ရာသီဥတုကြောင့် လောလောဆယ် သေဆုံးသူ ၁၂ဦး အထိ ရှိနေပြီဖြစ်ပါတယ်။

မင်နီဆိုးတားပြည်နယ် Minneapolis မြို့မှာဆိုရင် ရေခဲမှတ်အောက် အနုတ် ၃၂ ဒီဂရီဆဲစီးယပ်စ်အထိ ဖြစ်သွားပါတယ်။ ဒါပေမယ့် လေတိုက်တဲ့ တချို့နေရာတွေမှာတော့ ရေခဲမှတ်အောက် အနုတ် ၄၈ ဒီဂရီဆဲစီးယပ်စ် အထိ စံချိန်တင် အပူချိန်ကျဆင်းခဲ့ပါတယ်။

အမေရိကန် ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ရှိကာဂိုမြို့မှာတော့ မနေ့က(၃၁ရက်နေ့) အထိ ပြင်းထန်လွန်းတဲ့ အအေးဒါဏ်ကြောင့် လေကြောင်းခရီး ၊ ရထားလမ်းကြောင်းရပ်ဆိုင်းတာတွေ ၊ ကျောင်းတွေ အလုပ်တွေ ပိတ်တာတွေ ကို ပြုလုပ်ခဲ့ရပြီး မလိုအပ်ပဲ အပြင်မထွက်ဖို့ တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။ ပုံမှန်ဆောင်းရာသီမှာ အနုတ် ၁၀ ဒီဂရီလောက်ပဲ ရှိတတ်ပေမယ့် ဒီတစ်နှစ်မှာတော့ နေ့လည် ၁၂နာရီမှာတောင် အပူချိန်က အနုတ် ၃၀ ၀န်းကျင်မှာ ရှိနေခဲ့လို့ပါ။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရတော့ ဒီဖြစ်စဉ် ဖြစ်ရခြင်းအကြောင်းမှာ  မြောက်ဝင်ရိုးစွန်းက အအေးလှိုင်းတွေ က ပုံမှန်သူရောက်နေကျ နေရာမဟုတ်တဲ့ အမေရိကန် နဲ့ ကနေဒါ နိုင်ငံတွေကို လမ်းကြောင်းပြောင်းရောက်ရှိလာလို့ပါတဲ့။ ဒီ အအေးလှိုင်းကြောင့် ရှီကာဂို မြစ် ၊ နိုင်အာဂါရာရေတံခွန် နဲ့ မိရှီဂန် ရေအိုင်ကြီး (Lake Michigan) က နေရာအများစု အေးခဲသွားရပါတယ်။

တကယ်လို့ ဒီအခြေအနေမှာ အပြင်ကို ထွက်မယ်ဆိုရင်တော့ အထူးဂရုစိုက်ဖို့ ၊ အနွေးထည်အထပ်ထပ်ဝတ်ဖို့ ၊ စောင်တွေယူသွားဖို့ လိုကြောင်း ၊ မလှုပ်မရှားပဲ ငါးမိနစ်လောက်နေရုံနဲ့ အ၀တ်မဖုံးတဲ့ လက်ချောင်းတွေဟာ နှင်းကိုက်ပြီး ကြွေကျနိုင်တဲ့အထိ ဖြစ်နိုင်ကြောင်းနဲ့ အဆိုးဆုံးကတော့ ကိုယ်ခန္ဓာအပူချိန်ကျဆင်းကာ သေဆုံးသွားနိုင်တဲ့အခြေအနေအထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ရှိကာဂိုက သက်ကြီးရွယ်အိုတွေ ၊ အပူငွေ့မရသူ/မတတ်နိုင်သူ နဲ့ အိမ်ခြေမဲ့တွေအတွက် အစိုးရက နွေးထွေစေမယ့် အရေးပေါ်နေရာတွေ ၊ အနွေးဓာတ်လွှတ်ထားတဲ့ ဘတ်စ်ကား(Warming Buses) တွေကို စီစဉ်ပေးထားပါတယ်။ ရှိကာဂိုရဲ့လမ်းတွေပေါ်မှာ အိမ်ခြေမဲ့ပေါင်း ၁၆၀၀၀ လောက်ရှိပါတယ်။

ရှီကာဂိုက လူတွေကတော့ နှစ်တိုင်းအေးနေကြဖြစ်တာကြောင့် ဒီလောက်ပိုအေးပြီး အအေးလှိုင်းဒါဏ်ကိုခံရလည်း လုပ်စရာရှိတာကို လုပ်ရမှာပဲလို့ ဆိုကြပါတယ်။ လက်ရှိမှာတော့ အပူချိန်တဖြည်းဖြည်းပြန်တက်လာခဲ့ပြီဖြစ်ပြီး တစ်ရက်နှစ်ရက်အတွင်း ပုံမှန်အပူချိန်ကို ရောက်ရှိလာမယ်လို့ သိရပါတယ်။

VIDEO

သုတဇုန်

Leave a Reply