၂၀၁၉ခုနှစ်ရဲ့ ကမ္ဘာ့အမြန်ဆုံး ကား(၁၀)စီး

Posted on

မျက်မှောက်ခေတ်ကာလရေစီးကြောင်းနဲ့အညီ များစွာသော လူစီးကားများစွာကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိနေပါတယ်။ တန်ဖိုးကြီးလူအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ မော်တော်ကားတွေရဲ့ အနေအထားဟာ တန်ဖိုးကြီးလူအသိုင်းအဝိုင်းရဲ့ အမှတ်အသားလို ဖြစ်နေခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းကားထုတ်လုပ်ရောင်းချရေး ဈေးကွက်ဟာ ခိုင်မာသထက်ခိုင်မာလာတာကို တွေ့ရမှာပါ။ များစွာသော ဝယ်လိုအား ဈေးကွက်အတွင်းမှာ ကားထုတ်လုပ်ရေးကုမ္ပဏီတွေကလည်း သူ့ထက်ငါအပြိုင် နည်းပညာမြင့်ကားတွေကို ထုတ်လုပ်ရောင်းချလျက်ရှိနေပါတယ်။

မော်တော်ကားတွေဟာ လျှင်မြန်စွာအရှိန်နှင့်မောင်းနှင်နိုင်မှု၊ ပေါ့ပါးကျစ်လစ်ပြီး ကားရဲ့ ဘောဒီပိုင်းခိုင်မာမှု၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချပေးနိုင်မှုအပေါ် ကိုမူတည်ပြီး သက်ဆိုင်ရာ ဈေးကွက်အလိုက် အတန်းအစားခွဲခြားလေ့ ရှိပါတယ်။ ဒီနေရာမှာ မျှဝေပေး ချင်တာကတော့ The Mysterious World ၀ဘ်ဆိုဒ်မှာဖော်ပြထားတဲ့ ကမ္ဘာပေါ်မှာနောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ မြန်နှုန်း မြင့်ကား(၁၀)စီးရဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။

(၁၀) Fenyr Supersport Lykan

ဒူဘိုင်းအခြေစိုက်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ W Motors ရဲ့ Fenyr Supersport Lykan ဟာတစ်နာရီကို (၂၄၅) မိုင်အထိရောက်အောင် မောင်းနှင်နိုင်ပါတယ်။ ဒီကုမ္ပဏီရဲ့ မူလကတော့ လက်ဘနွန်နိုင်ငံကနေဖြစ်ပြီး၊လက်ဘနွန်စီးပွားရေးအုပ်စုကထုတ်လုပ် တဲ့ပထမဆုံးသော ပြိုင်ကားပုံစံအမျိုးအစားလည်း ဖြစ်ပါတယ်။ ယခင်ကတည်းက W Motors ဟာအရှေ့အလယ်ပိုင်ေးဒသမှာ ကားထုတ်လုပ်ရေးလုပ်ငန်းကို နှစ်ကာလများစွာ အခြေချလုပ်ကိုင်နေပြီး ကမ္ဘာကားဈေးကွက်အထိ ခိုင်မာတဲ့ ဈေးကွက်တစ်ခုကို ပိုင်ဆိုင် ထားပါတယ်။ ယင်းကနေ ထုတ်လုပ်ရေးနည်းပညာတွေ ကိုတစ်ဆင့်မြှင်တင်လာခဲ့ပြီး (၂၀၁၃)ခုနှစ်မှာတော့ Fenyr Supersport Lykan Supersport ကိုကမ္ဘာကားဈေးကွက်အတွင်း ဖြန့်ချီမဲ့အကြောင်း ကုမ္ပဏီက စတင်အတည်ပြုပေးခဲ့ပါတယ်။

Fenrir အုပ်စုဝင် ဒီပြိုင်ကားကိုတော့ ရှေးစကင်ဒီနေးဗီးယဲန်ကာလက ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်သဏ္ဍာန်ပုံဖော်ထားပါတယ်။ Fenyr Supersport Lykan ပြိုင်ကား မှာ Twin-turbocharged စနစ်သုံးထားပြီး (4.0-liter) ရှိတဲ့အင်ဂျင်ဟာ မြင်းကောင် ရေ (900)hp အထိစွမ်းအင်ထုတ်ပေးနိုင်ပါတယ်။ ဒီပြိုင်ကားဟာ တစ်နာရီမိုင်(၆၀) နှုန်းကို အချိန်(၂.၇)စက္ကန့်အတွင်း ရောက်အောင် အရှိန်တင်မောင်းနှင်နိုင်ပြီး တစ်နှစ်ကို အစီးရေ(၂၅)စီးသာ အကန့်အသက် နဲ့ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။

