ကယန္းတိုင္းရင္းသား တုိ႔အေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – မိုင္းေနာ္ရိန္း

ဆင္းသက္လာပုံႏွင့္ ေနထိုင္ရာေဒသ

ကယန္းတိုင္းရင္းသားတို႔သည္ မ်ဳိးႏြယ္ ႀကီး သံုးမ်ဳိးျဖစ္ေသာ နိဂ႐ိုက္၊ ယူ႐ိုပြိဳက္၊ မြန္ဂိုလြိဳက္ဟူေသာ လူမ်ဳိးႀကီးမ်ားအနက္ မြန္ဂိုလြိဳက္မ်ဳိးႏြယ္မွ ဆင္းသက္လာသည္။ မြန္ဂိုလြိဳက္မ်ဳိးႏြယ္မွ ဆင္းသက္လာေသာ တိဘက္-ျမန္မာ၊ ထိုင္း-တ႐ုတ္၊ မြန္-ခမာ မ်ဳိးႏြယ္သံုးမ်ဳိးအနက္မွ ထိုင္း-တ႐ုတ္ လူမ်ဳိးႏြယ္ မွ ဆင္းသက္လာသည္။ ကယန္းတိုင္းရင္းသား တို႔သည္ ျမန္မာႏိုင္ငံအေရွ႕ပိုင္း ကယားျပည္နယ္ အေနာက္ေျမာက္ပိုင္းမွ လြိဳင္ေကာ္ႏွင့္ ဒီေမာ့ဆိုၿမိဳ႕နယ္၊ ကရင္ျပည္နယ္ေျမာက္ပိုင္း မွ သံေတာင္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္ အေနာက္ ေတာင္ေထာင့္မွ ပင္ေလာင္းႏွင့္ ဖယ္ခုံၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးမွ လယ္ေဝးႏွင့္ပ်ဥ္းမနား ၿမိဳ႕နယ္ အေရွ႕ပိုင္းေတာင္တန္းေဒသတို႔တြင္ ေနထိုင္ၾကသည္။

ကယန္းတိုင္းရင္းသားမ်ား ေနထိုင္ရာ ေဒသေလးခုတြင္ ကယန္း တိုင္းရင္းသားမ်ားအျပင္ ကရင္၊ ရွမ္း၊ ပအိုဝ္း၊ ဗမာ အစရွိေသာ တိုင္းရင္းသားလူမ်ဳိးမ်ားလည္း ေနထိုင္ၾကသည္။ ေတာ ေတာင္ထူထပ္ေပါမ်ား၍ ခရီးသြားလာေရး မလြယ္ကူသျဖင့္ လူဦးေရနည္းပါးၿပီး တစ္စတုရန္းမိုင္လွ်င္ လူဦးေရ ၆ဝ ေက်ာ္သာ ေနထိုင္ၾကသည္။ ျမန္မာႏုိင္ငံတြင္ ကယန္းလူမ်ဳိး လူဦးေရ ၆ေသာင္းခန္႔ေနထိုင္ၿပီး ထုိင္း ၊ ဗီယက္နမ္ ႏွင့္ အေမရိကန္ျပည္ေထာင္စုတုိ႔တြင္ ၆၀၀ ၀န္းက်င္စီ ေနထုိင္ၾကသည္။  ၎တို ့အား (ပေဒါင္) ဟု ေခၚလွ်င္ နွစ္သက္ေလ ့မရွိေပ။ ပေဒါင္ ဟုေခၚဆိုျခင္း မွာ ကယန္းဘာသာစကား မဟုတ္ပဲ ၊ ရွမ္းဘာသာစကား (ယန္းပေဒါင္း) ဟု အဓိပၸါယ္ရွိရာရွမ္းဘာသာ စကားျဖင္း ယန္း= ကရင္မ်ိဳးႏြယ္ ၊ ပေဒါင္း= ေၾကးပတ္ ျဖစ္ရာ ယန္းပေဒါင္းကို ေၾကးေခြစြပ္ထား ေသာ ကရင္လူမ်ိဳး ၊ရွမ္းဘာသာစကားျဖစ္ေသာ ယန္းပေဒါင္း မွတြင္လာျခင္း ေၾကာင့္ ျဖစ္သည္။

စာေပႏွင့္ဘာသာစကား

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၂ဝ ေက်ာ္က ႏိုင္ငံျခားသား ခရစ္ယာန္ဘာသာ၊ သာသနာျပဳ ဘုန္းေတာ္ႀကီးမ်ားသည္ ကယန္းတို႔ေဒသသို႔ ေရာက္ရွိလာၿပီး ခရစ္ယာန္ဘာသာအယူဝါဒ မ်ားကို စတင္ေဟာေျပာသြန္သင္ခဲ့သည္။ ထိုခရစ္ယာန္သာသနာျပဳ ဘုန္းေတာ္ႀကီးမ်ား သည္ ကယန္းတို႔ဘာသာစကားကို ေလ့လာ သင္ၾကားၿပီးေနာက္ ကယန္းလူမ်ဳိး၏ စာေပကို တီထြင္ေပးခဲ့သည္။

ထိုခရစ္ယာန္ဘာသာ သာသနာျပဳမ်ား အနက္ ၁၈၈၁ ခုႏွစ္တြင္ ဘုန္းေတာ္ႀကီး ေကာင္တီႏွင့္ ဘုန္းေတာ္ႀကီး ကာရ္ဘြန္နိ သည္ ေဂပါးလူမ်ဳိး၏ ဘာသာစကားကို ေလ့လာ သင္ယူၿပီးေနာက္ လက္တင္အကၡရာကို အေျခခံ ၍ စာေပတစ္ရပ္ကို တီထြင္ေပးခဲ့သည္။

