စိတ်ဝင်စားဖွယ်ရာ ကိန်းဂဏန်း ၁၀ ခု ရဲ့ နောက်ကွယ်မှ လျို့ဝှက်ချက်များ

Posted on

ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)

မျက်မှောက်ခေတ် လူသားတိုင်းနီးပါးက နေ့စဉ် အသုံးပြုလျက်ရှိနေသည့် ကိန်းဂဏန်းနှင့် သင်္ကေတများသည် စိတ်ဝင် စားဖွယ်ရာ နောက်ခံသမိုင်းကြောင်းများရှိခဲ့ကြသည်။ ကိန်းဂဏန်းများ၏ သမိုင်းတွင် အချို့ကိန်းများသည်ရေတွက်မှုအဖြစ် သုံးစွဲသည့် ယူနစ် တစ်ရပ်သာဖြစ်သာမက အခြားထူးခြားသောနောက်ခံအကြောင်းအရာများစွာလည်း ရှိခဲ့ကြပေသည်။

ကိန်းများကိုစတင်သုံးစွဲခဲ့ကြစဉ်က အာရေဗျ ကိန်းဂဏန်းစနစ်၊ ထိုမှတစ်ဆင့် ဟိန္ဒူ အာရေဗျ ကိန်းဂဏန်းစနစ် အဖြစ် အသုံးပြုခဲ့ကြသည်။ ကိန်းဂဏန်းများကိုတီထွင်ခဲ့သည့် နေရာသည် အရှေ့အလယ်ပိုင်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံဖြစ်သဖြင့် မူလ မှည့် ခေါ်ခဲ့သည့် အာရေဗျကိန်းဟူသောအမည်သည် ဆီလျော်မှုမရှိခဲ့ချေ။ သို့သော်လည်းဥရောပတိုက်သားများက ကိန်းများကို အာရပ် များက တီထွင်ခဲ့သည်ဟုယူဆခဲ့ကြရာမှ အာရေဗျ နံပါတ်များဟုသာခေါ်တွင်ခဲ့ကြသည်။ ထိုစဉ်က ကိန်းဂဏန်းသည် နံပါတ်အစဉ် တန်းမရှိခဲ့ချေ။

၁၀။ ဘီလီယံ (Billion)

မျက်မှောက်ခေတ်တွင် ဘီလီယံဟူသည့် ကိန်းကို ၁ ဂဏန်းနောက်တွင် သုညကိုးလုံးပါရှိသော သန်းပေါင်း ၁၀၀၀(၁ထောင်) ဟု သတ်မှတ်ထားကြသည်။ သို့သော် လွန်ခဲ့သည့် နှစ် ၄၀၀ က ဘီလီယံယူသည့် ဝေါဟာရသည် အဓိပ္ပာယ်နှစ်မျိုးထွက်ရှိခဲ့သည်။ ပထမအဓိပ္ပာယ်သည် လက်ရှိသတ်မှတ်ချက်ဖြစ်သည့် ၁ ဂဏန်းနောက်မှ သုည ၉ လုံးဖြစ်ပြီး ဒုတိယအဓိပ္ပာယ်တွင် ယခုအခါတွင် ထရီလီယံဟုခေါ်ဆိုသည့် ၁ နောက်၌ သုည ၁၂ လုံးပါရှိသောကိန်းဖြစ်ခဲ့သည်။

ဘီလီယံဟူသည့် အသုံးအနှုန်းသတ်မှတ်ချက်သည် ဗြိတိန်နှင့် အမေရိကန်အကြားတူညီခြင်းမရှိဘဲ အမေရိကန်က တစ် ဘီလီယံသည် သန်း ၁၀၀၀ ဟုသတ်မှတ်၍ ဗြိတိန်က တစ်ဘီလီယံသည် သန်းပေါင်းတစ်သန်းဟုသတ်မှတ်ကာ သန်း ၁၀၀၀ ကို Milliard ဟု အသိအမှတ်ပြုခဲ့သည်။ ထရီလီယံဟူသည့် အသုံးအနှုန်းကိုအမေရိကန်က ၁ နောက်တွင်သုည ၁၂ လုံးပါရှိသည့် ကိန်းဟုသတ်မှတ်သော်လည်း ဗြိတိန်က ၁ နောက်တွင်သုည ၁၈ လုံးပါရှိသည့်ကိန်းဟုသတ်မှတ်ခဲ့သည်။ သို့သော် ၁၉၇၄ ခုနှစ်တွင် ဗြိတိန်သည် ဘီလီယံနှင့် ထရီလီယံကို အမေရိကန်နိုင်ငံတွင် သတ်မှတ် သုံးစွဲနေသည့်အတိုင်း ပြောင်းလဲခဲ့သည်။

