ေၾကာင္နံ႔သာအေၾကာင္း သိေကာင္းစရာ

Posted on

ေရးသားသူ – ကိုေအေအတီအုိ (An Asian Tour Operator)

တေန႔ က ညဆယ္နာရီ ေက်ာ္ေက်ာ္ေလာက္မွာ မွ သမီး အႀကီးမေလး က ဘာဂါစားခ်င္ပါတယ္ ဆိုၿပီး ဂ်ီေနလုိ႔ အျပင္မထြက္ခ်င္ေတာ့ ပဲ ပ်င္းေနတဲ့စိတ္ကို အသာခ်ိဳးႏွိမ္ၿပီး သြားဝယ္ရပါတယ္။ ဘာဂါဆိုင္က ဆဲဗင္းအလဲဗင္း ဆိုင္ကို အမွီျပဳ ဖြင့္ထားတာ ျဖစ္ၿပီး ညပိုင္းမွသာ ထြက္ပါတယ္။ ေစတနာနဲ႔ လက္ရာေလးက ေကာင္းေတာ့ အဲဒီ ဘာဂါဆိုင္မွာေစာင့္ေနတဲ့သူ သုံးေလးေယာက္ေတာ့ အၿမဲလိုလို ရွိတတ္ပါတယ္။ ထုံးစံ အတိုင္း ကိုယ့္ေရွ႕က မွာထားတဲ့သူေတြ ေစာင့္ေနရတာနဲ႔ပဲ နာရီဝက္သာသာ ေလာက္ေတာ့ ၾကာသြား လုိ႔ အိမ္ကို အျမန္ေရာက္ခ်င္ေဇာနဲ႔ မီးပိြဳင့္ကို ေရွာင္ခ်င္တာေၾကာင့္ လမ္းမႀကီးကမေမာင္းေတာ့ဘဲ လူေနရပ္ကြက္ကေန ျဖတ္ဖို႔အႀကံနဲ႔ ကားကို ေကြ႔ဝင္လိုက္ပါတယ္။

လူေနရပ္ကြက္ ဆိုေပမယ့္ လုံးခ်င္းအိမ္ေလးေတြနဲ႔ ၿခံဝန္းသီးသန္႔ နဲ႔ ဆိပ္ၿငိမ္ရပ္ကြက္ ဆိုေတာ့ သစ္ပင္ေတြ အုပ္အုပ္ ဆုိင္းဆိုင္း နဲ႔ ခပ္ေမွာင္ေမွာင္ပါ။ လမ္းသြယ္ေလးေတြ ႐ွဳပ္႐ွဳပ္ေထြးေထြးဆိုေတာ့ မၾကာခဏ သြားေနက် ဆိုေပမယ့္ မၾကာခဏ ဆိုသလိုပဲ လမ္းမွားေလ့ရွိပါတယ္။ လမ္းသြယ္ေလး တစ္ခုထဲကို ခ်ိဳးဝင္လိုက္တဲ့ အခါမွာ ေခြးတစ္ေကာင္ေလာက္ အရြယ္ရွိတဲ့ မီးခိုးေရာင္ အေကာင္ႀကီးတစ္ေကာင္ လမ္းေဘးက ပန္းၿခံဳအနီးမွာ ကားမီးေရာင္ကို စူးစိုက္ၿပီး ၾကည့္ေနတာ ေတြ႔လိုက္ရလို႔ ႐ုတ္တရက္ၾကက္သီးျဖန္းျဖန္းထၿပီး ဘရိတ္ကိုေယာင္ၿပီး နင္းလိုက္မိပါတယ္။ မေလးရွားနဲ႔ အင္ဒိုနီးရွားမွာက ဒါမ်ိဳးေတြ ေပါတယ္ဆိုၿပီး နာမည္ဆိုးနဲ႔ ေက်ာ္ၾကားေလ့ ရွိတတ္တယ္ေလ။

အႏွီ သတၱဝါကေတာ့ စကၠန႔္ အနည္းငယ္ မ်က္လုံးစိမ္းစိမ္း တစ္စုံနဲ႔ ေသခ်ာ စူးစိုက္ၾကည့္ေနရာက ႐ုတ္တရက္ မီးခိုးလိုမ်ိဳး အေငြ႔ေတြ ထြက္လာၿပီး လမ္းေဘး ကြန္ကရစ္ေျမာင္းေဘးကို ခုန္ဆင္း ေပ်ာက္ကြယ္သြားပါတယ္။ ဒါေပမယ့္ သူဘာေကာင္ ဆိုတာ သိလုိက္ရၿပီ ျဖစ္လို႔ ေၾကာက္စိတ္ထက္ ေက်နပ္ ပီတိျဖစ္တဲ့ စိတ္နဲ႔ အိမ္ကုိ ျပန္လာခဲ့ပါေတာ့တယ္။

တကယ္ဆို က်ေနာ္ အဲဒီ အေကာင္မ်ိဳးကို သဘာဝအတိုင္း ေတြ႔ရတာဒါဟာ ဒုတိယအႀကိမ္ေျမာက္ပါ။ ပထမ အႀကိမ္က လြန္ခဲ့တဲ့ ငါးႏွစ္ က်ေနာ္ မေလးရွားကို ေရာက္စတုန္းက အဲဒီအေကာင္မ်ိဳး တစ္ေကာင္ ၿခံစည္းရိုး အေပၚမွာ တတ္ထားတဲ့ သံဆူးႀကိဳး အေခြအတိုင္း ေလွ်ာက္သြားေနတာကို က်ေနာ္ေနထုိင္ရာ ကြန္ဒို ဝရံတာကေန လွမ္းေတြ႔ ခဲ့ဘူးပါတယ္။ က်ေနာ့္စိတ္ထဲ မွာ ထူးဆန္းေနတာက အဲဒီလို ေတာနက္ထဲမွာသာရွိသင့္တဲ့ အေကာင္မ်ိဳးကို ကြာလာလမ္ပူ ၿမိဳ႕လည္ေကာင္ ေမွ်ာ္စင္ညီေနာင္နဲ႔ မလွမ္းမကမ္းမွာေတြ႔ ရတာကိုပါ။

အဲဒီ ေၾကာင္နံ႔ သာ (Malayan Civet – Viverra Tangalunga) (သုိ႔) ေၾကာင္ကတုိး လို႔ အမည္ရတဲ့ ေတာေၾကာင္ႀကီးမ်ိဳးကို မေလးလို မူဆန္း (Musang) လို႔ ေခၚၿပီး မေလးရွားကၽြန္းဆြယ္ အႏွ႔ံအျပား အျပင္ အေရွ႕ဘက္နဲ႔ အေနာက္ဘက္က ကၽြန္းေတြမွာ က်က္စားတယ္ လို႔ဆိုပါတယ္။ ဒါ့အျပင္ ေဘာ္နီယို၊ ဆုမၾတ နဲ႔ ဖိလစ္ပိုင္ ကၽြန္းစုေတြမွာလည္း အမ်ားအျပားေတြ႔ရ တတ္တယ္လို႔ သိရပါတယ္။ တကယ္ေတာ့ ေၾကာင္န႔ံသာ အေနနဲ႔ အေရွ႕ေတာင္ အာရွ ႏိုင္ငံေတာ္ေတာ္မ်ားမ်ား မွာ ေဒသခံအေနနဲ႔ ေတြ႔ရတတ္ၿပီး တျခားမ်ိဳးတူ တစ္ဝမ္းကြဲ မိသားစုဝင္ေတြနဲ႔ မတူတာက သူ႔ရဲ႕ အမည္းေရာင္ ေျခေလးေျခာင္းနဲ႔ မီးခိုးေရာင္ အကြက္ေတြ အျပင္၊ အၿမီးကို အလွဆင္ထားတဲ့ အျဖဴ မီးခိုး အစင္းအၾကားေတြေၾကာင့္ သိသာထင္ရွားတဲ့ သြင္ျပင္လကၡဏာ ရွိတယ္လို႔ ဆိုရမွာပါ။ ( Asian palm ေၾကာင္နံ႔သာ နဲ႔ အာဖရိကေၾကာင္နံ႔သာမ်ဳိးလည္း ရွိပါေသးတယ္)

ေတာေၾကာင္ လို႔ ေယဘုယ်ေခၚေနေပေသာျ္ငား ေၾကာင္ နဲ႔ အနည္းငယ္ ဆင္သလို ျဖစ္ေန႐ုံမွ်သာျဖစ္ၿပီး ေၾကာင္အမ်ိဳးအႏြယ္ လုံးဝ မဟုတ္ပါဘူး။ အျခား အသားစား ႏုိ႔တိုက္သတၱ၀ါ တစ္မ်ိဳးမွ်သာ ျဖစ္ၿပီး ေျမြပါ (mongoose) အမ်ိဳး အႏြယ္ နဲ႔ ပိုနီးစပ္ပါတယ္။ ေၾကာင္နံ႔သာေတြ ဟာ တစ္ကုိယ္ေတာ္ က်င္လည္ က်က္စားတတ္တဲ့ (solitary animal) တိရိစာၦန္မ်ိဳး ျဖစ္ၿပီး တေနကုန္ လုံၿခံဳစိတ္ခ်ရဲ႕ အသိုက္အၿမံဳမွာ အိပ္စက္ အနားယူၿပီး ညဥ့္ အေမွာင္ကို အကာအကြယ္ယူၿပီး အစာရွာ ထြက္ေလ့ရွိတယ္။ အသားစား သတၱဝါ (carnivorous animal) ျဖစ္ၿပီးေျမၾကြက္၊ ေတာၾကြက္၊ ရွဥ့္၊ ဖြတ္၊ ပုတတ္၊ ပုတ္သင္၊ ဖား၊ ေျမြ စတာ ေတြကို အစာအျဖစ္ဖမ္းဆီး စားေသာက္တတ္ၿပီး ေျမက်င္းႀကီးေတြတူးၿပီး ေနတတ္သလို သစ္ပင္အႀကီးႀကီးေတြရဲ႕ အျမင့္ဆုံး အပိုင္းေတြကိုလဲ တက္ႏိုင္ၾကပါေပတယ္။

လွဳပ္ရွားမႈ ျမန္ဆန္ သြက္လက္ေပေသာျ္ငား ေၾကာင္ႀကီး မ်ိဳးႏြယ္ ေတြျဖစ္တဲ့ က်ား၊ က်ားသစ္ တို႔ အျပင္ စပါးႀကီး၊ စပါးအုံး လို ေျမြႀကီးမ်ား၊ မိေက်ာင္းမ်ားရဲ႕ အစာအျဖစ္ကိုေတာ့ မၾကာခဏ က်ေရာက္တတ္တယ္လို႔ ဆိုပါတယ္။ ေၾကာင္နံ႔သာ အမ ေတြဟာ ႏွစ္လေလာက္ ကိုယ္ဝန္ေဆာင္ၿပီးတာ နဲ႔ သားငယ္ ၄ေကာင္ခန္႔အထိ ေပါက္ၿပီး ကေလးေတြ အရြယ္ေရာက္၊ ကိုယ့္အစာ ကိုယ္ရွာစားတတ္တဲ့ အရြယ္အထိ မိခင္ကေစာင့္ေရွာက္ေပးပါတယ္။ သူတို႔ ေတြဟာ အသက္ ႏွစ္ဆယ္ခန္႔အထိ ေနႏိုင္ေပမယ့္ အဲဒီ အရြယ္အထိ အသက္ရွည္ရွည္ ေနႏိုင္တဲ့ အေကာင္မ်ိဳး အလြန္ေတြ႔ ရခဲတယ္ လို႔ဆိုပါတယ္။ ပုံမွန္ေၾကာင္နံ႔သာ တစ္ေကာင္ရဲ႕ ခႏၶာကိုယ္အရွည္ကေတာ့ ၁၇လက္မ ကေန ၂၈လက္မခန္႔ အထိရွိတတ္ၿပီး အေလးခ်ိန္ကေတာ့ ၁၁ေပါင္ခန္႔အထိ ရွိတတ္ပါတယ္။

ေၾကာင္နံ႔သာ ေတြဟာ သဘာဝအရ သားေကာင္ငယ္ေတြကို ဖမ္းဆီးစားေသာက္တတ္တဲ့ ေတာ႐ိုင္း သတၱဝါျဖစ္လို႔ အိမ္ေမြးတိရိစာၦန္အျဖစ္ ေမြးလို႔ မရပါဘူး။ ဒါေပမယ့္ တာမန္နီဂါရာ (Taman Negara National Park) မိုးသစ္ေတာ ႀကီးထဲမွာ လွည့္လည္က်က္စား ေနထိုင္ၾကတဲ့ ေအာ္ရန္အက္စလီ (Orang Asli) လူမ်ိဳး တစ္ခ်ိဳ႕ဟာ အဆိုပါ အေကာင္ေတြကို သူတို႔ နဲ႔အတူ သြားေလရာ ေခၚသြား ေလ့ရွိတယ္ လို႔ ဆိုတယ္။

ဝမ္းနည္းစရာ ေကာင္းတာက သစ္အလြန္အကၽြံ ထုတ္လုပ္တာ နဲ႔ မိုးသစ္ေတာႀကီးေတြကို ဆီအုန္း စိုက္ခင္းေတြအျဖစ္ အသြင္ေျပာင္းတာေတြေၾကာင့္ တျခား ေတာ႐ိုင္း တိရိစာၦန္ေတြ နည္းတူ စိုးရိမ္စရာၿခိမ္းေျခာက္မွဳကို ခံစား ေနရပါၿပီ။ ေနာင္ ႏွစ္အတန္ၾကာလာရင္ ကမာၻေပၚမွာ မ်ိဳးတုန္း ေပ်ာက္ကြယ္သြားတဲ့ အေမႊးရွည္ ဆင္ႀကီးေတြ၊ က်ားသစ္ႀကီးေတြရဲ႕ လမ္းကို လိုက္ေကာင္း လိုက္ပါလိမ့္မယ္။ ဒါမွမဟုတ္ ပိုးဟတ္ေတြလို မ်ဳိး ႏွစ္သန္းေပါင္းမ်ားစြာ အထိ မ်ိဳးဆက္ မေပ်ာက္ဘဲ ရွင္သန္ေကာင္း ရွင္သန္ေပလိမ့္ မယ္။ ခ်ားလ္စ္ဒါဝင္ (Charles Darwin)နဲ႔ ဟားဘတ္စပန္ဆာ (Herbert Spencer) တို႔ရဲ႕ “Survival of the fittest” ဆိုတဲ့ စကားရွိတယ္ မဟုတ္လား။ ။

VIDEO

ကိုေအေအတီအုိ

Posted by An Asian Tour Operator
ကိုးကား။ ။ A Field Guide to Mammals of Southeast Asia by Charles M. Francis

——————-

ကြောင်နံ့သာအကြောင်း သိကောင်းစရာ (unicode)

ရေးသားသူ – ကိုအေအေတီအို (An Asian Tour Operator)

တနေ့ က ညဆယ်နာရီ ကျော်ကျော်လောက်မှာ မှ သမီး အကြီးမလေး က ဘာဂါစားချင်ပါတယ် ဆိုပြီး ဂျီနေလို့ အပြင်မထွက်ချင်တော့ ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ်ပြီး သွားဝယ်ရပါတယ်။ ဘာဂါဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်းမှသာ ထွက်ပါတယ်။ စေတနာနဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာစောင့်နေတဲ့သူ သုံးလေးယောက်တော့ အမြဲလိုလို ရှိတတ်ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့က မှာထားတဲ့သူတွေ စောင့်နေရတာနဲ့ပဲ နာရီဝက်သာသာ လောက်တော့ ကြာသွား လို့ အိမ်ကို အမြန်ရောက်ချင်ဇောနဲ့ မီးပွိုင့်ကို ရှောင်ချင်တာကြောင့် လမ်းမကြီးကမမောင်းတော့ဘဲ လူနေရပ်ကွက်ကနေ ဖြတ်ဖို့အကြံနဲ့ ကားကို ကွေ့ဝင်လိုက်ပါတယ်။

လူနေရပ်ကွက် ဆိုပေမယ့် လုံးချင်းအိမ်လေးတွေနဲ့ ခြံဝန်းသီးသန့် နဲ့ ဆိပ်ငြိမ်ရပ်ကွက် ဆိုတော့ သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း နဲ့ ခပ်မှောင်မှောင်ပါ။ လမ်းသွယ်လေးတွေ ရှုပ်ရှုပ်ထွေးထွေးဆိုတော့ မကြာခဏ သွားနေကျ ဆိုပေမယ့် မကြာခဏ ဆိုသလိုပဲ လမ်းမှားလေ့ရှိပါတယ်။ လမ်းသွယ်လေး တစ်ခုထဲကို ချိုးဝင်လိုက်တဲ့ အခါမှာ ခွေးတစ်ကောင်လောက် အရွယ်ရှိတဲ့ မီးခိုးရောင် အကောင်ကြီးတစ်ကောင် လမ်းဘေးက ပန်းခြုံအနီးမှာ ကားမီးရောင်ကို စူးစိုက်ပြီး ကြည့်နေတာ တွေ့လိုက်ရလို့ ရုတ်တရက်ကြက်သီးဖြန်းဖြန်းထပြီး ဘရိတ်ကိုယောင်ပြီး နင်းလိုက်မိပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားမှာက ဒါမျိုးတွေ ပေါတယ်ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလေ့ ရှိတတ်တယ်လေ။

အနှီ သတ္တဝါကတော့ စက္ကန့် အနည်းငယ် မျက်လုံးစိမ်းစိမ်း တစ်စုံနဲ့ သေချာ စူးစိုက်ကြည့်နေရာက ရုတ်တရက် မီးခိုးလိုမျိုး အငွေ့တွေ ထွက်လာပြီး လမ်းဘေး ကွန်ကရစ်မြောင်းဘေးကို ခုန်ဆင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် သူဘာကောင် ဆိုတာ သိလိုက်ရပြီ ဖြစ်လို့ ကြောက်စိတ်ထက် ကျေနပ် ပီတိဖြစ်တဲ့ စိတ်နဲ့ အိမ်ကို ပြန်လာခဲ့ပါတော့တယ်။

တကယ်ဆို ကျနော် အဲဒီ အကောင်မျိုးကို သဘာဝအတိုင်း တွေ့ရတာဒါဟာ ဒုတိယအကြိမ်မြောက်ပါ။ ပထမ အကြိမ်က လွန်ခဲ့တဲ့ ငါးနှစ် ကျနော် မလေးရှားကို ရောက်စတုန်းက အဲဒီအကောင်မျိုး တစ်ကောင် ခြံစည်းရိုး အပေါ်မှာ တတ်ထားတဲ့ သံဆူးကြိုး အခွေအတိုင်း လျှောက်သွားနေတာကို ကျနော်နေထိုင်ရာ ကွန်ဒို ဝရံတာကနေ လှမ်းတွေ့ ခဲ့ဘူးပါတယ်။ ကျနော့်စိတ်ထဲ မှာ ထူးဆန်းနေတာက အဲဒီလို တောနက်ထဲမှာသာရှိသင့်တဲ့ အကောင်မျိုးကို ကွာလာလမ်ပူ မြို့လည်ကောင် မျှော်စင်ညီနောင်နဲ့ မလှမ်းမကမ်းမှာတွေ့ ရတာကိုပါ။

အဲဒီ ကြောင်နံ့ သာ (Malayan Civet – Viverra Tangalunga) (သို့) ကြောင်ကတိုး လို့ အမည်ရတဲ့ တောကြောင်ကြီးမျိုးကို မလေးလို မူဆန်း (Musang) လို့ ခေါ်ပြီး မလေးရှားကျွန်းဆွယ် အနှံ့အပြား အပြင် အရှေ့ဘက်နဲ့ အနောက်ဘက်က ကျွန်းတွေမှာ ကျက်စားတယ် လို့ဆိုပါတယ်။ ဒါ့အပြင် ဘော်နီယို၊ ဆုမတြ နဲ့ ဖိလစ်ပိုင် ကျွန်းစုတွေမှာလည်း အများအပြားတွေ့ရ တတ်တယ်လို့ သိရပါတယ်။ တကယ်တော့ ကြောင်နံ့သာ အနေနဲ့ အရှေ့တောင် အာရှ နိုင်ငံတော်တော်များများ မှာ ဒေသခံအနေနဲ့ တွေ့ရတတ်ပြီး တခြားမျိုးတူ တစ်ဝမ်းကွဲ မိသားစုဝင်တွေနဲ့ မတူတာက သူ့ရဲ့ အမည်းရောင် ခြေလေးခြောင်းနဲ့ မီးခိုးရောင် အကွက်တွေ အပြင်၊ အမြီးကို အလှဆင်ထားတဲ့ အဖြူ မီးခိုး အစင်းအကြားတွေကြောင့် သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ ရှိတယ်လို့ ဆိုရမှာပါ။ ( အာဖရိကကြောင်နံ့သာမျိုးလည်း ရှိပါသေးတယ်)

တောကြောင် လို့ ယေဘုယျခေါ်နေပေသောျ္ငား ကြောင် နဲ့ အနည်းငယ် ဆင်သလို ဖြစ်နေရုံမျှသာဖြစ်ပြီး ကြောင်အမျိုးအနွယ် လုံးဝ မဟုတ်ပါဘူး။ အခြား အသားစား နို့တိုက်သတ္တဝါ တစ်မျိုးမျှသာ ဖြစ်ပြီး မြွေပါ (mongoose) အမျိုး အနွယ် နဲ့ ပိုနီးစပ်ပါတယ်။ ကြောင်နံ့သာတွေ ဟာ တစ်ကိုယ်တော် ကျင်လည် ကျက်စားတတ်တဲ့ (solitary animal) တိရိစ္ဆာန်မျိုး ဖြစ်ပြီး တနေကုန် လုံခြုံစိတ်ချရဲ့ အသိုက်အမြုံမှာ အိပ်စက် အနားယူပြီး ညဉ့် အမှောင်ကို အကာအကွယ်ယူပြီး အစာရှာ ထွက်လေ့ရှိတယ်။ အသားစား သတ္တဝါ (carnivorous animal) ဖြစ်ပြီးမြေကြွက်၊ တောကြွက်၊ ရှဉ့်၊ ဖွတ်၊ ပုတတ်၊ ပုတ်သင်၊ ဖား၊ မြွေ စတာ တွေကို အစာအဖြစ်ဖမ်းဆီး စားသောက်တတ်ပြီး မြေကျင်းကြီးတွေတူးပြီး နေတတ်သလို သစ်ပင်အကြီးကြီးတွေရဲ့ အမြင့်ဆုံး အပိုင်းတွေကိုလဲ တက်နိုင်ကြပါပေတယ်။

လှုပ်ရှားမှု မြန်ဆန် သွက်လက်ပေသောျ္ငား ကြောင်ကြီး မျိုးနွယ် တွေဖြစ်တဲ့ ကျား၊ ကျားသစ် တို့ အပြင် စပါးကြီး၊ စပါးအုံး လို မြွေကြီးများ၊ မိကျောင်းများရဲ့ အစာအဖြစ်ကိုတော့ မကြာခဏ ကျရောက်တတ်တယ်လို့ ဆိုပါတယ်။ ကြောင်နံ့သာ အမ တွေဟာ နှစ်လလောက် ကိုယ်ဝန်ဆောင်ပြီးတာ နဲ့ သားငယ် ၂ကောင်ကနေ ၅ကောင်ခန့်အထိ ပေါက်ပြီး ကလေးတွေ အရွယ်ရောက်၊ ကိုယ့်အစာ ကိုယ်ရှာစားတတ်တဲ့ အရွယ်အထိ မိခင်ကစောင့်ရှောက်ပေးပါတယ်။ သူတို့ တွေဟာ အသက် နှစ်ဆယ်ခန့်အထိ နေနိုင်ပေမယ့် အဲဒီ အရွယ်အထိ အသက်ရှည်ရှည် နေနိုင်တဲ့ အကောင်မျိုး အလွန်တွေ့ ရခဲတယ် လို့ဆိုပါတယ်။

ပုံမှန်ကြောင်နံ့သာ တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရှည်ကတော့ ၂ပေနီးပါး(၂၁လက်မ ဝန်းကျင်) အထိရှိတတ်ပြီး အလေးချိန်ကတော့ ၁၁ပေါင်ခန့်အထိ ရှိတတ်ပါတယ်။ ဒီအကောင်တွေရဲ့ မစင်နဲ့ဖန်တီးတဲ့ ကြောင်ကတိုးကော်ဖီ(Kopi Luwak) ဟာ အလွန်ဈေးကြီးပြီး ကမ္ဘာကျော်ပါတယ်။

ကြောင်နံ့သာ တွေဟာ သဘာဝအရ သားကောင်ငယ်တွေကို ဖမ်းဆီးစားသောက်တတ်တဲ့ တောရိုင်း သတ္တဝါဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလို့ မရပါဘူး။ ဒါပေမယ့် တာမန်နီဂါရာ (Taman Negara National Park) မိုးသစ်တော ကြီးထဲမှာ လှည့်လည်ကျက်စား နေထိုင်ကြတဲ့ အော်ရန်အက်စလီ (Orang Asli) လူမျိုး တစ်ချို့ဟာ အဆိုပါ အကောင်တွေကို သူတို့ နဲ့အတူ သွားလေရာ ခေါ်သွား လေ့ရှိတယ် လို့ ဆိုတယ်။

ဝမ်းနည်းစရာ ကောင်းတာက သစ်အလွန်အကျွံ ထုတ်လုပ်တာ နဲ့ မိုးသစ်တောကြီးတွေကို ဆီအုန်း စိုက်ခင်းတွေအဖြစ် အသွင်ပြောင်းတာတွေကြောင့် တခြား တောရိုင်း တိရိစ္ဆာန်တွေ နည်းတူ စိုးရိမ်စရာခြိမ်းခြောက်မှုကို ခံစား နေရပါပြီ။ နောင် နှစ်အတန်ကြာလာရင် ကမ္ဘာပေါ်မှာ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ အမွှေးရှည် ဆင်ကြီးတွေ၊ ကျားသစ်ကြီးတွေရဲ့ လမ်းကို လိုက်ကောင်း လိုက်ပါလိမ့်မယ်။ ဒါမှမဟုတ် ပိုးဟတ်တွေလို မျိုး နှစ်သန်းပေါင်းများစွာ အထိ မျိုးဆက် မပျောက်ဘဲ ရှင်သန်ကောင်း ရှင်သန်ပေလိမ့် မယ်။ ချားလ်စ်ဒါဝင် (Charles Darwin)နဲ့ ဟားဘတ်စပန်ဆာ (Herbert Spencer) တို့ရဲ့ “Survival of the fittest” ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ ။

ကိုအေအေတီအို

Posted by An Asian Tour Operator
ကိုးကား။ ။ A Field Guide to Mammals of Southeast Asia by Charles M. Francis

Leave a Reply