ဂါဘွန်နိုင်ငံ အကြောင်း သိကောင်းစရာ

Posted on

ဂါဘွန်နိုင်ငံဟာ အာဖရိကတိုက်အလယ်ပိုင်းဒေသရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသမှာ တည်ရှိပြီး တရားဝင်နာမည်ကတော့ ဂါဘွန်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပါတယ်။ ဂါဘွန်နိုင်ငံ ရဲ့အနောက်မြောက်ဘက်မှာ အီကွေတိုရီရယ်ဂီနီ နိုင်ငံ၊ မြောက်ဘက်မှာ ကင်မရွန်းနိုင်ငံ၊ အရှေတောင်ဘက်မှာ ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံနဲ့ အနောက်ဘက်မှာ တော့ အတ္တလန္တိတ်သမုဒ္ဒရာတို့နဲ့ နယ်မြေချင်းထိစပ်လျက်ရှိနေပြီး ဂါဘွန်နိုင်ငံရဲ့ တရားဝင်ရုံးသုံးဘာသာစကားကတော့ ပြင်သစ်ဘာသာဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ် ဇန်နဝါရီလထုတ်ပြန်တဲ့ စာရင်းဇယားတွေအရတော့ ဂါဘွန်နိုင်ငံရဲ့ လူဦးရေဟာ (၁ ၇၈၃ ၉၂၉) ဦးရှိပါတယ်။ ဂါဘွန်နိုင်ငံဟာ ကမ္ဘာပေါ်မှာတော့ (၇၅)ခု မြောက်အကြီးမားဆုံးနိုင်ငံဖြစ်ပြီး ဧရိယာစတုန်ရန်းမိုင်ပေါင်း(၁၀၃၃၄၇)မိုင်ကျယ်ဝန်း ပါတယ်။ ဂါဘွန်နိုင်ငံရဲ့မြို့တော်ကတော့ Libreville ဖြစ်ပြီး ဂါဘွန်မှာတော့ အကြီးမားဆုံး မြို့လည်းဖြစ်ပါတယ်။ Guinea ပင်လယ်ကွေ့ဒေသရဲ့အနီး Komo မြစ်ကမ်း မှာတည်ရှိတဲ့ Libreville မြို့တော်ဟာ နိုင်ငံရဲ့အဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့အပြင် ကြီမားတဲ့ သစ်တောများစွာတည်ရှိရာအရပ်လည်းဖြစ်ပါတယ်။

ဂါဘွန်နိုင်ငံကိုတော့ ပင်လယ်ကမ်းခြေဒေသ၊ အတွင်းပိုင်းတောင်ကုန်း၊ တောင်တန်းဒေ သ၊အရှေတောင်ပိုင်းအပူပိုင်းမြက်ခင်းပြင်လွင်ပြင်ဒေသဆိုပြီး(၃)ပိုင်းခွဲခြားလေ့လာနိုင်ပြီးနိုင်ငံရဲ့ (၈၅)ရာခိုင်နှုန်းကတော့ အပူပိုင်းအမြဲစိမ်းတောတွေ ဖုံးလွှမ်းလျက်ရှိနေပါတယ်။ Mount Lboundgi ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၅၁၆၇)ပေမြင့်ပြီး ဂါဘွန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်ပါတယ်။

ဂါဘွန်နိုင်ငံဟာပင်လယ်ကမ်းရိုးတန်း အရှည်မိုင်(၅၅၀)မိုင်လောက်ရှည်လျားပြီး အတ္တလန္တိတ်သမုဒ္ဒရာနဲ့စပ်ဆက်တည်ရှိနေတဲ့ ဂါဘွန်ရဲ့ကမ်းခြေဒေသဟာအာဖရိကမှာတော့အလွန်နာမည်ကျော်ကြားပြီးကမ္ဘာတစ်ဝှမ်းလုံးက ကမ်းခြေချစ်သူများအကြားရေပန်းစားလှပါတယ်။ ဒါတောင်ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းအဖြစ်မတည်ဆောက်ရသေးတဲ့ ကမ်းခြေဒေသအများအပြားလည်း ကျန်ရှိနေပါသေးတယ်။