၉။ လေးဆယ် ကိန်းဂဏန်း(40)

၄၀ ဟူသည့် ကိန်းသည် အင်္ဂလိပ်ဘာသာဖြင့် Forty ဖြစ်သော်လည်း အင်္ဂလိပ်လူမျိုးအချို့သည်ပင် ၄၀ ကို Fourty ဟု စာလုံးပေါင်းကြသည်။ အင်္ဂလိပ်လူမျိုးများအကြား၌ ကိန်းဂဏန်း ၄၀ ကို အမည်ခေါ်ဝေါ်မှုနှင့် စပ်လျဉ်း၍ ရှုပ်ထွေးနေကြကာ အချို့က u ကို ထည့်၍ အချို့က ထည့်သွင်းခြင်းမရှိချေ။အင်္ဂလိပ်အများစုက အင်္ဂလိပ်စကားလုံး Forty သည် Four မှ ဆင်းသက် လာသည်ဟု ယူဆကြသဖြင့် u ထည့်သွင်းရေးသား ခြင်းကို မမှားယွင်းဟု ဆိုလေ့ရှိကြသည်။

အမှန်စင်စစ်တွင် Forty သည် Four မှ ဆင်းသက်လာခြင်းမဟုတ်ဘဲ ရှေးသုံးအင်္ဂလိပ်ဝေါဟာရ Feowertig မှ ဆင်းသက် လာကာ Feower သည် ၄ ဖြစ်၍ tig သည် ၁၀ ကိန်းများစုပေါင်းထားခြင်းဟု ဆိုလိုသည်။ ထို့ကြောင့် Feowertig သည် ၄၀ ဖြစ်၍ Feower သည် ၄ ဂဏန်းအဖြစ် အသုံးတွင်ခဲ့သည်။ သို့သော် ၁၅ ရာစုနှင့် ၁၇ ရာစုအတွင်း၌ အင်္ဂလိပ်ဘာသာတွင် သရ ပြောင်း လဲမှုများဖြစ်ပေါ်ခဲ့ရာ အချို့သော အင်္ဂလိပ်ဝေါဟာရများသည် သရသံများပျောက်ကာ အသံထွက်များပြောင်းလဲခဲ့သည်။ ထို့ ကြောင့် ၁၆ ရာစုတွင် Forty ဟူသော အသုံးအနှုန်း ပထမဆုံးပေါ်ပေါက်ခဲ့ပြီး ၁၈၀၀ ပြည့်နှစ်များတွင် Forty ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သဖြင့် Fourty ဟူသည့် အသုံးအနှုန်းပျောက်ကွယ်ခဲ့သည်။