ဒီပြိုင်ကားအမျိုးအစားတွေပုံစံတွေဟာ အဓိကကတော့ ဝယ်ယူသုံးစွဲတဲ့သူတွေရဲ့ ဇိမ်ခံပစ္စည်း တစ်ခုအနေနဲ့ အကောင်းဆုံးအသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ တစ်နာရီကိုအမြန်ဆုံး (၂၄၆) မိုင် အထိမောင်းနှင်နိုင်တဲ့ Fenyr Supersport Lykan ပြိုင်ကား ရဲ့အလေးချိန်ဟာ (၂၆၄၆)ပေါင်ရှိပြီး (၂၀၁၅)ခုနှစ်အတွင်းက ကျင်းပ ပြီးစီးခဲ့တဲ့ Fenyr Supersport Lykan Supersport Even မှာတရားဝင် စတင်ရောင်းချ ပေးခဲ့ပါတယ်။

(၂၀၁၇)ခုနှစ်မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ Fenyr Supersport Lykan ရဲ့အစိတ်အပိုင်းများစွာကို အဆင့်မြှင့်တင်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီကားဟာ (၂၀၁၉)ခုနှစ်အတွက် ကမ္ဘာအမြန်ဆုံးကား(၁၀)စီးစာရင်းမှာ နံပါတ်(၁၀) နေရာကနေ တစ်နာရီမိုင်(၂၄၆)မိုင်နှုန်းနဲ့ ပါဝင်လာခဲ့ပါတယ်။ W Motors ရဲ့ တာဝန်ရှိ သူတွေကတော့ Fenyr Supersport Lykanရဲ့နောက်ထပ် မျိုးဆက်တွေကို ဆက်တိုက် ထုတ်လုပ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ အတည်ပြုထားပါတယ်။

(၉) Saleen S7 Twin Turbo

များစွာသောအရည်အသွေးမြင့် ဇိမ်ခံကားစာရင်းမှာပါဝင်လာတာကတော့ Saleen S7 Twin Turbo ဖြစ်ပြီး အမေရိကန်အခြေစိုက် Saleenn Automotive Inc ကနေထုတ် လုပ်ထားတာ ဖြစ်ပါတယ်။ ဒီကားဟာအမေရိကန်ကထုတ်လုပ်တဲ့ တန်ဖိုးမြင့် ဇိမ်ခံကားတွေအနက်က ပထမဆုံး mid- engine ကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့ ကားလည်းဖြစ်ပါတယ်။ ကားရဲ့အင်ဂျင်ပါဝါကတော့ မြင်းကောင်ရေ(၇၅၀) အထိရှိပြီး တစ်နာရီမိုင်(၆၀)နှုန်းရရန်အတွက်(၂.၈) စက္ကန့်သာအချိန်ပေးရပြီး တစ်နာရီ (၂၄၈)မိုင် အထိရောက်အောင် အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။

ဒီကားရဲ့ထူးခြားချက်ကတော့ ပြိုင်ပွဲဝင်ပြိုင်ကားတွေရဲ့ နည်းပညာအတိုင်းထုတ်လုပ်ထား တာဖြစ်ပြီး ဇိမ်ခံပစ္စည်းများစွာကိုလည်းကားအတွင်းမှာ ထည့်သွင်းအသုံးပြုထားတာကြောင့် သုံးစွဲသူတွေအလွန်အကြိုက်တွေ့ရတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ Saleen S7ရဲ့ဖွဲ့စည်းတည်ဆောက်ပုံအတိုင်းအသုံးပြုထားတဲ့ ပြိုင်ကားများစွာဟာ ယနေ့နာမည် ကျော်ကားပြိုင်ပွဲတွေဖြစ်တဲ့ American Le Mans Series နဲ့ FIA GT Championship ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