Pointe Denis ၊ Ekwata မြောက်ပိုင်း၊ Mayumba၊ တောင်ပိုင်းက Sette Cama တို့ဟာ ဂါဘွန်နိုင်ငံရဲ့အဓိက ပင်လယ်ကမ်းခြေအပန်းဖြေ စခန်းတွေဖြစ်ပြီးရာသီချိန်တိုင်း ဒေသအသီးသီးက လာရောက်အပန်းဖြေသူတွေနဲ့ ပြည့်နှက်လျက်ရှိပါတယ်။ ဂါဘွန်နိုင်ငံရဲ့အခြားနာမည်ကျော်အပန်းဖြေစခန်းတွေ ကတော့ Port Gentil ၊ Cap Esterias၊Perroquet တို့ဖြစ်ပြီး လာရောက်သူတွေအနေနဲ့ အပန်းဖြေနိုင်ရုံသာမက ရေလွှာလျောစီးခြင်း၊ဒိုင်ဗင်ထိုးခြင်းစတဲ့ အားကစားတွေကို တွဲဖက်လုပ်ဆောင်နိုင်ပါတယ်။

ဂါဘွန်နိုင်ငံဧရိယာရဲ့ (၂၂)ရာခိုင်နှုန်းဖြစ်တဲ့ (၂၂၇၅၀)စတုရန်းမိုင်ဟာ Proctected Areas လို့သိရတဲ့ သားရဲတိရိစ္ဆာန်တွေအတွက် ဘေးမဲ့နယ်မြေအဖြစ်သတ်မှတ်ထား တဲ့နယ်မြေအတွင်းပါဝင်နေပါတယ်။ ဒီအစီစဉ်ကိုအီသိုယိုးပီးယားနိုင်ငံက စတင်ရေးဆွဲခဲ့ပြီး နိုင်ငံတွေအတွက် နယ်စည်းခြားနားထားခြင်းမရှိပဲ သဘာဝပတ်ဝန်းကျင်ကိုရှေရှုပြီး ဘေးမဲ့ဧရိယာ သတ်မှတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဂါဘွန်ဟာဒီနယ်မြေတွေကို အမျိုးသားဥယျာဉ်(၁၃)ခုအဖြစ်ပြန်လည်ဖန်တီးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့တောတွင်း တိရိစ္ဆာန်မျိုးစိတ်တွေကိုအရှည်ဆက်လက်ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

Loango အမျိုးသားဥယျာဉ်ဟာ အထက်ကဖော်ပြခဲ့တဲ့ သဘာဝပဝတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဇုံ (၁၃)ခုအနက် အထင်ရှားဆုံးဖြစ်ပြီး ကမ္ဘာထိပ်တန်း Safari ဥယျာဉ်တစ်ခုလည်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အလှနဲ့ သားရဲတိရိစ္ဆာန် တွေရဲ့သဘာဝအတိုင်းတည်ရှိနေတဲ့အနေအထားနဲ့ ဖန်တီးထားတဲ့ ဒီနယ်မြေဟာ ပြည်ပ နိုင်ငံတွေကတောင် တကူးတကလာရောက်လေ့လာမှုတွေ ပြုကြရတဲ့အထိ နာမည်ကျော်ပါတယ်။

Loango အမျိုးသားဥယျာဉ်အတွင်းမှာပဲ ဂါဘွန်နိုင်ငံပင်လယ်ကမ်းရိုးတန်းရဲ့ မိုင်(၁၁၀)လောက်ဟာပါဝင်နေပြီး ဒီဧရိယာကိုတော့ လူသူအခြေချနေထိုင်လေ့မရှိ တဲ့ အာဖရိကတိုက်ရဲ့အကြီးမားဆုံးသော သဘာဝကမ်းရိုးတန်းနယ်မြေအဖြစ် သတ်မှတ် ထားခြင်းကိုခံရပါတယ်။ ကြီးမားအုပ်ဆိုင်းနေတဲ့သစ်တောကြီးတွေ၊ ပင်လယ်ထုံးအိုင် တွေ၊ကြီးများကျယ်ပြန့်တဲ့မြက်ခင်းလွင်ပြင်တွေ၊စိမ့်တောတန်းတွေ၊အဖြူရောင်သဲသောင်ပြင်တွေပေါင်းစပ်ပါဝင်နေတဲ့
အဲဒီအမျိုးသားဥယျာဉ်ဟာ စတုရန်းမိုင် (၆၀၀)ကျော် လောက် ကျယ်ဝန်းပြီး တောဆင်ရိုင်း၊ကျွဲရိုင်း၊ရေကြံ့၊ကျားသစ်၊ Gorilla မျောက်ဝံစတဲ့ တောရိုင်းတိရိစ္ဆာန်တွေ ကိုသဘာဝအတိုင်း လာရောက်လေ့လာနိုင်ပါတယ်။