၈။ သန်းဂဏန်း Million

အင်္ဂလိပ်ဘာသာစကားတွင် Million ဟူသည့် ဝေါဟာရကို ၁၄ ရာစုတွင်စတင်သုံးစွဲခဲ့သည်။ယင်းဝေါဟာရသည် ရှေးသုံး ပြင်သစ် million နှင့် အီတလီ ဝေါဟာရ millione တို့မှ ဆင်းသက်လာခဲ့သည်။ပြင်သစ်နှင့် အီတလီဝေါဟာရ နှစ်ခုလုံး သည် ထောင်ဂဏန်း ဟု အဓိပ္ပာယ်ရှိသည့် ဂရိစကား mille မှ ဆင်းသက်ခဲ့သည်။ အင်္ဂလိပ်ဝေါဟာရတွင် မီလီယံ ဟူသည့် စကားလုံးသည် အသုံးပြုရန် မလိုအပ်ခဲ့သဖြင့် ရာစုနှစ်များစွာကပင် အင်္ဂလိပ်စာလုံးများတွင် ပါဝင်ခဲ့ခြင်းမရှိချေ။ ထိုစဉ်က မည်သူ တစ်ဦးတစ် ယောက်မှ မည်သည့် အရာကိုမှ သန်း ဂဏန်းအထိ ပိုင်ဆိုင်ခဲ့ခြင်းမရှိသည့်အတွက် ယင်းဝေါဟာရကို သုံးစွဲရန် မလိုအပ်ခဲ့ချေ။

သို့သော် လူအများက သန်းဂဏန်းအထိ ရေတွက်လာနိုင်ချိန်တွင် အခြေအနေများက ပြောင်းလဲသွားခဲ့ကာအင်္ဂလိပ်စာတွင် အမြင့်ဆုံး ကိန်းဂဏန်းအခေါ်အဝေါ် ထောင်ဂဏန်းကို þusend ဟု အမည်ပေးခဲ့ကြသည်။ယင်း၏ အဓိပ္ပာယ်သည်ကြီးမား သော ထောင်ဂဏန်းဖြစ်သည်။ရှေးသုံးပြင်သစ်စကား million ကို အင်္ဂလိပ်စာလုံးအဖြစ် မမွေးစားမီအချိန်အထိ တစ်သန်းကို Þusendþusend (thousand thousand) (ထောင်ပေါင်း ထောင်ဂဏန်း) ဟု သုံးစွဲခဲ့ကြပေသည်။

၇။ Googol

ဂူဂို (googol) သည် ၁ နောက်တွင် သုည အလုံး ၁၀၀ ပါသော ကိန်းဖြစ်သည်။ ယနေ့ ကမ္ဘာတစ်ဝန်း အသုံးပြုနေသည့် Google ကို ၁၉၉၆ ခုနှစ်တွင် BackRub ဟု သိရှိခဲ့ကြသည်။ Google ကို ထူထောင်ခဲ့သူများနက်တစ်ဦးအပါအ၀င်ဖြစ်သည့် Larry Page သည် ၁၉၉၇ ခုနှစ်တွင် အင်တာနက်ရှာဖွေမှု နည်းစနစ်အတွက် အမည်ပေးရန် မိတ်ဆွေအချို့နှင့် တိုင်ပင်ခဲ့ရာ မိတ်ဆွေတစ် ဦး ဖြစ်သူ Sean Anderson က ၁ ဂဏန်းနောက်တွင် သုည အလုံး ၁၀၀ ပါဝင်သည့် Googo ကို ရည်ညွှန်းလျက် Googolplex ဟု အမည်ပေးရန် အကြံပြုခဲ့သည်။  လာရီက Googol ဟူသည့် စကားလုံးကို ပိုမိုနှစ်ခြိုက်ခဲ့သဖြင့် အင်တာနက်တွင် Googolplex.com ရှိ မရှိ ရှာဖွေစစ်ဆေးခဲ့ရာ Googol အစား Google ဟု မှားယွင်းရေးသားမိရာမှ ယင်းစကားလုံးကို သဘောကျခဲ့ပြီး Google ဟူသည့် စကားလုံးမွေးဖွားလာခဲ့ရပေသည်။

အများမသိသေးသည့် အချက်မှာ googol နှင့် googolplex စကားလုံးနှစ်ခုကို ၁၉၂၀ ပြည့်နှစ် တွင် အသက် ကိုးနှစ်အရွယ် ကလေးတစ်ယောက်က တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုကလေး အမည်သည် Milton Sirotta ဖြစ်ပြီး သင်္ချာပညာရှင် Edward Kasner ၏ တူဖြစ်သည်။ Edward Kasner က တူဖြစ်သူအား ၁ နောက်တွင်သုည အလုံး ၁၀၀ ပါသော ကိန်းကို မည်သို့ ခေါ်မည်နည်းဟု မေးမြန်းခဲ့ရာမှ ယင်းစကားလုံးနှစ်ခု ပေါ်ထွက်ခဲ့သည်။

