အမွန္တရားအတြက္ ဝန္ႀကီးအျဖစ္မွ ႏႈတ္ထြက္ခဲ့သူ (သုိ႔) ဦးထြန္းေဖ

Posted on

ေရးသားသူ – ဆရာေ႒း
DVB Burmese (သုတကေဖး)

သူ႔ကို “အာစကို” လို႔လည္း ေခၚၾကတယ္။ ငယ္ေပါင္းနဲ႔ ခ်စ္ခင္သူေတြကေတာ့ ေခါင္းႀကီးလို႔လည္း ေခၚသတဲ့။ “အာစကို” လို႔ေခၚတာက သတင္းစာေခါင္းႀကီးပိုင္းေရးေတာ့ ကေလာင္အမည္ကို “အာစရိ” လို႔ေရးတာကို စာစီသူက သူ႔လက္ေရးကို မဖတ္တတ္ေတာ့ အာစကိုလို႔ ထည့္လိုက္ရာက ခင္မင္သူအားလုံးက “အာစကို” လို႔ ေခၚၾကတာပါ။ တကယ္ေတာ့ သူဟာ ထြန္းေန႔စဥ္သတင္းစာရဲ႕ အယ္ဒီတာခ်ဳပ္ ဦးထြန္းေဖ ျဖစ္ပါတယ္။

အခ်ိဳ႕ကေတာ့ သူ႔ကို “ေခတ္သစ္ေဝါဟာရဆရာႀကီး” လို႔ အသိအမွတ္ျပဳၾကတယ္။ အသိမွတ္ျပဳရေလာက္ေအာင္လည္း သူ စတင္သုံးစြဲခဲ့တဲ့ ေဝါဟာရေတြက လူထုၾကားထဲ ေရာက္ရွိသြားၿပီး တြင္က်ယ္တဲ့အသုံးေတြ ျဖစ္သြားခဲ့ပါတယ္။ ဥပမာ ျမန္မာတႏိုင္ငံလုံး ေန႔စဥ္ ႏႈတ္ခြန္းဆက္ ယဥ္ေက်းမႈတခုအျဖစ္ ေျပာဆိုသုံးစြဲေနတဲ့ “မဂၤလာပါ” ဆိုတဲ့ ေဝါဟာရကို စတင္တီထြင္ အသုံးျပဳခဲ့သူလည္းျဖစ္တယ္။

ၿပီးေတာ့ ျမင္းပြဲသုံးေဝါဟာရအျဖစ္ “ေမဒင္ျပဳတ္ၿပီ” တို႔ “ႏွာတဖ်ားနဲ႔ သာသြားတယ္” ဆိုတဲ့ ေဝါဟာရဲ႕ ဖခင္ဟာလည္း သူပါပဲ။ ႏုိင္ငံေရးအရ အာဏာရွင္ဆန္မႈကိုလည္း “ဘဝရွင္မင္းတရား” လို႔ သေရာ္တဲ့ ေဝါဟာရေတြ။ ဒီေန႔ကာလအထိ ေျပာေနၾကတဲ့ “ေဖာ္လန္ဖား” နဲ႔ “ေဖာ္စီဖား” တို႔။ မယ္ေရြးပဲြန႔ဲပတ္သက္ၿပီး “ဖားခုံညင္း” ဆိုတဲ့ ေဝါဟာရတို႔ ဖန္တီးရွင္ဟာလည္း ဦးထြန္းေဖပါပဲ။ ဒါ့အျပင္ သတင္းေထာက္ေတြကို ခ်စ္စႏိုးနဲ႔ “ဒုန္းေပကတ္သတ္ဘီေအ” လို႔ ေခၚေလ့ရွိတယ္လို႔လည္း ဆိုၾကပါတယ္။

အဲဒီ ဦးထြန္းေဖဟာ ၁၉၂၀ ပထမေက်ာင္းသားသပိတ္ရဲ႕ ေခါင္းေဆာင္ ၂၆ ဦးထဲက တဦးပါ။ သပိတ္ေခါင္းေဆာင္ေတြ ထားခဲ့တဲ့ ကတိအတိုင္း ေက်ာင္းဆက္မတက္ဘဲ ေက်ာင္းထြက္ခဲ့တယ္။ ဒါေၾကာင့္ သူ႔ကိုေပးထားတဲ့ ကတိကဝတ္ကို တန္ဖုိးထား ေလးစားလိုက္နာသူအျဖစ္ အသိအမွတ္ ျပဳၾကပါတယ္။ ေက်ာင္းကထြက္တာနဲ႔ ဘားမားေအာ့ဆာဗား သတင္းစာမွာ သတင္းေထာက္အျဖစ္ စတင္လုပ္ေဆာင္ခဲ့တာပါ။ အခုေခတ္စကားနဲ႔ ေျပာရရင္ေတာ့ တက္ႂကြလႈပ္ရွား ေက်ာင္းသားဘဝကေန သတင္းသမား ျဖစ္ခဲ့သူပါ။ ေနာက္ေတာ့ သူရိယသတင္းစာအယ္ဒီတာ၊ ျမန္မာ့ေန႔စဥ္သတင္းစာ၊ ဗမာ့ေခတ္သတင္းစာ၊ ဟံသာဝတီသတင္းစာနဲ႔ ထြန္းေန႔စဥ္သတင္းစာ အယ္ဒီတာခ်ဳပ္အျဖစ္ အဆင့္ဆင့္ ေျပာင္းလဲလုပ္ေဆာင္ခဲ့တယ္။ ဒါက သတင္းသမားဘဝေပါ့။

