ဥရောပရဲ့ ပန်းဥယျာဉ်ကြီး (သို့) နယ်သာလန်ရဲ့ အထင်ကရနေရာတစ်ခု

Posted on

Garden of Europe လို့လူသိများကြတဲ့ Keukenhof ရုက္ခဗေဒ ပန်းဥယျာဉ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးဥယျာဉ်စာရင်းမှာတစ်ခုအပါအဝင်ဖြစ်ပြီး နယ်သာလန် နိုင်ငံ၊South Holland ပြည်နယ် Lisse မြို့မှာတည်ရှိပါတယ်။

Keukenhof ဆိုတာ ကတော့ အင်္ဂလိပ်ဘာသာနဲ့ Kitchen Garden လို့အဓိပ္ပါယ်ရပြီး နှစ်စဉ်အရောင်အသွေး စုံလင်တဲ့ပန်းမျိုးပင် (၇)သန်းနီးပါး ဖူးပွင့်ကြပါတယ်။ Keukenhof ပန်းဥယျဉ်ရဲ့ အကျယ် အဝန်းကတော့ ၃၂ hectares (၇၉ ဧက)လောက်ကျယ်ဝန်းပြီး နယ်သာလန်နိုင်ငံမှာ တော့ အလှပဆုံးနဲ့အကျယ်ဆုံး ရုက္ခဗေဒပန်းဥယျာဉ်ကြီး ဖြစ်ပါတယ်။

Keukenhof ဥယျာဉ်ကို နှစ်စဉ် မတ်လအလယ်လောက်ကနေစတင်ပြီး မေလအဘယ်လောက်အထိ ဖွင့်လှစ်လေ့ရှိပါတယ်။ ဒီဥယျာဉ်ရဲ့အလှဆုံးသောအချိန်ကတော့ ဧပြီလအလယ်ပိုင်း ကာလတွေဖြစ်ပြီး ရာသီဥတုအခြေအနေပ်ါမူတည်ပြီး လှပတဲ့ပန်းရောင်စုံတွေဟာ အပြိုင်အဆိုင်ဖူးပွင့်ကြပါတော့တယ်။

(၁၅)ရာစုလောက်ကတော့ Keukenhof ဟာ စားကျက်မြေတစ်ခုအဖြစ်နဲ့သာ ရှိနေသေးပြီး Keukenhof အမည်ရတဲ့ ပရဆေးပင်များစွာ ပေါက်ရောက်ရာ အရပ်ဒေသဖြစ်ခဲ့ပါတယ်။  ဒီပရဆေးတွေကိုတော့ ဟော်လန်နိုင်ငံရဲ့ နာမည်ကျော်ရဲတိုက်တစ်ခု ဖြစ်တဲ့ hainaut မြို့စားကတော် Jacqueline ရဲ့ရဲတိုက်က စားဖိုဆောင်မှာအသုံးပြုခဲ့ပါတယ်။မြို့စားကတော်ကွယ် လွန်ချိန်မှာတော့ သူကြွယ်ကုန်သည်အချို့ဟာ စားကျက်မြေအဖြစ်သာရှိသေးတဲ့ Keukenhof မြေနေရာမှာပန်းပင်နဲ့ပရဆေးမျိုးစိတ်အချို့ကို Jacqueline ရဲတိုက်ကနေ ယူဆောင်လာခဲ့ပါတယ်။

(၁၆၄၁)ခုနှစ်ရောက်ချိန်မှာတော့ ဒတ်ခ်ျအရှေအိန္ဒိယ ကုမ္ပဏီရဲ့အုပ်ချုပ်သူဖြစ်တဲ့ Adriaen Maertensz Block ဆိုသူဟာ တာဝန်ကနေ အနားယူပြီးတဲ့နောက်မှာတော့ ဒီစားကျက်မြေကို ဥယျာဉ်တစ်ခုပုံစံဖြစ်အောင် ဦးဆောင်တည်ဆောက်ခဲ့ ပါတယ်။

ဒါပေမဲ့ ပန်းဥယျာဉ်အဖြစ်နဲ့တော့ (၁၉၄၉) ခုနှစ်ရောက်မှဖွင့်လှစ်ပေးနိုင်ခဲ့ပြီး Lisse မြို့တော်ဝန်ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ အများပြည်သူအပန်းဖြေ အနားယူစေနိုင်ရန်နဲ့ နယ်သာလန် အပါအဝင် ဥရောပတစ်လွှားက ပန်းမျိုးစိတ်တွေကို မျိုးစပ်ပြီး ပြည်ပကိုတင်ပို့ရောင်းချလိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း နယ်သာလန်ဟာ ကမ္ဘာပေါ်မှာ အလှပန်းတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံ အဖြစ်လည်းရပ်တည်နေပါတယ်။ Keukenhof ရုက္ခဗေဒ ပန်းဥယျာဉ်ဟာ ဥယျာဉ်ပတ်လမ်းနဲ့ခင်းကျင်းပြသ ထားတဲ့ပန်း မျိုးစိတ်တွေရဲ့ ဒီဇိုင်းတွေကအစ အခြားသောနာမည်ကျော်ပန်းဥယျာဉ်တွေနဲ့ ကွဲပြားမှုအတော်တော်များများရှိနေတာကိုလည်းတွေ့ရှိရပါတယ်။

