ဒီဇင်ဘာလ အကြောင်း သိကောင်းစရာ

Posted on

ရေးသားသူ – သန်းဝင်းလှိုင်

ဒီဇင်ဘာလသည် ကမ္ဘာ့ပြက္ခဒိန်တွင် (၁၂)ခုမြောက်နှင့် နောက်ဆုံးလဖြစ်သည်။ တချိန်က ရှေးရောမပြက္ခဒိန်တွင် (၁ဝ)ခုမြောက်လ ဖြစ်ခဲ့၏။ ဒီဇင် (Decem) ဟူသော စကားမှာ လက်တက်ဘာသာစကားဖြစ်၍ ‘တစ်ဆယ်’ ဟု အနက်ရလေသည်။ ယင်းမှတဆင့် ‘ဒီဇင်ဘာ’ (December) သို့ ရွေ့လျားလာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တချိန်က ဒီဇင်ဘာလသည် ၂၉ရက်သာ ရှိသည်။ သို့ရာတွင် ရောမစစ်ဘုရင် ဂျူလီယက်ဆီဇာ လက်ထက်၌ ပြက္ခဒိန် ပြန်လည်ရေးဆွဲသောအခါ ၂ရက် တိုးပေးလိုက်သောကြောင့် ၃၁ရက် ဖြစ်လာခဲ့လေသည်။

ဒီဇင်ဘာလသည် ခရစ်ယာန်ဘာသာဝင်များအဖို့ ဘာသာရေးဆိုင်ရာ လထူးလမြတ် ဖြစ်လေသည်။ ခရစ်ယာန် ဘာသာဝင်တို့၏ ဘုရားသားတော် ယေရှုခရစ်ကို ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ထို့ကြောင့် ထိုနေ့ကို ခရစ်စမတ်နေ့အဖြစ် သတ်မှတ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်သောနိုင်ငံများ၌ အထိမ်းအမှတ်ပွဲတော်များ ကျင်းပကြသည်။

ခရစ်ယာန်ဘာသာဝင်တို့သည် ခရစ်စမတ်နေ့တွင် ဆွေမျိုးမိတ်သင်္ဂဟများအား လက်ဆောင်ပေးကမ်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းနှင့် ခရစ်စမတ်သစ်ပင်ကို လှပစွာ ခြယ်လှယ်ပြင်ဆင်၍ မီးထွန်းခြင်းများ ပြုလုပ်လေ့ရှိကြ၏။

သမ္မာကျမ်းစာပါ အဖြစ်အပျက်တစ်ခုတွင် ခရစ်တော်ကို မွေးဖွားသော ညဥ့်၌ ထူးဆန်းသော ကြယ်တစ်လုံး ကောင်းကင်၌ ပေါ်ထွန်းသည်ဟု ဆိုသည်။ ခရစ်စမတ်သစ်ပင်ပေါ်က ကြယ်မှာ ထိုကြယ်ကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။

‘ဆန်တာကလော့’ ဟု ခေါ်တွင်သော ဘုန်းတော်ကြီး နီကိုလပ်သည် ခရစ်စမတ်ကာလတွင် ခရစ်ယာန်ဘာသာဝင်တို့၏ အိမ်များသို့ လာရောက်၍ ကလေးသူငယ်တို့အား လက်ဆောင်ပစ္စည်းများ ပေးလေ့ရှိသည်ဟု ရိုးရာအစဉ်အလာအရ ယုံကြည်ကြသည်။ ထို့ကြောင့် အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စု၌ ကလေးသူငယ်တို့သည် ပွဲတော်နေ့ မတိုင်မီ ညနေတွင် ဆန်တာကလော့ လာ၍ လက်ဆောင်ပစ္စည်းများ ထည့်နိုင်ရန် မိမိတို့၏ အိမ်များ၌ ခြေအိတ်ရှည်များကို ချိတ်ဆွဲထားလေ့ ရှိကြလေသည်။ ပြင်သစ်ကလေးတို့ကမူ သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိကြသည် ဟုဆိုသည်။

