သမားတော်ကြီး ဇီဝက ဆိုတာ

Posted on

My world Phyo Phyo ဘလော့မှ
မေမေခင်မေသစ်က သမီးဖြစ်သူ ဖြိုးဖြိုးကိုပြောပြတဲ့ အနေနဲ့ ရေးထားတာပါ။

ဘုရားရှင် လက်ထက်က သမားတော်ဇီဝက ဆိုတာ ရှိတယ် သမီးရဲ့။ သမီဖွားဖွားက မေမေတော်တော်ကြီးတဲ့အထိ (၁၃နှစ် ၁၄နှစ် ထိ) နေ့လည်နေ့ခင်း သားအမိ အားလပ်တဲ့အခါ ပြောပြတတ်တယ်။ ခု သူ့အကြောင်း အကျဉ်းချုံးပြောပြချင်တယ်။ ဘုရားရှင့်လက်ထက်တော်ကတည်းက ခွဲစိတ်ချုပ်လုပ်တဲ့ အတတ်ပညာ ရှိခဲ့ကြောင်းသိထားရအောင်လို့..။

ဒီလိုကွဲ့ ..
ရာဇဂြီုလ်ပြည် ဗိမ္ဗိသာရ မင်းကြီးလက်ထက်မှာ သာလ၀တီဆိုတဲ့ အမျိုးကောင်းသမီးတယောက်ကို ကခြေသည်အရာထားလို့ မင်းမူးမတ်များ တစ်ညကို အသပြာတစ်ထောင်ပေးပြီး ပျော်ပါးကြတဲ့အထဲမှာ သားတော် အဘယမင်းသားလဲ ပါဝင်နေတယ်။ (အဇာတသတ်က တစ်ယောက်) တစ်နေ့တော့ သာလ၀တီမှာ အဘယမင်းသားရဲ့ သန္ဓေ စွဲကပ်တည်ရှိနေတဲ့အတွက် ကခြေသည်မဟာ မကျန်းမာဟန်ဆောင်ပြီးအခန်းအောင်းနေတယ်ကွဲ့။

ဆယ်လပြည့်တဲ့အခါ တင့်တယ်လှပတဲ့ သားယောက်ျားလေးကို မွေးဖွားပေမဲ့ မရှိအပ်လို့ ယူဆပြီး သားကို ကျွန်မ တို့အား စွန့် ပစ်စေပါတယ်။ကျွန်မတွေက လူသွားလမ်းတခုက အမှိုက်ပုံမှာ အလွယ်တကူ စွန့်ပစ်လိုက်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ အဘယမင်းသားကလဲ အကြောင်းတစ်ခုခုကြောင့် အဲဒီ အမှိုက်ပုံနားရောက်ရှိလာပြီး ကျီးငှက်တို့ ၀ိုင်းအုံထိုးဆိတ်နေတဲ့ အထုပ်တခုကို စိတ်ဝင်တစား ကြည့်ရှု မိပါရော။ မွေးကင်းစ ကလေးသူငယ်မှန်း သိတော့ (ငါနှင့် ထိုက်လို့ ရပေသည် )လို့ နှစ်လုံးမူကာ သိမ်းပိုက် မွေးမြူထားတယ်။ “အသက်ရှိသေးရဲ့လား” လို့ အဘယမင်းသားရဲ့ အမေးစကားကြောင့် အများက ကလေးနာမည်ကို “ဇီဝက”လို့ဘဲ လွယ်လွယ် ခေါ်လိုက်ကြတော့တယ် တဲ့။

အရွယ်ရောက်လာတဲ့အခါ အဘယမင်းသားကို “ခမည်းတော် သားရဲ့ မိခင် အဘယ်သူဖြစ်သနည်း” လို့ မေးတော့တာပေါ့။ အဘယမင်းသားကလဲ မကွယ်မ၀ှက် “ဇီဝက သင့်မိခင်ကို ငါမသိ အမှိုက်ပုံတွင် ကျီးငှက်တို့ ၀ိုင်းအုံသဖြင့် ငါ ကောက်ယူ မွေးမြူထားခြင်းဖြစ်သည်” လို့ အမှန်အတိုင်း ဖွင့်ပြောလိုက်တယ်။ ဒါနဲ့ပဲ ငါ့မှာ တွယ်တာစရာမိခင်ဘခင် မရှိ ငါ့ကိုယ်ငါ အားကိုးရမည်။ ပညာရှာရမည် လို့ တွေးတောပြီး ဘယ်လိုပညာမျိုးကို သင်ယူမလဲ အလေးအနက်ထား စဉ်းစားလိုက်တော့ ဆေးပညာမှတစ်ပါး သူ့အကျိုး ကိုယ့်အကျိုး ရှိစေမည့် အခြားသော ပညာရေးကို မမြင် လို့ ဆုံးဖြတ်ပြီး တက္ကသိုလ်ပြည်ကို ဦးတည် ထွက်ခွာခဲ့တယ်။

