အနာကြီးရောဂါ အကြောင်း သိကောင်းစရာ

Posted on

အနာကြီးရောဂါသည် အပူပိုင်းဒေသများတွင် ဖြစ်ပွားတတ်သော အလွန်ရှေးကျသည့် ကိုယ်ရေပြားရောဂါ တစ်မျိုးဖြစ်သည်။ မိုင်ကိုဘက်နီရီယမ်လီပရေး ခေါ်သောရောဂါပိုးကြောင့် ဖြစ်စေတတ်သည်။ ရောဂါတကာ့ ရောဂါထဲတွင် အနာကြီးရောဂါသည် လူဖြစ်ရှုံးသော ကူးစက်ရောဂါတစ်ခုဖြစ်သည်။ `ကူဋ္ဌနူနာ´ရောဂါဟုလည်း ခေါ်ကြသည်။ အနာကြီးရောဂါသည် လူတောမဝင်၊ ရှင်တောမတိုးနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်စေတတ်သည်။ လူ့အသိုင်းအဝိုင်းကလည်း မေးထူးခေါ်ပြော မလုပ်ချင်ကြပဲ ရှောင်ချင်ရှားချင်ကြသည်။ သွေးမတော် သားမစပ်သူများပင် မဆိုထားနှင့် မိရင်းဖရင်း၊ သားသမီးအရင်းများပင် ရင်နာနာနှင့် ခွဲခွာနေရသော ရောဂါမျိုးဖြစ်သည်။

သမိုင်း

အချို့ကျမ်းစာများတွင် အနာကြီးရောဂါသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်ကတည်းက ရှိနှင့်ပြီးဖြစ်သည်ဟု ဆိုကြသည်။ ဘီစီ ၄၆၀ခန့်တွင် ဂရိ အတွေးအခေါ် နှင့် သမိုင်းပညာရှင် Hippocrates က ဒီရောဂါအကြောင်းကို ဖော်ပြခဲ့သည် ဟုလည်း ယုံကြည်ကြသည်။ ထိုအချိန်ကာလကတည်းက အီဂျစ် ၊ တရုတ် ၊ အိန္ဒိယ နှင့် ကမ္ဘာ့နေရာတော်တော်များများတွင် ထိုရောဂါဖြစ်ပွားသည့် သူများ ရှိနေပြီ ဟု ဆိုကြသည်။ ထင်ရှားသည့်ရောမ စာရေးဆရာများဖြစ်သည့် Aulus Cornelius Celsus (25 BC – 37 AD) နှင့် Pliny the Elder (23–79 AD) တို့ကလည်း ထိုရောဂါသည် ရှေ့ဟောင်းရောမခေတ်ကတည်းက ပေါ်ပေါက်နှင့်ပြီး ဖြစ်သည်ဟု ရေးသားကြသည်။

ခရစ်နှစ် တစ်ရာခန့်အတွင်း အီဂျစ်ပြည်မှ ဥရောပသို့ ကူးစက်၍ ၁၄၀၀-ပြည့်နှစ်ခန့်တွင် အဆိုးဝါးဆုံး ဖြစ်ပွားလာသည်။ ကုသကာကွယ်မှုများ သီးခြားပြုလုပ်ကြသဖြင့် သက်သာရာရသည်။ ၂၀-ရာစုနှစ်တွင် အာဖရိကတိုက်သို့ ပြန့်သွားသည်။ ထို့ပြင် ထိုရောဂါလက္ခဏာများရှိနေသည့် သက်တမ်း နှစ် ၄၀၀၀ ရှိ အရိုးစုတစ်စုကိုလည်း အိန္ဒိယတွင် ၂၀၀၉ခုနှစ်က တွေ့ရှိရသဖြင့် အနာကြီးရောဂါသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ပေါ်ပေါက်နေခဲ့ပြီဟု ဆိုနိုင်သည်။