သတင္းစာအယ္ဒီတာေကာင္းတေယာက္ရဲ႕ အဂၤါရပ္ျဖစ္တဲ့ ႏိုင္ငံေရးအရ ခြဲျခမ္းစိတ္ျဖာႏိုင္မႈမွာ ဦးထြန္းေဖကို သူ႔ေခတ္သူ႔ကာလ သတင္းသမားေတြဟာ စံထားေျပာေလ့ ရွိခဲ့တယ္။ အဲ့လို ႀကိဳတင္အကြက္ျမင္မႈ၊ ခန္႔မွန္းႏိုင္မႈနဲ႔ ပတ္သက္ၿပီး ေျပာေလ့ရွိတာက ဂဠဳန္ေစာရဲ႕ လုပ္ႀကံသတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ပါ။ လက္နက္တိုက္က လက္နက္ေတြ ေပ်ာက္ဆုံးတယ္ ၾကားတာနဲ႔ အတန္ၾကာစဥ္းစားၿပီး ဂဠဳန္ေစာျဖစ္ႏုိင္တယ္လို႔ ယူဆၿပီး ဂဠဳန္ေစာကို ေစာင့္ၾကည့္ဖို႔ သတင္းေထာက္တေယာက္ကို တာဝန္ေပး လုပ္ေဆာင္ေစခဲ့သူလို႔ ဆိုပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး အဲဒီအခ်ိန္က အနားမွာရွိသူ သတင္းေထာက္ ထြန္းၾကည္ဆိုသူ မွတ္တမ္းျပဳခဲ့တာက…

“စီအိုဒီကလက္နက္ေတြ ေပ်ာက္သြားၿပီ။ ဒီလက္နက္ေတြနဲ႔ ဗိုလ္ခ်ဳပ္တို႔ကို လုပ္ႀကံမွာစိုးရတယ္။ လုပ္ႀကံမယ္ဆိုရင္ေတာ့ ဂဠဳန္ေစာတို႔အဖြဲ႔က ျဖစ္ႏုိင္တယ္။ ကဲ ..ေမာင္စိန္ႀကီး မင္းကိုယ္တိုင္သြားၿပီး ဦးေစာရဲ႕အိမ္ပတ္ဝန္းက်င္ အေျခအေနကို စုံစမ္းေထာက္လွမ္းပါ ဆိုၿပီး တာဝန္ခ်ေပးခဲ့ပါသည္။ ဦးစိန္ကလည္း ဦးေစာအိမ္နားတြင္ ငါးမွ်ားသူတဦးအသြင္ ေျပာင္းၿပီး သတင္းယူပါသည္။ ထိုကဲ့သို႔ အေျမာ္အျမင္ႀကီးမႈေၾကာင့္ ဗိုလ္ခ်ဳပ္တို႔ လုပ္ႀကံခံရၿပီး ညေနပိုင္းတြင္ပင္ တရာခံဦးေစာတို႔ကို ေဖာ္ထုတ္ဖမ္းဆီးရန္ အစိုးရအဖြဲ႔အား သတင္းေပးႏိုင္ခဲ့ၿပီး ယင္းအမႈကို ေနာက္ေန႔တြင္ စာလုံးမည္းႀကီးမ်ားျဖင့္ သတင္းျပည့္စုံစုံ ေဖာ္ျပႏိုင္ခဲ့ပါသည္” လို႔ မွတ္တမ္းျပဳခဲ့ပါတယ္။