ယင္းစာေပကို ပုံႏွိပ္ထုတ္ေဝ၍ ေဂပါး လူမ်ဳိးတို႔အား သင္ၾကားေပးခဲ့သည္။ ၁၈၉၇ ခုႏွစ္တြင္ သံေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္း ေမာင္ဗေလာ့ရြာသို႔ ၾကြေရာက္သီတင္းသုံးခဲ့ ေသာ ဘုန္းေတာ္ႀကီး ေပါလ္မန္းနာသည္ ေမာင္ဗေလာ့ရြာသား အိုင္ဘန္းခန္ဆိုသူ လူငယ္ထံမွ ကယန္းကဲ့ေဒါ့စကားကို ေလ့လာသင္ယူတတ္ေျမာက္ၿပီးေနာက္ လက္တင္အကၡရာျဖင့္ ကယန္းစာေပကို တီထြင္ခဲ့သည္။ ကယန္းစာေပျဖင့္ ေမတၱာ ႏွင့္ သီခ်င္းစာအုပ္မ်ားကို ေရးသားထုတ္ေဝခဲ့ သည္။ ယင္းသာသနာျပဳဘုန္းေတာ္ႀကီးတီထြင္ ေပးခဲ့ေသာစာေပကို ယေန႔ကယန္းကဲခူႏွင့္ ကယန္းကငန္တို႔က အသုံးျပဳလ်က္ရွိသည္။

ခရစ္ယာန္သာသနာျပဳဘုန္းေတာ္ႀကီးမ်ား သည္ ကယန္းစာကို တီထြင္ခဲ့သည့္နည္းတူ ျဗဟၼစိုရ္ဘာသာဝင္ ကယန္းတို႔သည္ ကိုယ္ပိုင္ ဟန္ျဖင့္ စာေပတစ္မ်ဳိးကို တီထြင္ခဲ့သည္။ ယင္းစာေပသည္ ျဗဟၼစိုရ္ဘာသာဝင္ ကယန္းလူမ်ဳိးအခ်ဳိ႕ တတ္ေျမာက္ထားခဲ့ၾက ေသာ္လည္း က်ယ္ျပန္႔စြာ သင္ၾကားျခင္းမရွိ သည့္အတြက္ တတ္ေျမာက္သူ အလြန္နည္းပါး သည္။ ကယန္းတိုင္းရင္းသားတို႔သည္ မ်ဳိးႏြယ္စုမ်ားျဖစ္ေသာ ကယန္းကငန္၊ ကယန္း ကဲေဒါ့၊ ကယန္းကဲခူ အစရွိေသာ ကယန္း လူမ်ဳိးစုမ်ားသည္ ေျပာဆိုေသာဘာသာ စကားတြင္ အသံအနိမ့္အျမင့္၊ ေလယူ ေလသိမ္းျခားနားသည္မွတစ္ပါး အားလုံး တူညီၾကသည္။

ကိုးကြယ္ယုံၾကည္မႈ

ကယန္းလူမ်ဳိးတို႔သည္ ကမ္းခြမ္ေခၚ တံခြန္တိုင္ဘာသာ၊ ခရစ္ယာန္ဘာသာ၊ ဗုဒၶ ဘာသာႏွင့္ ျဗဟၼစိုရ္ဘာသာတို႔ကို ကိုးကြယ္ ယုံၾကည္ၾကသည္။ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္အစရွိေသာ နတ္အမ်ဳိးမ်ဳိးရွိ သည္ဟု ယုံၾကည္၍ ထိုနတ္မ်ားကိုျပစ္မွားပါက လူကို ဖ်ားနာေအာင္၊ ေဘးအႏၲရာယ္အသြယ္ သြယ္ က်ေရာက္ေအာင္ျပဳတတ္သည္ဟု ယုံၾကည္ၾကပါသည္။ နတ္အမ်ဳိးမ်ဳိးရွိသည္ဟု ယုံၾကည္၍ ပူေဇာ္ပသၾကေသာ္လည္း နတ္သမီးမ်ားကို ပူေဇာ္ပသျခင္းမရွိေခ်။ အိမ္တြင္ နတ္႐ုပ္ကိုထုလုပ္၍ ကိုးကြယ္ျခင္း မရွိ။ ရြာအျပင္တြင္ နတ္ကို ပူေဇာ္ပသရန္ ေနရာသတ္မွတ္ထားရွိၾကသည္။

အမည္မွည့္ျခင္း

ကယန္းလူမ်ဳိးတို႔သည္ မိမိသားသမီးမ်ား ကို ခ်စ္ခင္ၾကင္နာသူမ်ားျဖစ္ၾကၿပီး ကေလး၏ ႀကီးပြားတိုးတက္ေရးကို အထူးလိုလားၾကသည့္ အေလ်ာက္ မီးဖြားခ်ိန္မွစ၍ ကေလးအတြက္ မဂၤလာယူေလ့ရွိသည္။ မီးဖြားၿပီးလွ်င္ ကေလး ၏ အခ်င္းကို အခ်ဳိ႕မွာ ေျမျမႇဳပ္ၾကၿပီး အခ်ဳိ႕ မွာ ဝါးဘူးထဲတြင္ ထည့္ထား၍ သစ္ေခါင္းတြင္ ခ်ိတ္ထားသည္။

ကယန္းအမ်ဳိးသမီးတို႔သည္ မီးဖြားၿပီး ငါးရက္မွ ၁ဝရက္ တစ္ပတ္ၾကာမွ မီးထြက္ေလ့ ရွိသည္။ မီးမထြက္မခ်င္း မီးေနအိမ္ကို အျခား ဧည့္သည္မ်ား မလာရ။ ဧည့္သည္လာလွ်င္ ကေလးခ်က္ ေတာ္ေတာ္ႏွင့္ မေၾကြဟု အယူရွိ ၾကသည္။