ဒီသာပါမောက္ခဆရာ့ထံမှာ ကောင်းစွာပညာသင်ကြားပြီး ၇နှစ်ရှိတဲ့အခါ
“ဆရာ ဆေးအတတ်ပညာ ပြီးဆုံးပါပြီလား “ မေးတယ်။ ဆရာက တူရွင်းတစ်ချောင်းပေးပြီး“အချင်း ဇီဝက ဤတူရွင်းကို ယူ၍ အရပ်လေးမျက်နှာမှာ ဆေးဘက်မ၀င်သည့် အပင်ကို တူးယူးခဲ့ “ခိုင်းစေသတဲ့။
ဇီဝကလည်း လေးရက်တိုင်တိုင် ရှာပေမဲ့ ဘယ်မှာမှ ဆေးဘက်မ၀င်တဲ့အပင် ရှာမရ သူ့နေရာနဲ့သူ အသုံးဝင်နေတာမို့ “ဆရာ မတွေ့ပါ” လို့ လျှောက်သတဲ့။
“ကောင်းပြီ။ ဇီဝက အသင် ပညာစုံပြီးဖြစ်၍ ဆေးကုသခွင့် ငါပေးပြီ။ ပြန်လိုက ပြန်လော့” လို့ ဆိုတယ်။

ဒါနဲ့ ဆေးတက္ကသိုလ်က ကျောင်းဆင်းလာတဲ့ ဆေးသမားလေး ဆရာ ဇီဝကဟာ သာကေတပြည်ရောက်တော့ ဦးစွာ ဆေးကုဖို့ လူနာတယောက် ရရှိလိုက်တယ်။ သာကေတပြည်သူဋ္ဌေးကြီးကတော်ရဲ့ ဦးယဉ်းခေါင်းခဲနာ ကို ထောပတ်မှာ ဆေးများ ပေါင်းထည့် စပ်ယူပြီး နှာနှပ် ပေးပါသတဲ့။ ၇နှစ်ရှိပြီဖြစ်တဲ့ ခေါင်းကိုက် ရောဂါဟာမမန်းရ မမှုတ်ရဘဲ တခဏချင်းပျောက်ကင်းချမ်းသာသွားပါသတဲ့ကွယ်။ ဒီတော့ အသာပြာလေးသိန်း ဆေးဖိုးရပါတယ်။

ဇီဝကဟာ ရလာတဲ့ဆေးဖိုးဝါးခ လေးသိန်းကို ရာဇဂြိုလ်ပြည်ရောက်တဲ့အခါ အဘယမင်းသားထံခစားပြီး “တကြိမ်သာ ဆေးကုရသေးသည့် လာဘ်ဦးကို ကျွန်ုပ်အားမွေးမြူသော ကျေူဇူးရှိသည်ဖြစ်၍ သိမ်းတော်မူပါ” လို့ အပ်သတဲ့။ အဘယမင်းသားက မသိမ်းပါဘူး။
“သင်ရသော ဥစ္စာသည် သင့် အဖို့သာ ဖြစ်ပါစေ” လို့ ငြင်းပယ်လိုက်တယ်။

‘ဒီ့နောက် ဗိမ္ဗိသာရမင်းကြီးရဲ့ မြင်းသရိုက်နာကို ကုပါတယ်။ လက်သည်းထိပ်မှာ ပါလာတဲ့ ဆေး မျှလောက်နဲ့ မင်းကြီးရဲ့အနာ အရှင်းပျောက်တယ်လို့ ဆိုပါတယ်။ မင်းကြီးက ကျေးဇူးတင်လွန်းလို့ ဥစ္စာငွေကြေး ပေးသော်လည်း အဘိုးအဘွား ဥစ္စာကို မယူကောင်း မယူထိုက်ပါလို့ ငြင်းပယ်လိုက်တယ်။ အဲဒီနောက် ရာဇဂြိုလ် သူဋ္ဌေးကြီးရဲ့ ခေါင်းကိုက်နာကိုတော့ အိပ်ယာမှာ ပက်လက်သိပ်ပြီး နှာ ၏ အာနုဘော်နှင့် အိပ်ပျော်စေသတဲ့။ မေ့ဆေးသဘောပါ။ ပြီးရင် ဦးရေကို ဓါးနဲ့ ခြစ်လွှာပြီး ဦးနှောက်ဖေါက်စားနေတဲ့ ပိုးနှစ်ကောင်ကို ဖယ်ရှားပါတယ်။ ပြီးရင် ဦးရေကို ပြန်စေ့ပိတ်ပြီး ဆေးလူးပါတယ်။ ၂၁ရက်အကြာမှာ အကောင်းပကတိ ဖြစ်သွားပါသတဲ့။ ရရှိလာတဲ့ အသပြာ နှစ်သိန်းထဲက တ၀က်ကို မင်းကြီးအား ပေးအပ်ပါသတဲ့။