သမိုင္းမွာေတာ့ ဦးစိန္ကို မစၥတာခမ္းကပဲ ခိုင္းသလိုလို ရဲခ်ဳပ္ထြန္းလွေအာင္ကပဲ ခိုင္းသလိုလို ေဖာ္ျပခဲ့ၾကပါတယ္။ ဒီအခ်က္ဟာ သမိုင္းမွာ ေပ်ာက္ကြယ္ေနသလား ေဖ်ာက္ကြယ္ထားသလား ဆိုတာေတာ့ မသိ။ ဒါေပမယ့္ အဲ့ဒီသတင္းေထာက္ ေမာင္စိန္ႀကီးဆိုတာက ေနာင္တခ်ိန္မွာ ျမန္မာ့အလင္းသတင္းစာရဲ႕ အယ္ဒီတာခ်ဳပ္ ဦးစိန္ပါပဲ။ အဲ့ဒီအခ်ိန္က ဦးထြန္းေဖက ဟံသာဝတီသတင္းစာရဲ႕ အယ္ဒီတာခ်ဳပ္ လုပ္ေနတာပါ။ ဘာပဲျဖစ္ျဖစ္ အဲ့ဒီအခ်ိန္က အယ္ဒီတာနဲ႔ သတင္းေထာက္တို႔ရဲ႕ ျပည့္ဝတဲ့အရည္အခ်င္းနဲ႔ ႀကိဳးစားမႈကို မွတ္တမ္းတင္ ဂုဏ္ျပဳရမယ့္ အခ်က္ပါပဲ။ အယ္ဒီတာဦးထြန္းေဖရဲ႕ အေျမာ္အျမင္ႀကီးမႈအတိုင္း ေစခိုင္းခ်က္ကို အျပည့္အဝ အေကာင္ထည္ေဖာ္ေပးႏိုင္ခဲ့တဲ့ ဦးစိန္ကိုလည္း ဂုဏ္ျပဳမွတ္တမ္း တင္ၾကရမွာပါ။

ဒါ့အျပင္ “တိုင္းရင္းသား ဘာသာေရး လူနည္းစုမဟာမိတ္အဖြဲ႔” ရဲ႕ နာယကအျဖစ္ ပါဝင္ခဲ့တယ္။ ဦးထြန္းေဖကပဲ ဦးေဆာင္ၿပီး ျပည္ေထာင္စုျမန္မာႏုိင္ငံေတာ္ တရားလႊတ္ေတာ္ခ်ဳပ္မွာ ႏိုင္ငံေတာ္ဘာသာ လုပ္ျခင္းဟာ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ဆန္႔က်င္ရာေရာက္တယ္လို႔ အေၾကာင္းျပၿပီး တရားစြဲလိုက္ပါေတာ့တယ္။ ေနာက္ေတာ့ ႏိုင္ငံေတာ္သာသနာ ျပဳလုပ္ေရးဟာ ရပ္ဆိုင္းသြားပါေတာ့တယ္။ ဒါေၾကာင့္ အဲ့ဒီေခတ္က ေသြးေခ်ာင္းစီးမယ့္အေရးကို ဦးထြန္းေဖ ကယ္တင္လိုက္တာပါလို႔ လူမ်ိဳးစုံႏိုင္ငံေရးသမားေတြက အသိအမွတ္ ျပဳခဲ့ၾကပါတယ္။

ဦးထြန္းေဖဟာ တိုင္းျပည္အတြက္ လုိအပ္လာရင္ သတင္းသမားအျဖစ္သာမက ႏိုင္ငံေရးသမားအျဖစ္လည္း ပါဝင္လုပ္ေဆာင္ခဲ့ပါတယ္။ လြတ္လပ္ေရးအတြက္ ဖဆပလရဲ႕ တိုင္းျပဳျပည္ျပဳအမတ္အျဖစ္ ေလးမ်က္ႏွာကေန အေရြးခံခဲ့တယ္။ ၁၉၄၇ အေျခခံဥပေဒေရးဆြဲေရး ၇၅ ဦး ေကာ္မတီမွာလည္း အဖြဲ႔ဝင္အျဖစ္ ပါဝင္ေရးဆြဲခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ပန္ေခတ္ကလည္း ဖြဲ႔စည္းပုံေရးဆြဲရာမွာ ပါဝင္လုပ္ေဆာင္ခဲ့တယ္။ ၁၉၄၈ မွာေတာ့ ဝက္လက္မဲဆႏၵနယ္ကေန ယွဥ္ၿပိဳင္အေရြးခံခဲ့တယ္။ ျပန္ၾကားေရးဝန္ႀကီးအျဖစ္ လုပ္ေဆာင္ခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္က ဦးႏုရဲ႕ အာဏာရွင္ဆန္မႈေတြ။ မီဒီယာအေပၚ ပိတ္ပင္မႈေတြအေပၚ လက္မခံႏိုင္တဲ့အတြက္ ဝန္ႀကီးအျဖစ္က ၁၉၅၃ ခုႏွစ္မွာ ႏုတ္ထြက္ခဲ့ၿပီး ထြန္းေန႔စဥ္သတင္းစာကို ထုတ္ၿပီး သတင္းစာသမားအျဖစ္ ဆက္လက္ရပ္တည္ခဲ့ပါတယ္။ ဒါဟာ သတင္းသမားတေယာက္ရဲ႕ အမွန္တရားကို လက္ခံရဲမႈနဲ႔ အမုန္းခံရဲတဲ့သတၱိလို႔ပဲ ဆိုရမွာပါ။