ဒီဇင်ဘာလ၏ ဝိသေသပန်းမှာ ဟော်လီပန်း ဖြစ်၍ မွေးနံကျောက်မျက်မှာ ကျောက်စိမ်းဖြစ်သည်။

မြန်မာ့သမိုင်း၌ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော အထင်ကရ သမိုင်းဝင် ဖြစ်ရပ်များမှာ –

၁၁၃၁၊ ဒီဇင်ဘာလ ၁၇ ။ ။ အလောင်းစည်သူမင်းသည် ရွှေဂူကြီးဘုရားကို တည်ဆောက်ပြီးစီးသည်။

၁၂၄၃၊ ဒီဇင်ဘာ ၁၇ ။ ။ စစ်သူကြီး သရေပစ္စပတေ့သည် တိုက်ဆင် ၂ဝဝဝ၊ မြင်း ၄ဝဝဝ၊ စစ်သူရဲကောင်း ရှစ်သိန်းနှင့် ပစ္ဆဂီရိသို့ စစ်ချီသည်။ ထိုနေ့မှာပင် အမတ်ရာဇသင်္ကြံသည် တိုက်ဆင် ၂၀၀၀၊ မြင်း ၄ဝဝဝ၊ စစ်သည်သူရဲကောင်း ရှစ်သိန်းနှင့် မုတ္တမသို့ စစ်ချီသည်။

၁၂၈၃၊ ဒီဇင်ဘာ ၃ ။ ။ တရုတ်တို့ တိုက်ခိုက်သဖြင့် ငဆောင်ချမ်း ကျသည်။

၁၂၈၃၊ ဒီဇင်ဘာ ၉ ။ ။ တရုတ်တို့ တိုက်ခိုက်သဖြင့် ကောင်းစင်ကျသည်။

၁၅၇၈၊ ဒီဇင်ဘာ ၂၀ ။ ။ ဘုရင့်နောင် တောင်ငူဆံတော်ရှင်စေတီတော်ကို ထီးတင်သည်။

၁၅၉၉၊ ဒီဇင်ဘာ ၉ ။ ။ ဟံသာဝတီ ပျက်သည်။

၁၆၀၀၊ ဒီဇင်ဘာ ၂၇ ။ ။ ညောင်ရမ်းမင်းသည် ပုန်ကန်ခြားနားသော ညောင်ရွှေစော်ဘွားကို နှိမ်နင်းရန် စစ်သည် ၃သောင်းနှင့် ညောင်ရွှေသို့ စစ်ချီသည်။

၁၆၁၀၊ ဒီဇင်ဘာ ၇ ။ ။ အနောက်ဘက်လွန်မင်း တောင်ငူမြို့ကို သိမ်းပိုက်ပြီး ဗညားပရဲကို တောင်ငူဘုရင်နှင့် မြို့စောင့်ထား၍ နေပြည်တော်သို့ ပြန်သည်။

၁၆၁၀၊ ဒီဇင်ဘာ ၂၅ ။ ။ အနောက်ဘက်လွန်မင်းက တောင်ငူဘုရင်၏ညီ မင်းရဲကျော်စွာကို ကျောက်မော်တွင် အခိုင်အမာ တပ်စွဲနေစေသည်။

၁၆၁၂၊ ဒီဇင်ဘာ ၁၅ ။ ။ အနောက်ဘက်လွန်မင်းသည် ငဇင်ကာ၏ အင်အားကို ဖြိုခွဲရန် ရေကြောင်း၊ ကြည်းကြောင်းဖြင့် သန်လျင်သို့ စစ်ချီသည်။

၁၆၃၃၊ ဒီဇင်ဘာ ၁၁ ။ ။ သာလွန်မင်းသည် ဟံသာဝတီမြို့၏ အနောက်မြောက်ဘက် အရပ်တွင် နန်းတော်ဆောက်၍ မြေနန်းတော်၌ ဘိသိက်ခံသည်။

၁၆၃၇၊ ဒီဇင်ဘာ ၉ ။ ။ သာလွန်မင်းသည် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် အမိန့်ထုတ်သည်။

၁၆၅၃၊ ဒီဇင်ဘာ ၂၁ ။ ။ အိမ်ရှေ့မင်း မင်းရဲသီဟသူ နတ်ရွာစံသည်။

၁၆၆၄၊ ဒီဇင်ဘာ ၃ ။ ။ သားတော် အိမ်ရှေ့မင်းသား နရာဝရသည် သျှောင်ထုံးအခမ်းအနား ကျင်းပသည်။