ကေလးခ်က္ေၾကြေသာအခါ ရြာထဲမွ လူႀကီးလူေကာင္း သက္ႀကီးရြယ္အိုအခ်ဳိ႕ကို ေခၚ၍ ထမင္းဟင္းလ်ာတို႔ျဖင့္ ဧည့္ခံေကြၽးေမြး ၾကသည္။ ခ်က္ေၾကြၿပီး၍ တစ္လမွ်ၾကာေသာ အခါ ကေလးအမည္ေပးပြဲကို ျပဳလုပ္သည္။ ကေလးကို အေဖ၊ အေမ (သို႔) အဘိုး၊ အဘြား တို႔က ကေလးႏွင့္ သင့္ေလ်ာ္ေသာအမည္ကို ေရြးခ်ယ္ေပးၾကသည္။ ကယန္းလူမ်ဳိးတို႔သည္ ေန႔နံအလိုက္ အမည္မွည့္ျခင္းမရွိ။ အမည္ေပး ေသာအခါ အဘိုး၊ အဘြား အမည္ပါေအာင္ ထည့္၍ မွည့္ၾကသည္။ သို႔မဟုတ္ အေရာင္ အဆင္းႏွင့္ သစ္ပင္ပန္းပင္မ်ားကိုမွီ၍ မွည့္ တတ္သည္။ ကယန္းတို႔သည္ အမည္ေပးပုံတြင္-

(က) နမိတၱက အမည္ေပးျခင္း

(ခ) ဂုဏ္လီအမည္ေပးျခင္း ဟူ၍ ရွိသည္။

အမည္ေပးရာ၌ ေယာက္်ားျဖစ္လွ်င္ အဘိုး၊ ဦးေလးတို႔ အမည္ယူေလ့ရွိၿပီး မိန္းမ ျဖစ္လွ်င္ အဘြား၊ အေဒၚအမည္ကို ယူၾက သည္။ အခ်ဳိ႕ေသာ ကယန္းလူမ်ဳိးတြင္ ေမြးဖြား လာေသာ သားသမီးမ်ားကို ႀကီးစဥ္ငယ္ လိုက္သိရွိရန္ အမည္၏ေရွ႕တြင္ ေအာက္ပါ အမည္မ်ားကို ထည့္၍ေခၚေလ့ရွိသည္။ ကယန္းလူမ်ဳိးတို႔၏ အမည္ေခၚဆိုပုံမွာ ေအာက္ပါအတိုင္းျဖစ္သည္-

အမ်ဳိးသားအမည္မွာ-

ပထမသား – အိုင္

ဒုတိယသား – ငင္း
တတိယသား – သန္း
စတုတၴသား – သိုင္း
ပၪၥမသား – အငို႔

ဆ႒မသား – အေလာ့
သတၱမသား – အစို႔
အ႒မသား – ပီး
နဝမသား – ေပါ့

အမ်ဳိးသမီးအမည္မ်ားမွာ-

ပထမသမီး – အားမူ

ဒုတိယသမီး – အားအီ
တတိယသမီး – အားပိုင္
စတုတၴသမီး – အားလာ
ပၪၥမသမီး – အားအူး

ဆ႒မသမီး – အားအို
သတၱမသမီး – အားအစ္
အ႒မသမီး – အားလူ
နဝမသမီး – အားလာ

အႏုပညာႏွင့္တူရိယာမ်ား

ကယန္းလူမ်ဳိးတို႔သည္ မိမိတို႔၏ အမ်ဳိးသားဟန္၊ အမ်ဳိးသမီးမူ၊ အမ်ဳိးသားအသံ၊ ႐ိုးရာအကမ်ားရွိၾကသည္။ ကယန္းလူမ်ဳိးတို႔၏ ႐ိုးရာတူရိယာပစၥည္းမ်ားမွာ ဖားစည္၊ ဗုံ၊ ေမာင္း၊ လင္းကြင္း၊ ပေလြ၊ ေဒါင္းေဒြ၊ ကြၽဲခ်ဳိ၊ ေခါင္းေလာင္းတို႔ျဖစ္ၾကၿပီး ႐ိုးရာအကမ်ားမွာ ကန္ခြမ္အက၊ အိမ္သစ္တက္အက၊ ဝါးညႇပ္ အက၊ ဒိုင္းအက၊ အသုဘအက၊ ယိမ္းအက အစရွိသည္တို႔ ျဖစ္ၾကသည္။ ကယန္းလူမ်ဳိးတို႔ သည္ ႐ိုးရာေတးဂီတ အမ်ဳိးမ်ဳိးရွိသည္။ ယင္းေတးဂီတမ်ားမွာ ယို႔သေခၚ အပ်ဳိလူပ်ဳိ လွည့္ျခင္း ေတးသီခ်င္းမ်ား၊ ငို႔ဟန္ေခၚ အသုဘ ဆိုင္ရာ လြမ္းသီခ်င္းမ်ား၊ ငိုမီးေခၚ အမ္မီး အသုဘေတးသီခ်င္းမ်ားႏွင့္ အျခား႐ိုးရာ ေတးသီခ်င္းမ်ားလည္းရွိသည္။