စာေပအေနနဲ႔ ကိုယ္တိုင္ျပဳစု ထုတ္ေဝခဲ့တာေတြက (၁) ျမန္မာစာအတၳဳပၸတၱိ (ျမန္မာစာနိဒါန္း) (ဦးေဖေမာင္တင္ရဲ႕ ျမန္မာစာေပသမိုင္းထက္ ေစာတယ္ဟုသိရ)။ (၂) က်ႏု္ပ္ အဘယ့္ေၾကာင့္ ကက္ဘိနက္အဖြဲ႔မွ ႏုတ္ထြက္ခဲ့သနည္း (အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာ)။ (၃) Sun Over Burma (ဖက္ဆစ္ဂ်ပန္ေခတ္ ျမန္မာဇာတ္လမ္းစုံ)။ (၄) အဘယ့္ေၾကာင့္ ျမန္မာစာ မတိုးတက္သနည္းတို႔ ျဖစ္တယ္။ ဘာသာျပန္ျပဳစုခဲ့တာေတြက (၁) ဂ်ပန္သူလွ်ိဳ။ (၂) ဆိုဗီယက္ဒီမိုကေရစီ ကိုယ္ေတြ႔မ်ား။ (၃) ရပ္စျပဴတင္ (ပ-ဒု)။ (၄) တ႐ုတ္ျပည္ အတြင္းေရးတို႔ပါပဲ။

ဦးထြန္းေဖရဲ႕ မွတ္သားစရာစကားေတြ၊ ေျပာေလ့ေျပာထ ရွိတာေတြကေတာ့ “ႏိုင္ငံေရးကို ဘယ္ေတာ့မွ ကိုယ္က်ိဳးနဲ႔ မယွဥ္ေကာင္းဘူး။ ကိုယ္က်ိဳးနဲ႔ယွဥ္တဲ့ ႏိုင္ငံေရးမွန္သမွ် ေတာ္လွန္ေရးဆိုတာ ေပၚေပါက္စၿမဲပဲ..တဲ့။ လူလည္လုပ္တဲ့ ျငမ္းစင္ဟာ တေန႔ ၿပိဳက်စၿမဲပဲကြာ..တဲ့။ သတင္းစာဆရာတို႔ရဲ႕ သတၱိဆိုတာ မိမိယုံၾကည္ခ်က္အတိုင္း မဟုတ္ရင္ ဘာမဆို စြန္႔ဝံ့တဲ့သတၱိကို ေခၚတာ…တဲ့။ သူ႔ကို ေခတ္ၿပိဳင္ သတင္းစာဆရာႀကီးမ်ားကေတာ့.. “ဆရာဦးထြန္းေဖအေပၚ တူညီတဲ့ အျမင္တခုရွိတယ္။ အဲ့ဒါကေတာ့.. အနစ္နာခံရဲေသာဇြဲနဲ႔ အမုန္းခံရဲေသာ သတၱိပါပဲ” လို႔ ဆိုၾကပါတယ္။ “မွန္တာေရးရဲေအာင္ ႀကိဳးစားကြာ။ မင္း မ႐ႈမလွခံရမလား၊ မခံရဘူးလားဆိုတာ ငါ ေဗဒင္ဆရာ မဟုတ္လို႔ မေျပာတတ္ဘူး” လို႔ လမ္းညႊန္ခဲ့ဖူးေၾကာင္း ဦးဝင္းတင္က ေျပာျပခဲ့ဖူးပါတယ္။

အဲ့ဒီ ပထမသပိတ္ရဲ႕ သပိတ္ေမွာက္ေက်ာင္းသားေခါင္းေဆာင္၊ သတင္းစာဆရာ၊ ႏိုင္ငံေရးသမား၊ ျပန္ၾကားေရးဝန္ႀကီးဘဝ၊ ေနာက္ ဝန္ႀကီးဘဝက မွန္တာလုပ္မရလို႔ ႏုတ္ထြက္ခဲ့သူ ဦးထြန္းေဖဟာ သူမေသမီ ေျပာခဲ့တာက “ငါေသတဲ့ေန႔ထိေအာင္ သတင္းစာကို ဖတ္သြားတယ္ဆိုတာ ျဖစ္ရမယ္။ မေသမခ်င္း စာေရးႏိုင္သေလာက္ ေရးသြားမယ္။” လို႔ ေျပာခဲ့သတဲ့။ ဒါေၾကာင့္ သူမေသမီ အိပ္ရာထဲလဲေနတဲ့အခ်ိန္ထိ သတင္းစာကို ဖတ္ျပၾကရတယ္။