Saleen S7ရဲ့ကိုယ်ထည်ကိုတော့ ကာဗွန်ဖိုင်ဘာကိုအသုံးပြုတည်ဆောက်ထားတာဖြစ်ပြီး aerodynamic (လေခွင်းအားသုံး) နည်းပညာနဲ့ တစ်ဟုန်ချင်းလျှင်မြန်စွာရွေလျားနိုင်တဲ့ နည်းပညာတွေ ကိုလည်းထည့်သွင်းအသုံးပြုထားတာကိုတွေ့ရပါတယ်။ ကားရဲ့အတွင်းပိုင်းမှာတော့ Leather နဲ့ Alumunum ကိုအဓိကထားတည်ဆောက်ထားတာဖြစ်ပြီး ကားပစ္စည်း သိုလှောင်ခန်း(၂)ခန်း၊ LCD Monitorနဲ့ mid-aligned မောင်းနှင်သူထိုင်ခုံတွေ အပြင် အခြားသောနည်းပညာမြင့် ဇိမ်ခံပစ္စည်းတွေထည့်သွင်းတည်ဆောက်ထားတာ ကိုလည်းတွေ့ရပါတယ်။

(၈) Telsa Roadster

အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် လျှပ်စစ်ကား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Telsa Incကထုတ်လုပ်တဲ့ Telsa Roadster ဟာ လည်း အမြန်ဆုံးကားစာရင်းမှာပါဝင်လာခဲ့ပါတယ်။ Telsa Inc ကထုတ်လုပ်တဲ့ ပြိုင်ကား ပုံစံကားတွေအနက်မှာတော့ Telsa Roadster ဟာ ဒုတိယမြောက် မျိုးဆက်ဖြစ်ပြီး တစ်နာရီမိုင်(၆၀)နှုန်းရရန်အတွက်(၁.၉) စက္ကန့်သာအချိန်ပေးရပါတယ်။ ကားထုတ် လုပ်သူတွေကတော့ Telsa Roadster ဟာ တစ်နာရီကို အမြန်ဆုံးနှုန်းနဲ့ မိုင်(၂၅၀) မောင်းနှင်နိုင်တယ်လို့ကြေငြာထားပြီး လျှပ်စစ်ဓာတ်အားအပြည့်သွင်းပြီးတိုင်း မိုင်ပေါင်း (၆၂၀)အထိ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

Telsa Roadster တွေဟာမူလကတည်းက စွမ်းဆောင်ရည်ကောင်းတွေကြောင့် နာမည် ကျော်ပြီးသား Lotus Elise ပြိုင်ကားတွေကို အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါအပြင် Telsa Roadster တွေကို semi-truck အဖြစ်အသုံးပြုနိုင်တဲ့ ဈေးကွက်ဝင် ကားတွေအဖြစ် ထုတ်လုပ်နိုင်ဖို့လည်း သက်ဆိုင်ရာထုတ်လုပ်သူတွေက ရည်မှန်းထား ကြတာလည်း ဖြစ်ပါတယ်။ ဒါကလည်း(၂၀၁၇)ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပတဲ့ Telsa ရဲ့ (၁၆)ကြိမ်မြောက် Telsa Semi Even မှာရှင်းလင်း ချပြခဲ့လို့ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာပဲ Telsa Roadster တွေကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၅၀၀၀၀) နဲ့ရောင်းချခဲ့သလို အခြားသောမော်ဒန်တွေအတွက် ကြိုတင်အော်ဒါတွေကို လက်ခံခဲ့ပါတယ်။

(၂၀၁၈)ခုနှစ် ဇွန်လမှာတော့ Telsa ရဲ့ CEOက SpaceX လို့အမည်ရတဲ့ မော်ဒန်မြင့် Roadster မျိုးဆက် ကားတစ်စီးကို အမေရိကန်ဒေါ်လာ (၂၅၀၀၀၀)နဲ့ စတင်ရောင်းချပေးမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ပေးရတဲ့ တန်ဖိုးနဲ့ထိုက်တန်တဲ့ ဝန်ဆောင်မှုတွေကို ဒီလျှပ်စစ်ကားအတွင်းမှာထည့်သွင်းပေးထားပြီး ကနဦးအနေနဲ့ အစီးရေ(၁၀၀၀)ထုတ်လုပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင် Roadster မျိုးဆက် နည်းပညာမြင့် လျှပ်စစ်ကားတွေကို Serie အလိုက်နှစ်စဉ်ထုတ်လုပ်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