အစဉ်အဆက် ထိုရောဂါကို ကပ်ရောဂါ ၊ ကျိန်စာတစ်ခုသဖွယ် ယုံကြည်ခဲ့ကြသည်။ ၁၈၇၃ ခုနှစ်တွင်မှ နော်ဝေးလူမျိုး သမားတော် G. H. Armauer Hansen က ထိုရောဂါသည် M. leprae(Mycobacterium leprae) ဟုခေါ်သည့် ရောဂါပိုးမှ သယ်ဆောင်လာခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့သည်။ Hansen က ရှာဖွေတွေ့ရှိခဲ့သည့်အတွက် ထိုရောဂါကို Leprosy အပြင် Hansen’s disease (HD) ဟုလည်းခေါ်ကြသည်။ အစဉ်အဆက်ဆေးပညာရှင်များ ကြိုးပမ်းခဲ့ကြသော်လည်း ၁၉၄၀ ခုနှစ်တိုင် အောင် ထိုရောဂါကို ထိရောက်စွာဟန့်တားနိုင်သည့် ဆေးကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ခြေ။

အမျိုးအစား

အနာကြီးရောဂါ နှစ်မျိုးနှစ်စား ကွဲပြားသည်။

အဖုအကျိတ်သဏ္ဌာန် အနာကြီးရောဂါ
ချောမွတ်သောသဏ္ဌာန် အနာကြီးရောဂါ တို့ဖြစ်သည်။

အဖုအကျိတ်သဏ္ဌာန် အနာကြီးရောဂါ

အဖုအကျိတ်သဏ္ဌာန် အနာကြီးရောဂါသည် အရေပြား ထူအမ်းလာပြီး နေရာအနှံ့အပြားတွင် အကျိတ်များထွက်ကာ အနာကြီးများ ပေါက်လာတတ်သည်။ အနံ့အသက်မကောင်း ဖြစ်တတ်သည်။ ခွန်အားဆုတ်ယုတ်ခြင်း၊ အဆုတ်နာ၊ ကျောက်ကပ်ရောဂါများ ထပ်ဆင့် ဖြစ်ပွားခြင်း အကျိုးဆက်များ ဖြစ်တတ်သည်။

ချောမွတ်သောသဏ္ဌာန် အနာကြီးရောဂါ

ချောမွတ်သောသဏ္ဌာန် အနာကြီးရောဂါသည် အရေပြားအောက်ရှိ အာရုံကြောများ အဓိကထား၍ တိုက်ဖျက်သည်။ အရေပြား အသွေးအရောင်ပျက်စီးပြီး အကွက်များ ပေါ်ပေါက်လာတတ်သည်။ အနူဆယ်ပါးတွင် အပါအဝင်ဖြစ်သော ပွေး၊ ဝဲ၊ ညှင်း၊ တင်းတိတ်များ ကဲ့သို့သော အကွက်များပင် ဖြစ်သည်။ အာရုံခံစားမှုကင်းမဲ့၍ ထုံလာတတ်သည်။ ကိုယ်တစ်ခြမ်းသေတတ်သည်။ ခြေချောင်း၊ လက်ချောင်းများ လှုပ်ရှားမရဖြစ်ကာ ငုံးတိတိဖြစ်သည်အထိ ပဲ့ကြွေတတ်သည်။

ရောဂါလက္ခဏာ

အသားအရေ စူကြွစုန့်တက်ကာ အဖုအပိန့်များ ထွက်လာလေ့ရှိသည်။ နူနာအစိုအခြောက်နှင့် အခြေအနေ ကွဲပြားသည်။ ရောဂါပြင်းထန်၍ လာပါက နှာသီးဖျား၊ နားရွက်ဖျား၊ လက်ဖျားတို့ ပဲ့ကြွေကျခြင်း၊ ကွေးကောက်ခြင်း၊ ကိုယ်လက်အင်္ဂါ ချို့တဲ့ခြင်းများ ဖြစ်တတ်သည်။ အလွယ်တကူ ကူးစက်မှု လျင်မြန်ခြင်း မရှိပေ။ ရောဂါကူးစက် ဖြစ်ပွားစတွင် အလွယ်တကူ မသိရှိရတတ်ပေ။ ထိုရောဂါကို ကုသနိုင်ပြီဖြစ်သော်လည်း ချို့တဲ့သော ကိုယ်အင်္ဂါများ ပြန်၍ကောင်းမလာနိုင်ပေ။ ကုရာတွင် အချိန်ကြာရှည်စွာ ကုသရသည်။  နူနာကု ကိုယ်ရေပြားရောဂါ ဆေးရုံများနှင့် ရောဂါသည် ရပ်ကွက်များ သီးခြားထားလေ့ရှိသည်။

ဆေးပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် အနာကြီးရောဂါကာကွယ်ဆေး၊ ကုသဆေး (ဆာလဖုံး)ကို ၁၉၄၀-ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ထိုဆေးကို ငါးနှစ်မှ တစ်သက်လုံးတိုက်ကျွေးရသော ဆေးဖြစ်သည်။ ၁၉၈၂-ခုနှစ်တွင် MDT(Mulit Drug Therapy)ဆေးပေါင်းဆေး ကုထုံးကို အသုံးပြုခဲ့သည်။ ဤကုထုံးမှာ ခြောက်လမှ တစ်နှစ်အတွင်း ရောဂါများပျောက်ကင်းနိုင်သည်။

ဖြစ်ပွားသည့် ဒေသများ

အနာကြီးရောဂါသည် လက်ပရာဘက်ဆီးလပ်စ် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်ပွားသည်။ ပူအိုက်စွတ်စိုသော အပူပိုင်းဒေသများတွင် ဖြစ်ပွားသည်။ အထူးသဖြင့် အာဖရိကတိုက်တွင် အဖြစ်များသော်လည်း ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် အနာကြီးရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၁၂၂-နိုင်ငံရှိပြီး ၁၁၇-နိုင်ငံသည် အနာကြီးရောဂါ ကင်းဝေးခဲ့ပြီ ဖြစ်သည်။ အနာကြီးရောဂါ မပပျောက်သေးသောနိုင်ငံများမှာ ဘရာဇီး၊ ကွန်ဂို၊ မိုဇမ်ဘစ်၊ နီပေါနှင့် တန်ဇန်းနီးယားနိုင်ငံများဖြစ်သည်။

အနာကြီးရောဂါနှင့် မြန်မာနိုင်ငံ

မြန်မာပြည်တွင် အနာကြီးရောဂါနှင့်ပတ်သက်၍ အယူအဆများ လွဲမှားခဲ့ကြသည်။ အချို့က လိင်အပျော်ဖက်ရာမှ ကုဋ္ဌနူနာစွဲရသည်ဟု မှတ်ထင်ကြသည်။ အချို့က အဆီများသော၊ ဆူသော မြေအောင်းသားများကို စား၍ ဖြစ်သည်ဟု ခံယူထားကြသည်။ ဤအယူအဆများ၏ အကျိုးဆက်များက ရောဂါဖြစ်လျှင် လူသိမခံဝံ့၊ ရှက်ရွံ့လာကြသည်။ အိမ်တွင်းပုန်းလုပ်ကာ ဖုံးကွယ်ထားကြသည်။ ဆေးမြီးတိုနှင့် ကျိတ်၍ ကုသတတ်ကြသည်။ ဤသည်မှာ လွဲမှားသော အယူအဆများပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၅၂-ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျေးရွာများအရောက် ကွင်းဆင်း၍ လူနာများရှာဖွေကာ Dapsone (ဒက်ပဆုံး)ဆေးများ တိုက်ကျွေးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက် MDT ကုထုံးကို ၁၉၈၆-ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ ၁၉၈၈-ခုနှစ်တွင် အနာကြီးရောဂါ အဖြစ်များသည့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများတွင် တစ်ပြည်လုံး၏ ၈၅%သော လူနာများကို MDT ဆေးတိုက်ကျွေးနိုင်ခဲ့သည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ မြန်မာနိုင်ငံတွင် MDT ဆေးကျွေးကုသမှုဖြင့် ပျောက်ကင်းသူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော်အထိ ရှိခဲ့သည်။ ၂၀၀၃-ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် အနာကြီးရောဂါ ကင်းဝေးသော အခြေအနေသို့ ရောက်ရှိခဲ့သည်။

