လူသိနည်းတဲ့ မျောက် ၅ မျိုး အကြောင်း

Posted on

မျောက်လို့ ဆိုလိုက်ရင် ကျွန်တော်တို့ အများစု သိကြတာက အမျိုးအစား ၁၀ မျိုး ၀န်းကျင်ဖြစ်ပေမယ့် တကယ်က မျောက်အမျိုးအစားပေါင်းက ၂၆၀ ကျော် ရှိပါတယ်။ မြင်ဖူးတာလည်း ရှိနိုင်သလို မမြင်ဖူးတဲ့မျောက်ကတော့ ပိုများမှာပါ။ ဒီတစ်ခါတော့ အဲဒီမျောက်အမျိုးအစား အများကြီးထဲက စိတ်ဝင်စားဖွယ် မျောက် ၅ မျိုးရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေတွေထံ မျှဝေချင်ပါတယ်။

၁။ François’ langur

ရှေးကျတဲ့မျောက်မျိုးနွယ်ထဲမှာ ပါဝင်တဲ့ဒီမျောက်တွေကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နဲ့ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ဖက်တို့မှာ အများဆုံးတွေ့ရတတ်ပါတယ်။ အများဆုံး တွေ့တယ်လို့ ဆိုပေမယ့် မျိုးတုံးတော့မယ့် အရေးနဲ့ ကြုံနေတဲ့ ရှားပါးမျောက်တွေဖြစ်ပါတယ်။ ဗီယက်နမ်မှာ အကောင် ၅၀၀ ခန့် နဲ့ တရုတ်မှာတော့ အကောင် ၁၅၀၀ ၀န်းကျင်ခန့်သာ ကျန်ရှိတော့ပါတယ်။ ဒီမျောက်တွေရဲ့နာမည်ကိုတော့ တရုတ်တောင်ပိုင်းမှာ တာဝန်ကျခဲ့တဲ့ ပြင်သစ်ကောင်စစ်ဝန် Auguste François ရဲ့ အမည်ကိုပေးထားခြင်းဖြစ်ပါတယ်။

ဒီမျောက်တွေဟာ အရွယ်အစားအားဖြင့် အလျား ၂ပေ ၀န်းကျင်ခန့်ရှိပြီး ၁၅ပေါင်ခန့် အလေးချိန်ရှိပါတယ်။ အမြီးကတော့ ခန္ဓာကိုယ်ရဲ့ ၁ဆခွဲ ၃ပေ လောက်ရှည်တဲ့အတွက် အမြီးရှည်မျောက်လို့ ခေါ်ရင်လည်း မမှားပါဘူး။ တစ်နေ့လုံး ပုန်းအောင်းအနားယူနေတတ်ကြပြီး ညဘက်ရောက်မှ အစာရှာထွက်လေ့ရှိတဲ့ မျောက်မျိုးပါ။ ၄ကောင်ကနေ အကောင် ၃၀လောက်အထိ အုပ်စုဖွဲ့နေတတ်ကြပါတယ်။ အရွယ်ရောက်ပြီးမျောက်တွေရဲ့ ပုံသဏ္ဍာန်က ထူးခြားပြီး ခန္ဓာကိုယ်မည်းနက်တဲ့ အရောင်ရှိပေမယ့် မွေးကင်းစ မျောက်ကလေး တွေရဲ့ အရောင်ကတော့ အ၀ါရောင်ဖြစ်နေတာ သူ့ရဲ့ထူးခြားချက်ပါ။