မေသမီ တပတ္အထိ ပါးစပ္ကေန ေျပာျပတာကို စာနဲ႔လိုက္ေရးေပးေစတယ္။ သတင္းစာဖတ္တာကို နားေထာင္ရင္းနဲ႔ပဲ ဇီဝိန္ခ်ဳပ္သြားခဲ့တယ္လို႔ ဆိုပါတယ္။ သူေျပာတဲ့အတိုင္း သူမေသမီအထိ သူခ်စ္တဲ့သတင္းစာကို ဖတ္သြားခဲ့တယ္။ သတင္းစာအေပၚ သံေယာဇဥ္ႀကီးလြန္းတဲ့ ထြန္းေန႔စဥ္ ဦးထြန္းေဖ ေခၚ အာစကိုဟာ ၁၉၇၄ ႏိုဝင္ဘာ ၁၈ ရက္ေန႔မွာ သူခ်စ္ေသာ သတင္းစာေလာကကို အၿပီးပိုင္ စြန္႔လႊတ္သြားခဲ့ပါေတာ့တယ္။

သတင္းေထာက္ႀကီး ဦးထြန္းေဖႏွင့္ သူတို႔အျမင္ စာအုပ္မွ အခ်က္အလက္တခ်ိဳ႕ ယူပါတယ္။

ဆရာေ႒း
DVB Burmese (သုတကေဖး)

—————

အမှန်တရားအတွက် ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ခဲ့သူ (သို့) ဦးထွန်းဖေ (unicode)

ရေးသားသူ – ဆရာဋ္ဌေး
DVB Burmese (သုတကဖေး)

သူ့ကို “အာစကို” လို့လည်း ခေါ်ကြတယ်။ ငယ်ပေါင်းနဲ့ ချစ်ခင်သူတွေကတော့ ခေါင်းကြီးလို့လည်း ခေါ်သတဲ့။ “အာစကို” လို့ခေါ်တာက သတင်းစာခေါင်းကြီးပိုင်းရေးတော့ ကလောင်အမည်ကို “အာစရိ” လို့ရေးတာကို စာစီသူက သူ့လက်ရေးကို မဖတ်တတ်တော့ အာစကိုလို့ ထည့်လိုက်ရာက ခင်မင်သူအားလုံးက “အာစကို” လို့ ခေါ်ကြတာပါ။ တကယ်တော့ သူဟာ ထွန်းနေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးထွန်းဖေ ဖြစ်ပါတယ်။

အချို့ကတော့ သူ့ကို “ခေတ်သစ်ဝေါဟာရဆရာကြီး” လို့ အသိအမှတ်ပြုကြတယ်။ အသိမှတ်ပြုရလောက်အောင်လည်း သူ စတင်သုံးစွဲခဲ့တဲ့ ဝေါဟာရတွေက လူထုကြားထဲ ရောက်ရှိသွားပြီး တွင်ကျယ်တဲ့အသုံးတွေ ဖြစ်သွားခဲ့ပါတယ်။ ဥပမာ မြန်မာတနိုင်ငံလုံး နေ့စဉ် နှုတ်ခွန်းဆက် ယဉ်ကျေးမှုတခုအဖြစ် ပြောဆိုသုံးစွဲနေတဲ့ “မင်္ဂလာပါ” ဆိုတဲ့ ဝေါဟာရကို စတင်တီထွင် အသုံးပြုခဲ့သူလည်းဖြစ်တယ်။

