ရေးသားသူ – ဆရာဋ္ဌေး (သုတကဖေး)
DVB Burmese
ဓာတ်ပုံများအတွက် မူရင်းမျှဝေထားသူ မိတ်ဆွေအပေါင်းတို့အား ကျေးဇူးအထူးပါ။
မကြာမီကပဲ တည်ဆောက်ပြီးစီးသွားတဲ့ ဆူးလေစကွဲ (Sule Square) အဆောက်အဦကြီး ထီးထီးမတ်မတ် ပေါ်လာခဲ့တယ်။ လှပခန့်ထည်နေတာကလည်း အပြစ်ပြောစရာ မရှိလောက်အောင်ပါပဲ။ ဆူးလေဘုရားလမ်းကို အစွဲပြုပြီး ဆူးလေစကွဲလို့ ပေးထားဟန်ရှိပါတယ်။
ဆူးလေလမ်းဆိုတာလည်း ဆူးလေဘုရားကို အစွဲပြု မှည့်ခေါ်ထားတာပါ။ ဆူးလေဘုရားဆိုတာကလည်း တချိန်ကတော့ ရေပတ်လည်ဝိုင်းနေတဲ့ ဆူးလေကုန်းတော်ပေါ်မှာ တည်ထားကိုးကွယ်ခဲ့တဲ့ ရေလယ်ဘုရားတဆူ ဖြစ်ခဲ့ပါတယ်။
ဆူးလေလို့ အမည်နာမ တွင်ခဲ့တာကို လေ့လာကြည့်တော့ တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်နဲ့ ဥက္ကလာပမင်းကြီးတို့ ရွှေတိဂုံကုန်းတော် ရှာမတွေ့လို့ “စုဝေး” တိုင်ပင်ရာအရပ် ဖြစ်တဲ့အတွက် “စုလေ” ကနေ ကာလရွေ့လျောလာတော့ ဆူးလေဖြစ်သွားတယ်လို့ ပါးစပ်ရာဇဝင်ကလည်း ရှိခဲ့တယ်။
နောက်အမည်တခုကတော့ သန်လျင်မင်းကြီးက အမတ်ကြီး “အသုတ်” လို့ အမည်ရသူကို စေတီတည်ဖို့ အမိန့်ပေးတာကြောင့် စေတီတည်တဲ့ အမတ်အမည်ကို အစွဲပြုပြီး “အသုတ်ကျိုက်” စေတီဆိုတဲ့ အမည်လည်း ရှိခဲ့ဖူးတယ်။ ဘာပဲဖြစ်ဖြစ် ဆူးလေစေတီဟာ ရန်ကုန်မြို့ရဲ့အလယ် လူစည်ကားရာ နေရာတခုပါပဲ။
ဆူးလေစကွဲရဲ့ တည်နေရာဟာ ဆူးလေဘုရားလမ်းပေါ်မှာရှိပြီး အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြားက အကွက်ပေါ့။ ဟို.. လွန်ခဲ့တဲ့ နှစ် ၃ဝ ကတော့ ဒီနေရာမှာ ပြည်သူ့ကုန်တိုက် ရှိခဲ့ဖူးတယ်။ ပေါင်မုန့်နဲ့ လက်ဖက်ရည် သောက်ခဲ့ဖူးတယ်။
မုန့်တိုက်နဲ့ ကပ်ရက်မှာတော့ ပပဝင်းရုပ်ရှင်ရုံ။ နိုင်ငံခြားရုပ်ရှင်တွေ တင်တာပေါ့။ ဒီရုံမှာ ဂျိန်းစ်ဘွန်းကား ကြည့်ခဲ့ဖူးတယ်။ ဆိုဖီယာလောရင့်ကိုလည်း တပ်မက်ခဲ့ဖူးတယ်။ ပပဝင်းဘေးမှာ ဂုဏ်ရုံဆိုတာလည်း ရှိသေးတယ်။ သူလည်း နိုင်ငံခြားကားတွေ တင်တာပါပဲ။ အဲဒီမှာလည်း Take me away ဂျပန်ကားကြည့်ပြီး လွမ်းခဲ့ရဖူးပါတယ်။