၂။ Proboscis Monkey

ဒီမျောက်တွေကိုတော့ နှာခေါင်းရှည်မျောက်လို့ အလွယ်ခေါ်ကြပါတယ်။ မြင်ရတဲ့အတိုင်း ရှည်လျားကြီးမားတဲ့ နှာခေါင်းကို ပိုင်ဆိုင်ထားတဲ့ မျောက်မျိုးဖြစ်ပါတယ်။ မလေားရှား ၊ ဘရူနိုင်း နဲ့ အင်ဒိုနီးရှားဘော်နီယိုကျွန်းမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ အင်ဒိုနီးရှားတွေကတော့ ဒီမျောက်တွေကို ဒတ်ခ်ျမျောက်လို့ ခေါ်ကြပါတယ်။ ကိုလိုနီချဲ့ခဲ့တဲ့ ဒတ်ခ်ျလူမျိုးတွေရဲ့ ဗိုက်ပူပြီး နှာခေါင်းကြီးတဲ့ပုံစံ နဲ့ ဒီမျောက်တွေရဲ့ပုံစံ အတူတူပဲလို့ ဆိုပြီး ဒီနာမည်ကိုခေါ်ခဲ့ကြတာပါ။

အများအားဖြင့် ခန္ဓာကိုယ် အလျား ၂ပေ ခွဲခန့်ရှိပြီး အလေးချိန်ကတော့ ပေါင် ၅၀ ကျော်လေးပါတယ်။ အထီးတွေက အမတွေထက် နှစ်ဆခန့် အကောင်ကြီးတတ်တဲ့အပြင် နှာခေါင်းကလည်း အမတွေထက် ပိုမိုရှည်လျား ကြီးထွားကြပါတယ်။ နှာခေါင်းရှည်ချက်က ၇လက်မခန့် အထိရှိတတ်ပြီး ဒီရှည်တဲ့နှာခေါင်းဟာ အမတွေကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ ဒီမျောက်တွေဟာ ရေကူးကျွမ်းတဲ့မျောက်တွေဖြစ်ပြီး ကျွန်းတစ်ကျွန်းကနေ အခြားတစ်ကျွန်းကို အလွယ်တကူပဲကူးခတ်သွားနိုင်ကြပါတယ်။ ယနေ့မှာတော့ ဒီမျောက်အရေအတွက်ဟာ အကောင် ၁၀၀၀ ၀န်းကျင်ခန့်သာကျန်ရှိနေတာဖြစ်ပြီး အင်ဒိုအစိုးရက အထူးကာကွယ်ပေးထားပါတယ်။

၃။ Red-shanked douc

ဗီယက်နမ် ၊ လာအို နဲ့ ကမ္ဘောဒီးယားတို့မှာ နေထိုင်တဲ့မျောက်မျိုးနွယ်ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ် မတိုင်ခင်အထိ ဒီမျောက်တွေအကြောင်းကို လူတွေမသိခဲ့ကြပါဘူး။ ဗီယက်နမ်တွေကတော့ Vooc Ngu Sac လို့ဒီမျောက်တွေကို ခေါ်လေ့ရှိကြပြီး အဓိပ္ပါယ်ကတော့ အရောင်း ၅မျိုးရှိတဲ့မျောက်ပါတဲ့။

မြေပြန့်ဒေသမှာသာမက ပေ ၆၆၀၀ ခန့်မြင့်တဲ့ တောင်တန်းဒေသတွေမှာပါ နေထိုင်လေ့ရှိတဲ့မျောက်မျိုးပါ။ သစ်ပင်ပေါ်မှာရော မြေပြင်ပေါ်မှာရော ကျက်စားတတ်ကြပါတယ်။ ဒီမျောက်တွေကတော့ ခန္ဓာကိုယ်အရွယ်အစား ၂ပေခန့်ရှိပြီး အလေးချိန်ကတော့ ၂၄ပေါင်ခန့် လေးပါတယ်။ ဒီမျောက်ကိုတော့ မျောက်တွေထဲမှာ အရောင်အစုံဆုံးမျောက်လို့ နာမည်ပေးရပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ဒီမျောက်တွေဟာ အရေအတွက်အားဖြင့် အကောင် ၁၆၀၀ ခန့် ကျန်ရှိနေပါသေးတယ်။