လာရောက် လေ့လာသူတွေအနေနဲ့ အန္တရာယ်အလွန်များတဲ့ နယ်မြေအပိုင်းအခြားတွေ သတ်မှတ် ထားရှိပေမဲ့ နိုင်ငံအသီးသီးက လူစွန့်စားလေ့လာသူတွေနဲ့ တောရိုင်းတိရိစ္ဆာန် အကြောင်းတင်ဆက်တဲ့ရုပ်သံတွေအတွက်တော့အဖိုးမဖြတ်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။

ဂါဘွန်နိုင်ငံအလယ်ပိုင်းမှာတည်ရှိနေတဲ့ Lope အမျိုးသားဥယျာဉ်ဟာလည်း (၁၉၄၆) ခုနှစ်ကစတင်ဖန်တီးခဲ့တာဖြစ်ပြီး Lope-Okanda ဘေးမဲ့နယ်မြေရဲ့အစဖြစ်ပါတယ်။ မြေနေရာအနေအထားအရ Lope ဒေသဟာ မိုးသစ်တောအများစုရှိပြီး မြောက်ဘက်ပိုင်း မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅၀၀၀)၊ရေခဲခေတ်ကာလကတည်းကရှိနေခဲ့တယ်လို့ ပညာရှင်တွေကိုယ်တိုင်အတည်ပြုထားတဲ့ Savannas မြက်ခင်းလွင်ပြင်ရဲ့ အကြွင်းအကျန် မြေနေရာအနေအထားတွေ ကျန်ရှိနေပါသေးတယ်။ ဒီနေရာဟာ ကမ္ဘာသမိုင်းလေ့လာရေးနယ်ပယ်မှာ အလွန်အရေးပါတဲ့နယ်မြေဖြစ်တာကြောင့် UNECO ရဲ့ ကမ္ဘာအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေအဖြစ် သတ်မှတ် ထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။

ဂါဘွန်နိုင်ငံရဲ့ စိတ်ဝင်စားစရာအချက်ကတော့ ကမ္ဘာပေါ်မှာတစ်စစ ရှားပါးလာပြီဖြစ်တဲ့ နို့တိုက်တိရိစ္ဆာန်များစွာရှိနေတဲ့အချက်ဖြစ်ပါတယ်။ တရားဝင်အချက်အလက်အရ ဂါဘွန်နိုင်ငံရဲ့ စောင့်ရှောက်ထိန်းသိမ်းရေးနယ်မြေတွေအတွင်းမှာ Gorilla မျောက်ဝံ ကောင်ရေ (၃၅၀၀၀)၊တောရိုင်းဆင် (၅၀၀၀၀)၊ ချင်ပန်ဇီကောင်ရေ (၆၄၀၀၀) ခန့်အထိ ကျန်ရှိနေပါသေးတယ်။

အာဖရိကတိုက်မှာရှိတဲ့ Gorillas မျောက်ဝံ(၄)ပုံ(၁)ပုံဟာ ဂါဘွန်နိုင်ငံမှာပဲတည်ရှိနေတာဖြစ်ပြီး အခြားရေကြံ့၊တောကျွဲ၊တောဆိတ်၊ မျောက်မျိုး စိတ်များစွာ၊ ကျားသစ်စတဲ့ တိရိစ္ဆာန်တွေဟာလည်း ဂါဘွန်ကတောနက်တွေအတွင်းမှာ ပဲအရေအတွက်များစွာ ပေါက်ဖွားရှင်သန်နေထိုင်ကြပါတယ်။ ဒါအပြင် အာဖရိက မိကျောင်းမျိုးစိတ်(၃)ခုလောက်ကို ဂါဘွန်နိုင်ငံအတွင်းမြင်တွေ့ရမှာဖြစ်ပြီး ပင်လယ်ကမ်း ခြေဒေသတစ်လျောက်မှာလည်း များစွာသောပင်လယ်လိပ်တွေ နေထိုင်ကြပါတယ်။