Sirotta က ၁ နောက်တွင်သုည အလုံး ၁၀၀ ပါသည့်ကိန်းသည် googol ဖြစ်ပြီး ၁ နောက်တွင်သုညကို လက်ညောင်းအောင်ရေးရသည့်ကိန်းသည် googolplex ဟု ဆိုခဲ့သည်။ သို့သော် ဦးလေးဖြစ်သူက Googolplex သည် ၁ နောက်တွင် googol သုညများ ပါဝင်သည့် ကိန်းဟု သတ်မှတ်ပေးခဲ့သည်။

၆။ ပိုင် pi

သင်္ချာ ပညာရပ် အသုံးအနှုန်းပိုင်သည် စက်ဝိုင်းတစ်ခု၏ အ၀န်းနှင့် အချင်း အချိုးကျသည့် ပုံသေကိန်းဖြစ်ကာ ၃ ဒသမ ၁၄၂ ဟု တန်ဘိုး သတ်မှတ်သည်။သို့သော် ပိုင်၏ တန်ဘိုးသည် ပဟေဠိဆန်ခဲ့ကာ လူအများက ၁၉၀၀ ပြည့်နှစ်မှစ၍ ပိုင်ကို စိတ်ဝင် စားခဲ့ကြသည်။

ရှေးဟောင်း ဘေဘီလုံသားများက ပိုင်၏ တန်ဘိုးကို ၃ ဒသမ ၁၂၅ ဟု သတ်မှတ်၍ အီဂျစ်တို့က ၃ ဒသမ ၁၆ ဟု ခန့် မှန်းခဲ့သည်။အာခိမိဒီသည် ပိုင်၏ တန်ဘိုးကို ပထမဆုံး အတိအကျ ခန့်မှန်းနိုင်ခဲ့ပြီး ပိုင်သည် ၃ ဒသမ ၁၄၀၈ နှင့် ၃ ဒသမ ၁၄၂၆၅ အကြားရှိကြောင်း တွက်ချက်နိုင်ခဲ့သည်။၁၈၇၄ ခုနှစ်တွင် William Shanks သည် ပိုင်၏ တန်ဘိုးကို ဂဏန်း ၇၀၇ လုံးအထိ တွက် ချက်ပြနိုင်ခဲ့သော်လည်း ၅၂၇ လုံးအထိသာ မှန်ကန်ခဲ့သည်။ Ferguson သည်၁၉၄၅ ခုနှစ်တွင် ပိုင်တန်ဘိုးကို ဂဏန်း ၆၂၀ အထိ နှင့် ၁၉၄၇ ခုနှစ်တွင် ဂဏန်း ၇၁၀ အထိ တွက်ချက်ပြခဲ့သည်။

၁၉၉၉ ခုနှစ်တွင်မူ Takahashi Kanada သည် အံ့သြဖွယ်ကောင်းလောက်အောင် ကိန်းအလုံးပေါင်း၂၀၆ ၁၅၈ ၄၃၀ ၀၀၀ ပါဝင်သည်အထိ တွက်ချက်ခဲ့သည်။ ပို၍ အံ့သြဖွယ်ကောင်းသည်ကား ၂၀၁၁ ခုနှစ်တွင် ပိုင်၏ တန်ဘိုးကို ၁၀ ထရီလီယံအထိ တွက် ချက်နိုင်ခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် အင်ဒီယာနာပြည်နယ် ဥပဒေပြုအဖွဲ့က ပိုင်ကို ၃ ဒသမ ၂ နှင့် ညီမျှကြောင်းဥပဒေပြဋ္ဌာန်းခဲ့သည်။