ဝတ္စားဆင္ယင္ထုံးဖြဲ႕မႈ

ကယန္းတိုင္းရင္းသားတို႔သည္ မ်ဳိးႏြယ္စု ျဖစ္ေသာ ကယန္းကငန္(ယင္းေဘာ္)၊ ကယန္း ကဲခူ(ပေဒါင္)၊ ကယန္းကဲေဒါ့(ေဂခူ)ႏွင့္ ကယန္းလထ(ေခါင္းတို)တို႔သည္ ေျပာဆိုေသာ ဘာသာစကား၊ က်င့္သုံးေလ့ရွိေသာ ႐ိုးရာ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းတို႔တြင္ တူညီၾကၿပီး တစ္ဆက္တစ္စပ္တည္းေသာ နယ္ေျမေဒသ တြင္ အတူတကြေနထိုင္ၾကေသာ္လည္း မ်ဳိးႏြယ္စုတစ္စုႏွင့္တစ္စု ဝတ္စားဆင္ယင္ ထုံးဖြဲ႕မႈမွာ ကြဲျပားၾကသည္။

ေၾကးပတ္ျခင္းဓေလ့

ေၾကးပတ္ေသာ ကယန္းအမ်ဳိးသမီးမ်ားကို လည္ရွည္လူမ်ဳိး( Long Neck) ဟုလည္း ေကာင္း၊ ဗ်ိဳင္းအမ်ဳိးသမီးဟူ၍လည္းေကာင္း ေခၚဆိုၾကသည္။ ေၾကးပတ္၍ လည္တံရွည္ လာျခင္းသည္ ကယန္းတိုင္းရင္းသားတို႔ အၾကားတြင္ လည္တံရွည္ေလ ပို၍တင့္တယ္ သည္ဟု သေဘာထားၾကသည္။ မူလအစ ေၾကးပတ္ျခင္းသည္ မယ္ေတာ္နဂါးမကဲ့သို႔ လည္ရွည္မည္ဟူ၍လည္းေကာင္း၊ မယ္ေတာ္ နဂါးမႏွင့္ အဆင္းသဏၭာန္အားျဖင့္ တူမည္ ဟူ၍လည္းေကာင္း ယုံၾကည္မႈျဖင့္ ေၾကးပတ္ခဲ့ ၾကသည္။

ေၾကးပတ္သူ ကယန္းအမ်ဳိးသမီး၏ဦးေခါင္းထိပ္တြင္ ဆံထုံးထုံး၍ အခြၽန္ျပဳလုပ္ ထားေသာ ေငြဆံထုံးျဖင့္ ေထာင္၍စိုက္ထား ေသာ နဂါးအေမာက္ပုံသဏၭာန္ကို ဆင္ယင္ ထားသည္။ လည္ပင္းတြင္ အရစ္ ၁၆မွ ၂၅ အရစ္အထိ ပါရွိေသာေၾကးကြင္းမ်ားကို ရစ္ပတ္ထားၿပီး လည္ပင္းအရင္းတြင္ အရစ္ ငါးရစ္ပါရွိေသာ ေၾကးကြင္းကို ထပ္၍ပတ္ ထားသည္။ ယင္းေၾကးကြင္း ငါးရစ္ကို အခ်င္း ႏွစ္လက္မခြဲရွိေသာ ေၾကးကြင္းငယ္တစ္ခုျဖင့္ အထိမ္းအမွတ္အျဖစ္ တပ္ဆင္ထားျခင္းျဖင့္ နဂါးမ၏ လည္ပင္းအရင္းအေမာက္သဏၭာန္ပုံ ကို ဆင္ယင္ထားသည္။

ကယန္းအမ်ဳိးသမီးမ်ား ေၾကးပတ္ျခင္း ကို အသက္ေလးႏွစ္ေက်ာ္တြင္ စတင္ပတ္ၾက သည္။ ေၾကးကြင္းမ်ားကို လည္ပင္းႏွင့္ ေျခသလုံးအထက္ပိုင္းတြင္ ပတ္ထားၾကသည္။ အသက္ငါးႏွစ္ေက်ာ္လြန္လာလွ်င္ အရစ္ တိုး၍ပတ္ေပးၾကသည္။ အသက္ ရွစ္ႏွစ္ ေက်ာ္လာလွ်င္ ပို၍လုံးပတ္ႀကီးေသာ ေၾကးကြင္းမ်ားကိုပတ္ေပးသည္။ ေၾကးကြင္း ပတ္ျခင္းကို အသက္ ၁၅ႏွစ္ ေက်ာ္တြင္ ၿပီးဆုံးသည္။

ကယန္းအမ်ဳိးသမီးမ်ားသည္ ေၾကးကြင္း ပတ္ထားျခင္းေၾကာင့္ လည္ရွည္ထြက္လာသည္ ဟု ထင္မွတ္ၾကသည္။ ကယန္းအမ်ဳိးသမီး၏ လည္ပင္းတြင္ ရစ္ပတ္ထားေသာ ေၾကးကြင္း မ်ား၏ အေလးခ်ိန္မွာ ငါးပိႆာခန္႔ရွိသည္။ ထိုေၾကး၏အေလးေၾကာင့္ ပခုံး၏ၾကြက္သား တို႔ကို ေအာက္သို႔ဖိခ်ထားသည့္အတြက္ လည္ပင္းရွည္ထြက္လာျခင္း ျဖစ္သည္။

ေၾကးကြင္းမ်ား၏ အေလးခ်ိန္ေၾကာင့္ ပခုံး႐ိုး ေအာက္သို႔ တျဖည္းျဖည္းက်ဆင္းလာ၍ နံ႐ိုး ေပၚသို႔ ဖိဆင္းသြားကာ ဦးေခါင္းႏွင့္ပခုံး အၾကားရွိ ေက်ာ႐ိုးမႀကီးဆန္႔တက္လာသည္။ ေက်ာ႐ိုးမရွည္ထြက္လာသည္ႏွင့္အမွ် လည္ပင္း တြင္ ေၾကးကြင္းမ်ားပါ ေနရာယူလာေသာအခါ တြင္ ပို၍ရွည္ထြက္လာသည္ဟု ထင္ျမင္ ေစသည္။ ေၾကးပတ္ျခင္းေၾကာင့္ လည္ပင္း ရွည္ထြက္လာျခင္းမဟုတ္ဘဲ ပခုံး႐ိုးေအာက္သို႔ နိမ့္ဆင္းျခင္းသာျဖစ္သည္။