ဂါဘွန်နိုင်ငံအရှေပိုင်း Ivindo အမျိုးသားဥယျာဉ်အတွင်းတည်ရှိတဲ့ Kongou ရေတံခွန်ဟာအလွန်ကြီးမားပြီး (၂)မိုင်ခန့် အကျယ်ရှိကာ ပေ(၁၈၄)ပေမြင့်ပါတယ်။ Ivindoမြစ်ရဲ့ကမ်းနဖူးမှာတည်ရှိတဲ့ ဒီရေတံခွန်ဟာ ကမ္ဘာပေါ်မှာရေစီးအသန်ဆုံးသော ရေတံခွန်စာရင်းမှာပါဝင်ပြီး တစ်စက္ကန့်အတွင်းရေ (၉၀၀)ကျူပစ်စင်တီမီတာနှုန်း စီးဆင်း ပါတယ်။ Ivindoရေတံခွန်ဟာ အလယ်အာဖရိကတိုက်မှာတော့ အလှပဆုံးသော ရေတံခွန်အဖြစ် သတ်မှက်ခြင်းကိုခံရပါတယ်။

မြို့တော် Librevilleမှာရှိတဲ့ L’Eglise St Michael ဘုရားရှိခိုးကျောင်းဟာလည်း ဂါဘွန်နိုင်ငံရဲ့သမိုင်းဝင် အဆောက်အအုံ တစ်ခုဖြစ်ပြီး (၃၁)ပေလောက်ရှည်တဲ့ သစ်သားတိုင်တွေမှာ ခရစ်ယာန်သမ္မာကျမ်းလာ အဖြစ်အပျက်တွေကို ချယ်မှုန်းထားပါတယ်။ အနုပညာလက် ရာများစွာ ခြယ်သထားတဲ့ ဒီသစ်သားတိုင်တွေကို ဒေသခံတွေကပြုပြင်ထိန်းသိမ်းမှုများ စွာပြုလုပ်ခဲ့ကာ လက်ရှိမှာတော့ ဂါဘွန်ရဲ့အရေးပါဆုံးသောသမိုင်းအမွေအနှစ်လက်ရာ အဖြစ်နဲ့ နှစ်စဉ်ကမ္ဘာတစ်ဝှမ်းက လာရောက်လေ့လာသူများစွာရှိနေပါတယ်။

သမိုင်း

ဂါဘွန်နိုင်ငံနဲ့ ပတ်သတ်ပြီးလူသိနည်းတဲ့အချက်ကတော့ ဟိုးယခင်ကာလကတည်းက ဥရောပတိုက်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ကောင်သော ဆက်နွယ်မှု တော့မဟုတ်ပါဘူး။ ခုချိန်မှာတစ်ကမ္ဘာလုံးကလက်မခံတဲ့ လူသားချင်း ကျွန်ပြုခိုင်းစေတဲ့ ကျွန်ဈေးကွက်အရ ဆက်နွယ်မှုဖြစ်နေလို့ပါ။ ဂါဘွန်နိုင်ငံအတွင်း ပထမဆုံးအခြေချနေထိုင်ခဲ့သူတွေကတော့ Pygmy လူမျိုးစုတွေ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ယင်းအရပ်ကိုပြောင်းရွေ့နေထိုင်လာတဲ့ Bantu မျိုးနွယ်စု တွေနဲ့ပေါင်းစည်းနေထိုင်ပြီး အင်အားကြီးမားလာခဲ့ပါတယ်။

