အခက်အခဲပေါင်းများစွာနဲ့ နာမည်ကျော် ခေါရင်းသ်တူးမြောင်း

Posted on

Corinth တူးမြောင်းဟာ ဂရိနိုင်ငံမှာတည်ရှိပြီး  အေဂျင်ပင်လယ်ထဲက Corinth နဲ့ Saronic ပင်လယ်ကွေ့ နှစ်ခုကို ဆက်ပေးထားတဲ့ တူးမြောင်းဖြစ်ပါတယ်။ အလွန်ကျဉ်းမြောင်းတဲ့ တူးမြောင်းဖြစ်ပြီး ကမ္ဘာ့အကျဉ်းဆုံးတူးမြောင်းတွေထဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် အရင် မိုင် ၄၀၀ကျော် သွားခဲ့ရတဲ့ရေလမ်းခရီးကို အဆ ၁၀၀ ကျော်သက်သာစေခဲ့ပါတယ်။ ဂရိရှေးဟောင်းမြို့ Corinth နားမှာတည်ရှိလို့ ဒီနာမည်ကိုပေးထားတာပါ။

အရှည် ၄မိုင်ရှိပြီး အကျယ်ကတော့ ၇၀ပေ ကနေ ၈၁ပေ အထိသာ ရှိပါတယ်။ တူးမြောင်းဘေးနံရံတွေတော့ ပေ ၃၀၀ ခန့်မြင့်ပါတယ်။ တူးမြောင်းကကျဉ်းတဲ့အတွက် အကျယ် ၅၈ပေသာ ရှိတဲ့သင်္ဘောများ နဲ့ အဲဒီထက်သေးငယ်တဲ့သင်္ဘောတွေကိုသာ ၀င်ခွင့်ပြုထားပါတယ်။ ဒီတူးမြောင်းကြောင့် Peloponnese ကျွန်းစွယ်ဟာ ဂရိကုန်းမြေနဲ့ ကွဲသွားကာ သီးသန့်ကျွန်းတစ်ကျွန်းသဖွယ် ဖြစ်သွားခဲ့ပါတယ်။

ဒီတူးမြေ င်းကို ၁၈၈၁ခုနှစ်မှ စတင်တည်ဆောက်ခဲ့တာဆိုပေမယ့် တည်ဆောက်ဖို့ အိုင်ဒီယာကိုတော့ ၁၈၃၀ ခုနှစ်လောက်ကတည်းက ရရှိခဲ့ပြီးဖြစ်ပါတယ်။ အော်တိုမန်အင်ပါယာလက်အောက်က လွတ်မြောက်ပြီးချိန်မှာ ဂရိနိုင်ငံ အကြံပေးပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Ioannis Kapodistrias က ပြင်သစ်အင်ဂျင်နီယာတစ်ယောက်ကို ဒီတူးမြောင်းပရောဂျက်ကို အပ်ခဲ့ပါတယ်။

ဒါပေမယ့် ကုန်ကျစရိတ်ကို တွက်ချက်ကြည့်တဲ့အခါ ပြင်သစ်ရွှေ(Gold franc) သန်း ၄၀ လောက်ကုန်ကျမယ်ဆိုတာကို သိရှိပြီးတဲ့နောက်မှာတော့ တူးမြောင်းအစီအစဉ်ကို ရပ်ဆိုင်းခဲ့ရပါတယ်။ လွတ်လပ်ခါစနိုင်ငံ တစ်နိုင်ငံအနေနဲ့ ဒီလောက်ကုန်ကျစရိတ်အများကြီးကို မတတ်နိုင်လို့ဖြစ်ပါတယ်။

စူးအက်တူးမြောင်းဖောက်လုပ်ပြီးချိန် ၁၈၆၉ခုနှစ်မှာ ဂရိအစိုးရဟာ ပြင်သစ်လုပ်ငန်းရှင်တွေအကူအညီနဲ့ Corinth တူးမြောင်းဖောက်လုပ်မယ့် အစီအစဉ်ကို ထပ်ကြိုးစားပြန်ပါတယ်။ ဒါပေမယ့် ပနားမားတူးမြောင်းဖောက်လုပ်တဲ့ ပြင်သစ်ဘဏ် ဒေ၀ါလီခံသွားရပြီးတဲ့နောက် ပြင်သစ်ဘဏ်တွေက ငွေမချေးကြတော့တဲ့အတွက် အစီအစဉ်ပျက်သွားရပြန်ပါတယ်။ ဒီကြားထဲ အကြောင်းအမျိုးမျိုးကြောင့် အချိန်ကြန့်ကြာသွားခဲ့ပြီး ၁၈၈၁ခုနှစ်မှ စတင်ဖောက်လုပ်နိုင်ခဲ့ပါတယ်။