၂၀၀၃-ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော တတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ အနာကြီးရောဂါ ကင်းဝေးရေး ညီလာခံ၌ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများနှင့် စေတနာရှင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံသည် အနာကြီးရောဂါကင်းဝေးကြောင်း ကြေငြာနိုင်ခဲ့ပေသည်။ ထို့ကြောင့် နှစ်စဉ် ဖေဖော်ဝါရီလ (၆)ရက်နေ့ကို မြန်မာနိုင်ငံ၏ အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့ ဟု သတ်မှတ်ခဲ့သည်။

Good Health ဂျာနယ်တွင်ဖော်ပြခဲ့သည့် အနာကြီးရောဂါအကြောင်းသိကောင်းစရာ

အနာကြီးရောဂါဖြစ်တိုင်း ကိုယ်လက်အင်္ဂါ ချို့တဲ့နိုင်ပါသလား ဆရာ။

တထစ်ချ စွဲနေကြတာက အနာကြီးရောဂါဖြစ်ရင် ခြေလက်မျက်စိ စတဲ့ ကိုယ်လက်အင်္ဂါတွေ မုချပျက်စီးတော့မှာပဲ ဆိုတဲ့ မှားယွင်းတဲ့ အယူအဆပါပဲ။ တကယ်တော့ အနာကြီးရောဂါ ဖြစ်တဲ့သူတိုင်း ကိုယ်လက်အင်္ဂါ မပျက်စီးကြပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ စာရင်းဇယားတွေအရ အနာကြီးလူနာ အသစ်တစ်ရာမှာ ၁၅ ဦးလောက်သာ ကိုယ်လက်အင်္ဂါ ပျက်စီးနေတာ တွေ့ရပါတယ်။ ကျန်တဲ့ သူတွေကတော့ ခြေတို့၊ လက်တို့၊ မျက်နှာတို့မှာ ရောဂါအကွက်တွေသာ အနည်းနဲ့အများ ရှိနေတာပါ။ မြင်သာ ထင်သာတဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးနေတာမျိုး မရှိပါဘူး။ တကယ်တော့ အနာကြီး ရောဂါသည်တွေမှာ ကြုံတွေ့ရတတ်တဲ့ ကိုယ်အင်္ဂါ ချို့ယွင်းမှု ပြဿနာရဲ့ တရားခံ ဇာစ်မြစ်ကတော့ ဆေးကုသမှု နောက်ကျတာပါ။

အနာကြီးရောဂါ ဖြစ်တဲ့အခါ ကိုယ်လက်အင်္ဂါတွေ ဘာကြောင့် ပျက်စီးရတာပါလဲ ဆရာ။

အနာကြီးရောဂါဆိုတာ အရေပြားရောဂါ တစ်ခုဆိုလည်း ဟုတ်တယ်။ အာရုံကြောရောဂါ တစ်ခုဆိုလည်း ဟုတ်ပါတယ်။ များသောအားဖြင့်တော့ အရေပြားရော၊ အာရုံကြောရော နှစ်ခုစလုံးကို ထိတာပါ။ ဒါပေမဲ့ ရှားရှားပါးပါး အာရုံကြောတစ်မျိုးကိုပဲ ထိတဲ့ အမျိုးအစားလည်း ရှိသေးတယ်။ Pure Neural Leprosy လို့ ခေါ်တယ်။ ကျွန်တော်ရဲ့ လေ့လာမှု တစ်ခုအရ လူနာအသစ် တစ်ရာမှာ ခြောက်ယောက်လောက်အထိ ဒီအမျိုးအစားကို တွေ့ရတယ်။ အနာကြီးရောဂါကို ဖြစ်စေတဲ့ ပိုး (Mycobacterium Leprae) ဟာ တကယ်တော့ အာရုံကြောတွေကို အလွန် ကြိုက်နှစ်သက်ပါတယ်။ အာရုံကြောတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ဖျက်ဆီးပစ်လိုက်တာပါ။ ဒီတော့ အာရုံကြောတွေ ထိခိုက်ပျက်စီးပြီး ကိုယ်အင်္ဂါချို့ယွင်းမှု အမျိုးမျိုး ကြုံကြရတာပါ။ ရောဂါပိုးက အာရုံကြောတွေကို ဖျက်စီးပစ်လိုက်သလို အရိုးတို့၊ အရိုးနုတို့ကိုလည်း ဖျက်စီးပစ်တတ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင် အရိုးတွေကို စားပစ်တာပေါ့။ နှာနုရိုးတွေ ပျက်စီးပြီး နှာခေါင်း ပြားသွားတာမျိုး ရှားရှားပါးပါး ကြုံရတတ်ပါတယ်။ စကားပြောရင်တောင် မပီသတော့ဘဲ နှာသံလေး ပါနေတတ်ပါတယ်။ ပိုးတွေ အလွန်အမင်း များပြားတဲ့ အနာကြီးရောဂါ အစိုမျိုး လူနာတွေမှာ ရောဂါရင့်သွားရင် တွေ့ရတတ်တဲ့ ပြဿနာပါ။

