ဓာတ်ပုံတစ်ပုံကြောင့် အားလုံးကို အကျိုးရှိစေခဲ့တဲ့ ရေခဲကောင်လေး

Posted on

ရေခဲကောင်လေးလို့ နာမည်ကြီးခဲ့တဲ့ ဒီကောင်လေးရဲ့ အကြောင်းကို သုတဇုန်မှာ မနှစ်က တင်ခဲ့ဖူးပါတယ်။ အခုကတော့ အဲဒီကောင်လေးရဲ့ ဓာတ်ပုံတွေ လိုင်းပေါ်ကို ပျံ့နှံ့ခဲ့ပြီးတစ်နှစ်ကြာတဲ့နောက် သူ့ဘ၀လည်း ပြောင်းလဲခဲ့တဲ့အကြောင်းပါ။

ရေခဲမှတ်အောက် -၉ဒီဂရီမှာ ၃မိုင်ခရီးကို ဖြတ်ကျော်ပြီး ကျောင်းကိုအရောက်လာခဲ့တဲ့ ၃တန်းကျောင်းသားလေး

မျက်နှာနီရဲပြီး တစ်ခေါင်းလုံးနှင်းတွေနဲ့ စွတ်စွတ်ဖြူနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံတွေဟာ အခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေပါတယ်။

ဒီကလေးငယ်ကလေးကတော့ ယူနန်ပြည်နယ် Zhuanshanbao မူလတန်းကျောင်းမှာ တက်ရောက်နေတဲ့ ၃တန်းကျောင်းသားလေးပဲ ဖြစ်ပါတယ်။

သူမျက်နှာနီပြီး ဆံပင်တွေဟာနှင်းတွေနဲ့ ဖြူဖွေးနေရတဲ့အကြောင်းကတော့ သူဟာ ချမ်းအေးလွန်းတဲ့ ရေခဲမှတ်အောက် -၉ဒီဂရီမှာ ၃မိုင်ခရီးကို လျှောက်ပြီး ကျောင်းကိုလာခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။

ချမ်းအေးလွန်းတာကြောင့် သူ့ရဲ့မျက်နှာဟာ နီရဲနေတာဖြစ်ပြီး လမ်းတစ်လျှောက်မှာ နှင်းတွေကျနေတဲ့အတွက် ခေါင်းက ဖြူသွားရခြင်းဖြစ်ပါတယ်။

၈နှစ်အရွယ်ကလေးငယ် ဟာ ဒီလိုရာသီဥတုမျိုးကို ကြံကြံခံပြီးလာရတဲ့အကြောင်းကတော့ အဲဒီနေ့ဟာ စာမေးပွဲကြီးရဲ့ ပထမဆုံးနေ့ ဖြစ်နေလို့ပါ။ ဒါကြောင့် သူမရောက်ရောက်အောင် လာခဲ့တာလို့ ဆိုပါတယ်။

ဇွဲရှိလွန်းတဲ့ ကျောင်းသားလေးရဲ့ ပုံရိပ်တွေကို ကျောင်းအုပ်ဆရာကြီး Fu Heng တရုတ်ဆိုရှယ်မီဒီယာဖြစ်တဲ့ Wiebo ပေါ်ဝေမျှခဲ့ရာကနေ ပျံ့နှံ့သွားခဲ့တာပဲဖြစ်ပါတယ်။

” အဲဒီနေ့က သူတို့ရဲ့ပထမဆုံး စာမေးပွဲနေ့ပါ။ ဒီကောင်က မပြည့်စုံပေမယ့် အတန်းထဲမှာတော့ လူချစ်လူခင်ပေါတယ်။ သူက ဒီအတန်းရဲ့ လူရွှင်တော်လေ။ သူရောက်လာတဲ့အချိန်မှာ ရာသီဥတုဟာ အလွန်အေးနေပြီး အပူချိန်က -၉ဒီဂရီဖြစ်နေခဲ့တာပါ။

အဝေးကြီးကနေ လာခဲ့ရတဲ့အတွက် အတန်းထဲရောက်တဲ့အချိန်မှာ သူ့ဆံပင်ဟာ နှင်းတွေခဲနေပါတယ်။ သူ့ရဲ့အတန်းဖော် ၁၆ယောက်က သူ့ကိုကြည့်ပြီး အံသြနေချိန်မှာ သူက ဘာမှမဖြစ်သလို မျက်နှာကိုပြောင်စပ်စပ်လုပ်ပြနေသေးတဲ့အတွက် အံသြနေတဲ့သူ့အတန်းဖော်တွေအားလုံး ရယ်ကုန်ကြပါတယ်။

ဒီလောက်ခိုက်ခိုက်တုန်အောင်ချမ်းနေချိန်မှာ တခြားသူတွေကို ရယ်မောအောင်လုပ်နိုင်သေးတယ်။ တကယ့်ကောင်ပါပဲ” လို့ ကျောင်းဆရာကြီးက ဆိုပါတယ်။

ကလေးငယ်ရဲ့နာမည်က ၀မ်ဖူမင်းလို့ ခေါ်ပြီး အဘွား ၊ အစ်မ ဖြစ်သူတို့နဲ့ အတူ အိမ်ငယ်လေးတစ်လုံးမှာ နေထိုင်သူပါ။ သူ့ရဲ့အိမ်ကနေ ကျောင်းကိုရောက်အောင် ၁နာရီခွဲခန့် လမ်းလျှောက်ရပါတယ်။ အဖေဖြစ်သူက ရွှေ့ပြောင်းအလုပ်သမား ဖြစ်ပြီး အမေဖြစ်သူက အိမ်ကိုပြန်မလာတော့ဘူးလို့ ဆိုပါတယ်။