ပြီးတော့ မြင်းပွဲသုံးဝေါဟာရအဖြစ် “မေဒင်ပြုတ်ပြီ” တို့ “နှာတဖျားနဲ့ သာသွားတယ်” ဆိုတဲ့ ဝေါဟာရဲ့ ဖခင်ဟာလည်း သူပါပဲ။ နိုင်ငံရေးအရ အာဏာရှင်ဆန်မှုကိုလည်း “ဘဝရှင်မင်းတရား” လို့ သရော်တဲ့ ဝေါဟာရတွေ။ ဒီနေ့ကာလအထိ ပြောနေကြတဲ့ “ဖော်လန်ဖား” နဲ့ “ဖော်စီဖား” တို့။ မယ်ရွေးပွဲနဲ့ပတ်သက်ပြီး “ဖားခုံညင်း” ဆိုတဲ့ ဝေါဟာရတို့ ဖန်တီးရှင်ဟာလည်း ဦးထွန်းဖေပါပဲ။ ဒါ့အပြင် သတင်းထောက်တွေကို ချစ်စနိုးနဲ့ “ဒုန်းပေကတ်သတ်ဘီအေ” လို့ ခေါ်လေ့ရှိတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီ ဦးထွန်းဖေဟာ ၁၉၂၀ ပထမကျောင်းသားသပိတ်ရဲ့ ခေါင်းဆောင် ၂၆ ဦးထဲက တဦးပါ။ သပိတ်ခေါင်းဆောင်တွေ ထားခဲ့တဲ့ ကတိအတိုင်း ကျောင်းဆက်မတက်ဘဲ ကျောင်းထွက်ခဲ့တယ်။ ဒါကြောင့် သူ့ကိုပေးထားတဲ့ ကတိကဝတ်ကို တန်ဖိုးထား လေးစားလိုက်နာသူအဖြစ် အသိအမှတ် ပြုကြပါတယ်။ ကျောင်းကထွက်တာနဲ့ ဘားမားအော့ဆာဗား သတင်းစာမှာ သတင်းထောက်အဖြစ် စတင်လုပ်ဆောင်ခဲ့တာပါ။ အခုခေတ်စကားနဲ့ ပြောရရင်တော့ တက်ကြွလှုပ်ရှား ကျောင်းသားဘဝကနေ သတင်းသမား ဖြစ်ခဲ့သူပါ။ နောက်တော့ သူရိယသတင်းစာအယ်ဒီတာ၊ မြန်မာ့နေ့စဉ်သတင်းစာ၊ ဗမာ့ခေတ်သတင်းစာ၊ ဟံသာဝတီသတင်းစာနဲ့ ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာချုပ်အဖြစ် အဆင့်ဆင့် ပြောင်းလဲလုပ်ဆောင်ခဲ့တယ်။ ဒါက သတင်းသမားဘဝပေါ့။

သတင်းစာအယ်ဒီတာကောင်းတယောက်ရဲ့ အင်္ဂါရပ်ဖြစ်တဲ့ နိုင်ငံရေးအရ ခွဲခြမ်းစိတ်ဖြာနိုင်မှုမှာ ဦးထွန်းဖေကို သူ့ခေတ်သူ့ကာလ သတင်းသမားတွေဟာ စံထားပြောလေ့ ရှိခဲ့တယ်။ အဲ့လို ကြိုတင်အကွက်မြင်မှု၊ ခန့်မှန်းနိုင်မှုနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတာက ဂဠုန်စောရဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ပါ။ လက်နက်တိုက်က လက်နက်တွေ ပျောက်ဆုံးတယ် ကြားတာနဲ့ အတန်ကြာစဉ်းစားပြီး ဂဠုန်စောဖြစ်နိုင်တယ်လို့ ယူဆပြီး ဂဠုန်စောကို စောင့်ကြည့်ဖို့ သတင်းထောက်တယောက်ကို တာဝန်ပေး လုပ်ဆောင်စေခဲ့သူလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဲဒီအချိန်က အနားမှာရှိသူ သတင်းထောက် ထွန်းကြည်ဆိုသူ မှတ်တမ်းပြုခဲ့တာက…

“စီအိုဒီကလက်နက်တွေ ပျောက်သွားပြီ။ ဒီလက်နက်တွေနဲ့ ဗိုလ်ချုပ်တို့ကို လုပ်ကြံမှာစိုးရတယ်။ လုပ်ကြံမယ်ဆိုရင်တော့ ဂဠုန်စောတို့အဖွဲ့က ဖြစ်နိုင်တယ်။ ကဲ ..မောင်စိန်ကြီး မင်းကိုယ်တိုင်သွားပြီး ဦးစောရဲ့အိမ်ပတ်ဝန်းကျင် အခြေအနေကို စုံစမ်းထောက်လှမ်းပါ ဆိုပြီး တာဝန်ချပေးခဲ့ပါသည်။ ဦးစိန်ကလည်း ဦးစောအိမ်နားတွင် ငါးမျှားသူတဦးအသွင် ပြောင်းပြီး သတင်းယူပါသည်။ ထိုကဲ့သို့ အမြော်အမြင်ကြီးမှုကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ညနေပိုင်းတွင်ပင် တရာခံဦးစောတို့ကို ဖော်ထုတ်ဖမ်းဆီးရန် အစိုးရအဖွဲ့အား သတင်းပေးနိုင်ခဲ့ပြီး ယင်းအမှုကို နောက်နေ့တွင် စာလုံးမည်းကြီးများဖြင့် သတင်းပြည့်စုံစုံ ဖော်ပြနိုင်ခဲ့ပါသည်” လို့ မှတ်တမ်းပြုခဲ့ပါတယ်။