ကယန္းအမ်ဳိးသမီးတို႔၏ေၾကးပတ္ျခင္းကို အမ်ဳိးသားတို႔က ေဆာင္ရြက္ေပးျခင္းမဟုတ္ဘဲ ကြၽမ္းက်င္ေသာ အမ်ဳိးသမီးတို႔အခ်င္းခ်င္း တပ္ေပးၾကသည္။ အမ်ဳိးသားတို႔မွာ အမ်ဳိးသမီးပတ္လိုေသာ ေၾကးေခ်ာင္းလုံးပတ္ အရြယ္အစားရရွိေစရန္ ေၾကးေခ်ာင္းမ်ားကို မီးအပူေပး၍ သစ္သားလုံးတြင္ ရစ္ပတ္ထား ေသာ အေပါက္မ်ဳိးစုံပါရွိေသာ သံျပားျဖင့္ နန္းဆြဲေပးသည္။ ။

(ကိုးကားခ်က္)
ဦးပီေမာင္စိုး(လြိဳင္ေကာ္)- ကယန္းတိုင္းရင္းသားသမိုင္း

မိုင္းေနာ္ရိန္း
The Mirror Daily

—————

ကယန်းတိုင်းရင်းသား တို့အကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – မိုင်းနော်ရိန်း

ဆင်းသက်လာပုံနှင့် နေထိုင်ရာဒေသ

ကယန်းတိုင်းရင်းသားတို့သည် မျိုးနွယ် ကြီး သုံးမျိုးဖြစ်သော နိဂရိုက်၊ ယူရိုပွိုက်၊ မွန်ဂိုလွိုက်ဟူသော လူမျိုးကြီးများအနက် မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသည်။ မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသော တိဘက်-မြန်မာ၊ ထိုင်း-တရုတ်၊ မွန်-ခမာ မျိုးနွယ်သုံးမျိုးအနက်မှ ထိုင်း-တရုတ် လူမျိုးနွယ် မှ ဆင်းသက်လာသည်။ ကယန်းတိုင်းရင်းသား တို့သည် မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ် အနောက်မြောက်ပိုင်းမှ လွိုင်ကော်နှင့် ဒီမော့ဆိုမြို့နယ်၊ ကရင်ပြည်နယ်မြောက်ပိုင်း မှ သံတောင်မြို့နယ်၊ ရှမ်းပြည်နယ် အနောက် တောင်ထောင့်မှ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ လယ်ဝေးနှင့်ပျဉ်းမနား မြို့နယ် အရှေ့ပိုင်းတောင်တန်းဒေသတို့တွင် နေထိုင်ကြသည်။

ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသလေးခုတွင် ကယန်း တိုင်းရင်းသားများအပြင် ကရင်၊ ရှမ်း၊ ပအိုဝ်း၊ ဗမာ အစရှိသော တိုင်းရင်းသားလူမျိုးများလည်း နေထိုင်ကြသည်။ တော တောင်ထူထပ်ပေါများ၍ ခရီးသွားလာရေး မလွယ်ကူသဖြင့် လူဦးရေနည်းပါးပြီး တစ်စတုရန်းမိုင်လျှင် လူဦးရေ ၆ဝ ကျော်သာ နေထိုင်ကြသည်။ မြန်မာနိုင်ငံတွင် ကယန်းလူမျိုး လူဦးရေ ၆သောင်းခန့်နေထိုင်ပြီး ထိုင်း ၊ ဗီယက်နမ် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ၆၀၀ ဝန်းကျင်စီ နေထိုင်ကြသည်။  ၎င်းတို့အား (ပဒေါင်) ဟု ခေါ်လျှင် နှစ်သက်လေ့မရှိပေ။ ပဒေါင် ဟုခေါ်ဆိုခြင်း မှာ ကယန်းဘာသာစကား မဟုတ်ပဲ ၊ ရှမ်းဘာသာစကား (ယန်းပဒေါင်း) ဟု အဓိပ္ပါယ်ရှိရာရှမ်းဘာသာ စကားဖြင်း ယန်း= ကရင်မျိုးနွယ် ၊ ပဒေါင်း= ကြေးပတ် ဖြစ်ရာ ယန်းပဒေါင်းကို ကြေးခွေစွပ်ထား သော ကရင်လူမျိုး ၊ရှမ်းဘာသာစကားဖြစ်သော ယန်းပဒေါင်း မှတွင်လာခြင်း ကြောင့် ဖြစ်သည်။

စာပေနှင့်ဘာသာစကား

လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝ ကျော်က နိုင်ငံခြားသား ခရစ်ယာန်ဘာသာ၊ သာသနာပြု ဘုန်းတော်ကြီးများသည် ကယန်းတို့ဒေသသို့ ရောက်ရှိလာပြီး ခရစ်ယာန်ဘာသာအယူဝါဒ များကို စတင်ဟောပြောသွန်သင်ခဲ့သည်။ ထိုခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီးများ သည် ကယန်းတို့ဘာသာစကားကို လေ့လာ သင်ကြားပြီးနောက် ကယန်းလူမျိုး၏ စာပေကို တီထွင်ပေးခဲ့သည်။

