မန္တလေး ရတနာပုံ မြို့တော်ရဲ့ ပြအိုးပြာသာဒ်တံခါး ၁၂ ရပ် အကြောင်း

Posted on

ရေးသားသူ – ကိုညီညီ

၁၂၂၁ခု၊ ကဆုန်လ္ဆန်း ၁၃ရက်နေ့ ၂ ချက်တီးကျော် ၁၄ရက်၊ တနင်္ဂနွေနေ့သို့အ၀င် ၂နာရီ၊ ၃ပါဒ်၊ ၅ဗီဇနာ၊ တစ်ပြန်ခရာပြည့်ချိန်တွင် ရတနာပုံမြို့တော်ကြီး၏မြို့ထောင့် ၄ ထောင့်တွင် အချိန် ၁၂၀ ၀င်အတွင်းအပြင် စဥ့်သုတ်ထားသော စဥ့်အိုး ၄ လုံးအတွင်နှမ်းကြီးဆီ အချိန်၄၀၊ နှမ်းလျှင်ဆီအချိန်၄၀၊ မုန်ညှင်းဆီ၄၀ထည့်၍ မြဲမြန်ခိုင်ခံစွာဖုံ၍မြှုပ်နှံသည်။

ကဆုန်လပြည့်ကျော် ၆ ရက်နေ့တွင် ရွှေမြို့တော်ကြီးအပါအ၀င် သတ္တဌာနများကိုအုတ်စီခင်းခြင်းနှင့် မြို့တံခါး ၁၂ ရပ်ယွန်းဆက်ပြေတန်ဆောင်း ပြသာဒ်တိုင်များစိုက်ထူခဲ့ပါသည်။ မြို့မျက်နှာ ၄ ဘက်၌ပြသာဒ်ဘုံ ၇ ဆင့်ပါသောဓာတ်တံခါး ၄ ရပ်၊ပြသာဒ်ဘုံ၅ ဆင့်ပါသောမိတ်တံခါ ၈ ရပ်ပေါင်း တံခါး ၁၂ ရပ်ရှိပေသည်။

မြို့ရိုးထောင့် ၄ ထောင့်တွင်ထောင့်ပြကြီး၎ခုနှင့်ပြငယ်ပေါင်း၃၂ခုရှိပေသည်။ ၎င်းပြအိုးများပြသာဒ်ဘုံ ၅ ဆင့်နှင့်တည်ဆောက်ထားပါသည်။ မြို့ရိုးတစ်မျက်နှာလျှင်တံခါး ၃ ရပ်ရှိ၍ အလယ်တံခါကိုဓာတ်တံခါး၊ ၀ဲဘက်နှင့် ယာဘက်ရှိတံခါးများကိုမိတ်တံခါးဟုခေါ်ဝေါ်သတ်မှတ်သည်။

၁။ လွန်ကဲတံခါး
မြို့တော်၏အရှေ့မျက်နှာမြောက်ဘက်တံခါးကို ၀န်ထောက်ပုပ္ပားမြို့စား မဟာမင်းလှမင်းထင်ကျော်ကြီးကြပ်၍ ဘုန်းတန်ခိုး လွန်လွန်ကဲကဲကြီးကျယ်မည်ဟူသော နိမိတ်နှင့် လွန်ကဲတံခါး ဟုအမည်ပေးခဲ့ပါသည်။

၂။ ဦးထိပ်တံခါး
မြို့တော်၏အရှေ့မျက်နှာအလယ်တံခါးကို မကွေးမြို့စားဝန်ကြီးသတိုးမင်းကြီး မဟာမင်းလှသီဟသူကြီးကြပ်၍ မြို့ဦးမြို့ထိပ်ဟူသောတည်နေရာကိုအစွဲပြု၍ ဦးထိပ်တံခါး ဟုအမည်ပေးခဲ့သည်။