နောက်တစ်ယောက်က ဗာရာဏသီသူဋ္ဌေးသားတစ်ယာက် ခလေးတို့ ဘာဝဦးခေါင်းဇောက်ထိုး ဆော့ကစားရာမှာ အူထုံးသွားလို့ ဗိုက်ကိုခွဲ ပြီး ထုံးနေတဲ့ အူကို ဖြေပေးပါသတဲ့။ ပြီးမှ နေရာမှန် ပြန်ထားပြီး ခွဲထားတဲ့ ဗိုက်ကိုပြန်ချုပ်ပါတယ်။ ဆေးလိမ်းကြံထားပေးပြီးတာနဲ့ ၂ရက်အကြာမှာဘဲ အကောင်းပကတိ ဖြစ်သွားပါတယ်။ နောက်ထပ် သမီးအဖွားပြောတာက နားရောဂါ ဝေဒနာ ကို နှစ်ချီ ခံစားနေရတဲ့ သူဋ္ဌေးမတယောက်ရဲ့ နားထဲက ပိုးကောင်ကို ဗုံသံတစ်မျိုးပေးပြီး ချော့မြှူ ခေါ်ထုတ်တာနဲ့ ပျောက်ကင်းသွားတယ် လို့ ဆိုတယ်။

နောက် စမ္ပာနဂိုရ်ပြည်က စန္ဒပဇ္ဇောတမင်းရဲ့ ရောဂါကိုတော့ ထောပတ်နံ့ မရအောင် အနံ့ဖျောက်ပြီး ဆေးပေါင်းစုံ ပြွမ်းနှောလို့ တိုက်ကြွေးရ တယ်။ ဒီမင်းက အစောကတဲက ထောပတ်နံ့ မခံနိုင်ဘူးပြောထားတာမို့ သူကလဲ ထောပတ်မပါဘဲ ဆေးစီရင်လို့ မရတာကြောင့် ဆေးတိုက်ပြီးရင် ပြေးဖို့ အဆင်သင့်ပြင်ထားတာလေ။ ဇီဝကတို့ ဥာဏ်သွားပုံများ။ မင်းဆိုတာ စိတ်မထင်ရင် သတ်မှာကိုး။ ဆေးသောက်ထားတဲ့သူက လေကြို့ထိုးတဲ့အခါ ထောပတ့် နံ့ ထွက်ပါလေရော ဇီဝကကို သတ်စေ မိန့်တာဘဲလေ။

အစကတည်းက ဇီဝက က ဘုရင့်ထံ မြို့တံခါးတွေကို ဇီဝကလာရင် ဖွင့်ထားပေးဖို့ ကြို ခွင့် တောင်းထားတာကွဲ့။ ဘာရမလဲ။ ဇီဝက က ဘဒ္ဒ၀တီဆင်မကိုစီး ပြေးလိုက်တာ တစ်ခါတည်း ရာဇဂြိုလ်ရောက်ရောဘဲတဲ့။ ရောဂါ ရှင်းရှင်းပျောက်သွားတဲ့အခါ သိဝိတိုင်းဖြစ် အသပြာ တသိန်းထိုက်တဲ့ ပုဆိုးကို ကံတော့ပါသတဲ့။ ရှင်ဘုရင်တွေမှ ၀တ်ရတဲ့ပုဆိုးလေ။ ကျေးဇူးသိတတ်တဲ့ ဇီဝကဟာ ဘိုးတော် ဗိမ္ဗိသာရမင်းကြီးကို မင်းနဲ့ထိုက်သည်လို့ တသိန်းတန်ပုဆိုးကို ကံတော့လိုက်ပါသတဲ့။

ဇီဝက ဟာ မိခင်ဖခင် ဘယ်သူဘယ်ဝါဆိုတာ မသိပါဘူး။ ဒါပေမဲ့  အားမငယ်တတ်ဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ ရပ်တည်နိုင်အောင် ကြိုးစားတာများ တကယ် အတုယူဖို့ပါဘဲ။ သူ ဆေးပညာသင်မယ်လို့ လာတော့ ငွေကြေးဥစ္စာတပြားတစ်ချပ်မှ ပါလာတာမဟုတ်ဘူးကွဲ့. အဘယမင်းသားကိုတောင် ဘခင် မဟုတ်တာသိရော မပြောမဆို ထွက်ချသွားတာ။ ဆေးပညာသင်ပေးတဲ့ ဆရာ့အိမ်မှာ ဝေယျာဝိစ္စအားလုံး မငြီးမငြူ လုပ်ပေးတာကိုး။ ဆရာကလည်း ချစ်တော့ ဆရာစားမချန် အကုန်သင်ပေးတယ်တဲ့။

ဇီဝကဟာ နောင်အခါ ဘုရားရှင်ရဲ့သမားတော်လည်း ဖြစ်ခဲ့တာပါ။ ဘုရားရှင် ကိုယ်တော်တိုင် မကျန်းမမာ ဖြစ်ရင် ဇီဝကသာ ကုသရပါတယ်။ (ဘုရားဘဲ နေမကောင်းမဖြစ်နိုင်ဘူးလို့ မထင်လေနဲ့။) ဘုရားက ဟောထားတယ်လေ။ ငါဘုရား၏ ခန္ဓာကိုယ်သည် ရေ မြေလေ မီး ဓါတ်ကြီးလေးပါး အစုအဝေးသာဖြစ်သည့်လူသားစင်စစ်တည်း တဲ့ သွေးလေဖေါက်ပြန်ရင် ကိုယ်လက်မအီသာတာ ဘာညာ ဖြစ်မှာဘဲလို့ ဆိုလိုတာ။ ဘုရားရှင် ၀မ်းတော်လားတဲ့အခါ ၀မ်းချုပ်တော်မူတဲ့အခါ စသည်တို့မှာ သမားတော် ဇီဝက သာ ကုစားရပါတယ်။

ဒေ၀ဒတ် က တောင်စောင်းကနေ ကျောက်မောင်းဆင် လှိမ့်ချတုံးက ခြေမတော် ထိခိုက်ပါတယ်။ ဇီဝက ကုသရပါတယ်။ အဲဒီနောက်မှာ သမားတော် ဇီဝက ရယ်လို့ ရာဇဂြိုလ် ဝေသာလီ သာဝတ္ထိ စသည် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့ ကာလ တလျှောက်လုံး ရှမ်းရှမ်းတောက် နာမည်ကြီးခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဇာတသတ်မင်းသားကို ဘုရားရှင့်ကျောင်းတော်ကို သွားတရားနာဖို့ လမ်းညွှန်ခဲ့တာလဲ သမားတော် ဆရာ ဇီဝက ဘဲ ဖြစ်ပါတယ်။ ဆရာဇီဝကရဲ့ အကြံဥာဏ်ကိုယူလို့ အဇာတသတ်မင်းဟာ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်မြောက်ခဲ့ပါတယ်။

ဘုရားရှင်က အမြတ်ဆုံး အနေနဲ့ ဧတဒဂ်ဘွဲ့တံဆိပ်တွေပေးတဲ့အထဲမှာ ဇီဝကလည်း ပါဝင်ခဲ့ပါတယ်။ ‘ပုဂ္ဂလ ပသန္န’ ဧတဒဂ် ဘွဲ့ကို ရခဲ့ခြင်းဖြစ်ပါတယ်။ (ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သောအရာ၌ ဘွဲ့တံဆိပ်ရလေသည်၊ သီလ သမာဓိ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောရဟန်းကို ဂုဏ်ကျေးဇူးအလျောက် အထူးတလည် ကြည်ညိုမြတ်နိုးတတ်သောကြောင့် ‘ပုဂ္ဂလ ပသန္န’ ဘွဲ့တံဆိပ်ရသည်ဟူ၏။) လူသားတို့၏ အကျိုးစည်းပွားကို ဆောင်ရင်း နောက်ဆုံးမှာတော့ ဆရာဇီဝက ဟာ နိဗ္ဗာန်ဝင် စံပျော်သွားခဲ့ပါတယ် သမီးရေ..။

မေမေ ခင်မေသစ်

My world Phyo Phyo ဘလော့မှ

Leave a Reply