အနာကြီးရောဂါရဲ့ အာရုံကြော ပျက်စီးမှု အဆင့်ဆင့်ကိုလည်း ရှင်းပြပေးပါဆရာ။

အာရုံကြောပျက်စီးမှု အတိမ်အနက်က ရောဂါအနုအရင့်ပေါ်မှာ မူတည်ပါတယ်။ အနာကြီးရောဂါ ဖြစ်ခါစမှာတော့ များသောအားဖြင့် ရောဂါအကွက်တွေဟာ ခံစားမှုနည်းမယ်၊ ထုံမယ်။ အဲဒီနေရာမှာ ချွေးထွက်နည်းမယ်။ နောက်ပြီး မွှေးညင်းနုလေးတွေ ပါးသွားမယ်။ သက်ဆိုင်ရာ အာရုံကြောကို စမ်းကြည့်ရင် ကြီးနေမယ်။ ဒါပေမဲ့ မနာဘူး။ ဒါကို ဆေးပညာမှာ ဒီကနဦးအဆင့်က အချိန်မီကုရင် စင်းလုံးချော ပျောက်တယ်။ Nerve Involvment လို့ ခေါ်တယ်။ အာရုံကြောတော့ ပါဝင်ပတ်သက်နေပြီပေါ့။ နောက်တစ်ဆင့်က ခံစားမှု အာရုံထက် လှုပ်ရှားမှု ကြွက်သားတွေပါ ထိခိုက်သွားတဲ့ ကိစ္စပါ။ ဥပမာ- ခြေသိုင်းကျသွားမယ်။ ခြေထောက်ကော့လို့ မရတော့ဘူး။ လက်ချောင်းလေးတွေ ကွေးသွားမယ်။ ဆန့်ထုတ်လို့ မရတော့ဘူး။ မျက်စိပိတ်ကြည့်ပေမယ့် မျက်လုံးက ပွင့်နေမယ်။ ကြိုးစားပိတ်သော်လည်း မရတော့ဘူး။ သို့သော် ဒီလိုဖြစ်တဲ့ ပြဿနာတွေဟာ ဘာမှ မကြာသေးဘူး။ တိတိကျကျ ပြောရရင် ခြောက်လအတွင်းပဲ ရှိသေးတယ်ဆိုရင် ကုသမှု ခံယူလိုက်တာနဲ့ ပကတိ ပြန်ကောင်းနိုင်တယ်။ ပျက်တာကို ပြင်လို့ရသေးတဲ့ သဘော။ အာရုံကြော ထိခိုက်တာ (Nerve Damage) လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်ကနေ ကျော်သွားရင် ဆေးကုသမှု မရခဲ့ဘူးဆိုရင် အာရုံကြောတွေ တော်တော် ပျက်စီးသွားပါပြီ။ ဆေးကုသပေမယ့် ကွေးသောလက်တွေ ပြန်ဆန့်ဖို့ မလွယ်တော့ပါ။ ခြေသိုင်းကျနေတာကို ပြန်ကော့နိုင်အောင် မလွယ်တော့ပါ။ ပိတ်မရတဲ့ မျက်စိကို ပိတ်ရအောင် မလွယ်တော့ပါ။ ပြန်ပြင်လို့ မရနိုင်တဲ့ အဆင့်မို့ အာရုံကြော ပျက်စီးတာ (Nerve Degeneration) လို့ ခေါ်ပါတယ်။ ဆေးနဲ့ကုလို့ ပြန်မကောင်းနိုင်တဲ့ အဆင့်မို့ ဆေးအပြင် ခွဲစိတ်ကုသမှုတွေပါ လုပ်ပေးရပါတယ်။ အပ်နဲ့ထွင်းလို့ မရတော့တဲ့ အတွက် ပုဆိန်နဲ့ပေါက်ရမယ့် ကိန်းပါ။

