မော်တော်ကားတွေရဲ့ အရေးကြီးအစိတ်အပိုင်း ၀ိုက်ပါ ရဲ့ သမိုင်းကြောင်း

Posted on

ရေးသားသူ – Htin Aung

မော်တော်ကားတွေမှာတပ်ဆင်ထားတဲ့ ဝိုက်ပါကို ပထမဆုံးအနေနဲ့ ၁၉၀၃ ခုနှစ်ထဲမှာ Mary Anderson ဆိုတဲ့ အမေရိကန်အမျိုးသမီးက စတင်တီထွင်ခဲ့ပါတယ်။ သူမဟာ အိမ်ခြံမြေ နဲ့ မွေးမြူရေးလုပ်ငန်းရှင် ၊ စပျစ်ခြံစိုက်ပျိုးသူ တစ်ယောက်ဖြစ်ပါတယ်။

မိုးသည်းထန်စွာရွာတဲ့ရက်တစ်ရက်မှာ မော်တော်ကားမောင်းသူတစ်ဦးဟာ မြင်ကွင်းဝေဝါးနေခြင်းကြောင့် ဦးခေါင်းကိုပြူတင်းမှထုတ်ကြည့်ကာ မောင်းနှင်နေရတာတွေ့လို့ Anderson က ဝိုက်ပါကိုတီထွင်ဖို့စိတ်ကူးရှိလာတယ်။ ပထမဆုံးတီထွင်လိုက်တဲ့ လက်လှည့်ဝိုက်ပါဟာ သစ်သားယန္တရားများနဲ့ပြုလုပ်ထားပြီး မှန်သုတ်ကိုတော့ ရာဘာကို အသုံးပြုခဲ့တယ်။

ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုခဲ့ကြပဲ ၁၉၁၆ ကျမှ မော်တော်ကားအတော်များများမှာ မရှိမဖြစ်ပစ္စည်းတစ်ခုအနေနဲ့ နည်းပညာဆန်းသစ်မှုတွေနဲ့အတူ တပ်ဆင်ခဲ့ကြတယ်။ လက်နဲ့မလှည့်ရတဲ့ ပထမမျိုးဆက်ဝိုက်ပါကိုတော့ ၁၉၁၉ ခုနှစ်မှာ William M. Folberth က တီထွင်ခဲ့တယ်။ ဒီ Automatic windshield wipers ဟာ စုတ်အားကိုအသုံးပြုတဲ့နည်းစနစ် Vacuum-powered system ဖြစ်ပြီး ၁၉၆၀ ခုနှစ်လွန်များအထိ မော်တော်ကားများမှာ မပါမဖြစ်ကိရိယာအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြူခဲ့ကြတယ်။

မျက်မှောက်ခေတ်မှာအသုံးပြုနေတဲ့ ခလုတ်ဖွင့်ရုံနဲ့ ရေယက်တံအဆက်မပြတ်လှုပ်ခတ်တဲ့ Intermittent windshield wiper ပထမဆုံးမျိုးဆက်ကိုတော့ Robert Kearns က တီထွင်ခဲ့ပါတယ်။ (နာမည်ပြည့်အစုံ Robert William Kearns PhD – March 10, 1927 – February 9, 2005) ၎င်းဟာ Detroit, Michigan ရှိ Wayne State University မှာ စာပြနေတဲ့ စက်မှုအင်ဂျင်နီယာပရော်ဖက်ဆာတစ်ဦးပါ။

ဒီတီထွင်မှုဟာ အမှန်တော့တိုက်ဆိုင်မှုတစ်ခုကြောင့် အကြံဥာဏ်ဆန်းဖြစ်ပေါ်လာတာပါ။ ၁၉၅၃ ခုနှစ် မင်္ဂလာနှစ်ပတ်လည်ည မိသားစုစားပွဲမှာ ရှန်ပိနးဗူးဆို့ကိုဖွင့်လိုက်ရာ မမျှော်လင့်ပဲဖေါ့ဗူးဆို့ဟာ Kearns ရဲ့ဘယ်ဖက်မျက်လုံးကို အရှိန်နဲ့လာထိလို့ မျက်ခွံဟာ မရပ်မနား ကြိမ်ဖန်များစွာ ပုတ်ခတ်နေမိတယ်။ နောင် ၁၀ နှစ်ခန့်အကြာ ၁၉၆၃ ခုနှစ်ရှိနေ့တစ်နေ့ မိုးဖွါးများကျနေချိန်ကားမောင်းရာ ဝိုက်ပါကိုအဆက်မပြတ်လှည့်နေရတယ်။

ဒီအခါ ရှန်ပိန်ဗူးဆို့ထိလို့ မျက်ခွံအဆက်မပြတ်ပုတ်ခတ်ခဲ့တာကိုအမှတ်ပြန်ရပြီး မရပ်မနား အလိုအလျောက်လှုပ်ခတ်နိုင်တဲ့ဝိုက်ပါကို တီထွင်ဖို့စတင်ခဲ့ပါတယ်။ ၎င်းတီထွင်စမ်းသပ်အောင်မြင်တဲ့ နားချိန်ထိန်းညှိနိုင်တဲ့ သုတ်တံလှုပ်ရှားမှုဒီဇိုင်းကို မူပိုင်မှတ်ပုံတင် Patent ပြုလုပ်ပြီး နာမည်ကြီးကားထုတ်လုပ်တဲ့ကုမ္မဏီများကိုပြသတယ်။ ကုမ္မဏီများက သူ့ဒီဇိုင်းကိုဝယ်ယူဖို့ငြင်းဆိုကြပြီး Ford Motor Company မှ ကုမ္မဏီတာဝန်ရှိသူက Kearns ရဲ့အိုင်ဒီယာကိုကြိုက်လို့ နောက်ထုတ်မယ့် မော်ဒယ်မှာတပ်ဆင်ဖို့ ပြင်ဆင်ကြတယ်။