ရုပ်ရှင်ရုံမဝင်မီမှာ ကော်ပိုရေးရှင်း ၉ စာအုပ်ဆိုင်ဝင်ပြီး အင်္ဂလိပ် ဗမာစာအုပ် မျိုးစုံ ဝယ်ခဲ့ဖူးတယ်။ စာအုပ်ဝယ်ပြီး ရုပ်ရှင်ကြည့်ပြီးတာနဲ့ သူတို့ဘေးက “လက်ရွေးစင်လက်ဘက်ရည်ဆိုင်” မှာ ကြည့်ပြီးခဲ့တဲ့ ပူပူနွေးနွေး ရုပ်ရှင်ကားအကြောင်း ဝေဖန်ရင်း လေကန်ရင်း စားမြုံ့ပြန်ခဲ့ကြဖူးတယ်။ ညနေစောင်းပြီဆိုတာနဲ့ အပေါ်ထပ်က BEDC အစိုးရ အရက်ဖြူဆိုင်ဝင်လို့ တခွက်တကျင်း တန်းစီတိုးရင်း မိန်းမူးခဲ့ဖူးတာပေါ့။
ဗြိတိသျှကိုလိုနီခေတ်ကတော့ အဲဒီနေရာမှာ The Palladium နဲ့ the Globe ရုပ်ရှင်ရုံတွေရှိခဲ့ပြီး လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ ပပဝင်းနဲ့ ဂုဏ်ရုံဆိုပြီး နာမည်ပြောင်းခဲ့တာပါ။
၁၉၉ဝ-၉၁ ခုနှစ်ထဲရောက်တော့ အဲဒီရုပ်ရှင်ရုံတွေ၊ စာအုပ်ဆိုင်တွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ တည်းခိုခန်းတွေ တခုပြီးတခု ပြိုကျပြီး မကြာမီနှစ်ပိုင်းအတွင်းမှာပဲ ကြယ်ငါးပွင့်အဆင့်မီ ဟိုတယ်ကြီးတခု ပေါ်လာတယ်။ အစကတော့ ထရိတ်ဒါးဟိုတယ် ကုန်သည်ကြီးများဟိုတယ်လို့လည်းခေါ်ပါတယ်။ ခုတော့ ဆူးလေရှန်ဂရီလာဟိုတယ်ပေါ့။
အရင်က ဒီနေရာ ဒီဒေသဟာ ရန်ကုန်သားတွေနဲ့ မစိမ်းခဲ့ပေမယ့် အခုတော့ တကယ့်စိမ်းစိမ်းကားကား။ တော်ရုံလူ အနားကပ်ခွင့်မရှိတဲ့ နေရာစိမ်းတခု ဖြစ်သွားခဲ့ပါပြီ။ ရှေ့ဆက်ပြီး အနော်ရထာလမ်းဆီ မျှော်ကြည့်ပြန်တော့ ပိုစတာပန်းခြံလို့ခေါ်တဲ့ နေရာတခု။ အနော်ရထာလမ်းနဲ့ ဆူးလေလမ်းထောင့်မှာပါ။ ကော်ပိုရေးရှင်း ၉ မရှိတော့ပေမယ့် ပိုစတာပန်းခြံထဲမှာ စာအုပ်ဆိုင်လေးတဆိုင် ရှိခဲ့ဖူးတယ်။ စာအုပ်ဆိုင်ဘေးမှာတော့ ကျား/မ ခွဲထားတဲ့ အိမ်သာတလုံး။ ပန်းခြံမျက်နှာစာမှာတော့ ကြော်ငြာပိုစတာတွေ ဝိုင်းရံလို့ပေါ့။ ပြီးတော့ ညောင်းညာရင် ထိုင်ပြီးနားဖို့ အုတ်ဂူ လေးငါးဆယ်ခု ရှိရဲ့။
ဟုတ်တယ်။ အုတ်ဂူလေးတွေပါ။ ဟို လွန်ခဲ့တဲ့ နှစ်ပါင်း ၂၅ဝ ကျော်လောက်က “လုပ်တိုင်း” လို့ခေါ်တဲ့ “သင်္ချိုင်း” နေရာတခု ဖြစ်ခဲ့ဖူးတယ်။ သတင်းစာဆရာကြီး ဦးသိန်းမောင်ရဲ့ မှတ်တမ်းအရဆိုရင် ပိုစတာပန်းခြံလို့ခေါ်တဲ့ အခုလက်ရှိ ဆူးလေစကွဲလို့ခေါ်တဲ့ နေရာဟာ တချိန်က “အာမေးနီးယန်းလူမျိုးတို့ရဲ့ သင်္ချိုင်း” ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇ဝ/၈ဝ ခုနှစ် ဝန်းကျင်လောက် ကာလတွေအထိ အုတ်ဂူလေးငါးလုံးလောက်ထိ ကျန်ရှိနေခဲ့ပါတယ်။ ကျနော်တို့ငယ်ငယ်က အဲဒီအုတ်ဂူတွေမှာ အညောင်းအညာထိုင်ပြီး အပန်းဖြေခဲ့ဖူးတယ်။