၎။ Hamadryas baboon

ဒီမျောက်တွေကတော့ အီသီယိုးပီးယား ၊ ဆိုမာလီယာ ၊ ဆော်ဒီအာရေဗျ နဲ့ ယီမင် အစရှိတဲ့ အာဖရိကအရှေ့ပိုင်း နဲ့ အာရေးဘီးယန်းကျွန်းဆွယ်ဒေသတွေမှာအဓိကတွေ့ရတတ်တဲ့ baboon မျိုးနွယ်ဝင် မျောက်တွေ ဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်တွေဟာ ဒီမျောက်တွေကို ကြောက်ရွံကြပြီး ကိုးကွယ်ကြတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်။

အရွယ်အစားအားဖြင့် အထီးတွေက ခန္ဓာကိုယ်အလျား ၂ပေခွဲခန့်ရှိပြီး အလေးချိန်ပေါင် ၆၀ ခန့် အထိ ရှိတတ်ပြီး အမတွေကတော့ အထီးတွေရဲ့ တစ်ဝက်ခန့်သာ ခန္ဓာကိုယ်အရွယ်အစား ရှိပါတယ်။ အမတွေရော အမတွေမှာပါ အညိုရောင် (သို့) မီးခိုးဖျော့ရောင် အမွှေးများကို ပိုင်ဆိုင်ထားပါတယ်။ အမတွေက ပုံမှန်မျောက်တွေနဲ့ ပုံစံတူပေမယ့် အထီးတွေကတော့ ခေါင်းနဲ့ ခန္ဓာကိုယ်မှာ အလွန်ထူထဲများပြားတဲ့ အမွှေးတွေရှိနေပါတယ်။

၅။ Spider monkey

ပင့်ကူမျောက်လို့ခေါ်ရတာကတော့ ဒီမျောက်တွေရဲ့ ခြေလက်တွေဟာ အလွန်ရှည်လားပြီး လှုပ်ရှားတဲ့အခါမှာ ပင့်ကူတစ်ကောင်နဲ့ ပိုတူလို့ ဖြစ်ပါတယ်။ ဒီမျောက်တွေကို ဘရာဇီး နဲ့ မက္ကဆီကို က အပူပိုင်းသစ်တောတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။ သစ်တောတွေထဲက အမြင့်ဆုံးသစ်ပင်တွေမှာ နေတတ်ကြပြီး သူတို့နေလေ့ရှိတဲ့အပင်တွေက အနည်းဆုံး အမြင့်ပေ ၈၀ ခန့်ရှိတတ်ပါတယ်။

ခန္ဓာကိုယ်အရွယ်အစားအားဖြင့်တော့ အရှည် ၃ပေခန့်ရှိပြီး အလေးချိန် ၂၅ပေါင်ခန့် ရှိတတ်ပါတယ်။ ဒီမျောက်တွေရဲ့လက်မှာ လက်မ မပါရှိပဲ လိုသလိုကွေးနိုင်တဲ့ လက်ချောင်း ၄ချောင်းပဲ ရှိပါတယ်။ ဒီမျောက်တွေဟာ အသိုက်အ၀န်းနဲ့ နေလေ့ရှိတဲ့မျောက်တွေဖြစ်ပါတယ်။ မတူညီတဲ့ မျောက်အဖွဲ့ ၂ဖွဲ့ ဆုံတဲ့အခါမျိုးမှာ တိုက်ခိုက်ရန်စောင်ကြခြင်းမျိုး မရှိပဲ ချစ်ခင်ရင်းနှီးစွာနေတတ်လေ့ရှိတဲ့ ထူးထူးခြားခြား မျောက်မျိုးတွေဖြစ်ပါတယ်။

သုတဇုန်

One thought on “လူသိနည်းတဲ့ မျောက် ၅ မျိုး အကြောင်း

  1. မြန်မာနိုင်ငံက မျောက်မျိုးစိတ်တွေအကြောင်းလဲ တင်ပေးပါဦးခင်ဗျ

Leave a Reply