(၁၅)ရာစုလောက်မှာတော့ ပေါ်တူဂီစူးစမ်းရှာဖွေရေးသမားတွေနဲ့ ကုန်သည်တွေဟာ ဂါဘွန်ဧရိယာအတွင်းရောက်ရှိလာခဲ့ပြီးနောက်မှာတော့ ဂါဘွန်ကမ်းရိုးတန်းဒေသတွေ ကတိုင်းရင်းသားတွေကို ကျွန်အဖြစ်သတ်မှတ်ပြီး ဥရောပကိုပို့ဆောင်တဲ့ ဖြစ်စဉ်တွေ ဖြစ်လာခဲ့ပါတယ်။ (၁၆)ရာစုရောက်ချိန်မှာတော့ အခြားဒတ်ခ်ျ၊အင်္ဂလိပ်၊ပြင်သစ် လူမျိုး ကုန်သည်တွေပါဆက်တိုက်ရောက်ရှိလာခဲ့ပြီး ဂါဘွန်ကမ်းရိုးတန်းဒေသဟာ အလွန်ကြီး မားတဲ့ ကျွန်ဈေးကွက်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ရပါတယ်။

(၁၈၃၉)ခုနှစ်နဲ့ (၁၈၄၁)အချိန်တွေမှာတော့ ပြင်သစ်တွေဟာ ဂါဘွန်ကမ်းရိုးတန်းဒေသ ကိုသူတို့ရဲ့ နေရာအဖြစ် သတ်မှတ်အုပ်ချုပ်ခဲ့ပါတယ်။ ပြင်သစ်တွေဟာ တဖြည်းဖြည်းနဲ့ ဂါနာနိုင်ငံအတွင်းပိုင်းကို နယ်ချဲ့လာခဲ့ပြီး (၁၈၆၂) ကနေ (၁၈၈၇) ကာလတွေမှာတော့ ဂါနာနိုင်ငံတစ်နိုင်ငံလုံးကို ပြင်သစ်ကိုလိုနီနယ်မြေအဖြစ် အုပ်ချုပ် ခဲ့ပါတယ်။ (၁၉၁၀)ခုနှစ်မှာတော့ ဂါဘွန်နိုင်ငံကိုပြင်သစ်တွေက တန်းတူညီတဲ့အုပ်ချုပ်ရေးစနစ် သစ်တစ်ခုနဲ့ သတ်မှတ်အုပ်ချုပ်ပေးခဲ့ပြီး နောက်ထပ်နှစ်(၅၀)အကြာမှာတော့ ဂါဘွန်နိုင်ငံဟာ လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။

(၁၉၉၀)ကာလ အစောပိုင်းကတည်းက ဂါဘွန်နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စတင်အုပ်ချုပ်ခဲ့ပြီး ရွေးကောက်ပွဲများစွာကိုကျင်းပခဲ့ပြီး ပါတီများစွာက အစိုးရအသစ်အဖွဲ့များစွာပေါ်ပေါက်အုပ်ချုပ်ခဲ့တာ ယနေ့အချိန်ထိဖြစ်ပါတယ်။ သို့သော်ငြားလည်း နိုင်ငံရဲ့အာဏာကို အဓိကထိန်းချုပ်ထားသူများမှာ ဘွန်ဂိုမိသားစု ဖြစ်ပါတယ်။ လက်ရှိသမ္မတ အလီ ဘွန်ဂိုဟာ သူ့ ဖခင်ကွယ်လွန်ချိန် ၂၀၀၉ ခုနှစ်ကတည်းက အာဏာကို ချုပ်ကိုင်ကာ သမ္မတနေရာကို ရယူထားသဖြစ်ပါတယ်။ သူ့ဖခင်ဟာ နိုင်ငံကို ၄၂ နှစ်တိုင် အုပ်ချုပ်သွားခဲ့သူဖြစ်ပါတယ်။ နိုင်ငံထွက် သယံဇာတများကို လက်ဝါးကြီးအုပ်ထားမှုကြောင့် ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းမှာ စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပဲ အာဏာသိမ်းအဖွဲ့မှ လူ ၂ဦး သေဆုံးခဲ့ပါတယ်။

စီးပွားရေး ၊ ပညာရေး

ဂါဘွန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းကတော့ ရေနံတူးဖော်တဲ့လုပ်ငန်းဖြစ်ပြီး (၁၉၇၀) လောက်ကတည်းက ဂါဘွန်ရဲ့ကမ်းခြေဒေသတွေမှာ ရေနံကိုစတင်တွေရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါအပြင် ကျွန်းသစ်ထုတ်လုပ်တဲ့လုပ်ငန်း၊ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းတွေဟာလည်း ဂါဘွန်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအဓိကရနေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဂါဘွန်နိုင်ငံသားတစ်ဦးချင်းစီရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေက အမေရိကန်ဒေါ်လာ ၁၈၆၄၇ ဖြစ်ပါတယ်။