စက်ဝိုင်း တစ်ခု၏ဧရိယာကို ပေတံတစ်ချောင်းနှင့် စက်ဝိုင်းဆွဲကွန်ပါတစ်ခုကို အသုံးပြုကာ ရှာဖွေနိုင်သည်ဆိုသည့် အယူအဆဖြင့် စက်ဝိုင်းပတ်လည်တွင် စတုရန်းတစ်ခုကို ရေးဆွဲ၍ တွက်ချက်ခဲ့ကြသည်။ သင်္ချာပညာရှင်များသည် ယင်းနည်းဖြင့် အဖြေမထုတ်နိုင်ခဲ့ သော်လည်း Edward Goodwin သည် ၁၈၉၄ ခုနှစ်တွင် ယင်းနည်းဖြင့် တွက်ချက်ခဲ့သည်။ သူသည် သူ၏ တွေ့ ရှိ မှုကို မူပိုင် ခွင့်ပြုလုပ်ကာ ယင်းနည်းကို သိရှိလိုသူများထံမှ မူပိုင်ကြေးတောင်းခံခဲ့သည်။နောက်ပိုင်းတွင် သူ၏ ရှာဖွေဖော်ထုတ်မှုကိုဥပဒေ တစ်ရပ်အဖြစ် အတည်ပြုပေးခဲ့ပြီးနောက် အင်ဒီယာနာပြည်နယ်ရှိ ကျောင်းများသို့ ပိုင်တွက်နည်းကို အခမဲ့ ပေးခဲ့သည်။

သို့သော် ဂေါ်ဒွင်အသုံးပြုခဲ့သည့် ပိုင်တန်ဘိုး ၃ ဒသမ ၂ သည် အတိအကျ မှန်ကန်မှု မရှိဘဲ အင်ဒီယာနာ ပြည်နယ် တွင်ဥပဒေအဖြစ်ပြဋ္ဌာန်ခဲ့ခြင်းသည် မှားယွင်းနေကြောင်း ပါဂျူးတက္ကသိုလ်မှ ပါမောက္ခ C.A. Waldo က တင်ပြခဲ့ပြီးနောက် ဥပဒေကို ပယ်ဖျက်ခဲ့သည်။

၅။ သုည Zero

ဆူမာရီယမ်များသည် လွန်ခဲ့သည့် နှစ် ၄၀၀၀ နှင့် ၅၀၀၀ အတွင်း သုညဟူသည့် ကိန်းကို ပထမဆုံးအသုံးပြုခဲ့ကြသည်။ သူတို့သည် သုညကို မည်သည့် တန်ဘိုးမှ မရှိသော ကိန်းအဖြစ် သုံးခဲ့ခြင်းမဟုတ်ဘဲ ကိန်းတစ်လုံး၏ နောက်တွင်ထည့်ကာ ဆယ် ဂဏန်း၊ရာဂဏန်းများဖြစ်လာစေရန် သုံးခဲ့ကြသည်။

ယင်းသုည ကို နှစ်ကြိမ်တီထွင်ခဲ့ရာ၌ ခရစ်တော်မပေါ်မီ ၄၀၀ ခုနှစ်နှင့် ၃၀၀ ခုနှစ် အကြားတွင် ဘေဘီလုံတို့က ဦးစွာတီထွင်ခဲ့သည်။ သို့သော် ထိုစဉ်က သုညကို ဂဏန်းတစ်လုံးအဖြစ် အပြည့်အ၀ မသုံးဘဲ မည် သည့် အရာမှ မရှိသည့် သတ်မှတ်ချက်အဖြစ် သုံးစွဲခဲ့သည်။ ယင်းနောက်မာယာလူမျိုးများကလည်း ခရစ်တော်မပေါ်မီ ပထမရာစု အနည်းငယ်တွင် သုညကို တီထွင်ခဲ့ကြသည်။