၃။ သောင်းညွတ်တံခါး
မြို့တော်၏အရှေ့မျက်နှာတောင်ဘက် တံခါးကို ၀န်ထောက်ခန်းပတ်မြို့စားမဟာမင်းလှသီဟသူကြီးကြပ်၍ ဇမ္ဗူဒီပါယူဇနာတသောင်းလုံးညွှတ်ရုံး ဦးခိုက်ရမည့်နိမိတ်နှင့် သောင်းညွှတ်တံခါး ဟုအမည်ပေးလေသည်။

၎။ ကျွန်းလုံးယူတံခါး
မြို့တော်၏တောင်ဘက်မျက်နှာ အရှေ့ဘက်တံခါးကို ၀န်ထောက်ဖောင်ဝန်မြို့သစ်မြို့စား မဟာမင်းထင်သီဟသူကကြီးကြပ်၍ ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို သိမ်းယူမည့်နိမိတ်နှင့် ကျွန်းလုံးယူတံခါး ဟုအမည်ပေးလေသည်။ ယခုအရပ်ခေါ် မင်္ဂလာတံခါးဖြစ်သည်။

၅။ ကျော်မိုးတံခါး
မြို့တော်၏ တောင်မျက်နှာအလယ်တံခါးကို လောင်းရှည်မြို့စားအတွင်းဝန်မင်းကြီး မဟာစည်သူကြီးကြပ်၍ ဘုန်းတန်ခိုးလွှမ်းမိုးမည်ဟူသောနိမိတ်နှင့် ကျော်မိုးတံခါး ဟု အမည်ပေးလေသည်။

၆။ ရန်နှင်တံခါး
မြို့တော်၏တောင်ဘက်မျက်နှာအနောက်ဘက်တံခါးကို ဗန်မော်အတွင်းဝန်မင်းကြီးမဟာမင်းလှစည်သူကြီးကြပ်၍ ရန်အပေါင်းကိုနှိမ်နင်းမည်ဟူသောနိမိတ်နှင့် ရန်နှင်တံခါး ဟုအမည်ပေးသည်။

၇။ ကြေးမုံတံခါး
မြို့တော်၏အနောက်မျက်နှာ တောင်ဘက်တံခါးကို သစ်တောဝန် မင်းကျော်မင်းလှစည်သူကြီးကြပ်ခဲ့သည်။ ၎င်းတံခါးသည် သေသောသူကို ထုတ်ဆောင်ရာ အမင်္ဂလာတံခါးဖြစ်၍ မရဏဿတိကမ္မဌာန်းကို မှန်ကြေးမုံပြင်ကဲ့သို့အာရုံပြုနိုင်ရန် ကြေးမုံတံခါး ဟုအမည်ပေးလေသည်။ အရပ်ခေါ် အာဠ၀ီတံခါး ဖြစ်ပေသည်။

၈။ စည်ရှည်တံခါး
အမရပူရမြို့ရှိတံခါးကို အစွဲပြု၍ ရှေ့ကပင် မန္တလေးသူ မန္တလေးသားများခေါ်ဝေါ်ကြခြင်းဖြစ်ပေသည်။ မြို့တော်၏အနောက်မျက်နှာအလယ် တံခါးကိုမြတောင်မြို့စားသေနတ်ဝန်ကြ်ီး သတိုးမင်းကြီးမဟာမင်းလှကျော်သူ
ကြီးကြပ်၍ ရွှေမြို့ရွှေနန်းဥဒါန်းခေါ်တွင် အစဉ်အရှည်တည်တံ့အံ့သောနိမိတ်နှင့် စည်ရှည်တံခါး ဟုအမည်ပေးခဲ့သည်။ နောင်အခါ ၎င်းတံခါးထိပ်ကို ကစ်ချင် စားသောက်ဆိုင်တိုက်ကြီးတွင် ဖဆပလခေတ်ကမတ္တရာမြို့နယ်ပါလီ
မန်အမတ်စက်ရှင်တရားသူကြီးနေထိုင်သည်ကိုအစွဲပြု၍ စက်ရှင်တံခါး ဟုခေါ်ခဲ့ကြသည်။