ဂါဘွန်နိုင်ငံရဲ့နှစ်စဉ်ဝင်ငွေ ပမာဏဟာ အိမ်နီးချင်းအာဖရိကနိုင်ငံတွေထက် (၄)ဆ လောက်ရှိနေပါတယ်။ ဒါကြောင့် အစိုးရကအဓိကဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်ကိုအလွန်အကျူး မှီခိုအားထားနေရတဲ့ လူအဖွဲ့အစည်းလျော့ချရေးနဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် တွေမှာ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဂါဘွန်နိုင်ငံအစိုးရကတော့ သမိုင်းတစ်လျှောက် ယဉ်ကျေးမှုအစဉ်အလာ ကြီးမားလွန်းတဲ့ ဂါဘွန်နိုင်ငံတစ်နိုင်ငံလုံးစာတတ်မြောက်ရေးနဲ့ ယဉ်ကျေးမှုထိန်းသိမ်း ရေးလုပ်ငန်းတွေကို (၂၁)ရာစုအတွင်း အလျှင်အမြန်မြှင့်တင်နေခဲ့တာကိုတွေ့ရပါတယ်။ တက္ကသိုလ်ပေါင်းများစွာ ရှိတဲ့အနက် အကြီးဆုံးတက္ကသိုလ်ကတော့ မြို့တော် Libreville မှာရှိတဲ့ Omar Bongo တက္ကသိုလ်ဖြစ်ပြီး ၁၉၇၀ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဂါဘွန်နိုင်ငံရဲ့ အရွယ်ရောက်ပြီးသူ စာတတ်မြောက်နှုန်းက ၈၃.၂% ပဲ ရှိပါတယ်။

ဘသာရေး ၊ ရိုးရာ

ဂါဘွန်နိုင်ငံရဲ့ အဓိက ကိုးကွယ်တဲ့ဘာသာကတော့ ခရစ်ယာန်ဘာသာဖြစ်ပြီး Bwiti၊ Islam နဲ့ ဒေသခံ Animistic ဘာသာကိုးကွယ်သူတွေလည်းရှိပါတယ်။ Mask making(မျက်နှာဖုံးဝတ်ဆင်ခြင်း)နဲ့ မျက်နှာမှာဆေးရောင်စုံ ခြယ်သလေ့ရှိတဲ့ ritual face paint တို့ဟာ ဂါဘွန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုပုံစံဖြစ်ပြီး ဘိုးဘေးဘီဘင် တွေကိုချီးမြှောက်တဲ့အခမ်းအနားနဲ့ ဘဝနဲ့ချီပြီးအရေးပါတဲ့ ဆုတောင်းခြင်းအခမ်းအနား တွေမှာ ဝတ်ဆင်ခြယ်သ လေ့ရှိပါတယ်။

ဒါအပြင်နာရေးအခမ်းအနား၊အိမ်တက်အခမ်းအနား၊ တွေမှာပါ မျက်နှာဖုံးနဲ့ မျက်နှာဆေးခြယ်တဲ့အလေ့ကိုပြုလုပ်ကြပြီး နောက်ပိုင်းမှာတော့ ခေတ်နဲ့အညီ ဆန်းပြားတဲ့ပုံစံတွေကို တီထွင်သုံးစွဲလာကြပါတယ်။ ဒီလိုမျက်နှာဖုံးနဲ့ မျက်နှာဆေးခြယ်ခြင်းကိုပြုလုပ်ခြင်းအားဖြင့် ဘိုးဘေးစဉ်ဆက်ယဉ်ကျေးမှု အမွေအနှစ် ကိုထိန်းသိမ်းရာ ရောက်သလို စိတ်ဝိညဉ်ကိုလည်း အားအင်သစ်တွေဖန်တီးပေးနိုင် တယ်လို့ ဂါဘွန်နိုင်ငံသားတွေက ယုံကြည်ကြပါတယ်။

သုတဇုန်

One thought on “ဂါဘွန်နိုင်ငံ အကြောင်း သိကောင်းစရာ

Leave a Reply