(၇) Koenigsegg Regera

Supercar ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Koenigsegg Automotive AB ကနေထုတ်လုပ်တဲ့ Koenigsegg Regera ကိုတော့ (၂၀၁၅)ခုနှစ်က ဆွိဇာလန်နိုင်ငံ ဂျနီဖာကားပြပွဲမှာ စတင်ရောင်းချပေးခဲ့ပါတယ်။ ယင်းပြပွဲမှာတင် အကန့်အသတ်သာထုတ်လုပ်တဲ့ Koenigsegg Regeraကားအစီး(၈၀)လုံးရောင်းကုန် ခဲ့ပြီး တစ်စီးကိုရောင်းဈေးကတော့ အမေရိကန်ဒေါ်လာ (၁.၉)သန်းဖြစ်ပါတယ်။ Koenigsegg Regeraဟာ ဇိမ်ခံကားတစ်ဝက်ပြိုင်ကားကားတစ်ဝက်ပုံစံဖြစ်ပြီး တစ်နာရီကို အမြန်ဆုံးနှုန်းထားနဲ့ (၂၅၅)မိုင်အထိမောင်းနှင်နိုင်ပါတယ်။

ကားရဲ့အလေးချိန်ကတော့ (၃၅၁၀)ပေါင်နီးပါးရှိပါတယ်။ Christian von Koenigsegg ရဲ့အဆိုအရတော့ Koenigsegg Regeraကားတွေဟာ ကမ္ဘာပေါ်မှာထိပ်တန်းအဆင့်ရှိ တဲ့ Top gearကိုပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ ဒါအပြင်ကားရဲ့အောက်ခံထည်ကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ဆန်းသစ်ထားပြီး battery packကတော့ 9 KW အထိ ရှိပါတယ်။ Koenigsegg Regeraရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေကြောင့် တောင်တက်ခရီး တွေမှာတောင် လိုက်ပါစီးနင်းသူတွေအနေနဲ့ သက်သောင့်သက်သာဖြစ်နေမှာလည်း ဖြစ်ပါတယ်။ ကားရဲ့အင်ဂျင်ကိုတော့ (5.0-liter)ရှိတဲ့ twin turbo အင်ဂျင်တပ်ဆင်ထား ပြီး အင်ဂျင်ပါဝါကတော့ (1100bph) အထိရှိပါတယ်။

ဒါအပြင် Hydraulic pumping စနစ်သုံးတိုက်ရိုက်မောင်းနှင်တဲ့နည်းပညာကိုထည့်သွင်းထားတာကြောင့် သမရိုးကျ Gearbox စနစ်ကနေခွဲထွက်ပြီးကားရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေမှာပါ။ စက်ရုပ်ပုံဒီဇိုင်းရေးဆွဲထားတဲ့ Koenigsegg Regera မှာ ပုံစံ ၆ မျိုးနဲ့ ချိန်ညှိနိုင်တဲ့ လျှပ်စစ်ထိုင်ခုံ တွေပါဝင်တဲ့အပြင် တစ်နာရီကို(၆၂)မိုင်ရှိတဲ့ အမြန်နှုန်းရောက်ဖို့ (၂.၇) စက္ကန့်အချိန်သာရယူရပါတယ်။ အထက်ပါအချက်အလက်တွေကြောင့် Koenigsegg Regeraဟာ (၂၀၁၉)ခုနှစ်အတွက် အမြန်ဆုံးကားစာရင်းမှာပါဝင်လာခဲ့ပါတယ်။

(၆) SSC Ultimate Aero

SSC Ultimate Aeroကားကိုတော့ Shelby Supercars (SSC) အဖြစ်လူသိများပြီး (၂၀၀၇) ခုနှစ်အတွင်း SSC North America ကနေထုတ်လုပ်ခဲ့တာပါ။ SSC Ultimate Aeroဟာ တစ်နာရီကိုအမြန်ဆုံးနှုန်းထားနဲ့ မိုင်(၂၅၇)မိုင်လောက်မောင်းနှင် နိုင်မှာဖြစ်ပြီး နောက်ဆုံးပေါ်Veyronကားမျိုးဆက်တွေကို ဈေးကွက်အတွင်းမှာယှဉ်ပြိုင် နိုင်ဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