သုညကို ကိန်းတစ်လုံးအဖြစ် ငါးရာစုတွင် ပထမဆုံးစတင်အသုံးပြုခဲ့သူသည် အိန္ဒိယနိုင်ငံမှ သင်္ချာပညာရှင် Brahmagupta ဖြစ်သည်။ သူသည် သုညကို အစက် တစ်စက်အဖြစ် အခြားကိန်းဂဏန်းများ၏ အောက်တွင် ရေးသားခဲ့သည်။အေဒီ ၈၇၉ ခုနှစ်တွင် သုညကို ကိန်းတစ်လုံးအဖြစ် သတ်မှတ်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် သက္ကရာဇ် ၁၂၀၀ ပြည့်ဝန်းကျင်တွင် အီတလီ သင်္ချာပညာရှင် Fibonacci သည် ဥရောပ၌ သုညကို အာရေဗျ ကိန်းများနှင့် အတူ သုံးစွဲခဲ့ပြီးနောက် သုညသည် တရားဝင် ကိန်းတစ်လုံး ဖြစ်လာခဲ့သည်။

ထိုစဉ်က ဥရောပတိုက်မှ အစိုးရ အများစုက အာရေဗျ ကိန်းဂဏန်းများကို မသုံးစွဲခဲ့ကြသော်လည်း အီတလီနှင့် ဂျာမာန် ဘဏ် လုပ်ငန်းရှင်များသည် လုပ်ငန်းတွင်များစွာ လိုအပ်သည့် သုညကို လက်ခံ၍ ၀ှက်ကိန်းတစ်ခုအဖြစ် လျှို့ဝှက်စွာ သုံးစွဲ ခဲ့ကြ သည်။ယင်းသို့ သုံးစွဲခြင်းသည် သုည(Cipher) ၏ မူလဇစ်မြစ်ဖြစ်ခဲ့ရပေသည်။

၎။ Belphegor သုဒ္ဓကိန်း Belphegor’s Prime

သင်္ချာဘာသာရပ်တွင်သုဒ္ဓကိန်းသည် ၂၊ ၃၊ ၅၊ ၇၊ ၁၁၊ ၁၃၊ ၁၇၊ ၁၉ အစရှိသည့် ဆခွဲကိန်းခွဲ၍ မရသည့် ကိန်းများဖြစ်သည်။ Belphegor သုဒ္ဓကိန်းသည် ၁ နောက်တွင် သုည ၁၃ လုံး၊ခြောက်သုံးလုံး၊သုည ၁၃ လုံးဆက်လျက် ၁ ဖြင့် ဆုံးသည့် ကိန်းဖြစ်သည်။ (၁ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၆၆ ၆၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၁)

Belphegor ကိန်း သည် အလွန်ပင်ရှည်လျားလှသော်လည်း ၁ နှင့် ယင်းကိန်းကိုယ်တိုင်မှလွဲ၍မည်သည့် ကိန်းနှင့်မျှ စား ၍ မပြတ်သည့် ကိန်းတစ်လုံးဖြစ်သည်။ပို၍ ထူးခြားနေသည်မှာ ယင်းကိန်းသည် အင်္ဂလိပ်စကားလုံးများတွင်ရှိသည့် နောက်မှပြန်ဖတ် လျှင် ရှေ့မှစဖတ်သည့် စာလုံးကိုပင် ပြန်လည်ရရှိသည့် palindrome ကိန်းတစ်ခုဖြစ်နေပေသည်။ Belphegor ၏ သုဒ္ဓကိန်း ၁ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၆၆ ၆၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၁ ကို နောက်မှ ပြန်ဖတ်၊ ပြန်ရေးလျှင်လည်း ယင်းကိန်းကိုသာ ပြန်လည်ရရှိ သည်။ ထို့အပြင် မကောင်းဆိုးဝါး ကိန်းတစ်ခုဟု ယူဆကြသည့် ၆၆၆ သည် သုဒ္ဓကိန်း၏ အလယ်တည့်တည့်တွင်ပါရှိနေသည်။