ဘယ်အာရုံကြောတွေကို အများဆုံး ပျက်စီးစေပါသလဲ ဆရာ။

အနာကြီး ပိုးဟာ အအေးကြိုက်တယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ပြင်ပအပေါ်ယံ အာရုံကြော (Peripheral Nerves) တွေကိုပဲ နှိပ်စက်ပါတယ်။ ဦးနှောက်နဲ့ ကျောရိုးမကြီးထဲက အာရုံကြောကြီးကို သူမကြိုက်ပါဘူး။ အာရုံကြောတွေထဲမှာ တံတောင်ဆစ်က ကျဉ်ကြော (Ulnar Nerve) ကို အထိခိုက်ဆုံးပါ။ ဒီအကြော ပျက်စီးရင် လက်သန်းနဲ့ လက်သူကြွယ် ကွေးပါတယ်။ ထုံပါတယ်။ ဒုတိယ အထိခိုက်ဆုံး အာရုံကြောက ခြေချင်းဝတ်နားအကြော (PosteriorTibial) ပါ။ ဒီအကြောပျက်စီး ထိခိုက်ရင် ခြေချောင်းလေးတွေ ကွေးပြီး ခြေဖဝါး ထုံပါလေရော။ လက်ကောက်ဝတ်မှာလည်း Median Nerve ဆိုတဲ့ အကြောရှိတယ်။ သူလည်း ထိတာပါပဲ။ ဒီတော့ လက်မ ကွေးသွားမယ်။ လက်ဖဝါး ထုံမယ်။ ဒူးမှာလည်း Common Peroneal ဆိုတဲ့ အာရုံကြော ရှိတယ်။ သူထိရင် ခြေသိုင်းကျသွားတယ်။ ခြေဖမိုးနဲ့ ခြေသလုံး ထုံတယ်။ မျက်နှာမှာတော့ မျက်စိအကြောဖြစ်တဲ့ (Facial Nerve) ထိရင် မျက်စိ ပိတ်မရတော့ဘူး။ (Trigeminal Nerve) ထိရင် မျက်ကြည်လွှာ ထုံပါလေရော။ ချွေးထွက်စေတဲ့ အကြော (Autonomic Nerves) တွေလည်း ထိခိုက်ပြီး ချွေးမထွက်ဘဲ အသားခြောက်တဲ့ ကိစ္စကလည်း ရှိသေးတယ်။ စုံနေတာပါပဲ။ အခြားအာရုံကြောတွေလည်း အနည်းနဲ့အများ ထိခိုက်ပေမယ့် ရှုပ်ထွေး သွားနိုင်တာမို့ ဒီလောက်ပဲ ရှင်းပြပါရစေ။

အာရုံကြောတွေ ထိခိုက်တာကြောင့် ဖြစ်လာမယ့် အကျိုးဆက် ဆိုးကျိုးတွေကိုလည်း ရှင်းပြပေးပါ ဆရာ။

ထုံတာကို ဂရုမစိုက်ရင် အတောမသတ်နိုင်တဲ့ ပြဿနာတွေ ကြုံရမယ်။ အနာဖြစ်မယ်၊ မီးပူလောင်မယ်၊ မျက်စိမှာဆိုလည်း မျက်ကြည်လွှာ အနာဖြစ်မယ်၊ တိမ်စွဲမယ်ပေါ့။ ကြွက်သား အားနည်းတာကို အလေးမထားရင် အဆစ်တွေ၊ အရွတ်တွေ ခိုင်သွားပြီး ကွေးကောက် လက်တို့၊ ခြေတို့ ပြန်ပြီး ပျော့ပျောင်းအောင် လုပ်ဖို့ ခက်ပါတယ်။ အသားခြောက်တာလည်း ဂရုမစိုက်ရင် အသားမာတက်၊ ပပ်ကြားအက်ပြီး အနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်အင်္ဂါ ဆိုးကျိုးတွေ ဆင့်ကဲဆင့်ကဲ မဖြစ်ရလေအောင် လူနာတွေကို မိမိကိုယ်မိမိ စောင့်ရှောက်နည်းတွေ၊ လေ့ကျင့်ခန်းတွေကို တစိုက်မတ်မတ်ကို သင်ပေးနေရတာပါ။