ပရော်ဖက်ဆာ ပီအာပန်းရဲ့ ရန်ကုန်ရာဇဝင် မှတ်တမ်းတွေအရဆိုရင် အုတ်ဂူ ၂၈ လုံး တွေ့ရှိပါတယ်။ အဲဒီအထဲက အုတ်ဂူ ၈ လုံးမှာ သေဆုံးသူရဲ့အမည် ပါရှိတယ်လို့ ဆိုတယ်။ ကွယ်လွန်တဲ့နေ့စွဲတွေထဲမှာ ၁၈၁၁ ခုနှစ် မေလ ၁၇ ရက်ဟာ အစောဆုံးပဲလို့ ဆိုပါတယ်။ သချိုင်းရဲ့သက်တမ်းကို အတိအကျပြောဖို့ ခက်ပါတယ်။
အဲဒီအချိန်က မြန်မာဘုရင်ခန့်ထားခဲ့တဲ့ “အကောက်ဝန် ဂရီဂိုရီ” ဟာ အာမေးနီးယန်းလူမျိုးပါ။ သူသေဆုံးခဲ့တာက ၁၇၈၈ ခုနှစ် ဖြစ်တာကြောင့် သူမသေမီကတည်းက သူ့သြဇာ သူ့လုပ်ပိုင်ခွင့်နဲ့ မြန်မာဘုရင်ထံ ခွင့်တောင်းပြီး ဆူးလေစေတီမြောက်ဘက် သစ်တပ်ဝန်းမြို့ပြင် (ထိုအချိန်က) မှာ အာမေးနီးယန်း လူမျိုးတွေအတွက် သင်္ချိုင်းတခုကို တည်ခဲ့ဟန်ရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ဆူးလေလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ရှိခဲ့တဲ့ အခု ဆူးလေစကွဲနေရာဟာ အာမေးနီးယန်းသင်္ချိုင်းအဖြစ် ၁၇၇ဝ နဲ့ ၁၇၈ဝ ခုနှစ် ဝန်းကျင်ကတည်းက ရှိခဲ့တာလို့ ယူသော် ရနိုင်ကောင်းပါတယ်လို့ ကောက်ချက်ချမိပါတယ်။
ဘာပဲဖြစ်ဖြစ် မဟာရန်ကုန်မြို့လယ်ကောင်မှာ သင်္ချိုင်းရှိနေတာနဲ့စာရင် ခန့်ညားထည်ဝါတဲ့ အခုလို ဆူးလေစကွဲနဲ့ Mall တခုရှိနေတာ ကောင်းလေစွလို့ ဆင်ခြင်မိပါတယ်။ ဒါပေမယ့် ဟိုတချိန်က အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်လမ်းကြားက ဘလောက်တခုလုံးမှာရှိခဲ့တဲ့ အတိတ်ပုံရိပ်တွေကတော့ သတိတရ လွမ်းဆွတ်ဖွယ်ပင် ဖြစ်နေပါတော့တယ်။
ဆူးလေ ဘုရားလမ်းသည် တချိန်က မြန်မာနိုင်ငံတွင်သာမက အာရှတွင် အကျယ်ဆုံးနှင့် အလှပဆုံးလမ်းဖြစ်ခဲ့သည်။ သန့်ရှင်းလှသော လမ်းတွင် သစ်ပင်များသာမက ကားများ ဓာတ်ရထားများ မြင်းလှည်းများသွားရန်ပါ ကျယ်ဝန်းသည်။ အဆိုပါပုံသည် ဖရေဇာလမ်း (ယခု အနော်ရထာလမ်း) နှင့် ဆူးလေဘုရားလမ်းထောင့်ကို ၁၉၂၀ ဝန်းကျင်က ရိုက်ထားသော ပုံဖြစ်သည်။ (Myanmar Historic Archive)
အောက်က ပုံရိပ်တွေကတော့ ဆူးလေတဝိုက် ရှေ့ဟောင်းပုံရိပ်တွေပါ။ မမြင်ဖူးသေးတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။
ဆရာဋ္ဌေး (သုတကဖေး)
DVB Burmese
Discussion about this post