ထိုခရစ်ယာန်ဘာသာ သာသနာပြုများ အနက် ၁၈၈၁ ခုနှစ်တွင် ဘုန်းတော်ကြီး ကောင်တီနှင့် ဘုန်းတော်ကြီး ကာရ်ဘွန်နိ သည် ဂေပါးလူမျိုး၏ ဘာသာစကားကို လေ့လာ သင်ယူပြီးနောက် လက်တင်အက္ခရာကို အခြေခံ ၍ စာပေတစ်ရပ်ကို တီထွင်ပေးခဲ့သည်။

ယင်းစာပေကို ပုံနှိပ်ထုတ်ဝေ၍ ဂေပါး လူမျိုးတို့အား သင်ကြားပေးခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် သံတောင်မြို့နယ်မြောက်ပိုင်း မောင်ဗလော့ရွာသို့ ကြွရောက်သီတင်းသုံးခဲ့ သော ဘုန်းတော်ကြီး ပေါလ်မန်းနာသည် မောင်ဗလော့ရွာသား အိုင်ဘန်းခန်ဆိုသူ လူငယ်ထံမှ ကယန်းကဲ့ဒေါ့စကားကို လေ့လာသင်ယူတတ်မြောက်ပြီးနောက် လက်တင်အက္ခရာဖြင့် ကယန်းစာပေကို တီထွင်ခဲ့သည်။ ကယန်းစာပေဖြင့် မေတ္တာ နှင့် သီချင်းစာအုပ်များကို ရေးသားထုတ်ဝေခဲ့ သည်။ ယင်းသာသနာပြုဘုန်းတော်ကြီးတီထွင် ပေးခဲ့သောစာပေကို ယနေ့ကယန်းကဲခူနှင့် ကယန်းကငန်တို့က အသုံးပြုလျက်ရှိသည်။

ခရစ်ယာန်သာသနာပြုဘုန်းတော်ကြီးများ သည် ကယန်းစာကို တီထွင်ခဲ့သည့်နည်းတူ ဗြဟ္မစိုရ်ဘာသာဝင် ကယန်းတို့သည် ကိုယ်ပိုင် ဟန်ဖြင့် စာပေတစ်မျိုးကို တီထွင်ခဲ့သည်။ ယင်းစာပေသည် ဗြဟ္မစိုရ်ဘာသာဝင် ကယန်းလူမျိုးအချို့ တတ်မြောက်ထားခဲ့ကြ သော်လည်း ကျယ်ပြန့်စွာ သင်ကြားခြင်းမရှိ သည့်အတွက် တတ်မြောက်သူ အလွန်နည်းပါး သည်။ ကယန်းတိုင်းရင်းသားတို့သည် မျိုးနွယ်စုများဖြစ်သော ကယန်းကငန်၊ ကယန်း ကဲဒေါ့၊ ကယန်းကဲခူ အစရှိသော ကယန်း လူမျိုးစုများသည် ပြောဆိုသောဘာသာ စကားတွင် အသံအနိမ့်အမြင့်၊ လေယူ လေသိမ်းခြားနားသည်မှတစ်ပါး အားလုံး တူညီကြသည်။

ကိုးကွယ်ယုံကြည်မှု

ကယန်းလူမျိုးတို့သည် ကမ်းခွမ်ခေါ် တံခွန်တိုင်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓ ဘာသာနှင့် ဗြဟ္မစိုရ်ဘာသာတို့ကို ကိုးကွယ် ယုံကြည်ကြသည်။ တောစောင့်နတ်၊ တောင်စောင့်နတ်အစရှိသော နတ်အမျိုးမျိုးရှိ သည်ဟု ယုံကြည်၍ ထိုနတ်များကိုပြစ်မှားပါက လူကို ဖျားနာအောင်၊ ဘေးအန္တရာယ်အသွယ် သွယ် ကျရောက်အောင်ပြုတတ်သည်ဟု ယုံကြည်ကြပါသည်။ နတ်အမျိုးမျိုးရှိသည်ဟု ယုံကြည်၍ ပူဇော်ပသကြသော်လည်း နတ်သမီးများကို ပူဇော်ပသခြင်းမရှိချေ။ အိမ်တွင် နတ်ရုပ်ကိုထုလုပ်၍ ကိုးကွယ်ခြင်း မရှိ။ ရွာအပြင်တွင် နတ်ကို ပူဇော်ပသရန် နေရာသတ်မှတ်ထားရှိကြသည်။

အမည်မှည့်ခြင်း

ကယန်းလူမျိုးတို့သည် မိမိသားသမီးများ ကို ချစ်ခင်ကြင်နာသူများဖြစ်ကြပြီး ကလေး၏ ကြီးပွားတိုးတက်ရေးကို အထူးလိုလားကြသည့် အလျောက် မီးဖွားချိန်မှစ၍ ကလေးအတွက် မင်္ဂလာယူလေ့ရှိသည်။ မီးဖွားပြီးလျှင် ကလေး ၏ အချင်းကို အချို့မှာ မြေမြှုပ်ကြပြီး အချို့ မှာ ဝါးဘူးထဲတွင် ထည့်ထား၍ သစ်ခေါင်းတွင် ချိတ်ထားသည်။

ကယန်းအမျိုးသမီးတို့သည် မီးဖွားပြီး ငါးရက်မှ ၁ဝရက် တစ်ပတ်ကြာမှ မီးထွက်လေ့ ရှိသည်။ မီးမထွက်မချင်း မီးနေအိမ်ကို အခြား ဧည့်သည်များ မလာရ။ ဧည့်သည်လာလျှင် ကလေးချက် တော်တော်နှင့် မကြွေဟု အယူရှိ ကြသည်။