စတင်တည်ဆောက်ပြီး ၁၂နှစ်အကြာ ၁၈၉၃ခုနှစ်မှ ပြီးစီးခဲ့ပြီး ဒီကြားထဲမှာ လျာထားငွေကုန်သွားတာတွေ ၊ တည်ဆောက်ရေးကုမ္ပဏီက ဒေ၀ါလီခံသွားတာကြောင့် လုပ်ငန်းခဏရပ်ထားရတာတွေ ဖြစ်ခဲ့ပါသေးတယ်။ တည်ဆောက်ပြီးခဲ့ချိန်မှာလည်း ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။ တူးမြောင်းက ကျဉ်းလွန်းခြင်း ၊ နံရံများကမြင့်မားပြီး တူးမြောင်းတလျှောက်တိုက်ခတ်တဲ့လေဟာ အလွန်ပြင်းထန်ခြင်း ၊ ပင်လယ်ကွေ့နှစ်ခု ဒီရေမညီမျှခြင်း စတဲ့အခက်အခဲအမျိုးမျိုးကြောင့် သင်္ဘောတွေဟာ ဒီတူးမြောင်းကနေ မဖြတ်ကြတဲ့အတွက် ၁၉၀၆ခုနှစ်တိုင်အောင် ဖြတ်သန်းခ ဟုတ်တိပတ်တိမရခဲ့ပါဘူး။

ဒါအပြင် နံရံမြေပြိုမှုတွေလည်းဖြစ်တတ်တဲ့အတွက် တူးမြောင်းအရှည်တစ်ဝက်လောက်မှာ အင်္ဂတေတုံးတွေနဲ့ ပြုပြင်ထိန်းသိမ်းခဲ့ရပါတယ်။ ၁၉၁၃မှာတော့ တူးမြောင်းဖြတ်သန်းမှုကုန်ချိန် တန်ပေါင်း ၁.၅သန်း အထိမြင့်တက်လာခဲ့ပေမယ့် ပထမကမ္ဘာစစ်ဖြစ်လာတဲ့အတွက် ဖြတ်သန်းမှုတွေပြတ်တောက်သွားခဲ့ရပြန်ပါတယ်။

၁၉၂၃ ခုနှစ်မှာတော့ ဘေးနံရံအထိန်းအင်္ဂတေကုဗတုံးစုစုပေါင်း ၄၁၀၀၀ ကုဗမီတာလောက်ဟာ တူးမြောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ ဒီလောက်များပြားတဲ့ အင်္ဂတေတုံးတွေကို ပြန်လည်ဆယ်ယူတာ အချိန် ၂နှစ်ကြာသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ခုနှစ် အင်္ဂလိပ်တပ်တွေနဲ့ နာဇီဂျာမဏီတပ်တွေ တိုက်ခိုက်ကြတဲ့  ဂရိတိုက်ပွဲတွေမှာတော့ တူးမြောင်းဟာ အဆိုးရွားဆုံး ပျက်စီးသွားခဲ့ပြန်ပါတယ်။

၁၉၄၇ခုနှစ်မှာတော့ အမေရိကန် အင်ဂျင်နီယာတပ်ရဲ့အကူအညီနဲ့ စစ်ပွဲအတွင်းက ပျက်စီးသွားခဲ့တဲ့ တူးမြောင်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၁၉၄၆ခုနှစ်မှာမှ နောက်တစ်ကြိမ်ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ခရီးသွားဇိမ်ခံသင်္ဘောပေါင်း ၁၁၀၀၀ ခန့်နှစ်စဉ်ဖြတ်သန်းနေတဲ့ နာမည်ကျော် တူးမြောင်းဖြစ်လာခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသွားအတော်များများ ဂရိကိုလာကြတဲ့အချက်တွေထဲမှာ ဒီတူးမြောင်းကို ဖြတ်သန်းပြီး သင်္ဘောစီးတဲ့အတွေ့အကြုံကို ခံစားချင်တဲ့ အချက်လည်းတစ်ချက်အပါအ၀င်ပါ။ ဒီတူးမြောင်းပေါ်မှာ ရထားလမ်းတစ်ခု ၊ မော်တော်ကားလမ်းတစ်ခု ၊ လူသွားလမ်းတစ်ခုကို ဖြတ်သန်းတည်ဆောက်ထားပါတယ်။ တူးမြောင်းကို ဖြတ်သန်းချိန်ကတော့ ၁နာရီဝန်းကျင် ဖြစ်ပါတယ်။

ဒီတူးမြောင်းကို အောက်က ဗီဒီယိုကိုကြည့်ရင်း ဖြတ်သန်းနိုင်ပါတယ်။

Leave a Reply