ယင်းအချက်တွေအနက်မှာတော့ Keukenhof ဥယျာဉ်ရဲ့ပတ်လမ်းဟာ(၉.၃)မိုင်လောက် ရှည်လျားတယ်ဆိုတဲ့ အချက်လည်း ပါဝင်ပြီး ဥယျာဉ်အတွင်းမှာတော့ အများစီးစက်တပ်ယာဉ်ငယ်တွေ ပြေးဆွဲပေးလေ့ရှိပါတယ်။ နာမည်ကျော်သမိုင်းဝင်ဥယျာဉ်အတော်များများကအလုံပိတ်တွေဖြစ်ပြီး များစွာသော ပန်းခင်းတွေကိုတည်နေရာအလိုက်ခင်းကျင်းပြသထားလေ့ရှိပါတယ်။

သဘာဝပန်းဥယျာဉ်တွေမှာတော့ရေပန်းဥယျာဉ်တွေကိုပါလည်းပေါင်းစပ်တည် ဆောက်ထားလေ့ရှိပြီး ချုံနွယ်အချို့နဲ့ နှစ်တို ပင်အချို့လည်း အလှပန်းပင်တွေရဲ့ အကြားမှာ ရောစပ်ပေါက်ရောက်လျက်ရှိပါတယ်။ ဂျပန်နိုင်ငံက ဥယျာဉ်အများစုကတော့ ရှေးရိုးပုံစံတွေကနေ ခွဲထွက်ပြီး သဘာဝပတ်ဝန်း ကျင်ကိုအလေးပေးတဲ့ပုံစံနဲ့ တည်ဆောက်လာကြတာကို လည်းတွေ့ရပါတယ်။

Keukenhof ပန်းဥယျာဉ်ထဲမှာ Tulip ပန်းမျိုးစိတ်ပေါင်း ၈၀၀ ကျော်ကို စိုက်ပျိုးထားပေမယ့် အခြားဥယျာဉ်လိုတော့ အလွန်ရှည်လျားတဲ့ tulip တန်းကြီးတွေကို မြင်တွေ့ရမှာတော့မဟုတ်ပါဘူး။ ကျူလစ်တန်းကြီးတွေကို ဥယျာဉ်ရဲ့ အပြင်ဘက်မှာသာ စိုက်ပျိုးထားကိုတွေ့ရပြီး Keukenhof ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တော့ သတ်မှတ်ခြင်းတော့ မခံရပါဘူး။ ပန်းပြပွဲအချိန်ရောက်တဲ့အခါမှာတော့ အပြင်မှာ ရှိတဲ့များစွာသော ကျူးလစ်ပင်တွေရဲ့ အလှဟာ လူတွေရဲ့ဘဝင်ကိုစွဲ ညိစေမှာပဲ ဖြစ်ပါတယ်။

Keukenhof ပန်းဥယျာဉ်ကို နှစ်စဉ် မတ်လ(၂၂)ရက်နေ့က မေလ(၁၃)ရက်နေ့အထိ ဖွင့်လှစ်ပေးလေ့ရှိပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ပန်းပြပွဲတွေကိုတော့ ဧပြီလ တတိယအပတ်လောက်မှာကျင်းပလေ့ရှိပြီး (၂၀၁၈)ခုနှစ်အတွက်ကိုတော့ ကျန်ခဲ့တဲ့ ဧပြီလ(၂၁)ရက်နေ့က ခင်းကျင်းပြသခဲ့ပြီးလည်းဖြစ်ပါတယ်။

ဒါအပြင် ရာသီလိုက်ပွဲ တော်တွေကိုလည်း ဒီဥယျာဉ်အတွင်းမှာပဲ အသစ်သစ်သောအစီစဉ်တွေနဲ့ လက်ခံကျင်းပပေးလေ့ရှိပါတယ်။ Keukenhof ပန်းဥယျာဉ်နဲ့ ပူးတွဲပါရှိတဲ့ Keukenhof ရဲတိုက်ကိုတော့ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထားပြီး ခရစ်စမတ်ပွဲတော်စတဲ့ အထိမ်းအမှတ်ပွဲတော်တွေကို လက်ခံ ကျင်းပပေးလေ့ရှိပါတယ်။ ဒါအပြင် တေးဂီတဖျော်ဖြေပွဲတွေကိုလည်း ဒီရဲတိုက်မှာပဲ လက်ခံကျင်းပလေ့ရှိပါတယ်။

(၂၀၁၇)ခုနှစ်က မှာတော့ Keukenhof ဥယျာဉ်ကို လာရောက်လည်ပတ် သူ(၁.၄)သန်းလောက်ရှိခဲ့ပြီး (၂၀)ရာခိုင်နှုန်းလောက်ကတော့ ဟော်လန် နိုင်ငံသားတွေဖြစ်ကြပါတယ်။ ကျန်(၈၀)ရာခိုင်နှုန်းလောက်ကတော့ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စု၊ ဘယ်ဂျီယံနိုင်ငံနဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် Keukenhof ဥယျာဉ်ကို ကမ္ဘာတစ်ဝှမ်းကလည်း စိတ်ပါဝင်စားလျက်ရှိတယ် အချက်ကိုတွေ့ရှိရပြီး နိုင်ငံဝင်ငွေတစိတ်တစ်ပိုင်းကိုလည်း ရရှိစေတဲ့အတွက်ကြောင့် ဟော်လန်အစိုးရကလည်း Keukenhof ပတ်သက်ပြီး လိုအပ်တဲ့ အပိုင်းတွေကိုဆက်လက်မြှင့်တင် လျက်ရှိပါတယ်။

VIDEO

Leave a Reply