SSC Ultimate Aeroရဲ့အင်ဂျင်ပိုင်းမှာတော့ Twin- turbocharged V8 အင်ဂျင်ကိုတပ်ဆင်ထားပြီး အင်ဂျင်ရဲ့စွမ်းဆောင်ရည်က တော့ မြင်းကောင်ရေ (၁၂၈၇)hp ဖြစ်ပါတယ်။ အခြားနာမည်ကျော်ကားတွေနဲ့ ခြားနားနေတဲ့ အချက်ကတော့ ပါဝင်တဲ့ electronic driver ဟာ ကားရဲ့ power control စနစ်ကို အပြည့်အဝ အကူအညီပေးတာကြောင့် မောင်းနှင်ရာမှာတော့အဆင်ပြေလွယ်ကူစေမှာ ပါ။ SSC Ultimate Aeroရဲ့ဘော်ဒီပိုင်းကိုတော့ ကာဗွန်ဖိုင်ဘာနဲ့ တိုက်တန်နီယန်ကိုပဲ တစ်စီးလုံးကိုအသုံးပြုထားပြီး Enzo Ferrar ကားတွေလို butterfly doors တွေတပ်ဆင် ထားတဲ့အပြင် ပူးတွဲပါရှိတဲ့ Wind Tunnelတွေကြောင့်လည်း SSC Ultimate Aero ဟာမူလကထွက်ရှိပြီးသား မော်ဒန်တွေထက်ပိုမိုကောင်းမွန်ပါတယ်။

Ultimate AeroXT ကတော့ Ultimate Aeroရဲ့နောက်ဆုံးထွက်မျိုးဆက်တွေဖြစ်ပြီး နောက်ထပ် မော်ဒန်အသစ်ထွက်လာဖို့တော့ မရှိတော့ပါဘူး။ ဒါပေမဲ့ Ultimate Aeroရဲ့မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာအမြန်ဆုံးကားစာရင်းမှာလက်ရှိအချိန်ထိပါဝင်နေ ဆဲဖြစ်တာကိုတော့ တွေ့ရှိရပါတယ်။

(၅) Bugatti Veyron Super Sport

ကမ္ဘာကားထုတ်လုပ်ရေးဈေးကွက်မှာနာမည်ကြီး စာရင်းဝင်ထားတဲ့ Bugattiက Chiron အမည်ရဲ့မော်ဒန်တွေနဲ့ နေရာတစ်ခုကိုရယူနိုင်ခဲ့ပါတယ်။ ယခင်နာမည်ကျော်တံဆိပ်ဖြစ်တဲ့ Volkswagen ကနေဆင့်ပွားရယူခဲ့တဲ့ Bugatti ဟာ နောက်ပိုင်းမှာတော့ မြန်နှုန်းမြင့်ဇိမ်ခံကားတွေကို ထုတ်လုပ်လာ နိုင်ဖို့ ပစ်မှတ်ထားလာတာကိုလည်းတွေ့ရပါတယ်။

ပထမဆုံးစတင်ထုတ်လုပ်တဲ့ Veryon ကားတွေမှာမြင်းကောင်ရေ(၁၀၀၀)အားရှိတဲ့ turbocharged w 16 အင်ဂျင်ကို အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်း supersport ကားတွေမှာတော့ အင်ဂျင်စွမ်းအားကို မြင်းကောင်ရေ(၁၂၀၀)အထိ တိုးမြှင့်ထုတ်လုပ်ခဲ့ပါတယ်။ ဒါအပြင်ကားဘော်ဒီရဲ့ လေခွင်းအားစနစ်နဲ့ အတွင်းပိုင်ဆိုင်ရာအပြင်အဆင်တွေကို တစ်ဖြည်းဖြည်းမြှင့်တင်လာ တာကိုတွေ့ရပါတယ်။ Bugatti Veyron Super Sport ကားဟာ ကမ္ဘာဒုတိမြောက် အမြန်ဆုံးကားကားအဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာတောင် တစ်နာရီ(၂၆၈)မိုင်နှုန်းနဲ့ ဖော်ပြခြင်းခံခဲ့ရပါတယ်။

အကန့်အသတ်နဲ့ထုတ်လုပ်တဲ့ Bugatti Veyron Super Sport ကားတွေရဲ့ဘီးဝင်ရိုးတွေကို လိမ္မော်ရောင်နဲ့တန်ဆာဆင်ထားပြီ ကာဗွန်ဘော်ဒီ အောက်ပိုင်းတစ်ခုလုံးကို လိမ္မော်ရောင်ခြယ်သထားပါတယ်။ (၂၀၁၀)ခုနှစ်က Laguna Seca မှာကျင်းပခဲ့တဲ့ ကားပြိုင်ပွဲတစ်ခုမှာစတင်မိတ်ဆက်ပေးခဲ့ပြီး အစီးရေ(၃၀)သာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကားအားလုံးကို စတင်မိတ်ဆက်တဲ့ နေ့မှာပဲရောင်းကုန်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ကြိုတင်အမှာစာများစွာကို လက်ခံရရှိခဲ့ပါတယ်။ Bugatti Veyron Super Sport ဟာ ယနေ့တိုင် သူရဲ့စွမ်းဆောင်ရည်ကိုဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်ကြောင်းကို ယခုစာရင်းမှာဆက်လက်ပါဝင်နေဆဲဖြစ်ကြောင်းက သက်သေခံနေပါတယ်။