သမိုင်းမှာတော့ ဦးစိန်ကို မစ္စတာခမ်းကပဲ ခိုင်းသလိုလို ရဲချုပ်ထွန်းလှအောင်ကပဲ ခိုင်းသလိုလို ဖော်ပြခဲ့ကြပါတယ်။ ဒီအချက်ဟာ သမိုင်းမှာ ပျောက်ကွယ်နေသလား ဖျောက်ကွယ်ထားသလား ဆိုတာတော့ မသိ။ ဒါပေမယ့် အဲ့ဒီသတင်းထောက် မောင်စိန်ကြီးဆိုတာက နောင်တချိန်မှာ မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာချုပ် ဦးစိန်ပါပဲ။ အဲ့ဒီအချိန်က ဦးထွန်းဖေက ဟံသာဝတီသတင်းစာရဲ့ အယ်ဒီတာချုပ် လုပ်နေတာပါ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်က အယ်ဒီတာနဲ့ သတင်းထောက်တို့ရဲ့ ပြည့်ဝတဲ့အရည်အချင်းနဲ့ ကြိုးစားမှုကို မှတ်တမ်းတင် ဂုဏ်ပြုရမယ့် အချက်ပါပဲ။ အယ်ဒီတာဦးထွန်းဖေရဲ့ အမြော်အမြင်ကြီးမှုအတိုင်း စေခိုင်းချက်ကို အပြည့်အဝ အကောင်ထည်ဖော်ပေးနိုင်ခဲ့တဲ့ ဦးစိန်ကိုလည်း ဂုဏ်ပြုမှတ်တမ်း တင်ကြရမှာပါ။

ဒါ့အပြင် “တိုင်းရင်းသား ဘာသာရေး လူနည်းစုမဟာမိတ်အဖွဲ့” ရဲ့ နာယကအဖြစ် ပါဝင်ခဲ့တယ်။ ဦးထွန်းဖေကပဲ ဦးဆောင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် တရားလွှတ်တော်ချုပ်မှာ နိုင်ငံတော်ဘာသာ လုပ်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာရောက်တယ်လို့ အကြောင်းပြပြီး တရားစွဲလိုက်ပါတော့တယ်။ နောက်တော့ နိုင်ငံတော်သာသနာ ပြုလုပ်ရေးဟာ ရပ်ဆိုင်းသွားပါတော့တယ်။ ဒါကြောင့် အဲ့ဒီခေတ်က သွေးချောင်းစီးမယ့်အရေးကို ဦးထွန်းဖေ ကယ်တင်လိုက်တာပါလို့ လူမျိုးစုံနိုင်ငံရေးသမားတွေက အသိအမှတ် ပြုခဲ့ကြပါတယ်။

ဦးထွန်းဖေဟာ တိုင်းပြည်အတွက် လိုအပ်လာရင် သတင်းသမားအဖြစ်သာမက နိုင်ငံရေးသမားအဖြစ်လည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ဖဆပလရဲ့ တိုင်းပြုပြည်ပြုအမတ်အဖြစ် လေးမျက်နှာကနေ အရွေးခံခဲ့တယ်။ ၁၉၄၇ အခြေခံဥပဒေရေးဆွဲရေး ၇၅ ဦး ကော်မတီမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ခေတ်ကလည်း ဖွဲ့စည်းပုံရေးဆွဲရာမှာ ပါဝင်လုပ်ဆောင်ခဲ့တယ်။ ၁၉၄၈ မှာတော့ ဝက်လက်မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်အရွေးခံခဲ့တယ်။ ပြန်ကြားရေးဝန်ကြီးအဖြစ် လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ဦးနုရဲ့ အာဏာရှင်ဆန်မှုတွေ။ မီဒီယာအပေါ် ပိတ်ပင်မှုတွေအပေါ် လက်မခံနိုင်တဲ့အတွက် ဝန်ကြီးအဖြစ်က ၁၉၅၃ ခုနှစ်မှာ နုတ်ထွက်ခဲ့ပြီး ထွန်းနေ့စဉ်သတင်းစာကို ထုတ်ပြီး သတင်းစာသမားအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ ဒါဟာ သတင်းသမားတယောက်ရဲ့ အမှန်တရားကို လက်ခံရဲမှုနဲ့ အမုန်းခံရဲတဲ့သတ္တိလို့ပဲ ဆိုရမှာပါ။