အနာကြီးရောဂါနဲ့ ပတ်သက်ပြီး ဖြည့်စွက် ပြောလိုတာများရှိရင် သိချင်ပါတယ် ဆရာ။

လွန်ခဲ့တဲ့ နှစ်လလောက်က ရုပ်သံမှာ နာမည်ကြီး ဟာသပညာရှင် လူရွှင်တော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု တစ်ခုမှာ အနာကြီးရောဂါသည် အသွင်သရုပ်ဆောင်ပြပြီး ဟာသလုပ်နေတာ တွေ့မိပါတယ်။ နှာသံလေးပေးပြီး လက်တွေကွေးပြ၊ တောင်းစားတဲ့ သရုပ်ကို လုပ်ပြကြတာပါ။ ရယ်စရာ၊ နောက်စရာ သဘောထားပြီး ဟာသနှောနေကြတဲ့ အခန်းပါ။ တကယ်တော့ ဒီလို အမှုမဲ့ အမှတ်မဲ့ သရုပ်ဆောင်ပြတာဟာ တကယ့်အနာကြီး ဝေဒနာရှင်တွေရဲ့ နှလုံသားကို အင်မတန်မှ နာကျင်စေပါတယ်။ အရှက်ရစေပါတယ်။ အနာကြီးရောဂါ ဖြစ်ရင် ဒီလို ကိုယ်လက်အင်္ဂါ ပျက်စီးမယ်။ ဘဝပျက်ပြီး တောင်းရမ်း စားသောက်ရမယ်ဆိုတဲ့ အမြင်မှားကို မြင်စေပါတယ်။ ရုပ်ရှင်မှာရော၊ ရုပ်သံမှာရော ဒီလိုပြကွက်တွေကို လုံးဝဖယ်ရှားသင့်ပြီလို့ ထင်ပါတယ်။

အနာကြီးရောဂါနဲ့ ပတ်သက်တဲ့ ဆရာရဲ့အကြံပြုချက်ကို သိချင်ပါတယ်။

အနာကြီးရောဂါရဲ့ ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းမှုတွေနဲ့ တစ်ဆက်တည်း ပါလာတဲ့ လူမှုရေး ပြဿနာတွေဟာ တကယ်တော့ ဆေးကု နောက်ကျတာကို လက်ညှိုးထိုးရမှာပါ။ ရောဂါကို သိပေမယ့် ရှက်လို့ နောက်ကျတာလည်း ပါတယ်။ ရှက်အောင် လုပ်ကြတဲ့သူတွေလည်း ပါတယ်။ တခြားအကြောင်းတွေလည်း အများကြီးပါပဲ။ အနာကြီးရောဂါ ရှိသူတွေကို ခွဲခြားဆက်ဆံတာ (Discrimination) ဟာလည်း ကာယကံရှင်တွေကို အချိန်မီ ဆေးကုသဖို့ နှောင့်နှေး သွားစေပါတယ်။ ရောဂါရှိသူတွေရော၊ မသက်သူတွေရော စောစောစီးစီး ပြသဖို့၊ ဆေးကုသဖို့ ဝိုင်းဝန်းကူညီ တိုက်တွန်း ပေးကြရမှာပါ။

ကိုးကား
လှသမိန် ၏ ဗဟုသုတစွယ်စုံ
ဦးရဲဝေ(မြန်မာစာ)၏ အောင်ပွဲဝင် စာစီစာကုံးများ
Good Health Journal

Myanmar Wikipedia

Leave a Reply