(၄) Hennessey Venom GT

(၂၀၁၉)ခုနှစ်အတွက် ကမ္ဘာအမြန်ဆုံးကားစာရင်းမှာ နောက်ထပ်ပါဝင်လာတဲ့ ကားကတော့ Texas အခြေစိုက် Hennessey perforamce engineering Corporation ကထုတ်လုပ်တဲ့ Hennessey Venom GT ကားအမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီကားတွေဟာ မူလက Lotus Exige အမျိုးအစားကားတွေရဲ့ဒီဇိုင်းကို အခြေခံပြီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ (၂၀၁၃)ခုနှစ်က ထုတ်ပြန်တဲ့ ဂင်းနစ်မှတ်တမ်းမှာတော့ Hennessey Venom GTကိုAverage Acceleration time;(၁၃း၆၃) စက္ကန့်နဲ့ ကမ္ဘာအမြန်ဆုံးကားအဖြစ်ဖော်ပြခဲ့ ဖူးပါတယ်။

ဒီကားဟာ တစ်နာရီကိုအမြန်ဆုံးနှုန်းထားနဲ့ (၂၇၀)မိုင်အထိမောင်းနှင်နိုင်ပြီး twin-turbocharged (7.0-liter)သုံး V8 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ အင်ဂျင်ရဲ့စွမ်းဆောင်ရည် မြင်းကောင်ရေ(၁၂၄၄)အထိရှိပြီး torqueကတော့ (၁၁၅၅) pound-feet ဖြစ်တယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။ Hennessey Venom GT ဟာတစ်နာရီကို (၆၂)မိုင်အထိရောက်အောင်မောင်းနှင်နိုင်ဖို့ (၂.၈)စက္ကန့်အထိသာ အချိန်ယူရပြီး မိုင်(၂၀၀)အထိရောက်ဖို့ဆိုရင်တော့ (၁၄.၅၁)စက္ကန့်အချိန်ယူရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှာရှိတဲ့ Kennedy Space Center ကပြေးလမ်း မှာစမ်းသပ်မောင်းနှင်တဲ့ Hennessey Venom GTရဲ့အမြန်နှုန်းဆိုင်ရာ စမ်းသပ်ချက်ပြီးတဲ့နောက် GTရဲ့အမြန်နှုန်းဟာ တစ်နာရီကို မိုင်(၂၇၀) ဖြစ်ကြောင်း အတည်ြ့ပုပေးနိုင်ခဲ့ပါတယ်။ ယင်းအချိန်ကစမ်းသပ်ပြီးတဲ့ GTကားမော်ဒန်ကိုတော့ ဂင်းနစ်မှတ်တမ်းမှာထည့်သွင်းခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ဒါကလည်း နောက်ထပ် တစ်နာရီ မိုင်(၂၇၀)ထက်ပိုမို မြန်နှုန်းမြင့်တဲ့ကားအမျိုးအစားတွေ ဆက်လက်ထုတ်လာ နိုင်တဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ Hennessey perforamce engineering Corporation ကတာဝန်ရှိသူတွေကလည်း တစ်နာရီမိုင်(၂၇၀)နှုန်းဟာ သူတို့လိုအပ်ချက်တဲ့ မိုင်နှုန်းဖြစ်တယ်လို့ အတည်ပြုခဲ့ပေမဲ့ လက်တွေ့စမ်းသပ်မှုတွေကိုတော့ ပြုလုပ်ခဲ့ခြင်း တော့မရှိခဲ့ပါဘူး။ ကားချစ်သူတွေကတော့ Hennesseyကထုတ်လုပ်တဲ့ အခြားမျိုးဆက် ကားတွေကိုစောင့်မျှော်လျက်ရှိနေပါတယ်။