Belphegor ၏ သုဒ္ဓကိန်းတွင် ကိန်း ၃၁ လုံးပါရှိနေရာ ဥရောပတွင် ကံမကောင်းသော နံပါတ်ဟု ယူဆကြသည့် ၁၃ ဂဏန်း၏ ပြောင်းပြန်ဖြစ်နေသည်။  Belphegor သုဒ္ဓကိန်းကို သုဒ္ဓကိန်းသစ်များဖော်ထုတ်ရာတွင် အထူးစိတ်ဝင်စားသူ Harvey Dubner ကရှာဖွေတွေ့ရှိခဲ့ သည်။ Harvey Dubner သည် သုဒ္ဓကိန်းများသည် ၁၆၆၁ ကဲ့သို့ ရှေ့ပြန် နောက်ပြန်ဖတ်၍ရသည့် ကိန်းများဖြစ်ကြောင်းနှင့် ကိန်း များအလယ်တွင် ၁၃ ၊ ၄၂၊ ၅၀၆၊ ၆၀၈၊ ၂၄၇၂၊ ၂၆၂၃ နှင့် သုညများ ပါရှိနေကြာင်း တွေ့ရှိခဲ့ပြီးနောက် Belphegor သုဒ္ဓကိန်း ကို တွေ့ရှိခဲ့သည်။ Belphegor သုဒ္ဓကိန်းတွင် အစ ၁ ၏ နောက်နှင့်အဆုံး ၁ ၏ ရှေ့တွင် သုည ၁၃ လုံးစီရှိကာ အလယ်တွင် ၆၆၆ ပါရှိသည်။ ထို့ကြောင့် ယင်းသုဒ္ဓကိန်းကို သင်္ချာပညာရှင် Cliff Pickover က ၆၆၆ ပါဝင်သည့် ငရဲမင်းသား(prince of Hell) ကိန်းဟု တင်စားခေါ်ဆိုခဲ့သည်။

၃။ ၅၀၄၀

၅၀၄၀ သည် သာမာန်ကိန်းဂဏန်းတစ်ခုသာ ဖြစ်သော်လည်း ရှေးဟောင်းဂရိ ပညာရှင် ပလေတိုးက ပြည့်စုံသော ကိန်း တစ်လုံးဟု ယူဆခဲ့သည်။ ၅၀၄၀သည် သုဒ္ဓကိန်း နှင့် သုဒ္ဓကိန်းမဟုတ်သည့် ကိန်းများကို စုစည်းထားသည့် သုဒ္ဓကိန်းမဟုတ်သော ဂဏန်းတစ်လုံးဖြစ်ကာ ၅၀၄၀ ကို သုညကြွင်းရန်စားနိုင်သည့် ကိန်း အလုံး ၆၀ ရှိသည်။

ပလေးတိုးသည် ၅၀၄၀ ကို ပြီးပြည့်စုံသော ကိန်းဟု ယူဆကာ ပြီးပြည့်စုံသော မြို့တော်တစ်ခုကို လူဦးရေ ၅၀၄၀ ဖြင့် ထူထောင်သင့်သည်ဟု ဆိုခဲ့သည်။ ၅၀၄၀ ကိန်းကို ထိန်းသိမ်းထားနိုင်ရန် မြို့တော်ကို မြို့ကွက် ၅၀၄၀ ရိုက်၍ မြို့သူ မြို့သား ၅၀၄၀ ကို ဝေခွဲပေးရန်အဆိုပြုခဲ့သည်။ သို့သော်ရှေးဟောင်းဂရိခေတ်တွင် အမျိုးသမီးများ၊ ကလေးများနှင့် ကျေးကျွန်များကို နိုင်ငံသားများ ဟု အသိအမှတ်မပြုသဖြင့် ယင်းမြို့၏လူဦးရေသည် ၅၀၄၀ ထက်ကျော်လွန်နေမည်ဖြစ်သည်။

မြေကွက်များကို ခွဲစိတ်ခြင်းကို ဟန့် တား နိုင်ရန် မြို့သားတစ်ဦးကွယ်လွန်တိုင်း သူပိုင်မြေကွက်ကို ကြိုတင်ပေးထားသည့် သားတစ်ဦးတည်းကသာ ယင်းမြေကွက်ကို ဆက်ခံရန် စီစဉ်ခဲ့ သည်။ သားမရှိသူများသည် မိမိသမီးများ၏ ခင်ပွန်းများအနက် တစ်ယောက်ယောက်ကို ပေးရန်လည်း သတ်မှတ်ခဲ့ သည်။ ပလေးတိုးသည် မြို့သားများကို ကလေးများ အများအပြားမယူရန် တိုက်တွန်းခဲ့ကာ ကလေး မွေးဖွားမှုများပြားလာပါက အခြားမြို့များသို့ ပို့မည်ဟု ဆိုခဲ့သည်။