စာပေအနေနဲ့ ကိုယ်တိုင်ပြုစု ထုတ်ဝေခဲ့တာတွေက (၁) မြန်မာစာအတ္ထုပ္ပတ္တိ (မြန်မာစာနိဒါန်း) (ဦးဖေမောင်တင်ရဲ့ မြန်မာစာပေသမိုင်းထက် စောတယ်ဟုသိရ)။ (၂) ကျန်ုပ် အဘယ့်ကြောင့် ကက်ဘိနက်အဖွဲ့မှ နုတ်ထွက်ခဲ့သနည်း (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ)။ (၃) Sun Over Burma (ဖက်ဆစ်ဂျပန်ခေတ် မြန်မာဇာတ်လမ်းစုံ)။ (၄) အဘယ့်ကြောင့် မြန်မာစာ မတိုးတက်သနည်းတို့ ဖြစ်တယ်။ ဘာသာပြန်ပြုစုခဲ့တာတွေက (၁) ဂျပန်သူလျှို။ (၂) ဆိုဗီယက်ဒီမိုကရေစီ ကိုယ်တွေ့များ။ (၃) ရပ်စပြူတင် (ပ-ဒု)။ (၄) တရုတ်ပြည် အတွင်းရေးတို့ပါပဲ။

ဦးထွန်းဖေရဲ့ မှတ်သားစရာစကားတွေ၊ ပြောလေ့ပြောထ ရှိတာတွေကတော့ “နိုင်ငံရေးကို ဘယ်တော့မှ ကိုယ်ကျိုးနဲ့ မယှဉ်ကောင်းဘူး။ ကိုယ်ကျိုးနဲ့ယှဉ်တဲ့ နိုင်ငံရေးမှန်သမျှ တော်လှန်ရေးဆိုတာ ပေါ်ပေါက်စမြဲပဲ..တဲ့။ လူလည်လုပ်တဲ့ ငြမ်းစင်ဟာ တနေ့ ပြိုကျစမြဲပဲကွာ..တဲ့။ သတင်းစာဆရာတို့ရဲ့ သတ္တိဆိုတာ မိမိယုံကြည်ချက်အတိုင်း မဟုတ်ရင် ဘာမဆို စွန့်ဝံ့တဲ့သတ္တိကို ခေါ်တာ…တဲ့။ သူ့ကို ခေတ်ပြိုင် သတင်းစာဆရာကြီးများကတော့.. “ဆရာဦးထွန်းဖေအပေါ် တူညီတဲ့ အမြင်တခုရှိတယ်။ အဲ့ဒါကတော့.. အနစ်နာခံရဲသောဇွဲနဲ့ အမုန်းခံရဲသော သတ္တိပါပဲ” လို့ ဆိုကြပါတယ်။ “မှန်တာရေးရဲအောင် ကြိုးစားကွာ။ မင်း မရှုမလှခံရမလား၊ မခံရဘူးလားဆိုတာ ငါ ဗေဒင်ဆရာ မဟုတ်လို့ မပြောတတ်ဘူး” လို့ လမ်းညွှန်ခဲ့ဖူးကြောင်း ဦးဝင်းတင်က ပြောပြခဲ့ဖူးပါတယ်။

အဲ့ဒီ ပထမသပိတ်ရဲ့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား၊ ပြန်ကြားရေးဝန်ကြီးဘဝ၊ နောက် ဝန်ကြီးဘဝက မှန်တာလုပ်မရလို့ နုတ်ထွက်ခဲ့သူ ဦးထွန်းဖေဟာ သူမသေမီ ပြောခဲ့တာက “ငါသေတဲ့နေ့ထိအောင် သတင်းစာကို ဖတ်သွားတယ်ဆိုတာ ဖြစ်ရမယ်။ မသေမချင်း စာရေးနိုင်သလောက် ရေးသွားမယ်။” လို့ ပြောခဲ့သတဲ့။ ဒါကြောင့် သူမသေမီ အိပ်ရာထဲလဲနေတဲ့အချိန်ထိ သတင်းစာကို ဖတ်ပြကြရတယ်။

မသေမီ တပတ်အထိ ပါးစပ်ကနေ ပြောပြတာကို စာနဲ့လိုက်ရေးပေးစေတယ်။ သတင်းစာဖတ်တာကို နားထောင်ရင်းနဲ့ပဲ ဇီဝိန်ချုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူပြောတဲ့အတိုင်း သူမသေမီအထိ သူချစ်တဲ့သတင်းစာကို ဖတ်သွားခဲ့တယ်။ သတင်းစာအပေါ် သံယောဇဉ်ကြီးလွန်းတဲ့ ထွန်းနေ့စဉ် ဦးထွန်းဖေ ခေါ် အာစကိုဟာ ၁၉၇၄ နိုဝင်ဘာ ၁၈ ရက်နေ့မှာ သူချစ်သော သတင်းစာလောကကို အပြီးပိုင် စွန့်လွှတ်သွားခဲ့ပါတော့တယ်။

သတင်းထောက်ကြီး ဦးထွန်းဖေနှင့် သူတို့အမြင် စာအုပ်မှ အချက်အလက်တချို့ ယူပါတယ်။

ဆရာဋ္ဌေး
DVB Burmese (သုတကဖေး)

Leave a Reply