(၃) Bugatti Chiron

Bugatti ကပဲထုတ်လုပ်တဲ့ Bugatti Chiron မျိုးဆက်ကားဟာ တစ်နာရီကို အမြန်ဆုံး နှုန်းထား(၂၇၁)မိုင်နဲ့ (၂၀၁၉)ခုနှစ်အတွက် ကမ္ဘာအမြန်ဆုံးကား စာရင်းမှာပါဝင်လာခဲ့ ပါတယ်။ Bugatti ကထုတ်လုပ်တဲ့ကားမျိုးဆက်ဖြစ်တဲ့ Chiron ဆိုတဲ့နာမည်ကတော့ Bugatti ကထုတ်လုပ်တဲ့ကားတွေကို စမ်းသပ်မောင်းနှင်ပေးလေ့ရှိတဲ့ ကားမောင်းသမား Louis Alexandar Chiron ရဲ့နာမည်ကို ကားမော်ဒယ်နာမည်အဖြစ် ပေးထားတာဖြစ်ပါတယ်။

Bugatti Chiron ကို အစီးရေ(၅၀၀)ထိသာ ထုတ်လုပ်ဖို့ ကြေငြာထားခဲ့ပြီး အစီးရေ(၂၀၀)အထိ ကြိုတင်ရောင်းချနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကားဈေးကွက် အတွင်း Super King လို့တောင်အမည်ပေးခံခဲ့ရတဲ့ Bugatti Chiron တစ်စီးရဲ့ ရောင်းဈေးကတော့ အမေရိကန်ဒေါ်လာ(၂.၆)သန်းဖြစ်ပါတယ်။ Bugatti Chiron မှာ Quad-turbocharged စနစ်သုံးထားပြီး(8.0-liter) W16 အင်ဂျင်တပ်ဆင်ထားပြီး အင်ဂျင်ပါဝါ မြင်းကောင်ရေအား(၁၅၀၀)ရှိပါတယ်။

ဒီကားကို (၂၀၁၆)ခုနှစ်က ဂျီနီဗာမှာကျင်းပတဲ့ ကပြပွဲမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အစပိုင်းအနေနဲ့ (၁၆)စီးစတင်ရောင်းချ ပေးခဲ့ပါတယ်။ Auto ဂီယာစနစ်နဲ့ဖြစ်ပြီး ဂီယာချက်(၇)ချက်ဖြစ်ပါတယ်။ Dual Clutch စနစ်နဲ့ရနိုင်မှာ ဖြစ်ပြီး ပုံမှန်ထက်ဂီယာပိုင်း အချက်ရေအားနည်းပါတယ်။ Chiron ဟာ Bugatti ရဲ့အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ထုတ်လုပ်မှုတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

(၂) Koenigsegg Agera RS

(၂၀၁၉)ခုနှစ်အတွက် ကမ္ဘာပေါ်မှာဒုတိယအမြန်ဆုံးကားအဖြစ်သတ်မှတ် ခြင်းခံခဲ့ရ တာကတော့ Koenigsegg Automotive ABကထုတ်လုပ်တဲ့ Koenigsegg မော်ဒန်မြင့် ကားပဲဖြစ်ပါတယ်။ silver medalကိုအသုံးပြုတည်ဆောက်ထားတဲ့ ဒီကားဟာ (5.0-liter turbo V8အင်ဂျင်ကိုတပ်ဆင်ထားပြီး မြင်းကောင်ရေအား(၁၁၆၀)အထိမြှင့်တင်နိုင်ပါ တယ်။ Koenigsegg Agera RSဟာတစ်နာရီကို အမြန်နှုန်းထားနဲ့ (၂၇၈)မိုင်အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး Las Vegas ကလမ်းမတွေပေါ်မှာ အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး လည်းဖြစ်ပါတယ်။

(၂၀၁၇)ခုနှစ်အတွင်းက စမ်းသပ်ချက်တွေမှာတော့ Agera RS ဟာ တစ်နာရီမိုင်(၂၄၉)မိုင်အထိရောက်အောင်မောင်းနှင်နိုင်ဖို့ (၃၆.၄၄)စက္ကန့်သာ အချိန်ယူ ရတယ်လို့ ဖော်ပြထားကြပါတယ်။ ကားရဲ့အလေးချိန်ဟာ (၃၀၇၅)ပေါင်ရှိပြီး Traction Control system နဲ့ Enlighted Lighting system တွေကိုပါ ထည့်သွင်းတည်ဆောက် ထားတာလည်းဖြစ်ပါတယ်။ထုတ်လုပ်သူတွေရဲ့အဆိုအရတော့သီးသန့်အဝေးပြေးလမ်းတွေမှာ မောင်းနှင်မယ်ဆိုပါက Koenigsegg Agera RS ရဲ့ အမြင့်ဆုံးအရှိန်ဟာ တစ်နာရီကို(၂၈၄.၃)မိုင်အထိမောင်းနီင်နိုင်တယ်လို့လည်းပြောဆိုမှုတွေရှိနေပါသေးတယ်။