မပြည့်မစုံ မိသားစုဘ၀ မှာ ဒီကလေးငယ်ဟာ တစ်ဖက်က ကျောင်းတက်နေရင်းနဲ့ အဖွားဖြစ်သူရဲ့ လယ်အလုပ်တွေကို ၀င်ကူနေရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့လက်တွေဟာ အသမာတက်နေရခြင်း ဖြစ်ပါတယ်။

သူအိမ်က ထွက်နေချိန်မှာ ရာသီဥတုကောင်းတယ်လို့ထင်ပြီး အ၀တ်တွေကို အထူကြီးမ၀တ်ခဲ့ဘူးလို့ သိရပါတယ်။ ဆရာကြီးရဲ့ မျှဝေမှုကြောင့် ကလေးငယ်ရဲ့အကြောင်းကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် သိသွားကြပြီး အားမငယ်ဖို့ ပညာကိုကြိုးစားသင်ဖို့ အားပေးကြပါတယ်။ ကလေးငယ်လေးကို လည်း ရေခဲကောင်လေး လို့ ချစ်စနိုးနာမည်ပေးထားကြပါတယ်။

ဒါကတော့ မနှစ်က သူ့ဓာတ်ပုံတွေပျံ့နှံ့ခဲ့ပြီး လူသိများခဲ့တဲ့အကြောင်းပါ။ အခု တစ်နှစ်ကြာပြီးတဲ့နောက်မှာ ဒီကောင်လေးရဲ့ ဘ၀ဟာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ရပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားပြီးတဲ့နောက် အဖွဲ့အစည်း နဲ့ လူပေါင်းများစွာက လှူဒါန်းခဲ့ကြလို့ပါ။

ပထမဆုံးအနေနဲ့ သူတို့ရဲ့ အရင်က ပြိုကျခါနီးအိမ်အစား နှစ်ထပ်တိုက်အိမ် တစ်လုံးကို ရရှိခဲ့ပါတယ်။ အဲဒီအိမ်က ကျောင်းနဲ့ မနီးမဝေးမှာမရှိတာကြောင့် အရင်လို ကျောင်းကို ၁နာရီခွဲ လမ်းမလျှောက်ရတော့ပဲ ၁၀ မိနစ်ပဲ လျှောက်ရပါတော့တယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာလည်း အရင်က မိုင် ၁ရာကျော် အကွာအဝေးမှာ အလုပ်လုပ်ခဲ့ရာကနေ အခုဆိုရင် ကူမင်းမြို့က ဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်ရသွားခဲ့ပါပြီ။ လစာကလည်း ယွန် ၆၀၀၀ (ဒေါ်လာ ၈၇၅) ဖြစ်တာကြောင့် သူတို့မိသားစုကို ကောင်းကောင်း ထောက်ပံ့သွားနိုင်ခဲ့ပါပြီ။

ဒီကောင်လေးရဲ့ ဓာတ်ပုံဟာ သူတို့မိသားစုကိုတင် မကပါဘူး။ သူတက်ခဲ့တဲ့ကျောင်းကိုလည်း အကျိုးရှိစေခဲ့ပါတယ်။ သူ့ရဲ့ဓာတ်ပုံက တစ်ဆင့် သူတက်နေတဲ့ကျောင်းရဲ့ မပြည့်စုံတာကို သိရှိသွားကြတာကြောင့် စေတနာရှင်တွေက အများအပြားလှူဒါန်းခဲ့ကြပါတယ်။ ချမ်းအေးလွန်းတဲ့အရပ်မှာ ရှိတဲ့ဒီကျောင်းဟာ အရင်က အပူပေးကိရိယာတွေ ဘာတွေ မရှိပေမယ့် အခုတော့ အားလုံးပြည့်စုံသွားခဲ့ပြီဖြစ်ပါတယ်။ ဝေးခေါင်တဲ့နေရာမှာ ရှိတဲ့ဒီကျောင်းဟာ ကောင်လေးရဲ့ဓာတ်ပုံကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ငွေကြေး ၊ အားကစားပစ္စည်း ၊ အ၀တ်အစား နဲ့ အပူပေးကိရိယာတွေကို အလှူခံရရှိခဲ့ပါတယ်။

ဒီလိုလှူဒါန်းမှုတွေကြောင့် ကျောင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်ခဲ့တဲ့အပြင် အနုပညာခန်း ၊ ကွန်ပျူတာတွေ နဲ့ ဓာတ်ခွဲခန်းတွေကိုပါ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ သူတို့အတန်းရဲ့ အတန်းခေါင်းဆောင်ဖြစ်နေတဲ့ ရေခဲကောင်လေးရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါကတော့ မြို့တော်ဘေဂျင်း နဲ့ People’s Public Security University ကို သွားရောက်လည်ပတ်ခွင့်ရရှိခဲ့တာပါ။ ရေခဲကောင်လေးရဲ့ အိပ်မက်က တစ်ချိန်မှာ ရဲသားတစ်ယောက် ဖြစ်ပြီး လူတွေကို အကူအညီပေးဖို့ပါတဲ့။ ဒီလိုအားလုံးကို အကျိုးရှိစေခဲ့ရတာကတော့ ဓာတ်ပုံတစ်ပုံကြောင့် ဖြစ်ပါတယ်။

Ref : China News CGTN

Leave a Reply