၉။ ထင်ရှားတံခါး
မြို့တော်၏အနောက်မျက်နှာမြောက်ဘက်တံခါးကိုအတွင်းဝန်ရေနံချောင်း မြို့စားမင်းကြီးမဟာမင်းခေါင်ကျော်ကြီးကြပ်၍ ကျော်စော်ထင်ရှားမည်ဟူသော နိမိတ်နှင့် ထင်ရှားတံခါး ဟုအမည်ပေးခဲ့သည်။

၁၀။ စည်သာတံခါး
မြို့တော်၏ မြောက်ဘက်မျက်နှာအနောက်ဘက်တံခါးကို ပင်းတလဲမြို့၊ ပုဂံမြို့ဝန်မင်းကြီးမဟာမင်းခေါင်ကြီးကြပ်၍ စည်ပင်သာယာမည်ဟူသောနိမိတ်နှင့် စည်သာတံခါး ဟုအမည်ပေးခဲ့သည်။

၁၁။ လေးသိန်းတံခါး 
မြို့တော်၏မြောက်ဘက်မျက်နှာအလယ်တံခါးကို ပုခန်းကြီးမြို့စားဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှစည်သူကြီးကြပ်၍ အမြိတ္တဓာတ်တံခါးကို ၀ံသေဟူသောဓာတ်နန်းအရ လေးသိန်းတံခါး ဟုအမည်ပေးခဲ့သည်။

၁၂။ မန်းဦးတံခါး 
မြို့တော်၏မြောက်ဘက်မျက်နှာအရှေ့ဘက်တံခါးကို ကင်းဝန်မဟာမင်းလှဇေယျသူကြီးကြပ်၍ မန္တလေးတောင်ဦးတောင်ခြေကို အစွဲပြု၍ မန်းဦးတံခါး ဟု အမည်ပေးခဲ့လေသည်။

မြို့တော်၏အရှေ့မျက်နှာဦးထိပ်တံခါး (သူရဇ္ဇဓာတ်တံခါ)၏ အပြင်လက်ယာဘက်တွင် ငတောင်မြင့်နတ်ဘီလူး ရုပ်ထုကို၎င်း၊
မြို့တော်၏တောင်မျက်နှာ ကျော်မိုးတံခါး(ကောလီဓာတ်တံခါး)၏ အပြင်လက်ယာဘက်တွင် ကောလီနတ်ဘီလူး ရုပ်ထုကို၎င်း၊
မြို့တော်၏အနောက်မျက်နှာ စည်ရှည်တံခါး(ပါပဓာတ်တံခါး)အပြင်လက်ယာဘက်တွင် တောင်ကျဉ်နတ်ဘီလူး ရုပ်ထုကို၎င်း၊
မြို့တော်၏မြောက်မျက်နှာ လေးသိန်းတံခါး(အမြိတ္တတံခါး)အပြင်လက်ယာဘက်တွင် တောင်ပြုန်းနတ်ဘီလူး ရုပ်ထုတို့ကို အုတ်ဂူငယ်နှင့် သွင်း၍ထားခဲ့သည်။ ၎င်းဓာတ်တံခါးများတွင် ဓာတ်စည်းများလည်း ရှိခဲ့ပေသည်။

အရှေ့မျက်နှာဦးထိပ်တံခါးတွင် ကျွန်းသားစည်တော် ကို၎င်း၊ တောင်မျက်နှာကျော်မိုးတံခါးတွင် ပေါက်သားစည်တော် ကို၎င်း၊ အနောက်မျက်နှာစည်ရှည်တံခါးတွင် သစ်မဉ္စူသား စည်တော် ကို၎င်း၊ မြောက်မျက်နှာလေးသိန်းတံခါးတွင် သရက်သားစည်တော် ကို၎င်းယခင်ကချိတ်ဆွးထားလေသည်။

ကိုညီညီ

Leave a Reply