Koenigsegg Agera RS ဆိုတဲ့နာမည်ကိုတော့ The hyper car of the year (2010)မှာ Top Gear မဂ္ဂဇင်းကနေ နာမည်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ကားဘီးတွေကို အလူမီနီယန် ဝင်ရိုး တွေအသုံးပြုတည်ဆောက်ထားပြီး Koenigsegg Agera RS ရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ Koenigsegg တံခါးပေါက်တွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

(၁) Hennessey Venom F5

မကြာခင်ဈေးကွက်အတွင်းရောက်ရှိလာတော့မဲ့ အမေရိကန်အခြေစိုက် Hennessey ကထုတ်လုပ်တဲ့ Hennessey Venom F5ဟာ တစ်နာရီကို မိုင်ပေါင်း(၃၀၁)မိုင်အထိရောက်အောင် မောင်းနှင်နိုင်မှာဖြစ်တဲ့အတွက် (၂၀၁၉) ခုနှစ်အတွက် ကမ္ဘာအမြန်ဆုံးကားအဖြစ်သတ်မှတ်ရပါတော့မှာ ဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မှာကျင်းပခဲ့တဲ့ SEMA Show မှာ Hennessey ကတာဝန်ရှိသူတွေက မြန်နှုန်း အမြင့်ဆုံးကားကို (၂၀၁၉)အတွင်း ထုတ်လုပ်မှာဖြစ်ကြောင်း အတည်ပြုပေးခဲ့တာပါ။

Hennessey Venom F5ဟာ Hennessey ကုမ္ပဏီတစ်ခုတည်းက ကားအင်ဂျင်၊ဘော်ဒီနဲ့ အခြားဆက်စပ် အစိတ်အပိုင်းတွေကိုတစ်စုတစ်စည်းတည်း မူပိုင်ထုတ်လုပ်တဲ့ ပထမဆုံးကားလည်း ဖြစ်ပါတယ်။ ထုတ်လုပ်သူတာဝန်ရှိသူတွေကိုယ်တိုင် ဒီကားဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးကားဖြစ်ရမယ်လို့ ယုံကြည်ထားကြပြီး ကမ္ဘာ့ဂင်းနစ်မှတ်တမ်း စာအုပ်မှာ အမြန်ဆုံးကားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်မယ်လို့ ယုံကြည်ထားတာ လည်းဖြစ်ပါတယ်။တစ်နာရီကို မိုင်(၃၀၁)မိုင်မောင်းနှင်နိုင်မဲ့ ဒီကားမှာ (7.4-liter twin turbo V8 အင်ဂျင်ကိုတပ်ဆင်ထားပြီး ဒီအင်ဂျင်ဟာ မြင်းကောင်ရေအား (၁၆၀၀) အထိရှိပါတယ်။

Venom F5 ဈေးကွက်အတွင်းအမှန်တကယ် ရောက်ချိန်မှာတော့ Koenigsegg Agera RSရဲ့ မြန်နှုန်းမြင့်စံချိန်ကို ကျော်ဖြတ်ပြနိုင်မှာ ဖြစ်ပြီး (၂)စက္ကန့် အတွင်းနဲ့ တစ်နာရီမိုင်(၆၀)မိုင်နှုန်းကို ရောက်ရှိအောင် မောင်းနှင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါအပြင် Venom F5ဟာ မိနစ်ဝက်(စက္ကန့်၃၀)အတွင်း တစ်နာရီမိုင်(၂၄၉)မိုင်နှုန်းအရှိန် အထိရောက်အောင် မောင်းနှင်နိုင်မှာဖြစ်ပြီး နောက်ဆုံး ပေါ်လေခွင်းအားသုံးနည်းပညာတွေအပြင် ကားရဲ့ဘော်ဒီကို carbon fiber dermis တွေနဲ့တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။  ကားရဲ့အလေးချိန်ဟာ (၂၉၅၀) ပေါင် ဝန်းကျင်သာရှိတယ်ပြီး  Venom F5တစ်စီးကို အမေရိကန်ဒေါ်လာ (၁.၆) သန်း သတ်မှတ်ထားကာ ဥရောပမှာတော့ စတာလင်ပေါင်(၁.၂)သန်းနဲ့ အစီးရေ (၂၄)စီးသာ ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။

သုတဇုန်

Leave a Reply