ကလေးချက်ကြွေသောအခါ ရွာထဲမှ လူကြီးလူကောင်း သက်ကြီးရွယ်အိုအချို့ကို ခေါ်၍ ထမင်းဟင်းလျာတို့ဖြင့် ဧည့်ခံကျွေးမွေး ကြသည်။ ချက်ကြွေပြီး၍ တစ်လမျှကြာသော အခါ ကလေးအမည်ပေးပွဲကို ပြုလုပ်သည်။ ကလေးကို အဖေ၊ အမေ (သို့) အဘိုး၊ အဘွား တို့က ကလေးနှင့် သင့်လျော်သောအမည်ကို ရွေးချယ်ပေးကြသည်။ ကယန်းလူမျိုးတို့သည် နေ့နံအလိုက် အမည်မှည့်ခြင်းမရှိ။ အမည်ပေး သောအခါ အဘိုး၊ အဘွား အမည်ပါအောင် ထည့်၍ မှည့်ကြသည်။ သို့မဟုတ် အရောင် အဆင်းနှင့် သစ်ပင်ပန်းပင်များကိုမှီ၍ မှည့် တတ်သည်။ ကယန်းတို့သည် အမည်ပေးပုံတွင်-

(က) နမိတ္တက အမည်ပေးခြင်း

(ခ) ဂုဏ်လီအမည်ပေးခြင်း ဟူ၍ ရှိသည်။

အမည်ပေးရာ၌ ယောက်ျားဖြစ်လျှင် အဘိုး၊ ဦးလေးတို့ အမည်ယူလေ့ရှိပြီး မိန်းမ ဖြစ်လျှင် အဘွား၊ အဒေါ်အမည်ကို ယူကြ သည်။ အချို့သော ကယန်းလူမျိုးတွင် မွေးဖွား လာသော သားသမီးများကို ကြီးစဉ်ငယ် လိုက်သိရှိရန် အမည်၏ရှေ့တွင် အောက်ပါ အမည်များကို ထည့်၍ခေါ်လေ့ရှိသည်။ ကယန်းလူမျိုးတို့၏ အမည်ခေါ်ဆိုပုံမှာ အောက်ပါအတိုင်းဖြစ်သည်-

အမျိုးသားအမည်မှာ-

ပထမသား – အိုင်

ဒုတိယသား – ငင်း
တတိယသား – သန်း
စတုတ္ထသား – သိုင်း
ပဉ္စမသား – အငို့

ဆဋ္ဌမသား – အလော့
သတ္တမသား – အစို့
အဋ္ဌမသား – ပီး
နဝမသား – ပေါ့

အမျိုးသမီးအမည်များမှာ-

ပထမသမီး – အားမူ

ဒုတိယသမီး – အားအီ
တတိယသမီး – အားပိုင်
စတုတ္ထသမီး – အားလာ
ပဉ္စမသမီး – အားအူး

ဆဋ္ဌမသမီး – အားအို
သတ္တမသမီး – အားအစ်
အဋ္ဌမသမီး – အားလူ
နဝမသမီး – အားလာ

အနုပညာနှင့်တူရိယာများ

ကယန်းလူမျိုးတို့သည် မိမိတို့၏ အမျိုးသားဟန်၊ အမျိုးသမီးမူ၊ အမျိုးသားအသံ၊ ရိုးရာအကများရှိကြသည်။ ကယန်းလူမျိုးတို့၏ ရိုးရာတူရိယာပစ္စည်းများမှာ ဖားစည်၊ ဗုံ၊ မောင်း၊ လင်းကွင်း၊ ပလွေ၊ ဒေါင်းဒွေ၊ ကျွဲချို၊ ခေါင်းလောင်းတို့ဖြစ်ကြပြီး ရိုးရာအကများမှာ ကန်ခွမ်အက၊ အိမ်သစ်တက်အက၊ ဝါးညှပ် အက၊ ဒိုင်းအက၊ အသုဘအက၊ ယိမ်းအက အစရှိသည်တို့ ဖြစ်ကြသည်။ ကယန်းလူမျိုးတို့ သည် ရိုးရာတေးဂီတ အမျိုးမျိုးရှိသည်။ ယင်းတေးဂီတများမှာ ယို့သခေါ် အပျိုလူပျို လှည့်ခြင်း တေးသီချင်းများ၊ ငို့ဟန်ခေါ် အသုဘ ဆိုင်ရာ လွမ်းသီချင်းများ၊ ငိုမီးခေါ် အမ်မီး အသုဘတေးသီချင်းများနှင့် အခြားရိုးရာ တေးသီချင်းများလည်းရှိသည်။

ဝတ်စားဆင်ယင်ထုံးဖွဲ့မှု

ကယန်းတိုင်းရင်းသားတို့သည် မျိုးနွယ်စု ဖြစ်သော ကယန်းကငန်(ယင်းဘော်)၊ ကယန်း ကဲခူ(ပဒေါင်)၊ ကယန်းကဲဒေါ့(ဂေခူ)နှင့် ကယန်းလထ(ခေါင်းတို)တို့သည် ပြောဆိုသော ဘာသာစကား၊ ကျင့်သုံးလေ့ရှိသော ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့တွင် တူညီကြပြီး တစ်ဆက်တစ်စပ်တည်းသော နယ်မြေဒေသ တွင် အတူတကွနေထိုင်ကြသော်လည်း မျိုးနွယ်စုတစ်စုနှင့်တစ်စု ဝတ်စားဆင်ယင် ထုံးဖွဲ့မှုမှာ ကွဲပြားကြသည်။

ကြေးပတ်ခြင်းဓလေ့

ကြေးပတ်သော ကယန်းအမျိုးသမီးများကို လည်ရှည်လူမျိုး( Long Neck) ဟုလည်း ကောင်း၊ ဗျိုင်းအမျိုးသမီးဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ ကြေးပတ်၍ လည်တံရှည် လာခြင်းသည် ကယန်းတိုင်းရင်းသားတို့ အကြားတွင် လည်တံရှည်လေ ပို၍တင့်တယ် သည်ဟု သဘောထားကြသည်။ မူလအစ ကြေးပတ်ခြင်းသည် မယ်တော်နဂါးမကဲ့သို့ လည်ရှည်မည်ဟူ၍လည်းကောင်း၊ မယ်တော် နဂါးမနှင့် အဆင်းသဏ္ဌာန်အားဖြင့် တူမည် ဟူ၍လည်းကောင်း ယုံကြည်မှုဖြင့် ကြေးပတ်ခဲ့ ကြသည်။

ကြေးပတ်သူ ကယန်းအမျိုးသမီး၏ဦးခေါင်းထိပ်တွင် ဆံထုံးထုံး၍ အချွန်ပြုလုပ် ထားသော ငွေဆံထုံးဖြင့် ထောင်၍စိုက်ထား သော နဂါးအမောက်ပုံသဏ္ဌာန်ကို ဆင်ယင် ထားသည်။ လည်ပင်းတွင် အရစ် ၁၆မှ ၂၅ အရစ်အထိ ပါရှိသောကြေးကွင်းများကို ရစ်ပတ်ထားပြီး လည်ပင်းအရင်းတွင် အရစ် ငါးရစ်ပါရှိသော ကြေးကွင်းကို ထပ်၍ပတ် ထားသည်။ ယင်းကြေးကွင်း ငါးရစ်ကို အချင်း နှစ်လက်မခွဲရှိသော ကြေးကွင်းငယ်တစ်ခုဖြင့် အထိမ်းအမှတ်အဖြစ် တပ်ဆင်ထားခြင်းဖြင့် နဂါးမ၏ လည်ပင်းအရင်းအမောက်သဏ္ဌာန်ပုံ ကို ဆင်ယင်ထားသည်။

ကယန်းအမျိုးသမီးများ ကြေးပတ်ခြင်း ကို အသက်လေးနှစ်ကျော်တွင် စတင်ပတ်ကြ သည်။ ကြေးကွင်းများကို လည်ပင်းနှင့် ခြေသလုံးအထက်ပိုင်းတွင် ပတ်ထားကြသည်။ အသက်ငါးနှစ်ကျော်လွန်လာလျှင် အရစ် တိုး၍ပတ်ပေးကြသည်။ အသက် ရှစ်နှစ် ကျော်လာလျှင် ပို၍လုံးပတ်ကြီးသော ကြေးကွင်းများကိုပတ်ပေးသည်။ ကြေးကွင်း ပတ်ခြင်းကို အသက် ၁၅နှစ် ကျော်တွင် ပြီးဆုံးသည်။

ကယန်းအမျိုးသမီးများသည် ကြေးကွင်း ပတ်ထားခြင်းကြောင့် လည်ရှည်ထွက်လာသည် ဟု ထင်မှတ်ကြသည်။ ကယန်းအမျိုးသမီး၏ လည်ပင်းတွင် ရစ်ပတ်ထားသော ကြေးကွင်း များ၏ အလေးချိန်မှာ ငါးပိဿာခန့်ရှိသည်။ ထိုကြေး၏အလေးကြောင့် ပခုံး၏ကြွက်သား တို့ကို အောက်သို့ဖိချထားသည့်အတွက် လည်ပင်းရှည်ထွက်လာခြင်း ဖြစ်သည်။ ကြေးကွင်းများ၏ အလေးချိန်ကြောင့် ပခုံးရိုး အောက်သို့ တဖြည်းဖြည်းကျဆင်းလာ၍ နံရိုး ပေါ်သို့ ဖိဆင်းသွားကာ ဦးခေါင်းနှင့်ပခုံး အကြားရှိ ကျောရိုးမကြီးဆန့်တက်လာသည်။ ကျောရိုးမရှည်ထွက်လာသည်နှင့်အမျှ လည်ပင်း တွင် ကြေးကွင်းများပါ နေရာယူလာသောအခါ တွင် ပို၍ရှည်ထွက်လာသည်ဟု ထင်မြင် စေသည်။ ကြေးပတ်ခြင်းကြောင့် လည်ပင်း ရှည်ထွက်လာခြင်းမဟုတ်ဘဲ ပခုံးရိုးအောက်သို့ နိမ့်ဆင်းခြင်းသာဖြစ်သည်။

ကယန်းအမျိုးသမီးတို့၏ကြေးပတ်ခြင်းကို အမျိုးသားတို့က ဆောင်ရွက်ပေးခြင်းမဟုတ်ဘဲ ကျွမ်းကျင်သော အမျိုးသမီးတို့အချင်းချင်း တပ်ပေးကြသည်။ အမျိုးသားတို့မှာ အမျိုးသမီးပတ်လိုသော ကြေးချောင်းလုံးပတ် အရွယ်အစားရရှိစေရန် ကြေးချောင်းများကို မီးအပူပေး၍ သစ်သားလုံးတွင် ရစ်ပတ်ထား သော အပေါက်မျိုးစုံပါရှိသော သံပြားဖြင့် နန်းဆွဲပေးသည်။ ။

(ကိုးကားချက်)
ဦးပီမောင်စိုး(လွိုင်ကော်)- ကယန်းတိုင်းရင်းသားသမိုင်း

မိုင်းနော်ရိန်း
The Mirror Daily

Leave a Reply