၂။ ၆၆၆

ကျမ်းစာများအရ ကမ္ဘာကြီး၏ နောက်ဆုံးရက်များတွင် ကမ္ဘာကြီးအားအုပ်စိုးမည့် မိစ္ဆာနတ်ဆိုးကို ကိုယ်စားပြုသည့် ကိန်းဂဏန်းသည် ၆၆၆ ဖြစ်သည်။ သို့သော် ၂၀၀၅ ခုနှစ်တွင်တွေ့ရှိခဲ့သည့် စာအုပ်အပိုင်းအစများတွင် မိစ္ဆာ နတ်ဆိုး၏ နံပါတ်ကို ၆၆၆ အစား ၆၁၆ ဟု ဖော်ပြထားသည်။ သုံးရာစုနှစ်အကုန်တွင် ဂရိဘာသာစကားဖြင့် ရေးသားထားသည့် ယင်းစာအုပ်ကို အီဂျစ်နိုင်ငံမှ ရရှိခဲ့ပြီး သက်တမ်း အရှည်ကြာဆုံး ကျန်ရှိနေသည့် စာအုပ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။

သို့သော် Satan ခရစ်ယာန်ကျောင်းတော်မှ ဆရာတော် Peter Gilmore က ယင်းတို့၏ သာသနာတော်က ၆၆၆ ကိုသာ အသိအမှတ်ပြုထားကြောင်းပြောဆိုခဲ့သည်။ အကယ်၍ ခရစ်ယာန်ဘာသာဝင်များက ၆၁၆ ကို လက်ခံကြမည်ဆိုလျှင် ၆၆၆ ကို ပြောင်းလဲရန် နှောင့်နှေမည်မဟုတ်ဟုလည်း ဆိုခဲ့သည်။

၁။ ၁၀၀

လွန်ခဲ့သည့် ရာစုနှစ်များက ၁၀၀ ဟူသည့် ဝေါဟာရ Hundred သည် အဓိပ္ပာယ်နှစ်မျိုးရှိခဲ့သည်။ တစ်မျိုးသည် လက်ရှိ သုံး စွဲနေသည် အဓိပ္ပာယ် ၁၀၀ ဖြစ်ပြီး နောက်တစ်မျိုးမှာ Hundrath ဟုခေါ်သည့် ၁၂၀ ဖြစ်သည်။၁၀၀ ဟူသည့် အသုံးအနှုန်းသည် အင်္ဂလိပ်ဝေါဟာရသို့ ရောက်ရှိလာချိန်တွင် ၁၀၀ နှင့် ၁၂၀ ဟူ၍ ရှုပ်ထွေးခဲ့သဖြင့် ၁၀၀ ကို new hundred၊ ၁၂၀ ကို old hundred ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော် ကာလကြာရှည်လာချိန်တွင် old hundred ဟူသည့် ၁၂၀ သတ်မှတ်ချက်သည် ပျောက်ကွယ်သွားခဲ့ ပေသည်။

မျက်မှောက်ကာလတွင် ရေတွက်ရသည့် ကိန်းဂဏန်းအသစ်ကို တီထွင်ရန် မလိုအပ်သော်လည်း သိပ္ပံတွက်ချက်မှုဆိုင်ရာ ကိန်းများကို ဖော်ထုတ်နေကြဆဲဖြစ်သဖြင့် ထူးခြားသော နောက်ခံသမိုင်းကြောင်းများရှိနေသည့် ကိန်းသစ်များ ဆက်လက် ထွက်ပေါ်လာဦးမည်ဟု မျှော်လင့်ကြရပေသည်။

ကိုးကား
Top 10 Numbers With Very Interesting Histories

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဇူလိုင်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply