ျမန္မာ့ပထမဆုံး ၀ထၳဳေရးသားသူ ဂ်ိမ္းစ္လွေက်ာ္

Posted on

ျမန္မာ သကၠရာဇ္ ၁၂၄၇ ခုႏွစ္၊ အဂၤလိပ္ သကၠရာဇ္ ၁၈၈၆ ခုႏွစ္တြင္ ျမန္မာ ႏိုင္ငံေတာ္ တခုလုံးကို အဂၤလိပ္တို႔ တိုက္ခိုက္ သိမ္းပိုက္ လိုက္ၿပီး သည့္ေနာက္ ေရးသားေပၚေပါက္ခဲ့ၾကသည့္ ေႏွာင္းေခတ္ ျမန္မာ ဝတၳဳမ်ား အနက္ အဂၤလိပ္ သကၠရာဇ္ ၁၉ဝ၁ ခုႏွစ္တြင္ ၿဗိတိသၽွဘားမား ပုံႏွိပ္တိုက္မွ႐ိုက္ႏွိပ္ ထုတ္ေဝေသာ ဂ်ိမ္းစ္လွေက်ာ္၏ ‘ေမာင္ရင္ေမာင္ – မမယ္မ’ ဝတၳဳမွာ ေရွးအက်ဆုံးေသာ ျမန္မာဝတၳဳ ဟူ၍ပင္ ဆိုရေပမည္။

စင္စစ္ ဤဝတၳဳမွာ ကုိယ္ပုိင္ ေရးသား ထုတ္ေဝေသာ ဝတၳဳ မဟုတ္။ ျပင္သစ္ စာေရး ဆရာႀကီး အလဇၨႏၷား ဒူးမား (Alexander Dumas) ၏ ‘မြန္တီကရစၥတို ၿမိဳ႕စားႀကီး’ ဝတၳဳ (The Count of Monte Cristo) ကို မွီး၍ ေရးသား ထားျခင္း မၽွသာ ျဖစ္ေပသည္။ မည္သို႔ပင္ ျဖစ္ေစ ေရွးအခါက ဤဝတၳဳမ်ိဳး တခါမၽွ မေပၚေပါက္ ဖူးေသး ေသာေၾကာင့္ ဂ်ိမ္းစ္ လွေက်ာ္၏  ‘ေမာင္ရင္ေမာင္ မမယ္မ’ ဝတၳဳကို အထူးႏွစ္ၿခဳိက္ သေဘာက်ၾကေလသည္။

ဂ်ိမ္းစ္ လွေက်ာ္ကို ေတာင္ငူ ခ႐ိုင္ ေ႐ႊက်င္ၿမိဳ႕ မင္းလမ္းတြင္ (အဂၤလိပ္သကၠရာဇ္ ၁၂၂၈ – ၁၂၈၁) သကၠရာဇ္ ၁၂၂၈ ခုႏွစ္ ပထမ ဝါဆိုလဆန္း ၁ဝ ရက္ ဗုဒၶဟူးေန႔က ဖြားျမင္ ခဲ့ပါ၏။ အဖမွာ ဦးစြပ္၊ အမိမွာ ေဒၚဆိုင္းတို႔ ျဖစ္ၾကသည္။  အမိ၊ အဖတို႔မွာ ေမာင္လွေက်ာ္ ငယ္႐ြယ္စဥ္ ကပင္ ကြယ္လြန္သြားၾက သျဖင့္ အေဒၚျဖစ္သူ ေဒၚမၽွင္ႏွင့္ ခင္ပြန္းသည္ စစ္ကဲ ဦးၫိုတို႔က ေကၽြးေမြးေစာင့္ေရွာက္ လာခဲ့ၾကရသည္။

ထို ဦးၫို – ေဒၚမၽွင္ တို႔မွာ ပထမေသာ္ ဗုဒၶဘာသာဝင္မ်ား ျဖစ္ၾကျငားလည္း တစတစျဖင့္ ခရစ္ယာန္ ဘာသာကို သက္ဝင္ ယုံၾကည္လာၾကကာ ေနာက္ဆုံးတြင္ ဗုဒၶဘာသာကို လုံးဝ စြန္႔ပစ္ထားၾကသူမ်ား ျဖစ္ရကား၊ ေမြးစားသား ေမာင္လွေက်ာ္ အားလည္း ခရစ္ယာန္ ဘာသာ ထုံးစံအတိုင္း ႏွစ္ျခင္း မဂၤလာျဖင့္ ‘ဂ်ိမ္းစ္ လွေက်ာ္’ ဟု ေခၚေဝၚ တြင္မွတ္ ၾကေစသည္။

သို႔ႏွင့္ ဂ်ိမ္းစ္ လွေက်ာ္သည္ ပထမ ဦးစြာ ေ႐ႊက်င္ ၿမိဳ႕ေပၚရွိ အဂၤလိပ္ – ျမန္မာ အစိုးရ ေက်ာင္းတြင္ ၇ တန္း ေအာင္ျမင္သည္ အထိ သင္ၾကား ၿပီးေနာက္ ရန္ကုန္ ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ကာ ဆရာမွတ္ ေက်ာင္းတြင္ ပညာ ဆက္လက္ ဆည္းပူးသည္။ ထိုမွတဆင့္ ရန္ကုန္ ဟိုက္စကူး ေက်ာင္းသို႔ ေျပာင္းေ႐ႊ႕ လိုက္ျပန္ကာ ထိုေက်ာင္း မွပင္ ထိုစဥ္က ေခၚေသာ ‘ဘဂၤလား စာေမးပြဲ’ ေခၚ ‘အိုင္-ေအ’ စာေမးပြဲကို ေအာင္ျမင္ သြားေလသည္။

ဂ်ိမ္းစ္ လွေက်ာ္သည္ ဟိုက္စကူး ေက်ာင္းမွ အသက္ ၂ဝ ခန္႔တြင္ ထိုသို႔ ေအာင္ျမင္ သြားခ်ိန္ သည္ကား အထက္ ျမန္မာႏိုင္ငံေတာ္ ကိုပါ အဂၤလိပ္မ်ား သိမ္းပိုက္ လိုက္ေသာ အခ်ိန္ပင္ ျဖစ္ေပသည္။ ထိုအခါ အခြင့္လည္း ႀကဳံသည္ႏွင့္ ဂ်ိမ္းစ္ လွေက်ာ္သည္ အဂၤလိပ္ စစ္မင္းႀကီး၏ စကားျပန္ အျဖစ္ျဖင့္ အထက္ ျမန္မာ ႏိုင္ငံေတာ္သို႔ လိုက္ပါ သြားခဲ့သည္။ မႏၲေလး ၿမိဳ႕ေတာ္သို႔ ေရာက္လၽွင္ ထိုစကားျပန္ အလုပ္၌ပင္ အမႈထမ္း ေနစဥ္ အတြင္း နန္းေတာ္သုံး ေက်ာက္ကုန္သည္ ဦးထယ္၏ သမီး မႏၲေလး ၿမိဳ႕႐ိုးတြင္းေန ခင္ေလးငယ္ ေခၚ ခင္ခင္ငယ္ ဆိုသူႏွင့္ ေရစက္ဆုံကာ သမီး တင္တင္ ကို ရရွိ ခဲ့ေလသည္။

ထို႔ေနာက္ မႏၲေလး ၿမိဳ႕မွ ရန္ကုန္ ၿမိဳ႕သို႔ ျပန္လည္ ေျပာင္းေ႐ႊ႕ လာခဲ့ၿပီး စာေတာ္ျပန္ ဌာနတြင္ ၃ ႏွစ္ခန္႔မၽွ စာေတာ္ျပန္ အျဖစ္ ထမ္း႐ြက္ ေနေလသည္။ ထိုအေတာ အတြင္း ဂ်ိမ္းစ္ လွေက်ာ္သည္ အအား ေမေနေပ။ လက္လွမ္းမီရာ စာေပ ဗဟုသုတ မ်ားကို ဆည္းပူးလ်က္ ဒုတိယတန္း ေရွ႕ေန စာေမးပြဲႏွင့္ ၿမိဳ႕အုပ္ စာေမးပြဲ မ်ားကို ဝင္ေရာက္ ေျဖဆို ေအာင္ျမင္သည္။ ထို႔ေနာက္မွ ဘုရင္ခံ အိမ္ေတာ္တြင္ စာေတာ္ျပန္ ၿမိဳ႕အုပ္ အျဖစ္ ငါးႏွစ္ခန္႔ လုပ္ကိုင္ ျပန္ေသး၏။ ၿပီးမွ ဟံသာဝတီ ေငြတိုက္ ဝန္ေထာက္ အျဖစ္ ခန္႔အပ္ျခင္း ခံရ၍ ရန္ကုန္ၿမိဳ႕ တြင္ပင္ ၃ ႏွစ္ခန္႔ ဆက္လက္ ေနထိုင္သည္။

ထိုမွ တဖန္ စစ္ကိုင္း၊ ေခ်ာင္းဦး၊ ဘုတလင္ ၿမိဳ႕မ်ားတြင္ ေငြတိုက္ ဝန္ေထာက္ ဘဝ၊ ၿမိဳ႕အုပ္ ဘဝ အျဖစ္ အမႈ ထမ္းၿပီး သည့္ေနာက္ ေနာက္ဆုံးတြင္ ျမင္းမူၿမိဳ႕၌ နယ္ပိုင္ ဝန္ေထာက္ အျဖစ္ ထမ္း႐ြက္ရင္း မက်န္းမမာ သျဖင့္ ခြင့္ယူကာ ရန္ကုန္ၿမိဳ႕သို႔ ျပန္ခဲ့သည္။ ရန္ကုန္ၿမိဳ႕ တြင္လည္း ေရာဂါ၏ အေျခအေနမွာ သက္သာသည္ မရွိသျဖင့္ ဂ်ိမ္းစ္ လွေက်ာ္သည္ ၃၇ ႏွစ္ အ႐ြယ္တြင္ အလုပ္မွ ႏုတ္ထြက္ လိုက္ေလသည္။

သို႔ရာတြင္ အအား အလကား ကား မေနေပ။ ရန္ကုန္ၿမိဳ႕ စဥ့္အိုးတန္း အထက္တန္းတြင္ ေနထိုင္ကာ ေရွ႕ေန လိုက္ရင္း ဥပေဒ ေက်ာင္းႏွင့္ ၿမိဳ႕အုပ္၊ နယ္ပိုင္ သင္တန္းေက်ာင္းမ်ားကို ဖြင့္လွစ္ သင္ၾကား ေနေလသည္။ တဖက္ မွလည္း အားလပ္ခ်ိန္ ရတိုင္း ဥပေဒစာအုပ္မ်ား၊ ဝတၳဳ စာအုပ္မ်ားကို ေရးသား ထုတ္ေဝခဲ့ပါ၏။ ‘ေမာင္ရင္ေမာင္ မမယ္မ’ ဝတၳဳမွာ ထိုအခ်ိန္ အခါက ေပၚေပါက္ လာခဲ့ရေသာ ဝတၳဳပင္ ျဖစ္ေပသည္။ ထို႔အျပင္ ထိုစဥ္က ရန္ကုန္ၿမိဳ႕တြင္ ထုတ္ေဝလ်က္ ရွိေသာ ‘သည္ဘားမား ကရဂစ္တစ္’ (The Burma Critic) သတင္းစာ တြင္လည္း ဝတၳဳ တစ္ပုဒ္ကို အပတ္စဥ္ ေရးသား ေပးပို႔ေသး၏။ မည္သည့္ ဝတၳဳ ဟူ၍မူ အမွတ္အသား မရွိ ျဖစ္ခဲ့သည္။

ဂ်ိမ္းစ္ လွေက်ာ္သည္ ဟံသာဝတီ သတင္းစာဆရာ၊ ျမန္မာ အေဆြ သတင္းစာဆရာ အျဖစ္လည္း လုပ္ကိုင္ဖူးေသး၏။ ဤသို႔လၽွင္ မနားမေနပင္ စာေရး၊ စာဖတ္၊ စာသင္ ျပဳလုပ္ေနရင္းက သြက္ခ်ာပါဒ ေရာဂါ စြဲကပ္လာကာ လက္ဝဲလက္ တစ္ခုလုံး ေသြးေလ မေလၽွာက္ဘဲ ေသသြားရသည့္ အျဖစ္ သို႔ပင္ ဆိုက္ခဲ့ရေပသည္။ သို႔ႏွင့္ ဆရာဝန္၏ ၫႊန္ၾကားခ်က္ အရ ပူရာ ေဒသ ျဖစ္သည့္ မိတၳီလာ ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ ေနထိုင္ရ ျပန္သည္။

မိတၳီလာ ၿမိဳ႕တြင္လည္း ထုိသုိ႔ေရာဂါႀကီးတစ္ဖက္ ႏွင့္ အအား မေနေသး။ ဥပေဒေက်ာင္း ဖြင့္ျပန္ကာ ဥေပဒ ပညာရပ္မ်ားကို သင္ၾကား ပို႔ခ် ေပေသး၏။ ထိုကမွ တဖန္ ၁၉၁၂ ခုႏွစ္ ဒီဇင္ဘာလ ၈ရက္ေန႔တြင္ ေ႐ႊဘိုၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕ကာ ေရာဂါ ေဝဒနာလည္း သက္သာ လာသည့္ အေလ်ာက္ ထိုၿမိဳ႕တြင္ အေျခစိုက္ ေတာ့သည္။

ေ႐ႊဘိုေရာက္ၿပီး မ်ားမၾကာမီ အတြင္း ေမြးစား အမိ၊ အဖ တို႔ကို ႏြယ္၍ ခရစ္ယာန္ ဘာသာဝင္ ျဖစ္လာရ ရွာေသာ မစၥတာ ဂ်ိမ္းစ္ လွေက်ာက္သည္ မည္သူ၏ တိုက္တြန္းခ်က္မွ မပါဘဲ မိမိ၏ အလိုအေလ်ာက္ပင္ ဗုဒၶ ဘာသာသို႔ ကူးေျပာင္း သြားခဲ့သည္။ ကူးေျပာင္း ႐ုံမၽွမက သကၠရာဇ္ ၁၂၈ဝ ျပည့္ႏွစ္ (အဂၤလိပ္ သကၠရာဇ္ ၁၉၁၉ ခုႏွစ္) တြင္ အေလာင္းမင္း တရားႀကီး၏ ကုသိုလ္ေတာ္ တစ္ရပ္ ျဖစ္ေသာ ျမတ္သိန္းတန္ ေစတီေတာ္ကို ျပန္လည္ ျပဳျပင္ မြမ္းမံလ်က္ ၁၂၈၁ ခုႏွစ္တြင္ ထီးေတာ္ပင္ တင္ေသးသည္။

သို႔ရာတြင္ ဝမ္းနည္းဖြယ္ ေကာင္းသည္ကား ျမတ္သိန္းတန္ ဘုရားကို ထီးေတာ္ တင္သည့္ႏွစ္ သကၠရာဇ္ ၁၂၈၁ ခုႏွစ္ တန္ေဆာင္မုန္း လျပည့္ေက်ာ္ ၁၁ ရက္ေန႔တြင္ ဂ်ိမ္းစ္ လွေက်ာ္ ေခၚ ဦးလွေက်ာ္မွာ အဖ်ား ေရာဂါျဖင့္ အနိစၥ ေရာက္ရ ရွာေလသည္။ႂကြင္းက်န္ ရစ္ခဲ့ေသာ သမီး၊ သား၊ ေျမး တစု တို႔က ဆရာႀကီး၏ ‘အ႐ိုးအိုးဂူ’ ကို ဆရာႀကီး၏ ေကာင္းမႈ ျဖစ္ေသာ ျမတ္သိန္းတန္ ဘုရားတံတိုင္း အတြင္းမွာပင္ တည္ထား ကိုးကြယ္ၾက ကုန္သည္။

ဂ်ိမ္းစ္ လွေက်ာ္သည္ အထက္ ေဖာ္ျပရာပါ ဝတၳဳမ်ား အျပင္ ၿမိဳ႕အုပ္ အလုပ္ကို လုပ္စဥ္က ကိုယ္ေတြ႕ အျဖစ္အပ်က္မ်ား ပါဝင္ေသာ ‘ကိုၿမိဳ႕အုပ္’ ဝတၳဳ၊ ‘ေမာက္လင္’ ဝတၳဳႏွင့္ အျခား ဝတၳဳမ်ား ကိုလည္း ေရးသား ခဲ့ပါေသး၏။ စက္တင္ ပုံႏွိပ္ ထုတ္ေဝျခင္း မရွိခဲ့ေခ်။ ထိုဝတၳဳမ်ားမွ တပါးလည္း ဥပေဒႏွင့္ သက္ဆိုင္သည့္ ဥပေဒ ေမးခြန္းပုစၥာ အေျဖက်မ္းႏွင့္ ဓမၼသတ္ ေမးခြန္း ပုစၥာ အေျဖ မ်ားကို လည္းေကာင္း၊ ေရွ႕ေန ဥပေဒ ေမးခြန္း ပုစၥာ ၈ ႏွစ္ အတြက္ႏွင့္ ေရွ႕ေန စာေမးပြဲ ေအာင္ျမင္ရန္ လမ္းၫႊန္ စာတမ္း ၂ ေစာင္ တြဲကို လည္းေကာင္း ေရးသား ခဲ့ေပ ေသးသတည္း။

(တစ္ေထာင့္တစ္ည ပသီပုံျပင္မ်ားဝတၳဳ ကိုလည္း ပထမဆုံး ဝတၳဳဟု ညႊန္းဆုိၾကေသးသည္)

ရည္ၫႊန္းကိုးကား

စာဆိုေတာ္မ်ား အတၳဳပၸတၱိ၊ ေမာင္သုတ (ခ) ဗိုလ္မႉး ဘေသာင္း (မဟာ ဝိဇၨာ၊ ေ႐ႊတံဆိပ္ရ) ျပဳစု၊ ဦးခင္ေအး (ေမာင္ခင္မင္၊ ဓႏုျဖဴ) ပါေမာကၡ၊ ျမန္မာစာ ဌာန၊ ရန္ကုန္ တကၠသိုလ္ တည္းျဖတ္ ျဖည့္စြက္၊ ရာျပည့္ စာအုပ္တိုက္၊ ပၪၥမအႀကိမ္ ၁၊ ဩဂုတ္၊ ၂ဝဝ၂။
႐ႈမဝ မဂၢဇင္း၊ အတြဲ ၁၂၊ အမွတ္ ၁၁၃ လာ ဒဂုန္ ေ႐ႊျပည္စိုး၏ ‘ဂ်ိမ္းစ္ လွေက်ာ္’ အတၳဳပၸတၱိ။
မႏၱလးၿမိဳ႕ ႀကီးပြားေရး စာပုံႏွိပ္တိုက္ထုတ္ ‘ေမာင္ရင္ေမာင္ မမယ္မ’ ဝတၳဳလာ ဂ်ိမ္းစ္ လွေက်ာ္၏ ေျမး ‘ခင္ထားဦး’ ေရး ‘စာေရးဆရာႀကီး ဂ်ိမ္းစ္ လွေက်ာ္’ အတၳဳပၸတၱိ။
Myanmar Wikipedia

————————-

မြန်မာ့ပထမဆုံး ဝထ္ထုရေးသားသူ ဂျိမ်းစ်လှကျော် (unicode)

မြန်မာ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၈၈၆ ခုနှစ်တွင် မြန်မာ နိုင်ငံတော် တခုလုံးကို အင်္ဂလိပ်တို့ တိုက်ခိုက် သိမ်းပိုက် လိုက်ပြီး သည့်နောက် ရေးသားပေါ်ပေါက်ခဲ့ကြသည့် နှောင်းခေတ် မြန်မာ ဝတ္ထုများ အနက် အင်္ဂလိပ် သက္ကရာဇ် ၁၉ဝ၁ ခုနှစ်တွင် ဗြိတိသျှဘားမား ပုံနှိပ်တိုက်မှရိုက်နှိပ် ထုတ်ဝေသော ဂျိမ်းစ်လှကျော်၏ ‘မောင်ရင်မောင် – မမယ်မ’ ဝတ္ထုမှာ ရှေးအကျဆုံးသော မြန်မာဝတ္ထု ဟူ၍ပင် ဆိုရပေမည်။

စင်စစ် ဤဝတ္ထုမှာ ကိုယ်ပိုင် ရေးသား ထုတ်ဝေသော ဝတ္ထု မဟုတ်။ ပြင်သစ် စာရေး ဆရာကြီး အလဇ္ဇန္နား ဒူးမား (Alexander Dumas) ၏ ‘မွန်တီကရစ္စတို မြို့စားကြီး’ ဝတ္ထု (The Count of Monte Cristo) ကို မှီး၍ ရေးသား ထားခြင်း မျှသာ ဖြစ်ပေသည်။ မည်သို့ပင် ဖြစ်စေ ရှေးအခါက ဤဝတ္ထုမျိုး တခါမျှ မပေါ်ပေါက် ဖူးသေး သောကြောင့် ဂျိမ်းစ် လှကျော်၏  ‘မောင်ရင်မောင် မမယ်မ’ ဝတ္ထုကို အထူးနှစ်ခြိုက် သဘောကျကြလေသည်။

ဂျိမ်းစ် လှကျော်ကို တောင်ငူ ခရိုင် ရွှေကျင်မြို့ မင်းလမ်းတွင် (အင်္ဂလိပ်သက္ကရာဇ် ၁၂၂၈ – ၁၂၈၁) သက္ကရာဇ် ၁၂၂၈ ခုနှစ် ပထမ ဝါဆိုလဆန်း ၁ဝ ရက် ဗုဒ္ဓဟူးနေ့က ဖွားမြင် ခဲ့ပါ၏။ အဖမှာ ဦးစွပ်၊ အမိမှာ ဒေါ်ဆိုင်းတို့ ဖြစ်ကြသည်။  အမိ၊ အဖတို့မှာ မောင်လှကျော် ငယ်ရွယ်စဉ် ကပင် ကွယ်လွန်သွားကြ သဖြင့် အဒေါ်ဖြစ်သူ ဒေါ်မျှင်နှင့် ခင်ပွန်းသည် စစ်ကဲ ဦးညိုတို့က ကျွေးမွေးစောင့်ရှောက် လာခဲ့ကြရသည်။

ထို ဦးညို – ဒေါ်မျှင် တို့မှာ ပထမသော် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြငြားလည်း တစတစဖြင့် ခရစ်ယာန် ဘာသာကို သက်ဝင် ယုံကြည်လာကြကာ နောက်ဆုံးတွင် ဗုဒ္ဓဘာသာကို လုံးဝ စွန့်ပစ်ထားကြသူများ ဖြစ်ရကား၊ မွေးစားသား မောင်လှကျော် အားလည်း ခရစ်ယာန် ဘာသာ ထုံးစံအတိုင်း နှစ်ခြင်း မင်္ဂလာဖြင့် ‘ဂျိမ်းစ် လှကျော်’ ဟု ခေါ်ဝေါ် တွင်မှတ် ကြစေသည်။

သို့နှင့် ဂျိမ်းစ် လှကျော်သည် ပထမ ဦးစွာ ရွှေကျင် မြို့ပေါ်ရှိ အင်္ဂလိပ် – မြန်မာ အစိုးရ ကျောင်းတွင် ၇ တန်း အောင်မြင်သည် အထိ သင်ကြား ပြီးနောက် ရန်ကုန် မြို့သို့ ပြောင်းရွှေ့ကာ ဆရာမှတ် ကျောင်းတွင် ပညာ ဆက်လက် ဆည်းပူးသည်။ ထိုမှတဆင့် ရန်ကုန် ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ လိုက်ပြန်ကာ ထိုကျောင်း မှပင် ထိုစဉ်က ခေါ်သော ‘ဘင်္ဂလား စာမေးပွဲ’ ခေါ် ‘အိုင်-အေ’ စာမေးပွဲကို အောင်မြင် သွားလေသည်။

ဂျိမ်းစ် လှကျော်သည် ဟိုက်စကူး ကျောင်းမှ အသက် ၂ဝ ခန့်တွင် ထိုသို့ အောင်မြင် သွားချိန် သည်ကား အထက် မြန်မာနိုင်ငံတော် ကိုပါ အင်္ဂလိပ်များ သိမ်းပိုက် လိုက်သော အချိန်ပင် ဖြစ်ပေသည်။ ထိုအခါ အခွင့်လည်း ကြုံသည်နှင့် ဂျိမ်းစ် လှကျော်သည် အင်္ဂလိပ် စစ်မင်းကြီး၏ စကားပြန် အဖြစ်ဖြင့် အထက် မြန်မာ နိုင်ငံတော်သို့ လိုက်ပါ သွားခဲ့သည်။ မန္တလေး မြို့တော်သို့ ရောက်လျှင် ထိုစကားပြန် အလုပ်၌ပင် အမှုထမ်း နေစဉ် အတွင်း နန်းတော်သုံး ကျောက်ကုန်သည် ဦးထယ်၏ သမီး မန္တလေး မြို့ရိုးတွင်းနေ ခင်လေးငယ် ခေါ် ခင်ခင်ငယ် ဆိုသူနှင့် ရေစက်ဆုံကာ သမီး တင်တင် ကို ရရှိ ခဲ့လေသည်။

ထို့နောက် မန္တလေး မြို့မှ ရန်ကုန် မြို့သို့ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး စာတော်ပြန် ဌာနတွင် ၃ နှစ်ခန့်မျှ စာတော်ပြန် အဖြစ် ထမ်းရွက် နေလေသည်။ ထိုအတော အတွင်း ဂျိမ်းစ် လှကျော်သည် အအား မေနေပေ။ လက်လှမ်းမီရာ စာပေ ဗဟုသုတ များကို ဆည်းပူးလျက် ဒုတိယတန်း ရှေ့နေ စာမေးပွဲနှင့် မြို့အုပ် စာမေးပွဲ များကို ဝင်ရောက် ဖြေဆို အောင်မြင်သည်။ ထို့နောက်မှ ဘုရင်ခံ အိမ်တော်တွင် စာတော်ပြန် မြို့အုပ် အဖြစ် ငါးနှစ်ခန့် လုပ်ကိုင် ပြန်သေး၏။ ပြီးမှ ဟံသာဝတီ ငွေတိုက် ဝန်ထောက် အဖြစ် ခန့်အပ်ခြင်း ခံရ၍ ရန်ကုန်မြို့ တွင်ပင် ၃ နှစ်ခန့် ဆက်လက် နေထိုင်သည်။

ထိုမှ တဖန် စစ်ကိုင်း၊ ချောင်းဦး၊ ဘုတလင် မြို့များတွင် ငွေတိုက် ဝန်ထောက် ဘဝ၊ မြို့အုပ် ဘဝ အဖြစ် အမှု ထမ်းပြီး သည့်နောက် နောက်ဆုံးတွင် မြင်းမူမြို့၌ နယ်ပိုင် ဝန်ထောက် အဖြစ် ထမ်းရွက်ရင်း မကျန်းမမာ သဖြင့် ခွင့်ယူကာ ရန်ကုန်မြို့သို့ ပြန်ခဲ့သည်။ ရန်ကုန်မြို့ တွင်လည်း ရောဂါ၏ အခြေအနေမှာ သက်သာသည် မရှိသဖြင့် ဂျိမ်းစ် လှကျော်သည် ၃၇ နှစ် အရွယ်တွင် အလုပ်မှ နုတ်ထွက် လိုက်လေသည်။

သို့ရာတွင် အအား အလကား ကား မနေပေ။ ရန်ကုန်မြို့ စဉ့်အိုးတန်း အထက်တန်းတွင် နေထိုင်ကာ ရှေ့နေ လိုက်ရင်း ဥပဒေ ကျောင်းနှင့် မြို့အုပ်၊ နယ်ပိုင် သင်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြား နေလေသည်။ တဖက် မှလည်း အားလပ်ချိန် ရတိုင်း ဥပဒေစာအုပ်များ၊ ဝတ္ထု စာအုပ်များကို ရေးသား ထုတ်ဝေခဲ့ပါ၏။ ‘မောင်ရင်မောင် မမယ်မ’ ဝတ္ထုမှာ ထိုအချိန် အခါက ပေါ်ပေါက် လာခဲ့ရသော ဝတ္ထုပင် ဖြစ်ပေသည်။ ထို့အပြင် ထိုစဉ်က ရန်ကုန်မြို့တွင် ထုတ်ဝေလျက် ရှိသော ‘သည်ဘားမား ကရဂစ်တစ်’ (The Burma Critic) သတင်းစာ တွင်လည်း ဝတ္ထု တစ်ပုဒ်ကို အပတ်စဉ် ရေးသား ပေးပို့သေး၏။ မည်သည့် ဝတ္ထု ဟူ၍မူ အမှတ်အသား မရှိ ဖြစ်ခဲ့သည်။

ဂျိမ်းစ် လှကျော်သည် ဟံသာဝတီ သတင်းစာဆရာ၊ မြန်မာ အဆွေ သတင်းစာဆရာ အဖြစ်လည်း လုပ်ကိုင်ဖူးသေး၏။ ဤသို့လျှင် မနားမနေပင် စာရေး၊ စာဖတ်၊ စာသင် ပြုလုပ်နေရင်းက သွက်ချာပါဒ ရောဂါ စွဲကပ်လာကာ လက်ဝဲလက် တစ်ခုလုံး သွေးလေ မလျှောက်ဘဲ သေသွားရသည့် အဖြစ် သို့ပင် ဆိုက်ခဲ့ရပေသည်။ သို့နှင့် ဆရာဝန်၏ ညွှန်ကြားချက် အရ ပူရာ ဒေသ ဖြစ်သည့် မိတ္ထီလာ မြို့သို့ ပြောင်းရွှေ့ နေထိုင်ရ ပြန်သည်။

မိတ္ထီလာ မြို့တွင်လည်း ထိုသို့ရောဂါကြီးတစ်ဖက် နှင့် အအား မနေသေး။ ဥပဒေကျောင်း ဖွင့်ပြန်ကာ ဥပေဒ ပညာရပ်များကို သင်ကြား ပို့ချ ပေသေး၏။ ထိုကမှ တဖန် ၁၉၁၂ ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ရွှေဘိုမြို့သို့ ပြောင်းရွှေ့ကာ ရောဂါ ဝေဒနာလည်း သက်သာ လာသည့် အလျောက် ထိုမြို့တွင် အခြေစိုက် တော့သည်။

ရွှေဘိုရောက်ပြီး များမကြာမီ အတွင်း မွေးစား အမိ၊ အဖ တို့ကို နွယ်၍ ခရစ်ယာန် ဘာသာဝင် ဖြစ်လာရ ရှာသော မစ္စတာ ဂျိမ်းစ် လှကျောက်သည် မည်သူ၏ တိုက်တွန်းချက်မှ မပါဘဲ မိမိ၏ အလိုအလျောက်ပင် ဗုဒ္ဓ ဘာသာသို့ ကူးပြောင်း သွားခဲ့သည်။ ကူးပြောင်း ရုံမျှမက သက္ကရာဇ် ၁၂၈ဝ ပြည့်နှစ် (အင်္ဂလိပ် သက္ကရာဇ် ၁၉၁၉ ခုနှစ်) တွင် အလောင်းမင်း တရားကြီး၏ ကုသိုလ်တော် တစ်ရပ် ဖြစ်သော မြတ်သိန်းတန် စေတီတော်ကို ပြန်လည် ပြုပြင် မွမ်းမံလျက် ၁၂၈၁ ခုနှစ်တွင် ထီးတော်ပင် တင်သေးသည်။

သို့ရာတွင် ဝမ်းနည်းဖွယ် ကောင်းသည်ကား မြတ်သိန်းတန် ဘုရားကို ထီးတော် တင်သည့်နှစ် သက္ကရာဇ် ၁၂၈၁ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၁ ရက်နေ့တွင် ဂျိမ်းစ် လှကျော် ခေါ် ဦးလှကျော်မှာ အဖျား ရောဂါဖြင့် အနိစ္စ ရောက်ရ ရှာလေသည်။ကြွင်းကျန် ရစ်ခဲ့သော သမီး၊ သား၊ မြေး တစု တို့က ဆရာကြီး၏ ‘အရိုးအိုးဂူ’ ကို ဆရာကြီး၏ ကောင်းမှု ဖြစ်သော မြတ်သိန်းတန် ဘုရားတံတိုင်း အတွင်းမှာပင် တည်ထား ကိုးကွယ်ကြ ကုန်သည်။

ဂျိမ်းစ် လှကျော်သည် အထက် ဖော်ပြရာပါ ဝတ္ထုများ အပြင် မြို့အုပ် အလုပ်ကို လုပ်စဉ်က ကိုယ်တွေ့ အဖြစ်အပျက်များ ပါဝင်သော ‘ကိုမြို့အုပ်’ ဝတ္ထု၊ ‘မောက်လင်’ ဝတ္ထုနှင့် အခြား ဝတ္ထုများ ကိုလည်း ရေးသား ခဲ့ပါသေး၏။ စက်တင် ပုံနှိပ် ထုတ်ဝေခြင်း မရှိခဲ့ချေ။ ထိုဝတ္ထုများမှ တပါးလည်း ဥပဒေနှင့် သက်ဆိုင်သည့် ဥပဒေ မေးခွန်းပုစ္စာ အဖြေကျမ်းနှင့် ဓမ္မသတ် မေးခွန်း ပုစ္စာ အဖြေ များကို လည်းကောင်း၊ ရှေ့နေ ဥပဒေ မေးခွန်း ပုစ္စာ ၈ နှစ် အတွက်နှင့် ရှေ့နေ စာမေးပွဲ အောင်မြင်ရန် လမ်းညွှန် စာတမ်း ၂ စောင် တွဲကို လည်းကောင်း ရေးသား ခဲ့ပေ သေးသတည်း။

ရည်ညွှန်းကိုးကား

စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ မောင်သုတ (ခ) ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစု၊ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်၊ ရာပြည့် စာအုပ်တိုက်၊ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂။
ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၁၂၊ အမှတ် ၁၁၃ လာ ဒဂုန် ရွှေပြည်စိုး၏ ‘ဂျိမ်းစ် လှကျော်’ အတ္ထုပ္ပတ္တိ။
မန္တလးမြို့ ကြီးပွားရေး စာပုံနှိပ်တိုက်ထုတ် ‘မောင်ရင်မောင် မမယ်မ’ ဝတ္ထုလာ ဂျိမ်းစ် လှကျော်၏ မြေး ‘ခင်ထားဦး’ ရေး ‘စာရေးဆရာကြီး ဂျိမ်းစ် လှကျော်’ အတ္ထုပ္ပတ္တိ။
Myanmar Wikipedia

Leave a Reply