ပြင်ဆင်ပြီးကာမှ မဝယ်ယူတော့ဘူးလို့ ငြင်းဆိုခဲ့ပြန်တယ်။ ဒါပေမဲ့ ၁၉၆၉ ခုနှစ်မှာထုတ်လုပ်တဲ့ Ford ကားမိုဒယ်အသစ်မှာတော့ သူရဲ့တီထွင်ကြံဆမှု ဒီဇိုင်းကိုအတုခိုးထားတဲ့ ဒီစနစ်ကိုပထမဆုံးတပ်ဆင်ရောင်းချခဲ့တယ်။ ဒါကြောင့် Kearns ဟာ Ford Motor Company ကို တရားစွဲလိုက်ပါတယ်။ ဘဏ္ဍာရေးတောင့်တင်းတဲ့ကုမ္ပဏီကို နှစ်တာရှည်စွာ (၁၉၇၈ မှ ၁၉၉၀ အထိ) တရားရင်ဆိုင်ရလို့ စီပွါးချွတ်ခြုံကျကာ ရှေ့နေပင်မငှါးနိုင်တော့ပဲ ဥပဒေကို ကိုယ်တိုင်လေ့လာကာ ကိုယ်တိုင်ရှေ့နေအဖြစ် တရားရင်ဆိုင်ခဲ့ရပါတယ်။

Ford Motor Company က အစပထမပိုင်းက ဒီတီထွင်မှုမှာ ဘာပစ္စည်းအသစ်အဆန်းမှမပါလို့ Kearns အနေနဲ့ မူပိုင်မှတ်ပုံတင်လုပ်လို့မရဘူး။ ဒီထဲပါတဲ့ လျှပ်စစ်ပစ္စည်းများဟာမူလကတည်းကရှိပြီးမို့ Kearns မူပိုင်မှတ်ပုံတင်တဲ့ပစ္စည်းမဟုတ် လို့ဆိုတယ်။ ဒါပေမဲ့ ဒီလျှပ်စစ်ပစ္စည်းများကို ဘယ်လိုပေါင်းစပ်မှ အခုလို ချိန်နိုင်ပြီး အဆက်မပြတ်လှုပ်ရှားနိုင်အောင် ဒီဇိုင်းဆွဲထားတာကို မူပိုင်မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း Kearns က ဂျူလီတရားသူကြီးများအဖွဲ့နားလည်အောင် ကိုယ်တိုင်ရှင်းလင်းလျှောက်လဲနိုင်ခဲ့တယ်။

Ford Motor Company အနေနဲ့ သူတို့လုပ်ရပ်ဟာ ဥပဒေဘောင်ကျော်နေမှန်းသိပြီးနောက် Kearns ကို လျော်ကြေးပေးအမှုရုပ်သိမ်းရန် အလွတ်သဘောအကြိမ်ကြိမ်လာရောက်ညှိနှိုင်းပေမဲ့ တရားဥပဒေဘောင်အတွင်းမှသာအနိုင်လိုချင်တာကြောင့် နှစ်တာရှည် ကြံ့ကြံ့ခံတရားရင်ဆိုင်ခဲ့ကာ နောက်ဆုံး ဒေါ်လာ ၁၀.၁ သန်းလျော်ကြေးငွေရရှိခဲ့တယ်။

ထို့အတူ နောက်ထပ်အမေရိကန်ကားကုမ္မဏီကြီးဖြစ်တဲ့ Chryster Coporation ကိုလည်း ၁၉၈၂ ခုမှ ၁၉၉၂ ခုအထိ နှစ်ရှည်တရားရင်ဆိုင်ခဲ့ပြီး တရားရုံးမှ ဒေါ်လာ၁၈.၇ သန်းပေးစေခဲ့တယ်။ ကုမ္ပဏီဘက်မှ တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ကာဆက်လက်တရားရင်ဆိုင်ခဲ့လို့ Kearns ဟာ နောက်ထပ်တရားစရိတ် ၁၀ သန်း ကုန်ကျခဲ့ပြန်တယ်။ နောက်ဆုံး ၁၉၉၅ ခုနှစ်မှာ တရားရုံးဆုံးဖြတ်ချက်အရ နစ်နာကြေးအပါအဝင် ဒေါ်လာ ၃၀ သန်းနီးပါး လျော်ကြေးပေးခဲ့ရပါတယ်။

Kearns တရားစွဲဆိုခဲ့တဲ့ကားထုတ်လုပ်ရေးကုမ္မဏီတွေက Porsche, Volkswagen, Farrari, Volvo, Alfa Romeo, Lotus, Isuzu, Mitsubishi, Nissan, Peugeot, Renault, Rolls Royce Motors, Saab, Toyota, General Motors, Mercedes-Benz တို့အပြင် ကားအစိတ်အပိုင်းထုတ်လုပ်တဲ့ Bosch နဲ့ United Technologies တို့လည်းပါဝင်တယ်။ Kearns ဟာ ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီ ၉ ရက်နေ့မှာ ကင်ဆာရောဂါကြောင့်သေဆုံးခဲ့ပါတယ်။ ဒီဇာတ်ကြောင်းကို Flash of Genius ဆိုတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားမှာ အကျယ်တဝင့်ကြည့်ရှုနိုင်ပါတယ်။

Htin Aung

Leave a Reply