၁၆၆၄၊ ဒီဇင်ဘာ ၉ ။ ။ ပြည်မင်းသည် ယိုးဒယား၏ ရန်ကို ကာကွယ်ရန် မင်းရဲမင်းလှကျော်ထင်ကို စစ်သည်အင်အားများစွာ ပေးအပ်၍ ဇင်းမယ်ဝန်အဖြစ် ခန့်အပ်သည်။

၁၇၆၉၊ ဒီဇင်ဘာ ၁၃ ။ ။ ကောင်းတုံမြို့တွင် တရုတ်၊ မြန်မာ စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုသည်။

၁၇၆၉၊ ဒီဇင်ဘာ ၁၈ ။ ။ တရုတ်တပ်များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသည်။

၁၈၀၈၊ ဒီဇင်ဘာ ၂ ။ ။ အိမ်ရှေ့မင်း ဦးပေါ် (မဟာဥပရာဇာ)၏တပ် ဇင်းမယ်သို့ စစ်ချီရန် အမိန့်ထုတ်သည်။

၁၈၁၁၊ ဒီဇင်ဘာ ၂၁ ။ ။ ဓနုဖြူမြို့သည် ပုသိမ် (၃၂)မြို့တွင် သွတ်သွင်းခံရသည်။

၁၈၅၂၊ ဒီဇင်ဘာ ၁၇ ။ ။ ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ကြောင်း ကြေညာသည်။

၁၈၇၈၊ ဒီဇင်ဘာ ၁၉ ။ ။ သီပေါမင်း လက်ထက်တွင် ပိဋကတ်တော်များကို ရေးသားရာ၌ မြန်မာဝေါဟာရ မှန်ကန်စေရန် သတ်ပုံ၊ သတ်ညွှန်းတို့ကို ပြင်ဆင်တည်းဖြတ်သည်။

၁၈၈၅၊ ဒီဇင်ဘာ ၃ ။ ။ သူရိယသဘောင်္ ရန်ကုန်သို့ ဆိုက်ရောက်ပြီး သီပေါမင်းနှင့် မိဘုရား စုဘုရားလတ်တို့သည် ကလိုက် (Clive) ခေါ် အစိုးရသဘောင်္ပေါ်သို့ ပြောင်းရွှေ့ရသည်။

၁၈၈၅၊ ဒီဇင်ဘာ ၁၀ ။ ။ သီပေါမင်း၊ မိဘုရားနှင့် သမီးတော်၊ အထိန်းတော်တို့သည် ကလိုက် သဘောင်္ပေါ်မှ ကန်နင်း (Canning) ခေါ် ပင်လယ်ကူးသဘောင်္ပေါ်သို့ ရွှေ့ပြောင်းကာ ဆက်လက်ထွက်ခွာရသည်။

၁၈၈၅၊ ဒီဇင်ဘာ ၁၄ ။ ။ သီပေါမင်း၊ မိဘုရား၊ သမီးတော်၊ အထိန်းတော်တို့သည် အိန္ဒိယနိုင်ငံ မဒရပ်သို့ ရောက်ရှိသည်။

၁၈၈၉၊ ဒီဇင်ဘာ ၂၇ ။ ။ ဆာချားလ်ကရော့စ်ဝိတ် မဟာဝန်ရှင်တော်မင်းကြီး တာဝန် ပြန်လည် လွှဲပြောင်းယူသည်။

၁၈၈၉၊ ဒီဇင်ဘာ ။ ။ ဝေလမင်းသား မြန်မာနိုင်ငံ လာရောက် လည်ပတ်သည်။

၁၈၉ဝ၊ ဒီဇင်ဘာ ၁၀ ။ ။ အလက်ဇန္ဒားမက္ကင်ဇီသည် ဆာချားလ်ကရော့စ်ဝိတ်ထံမှ မဟာဝန်ရှင်တော်မင်းကြီး တာဝန် လွှဲပြောင်းယူသည်။

၁၉၁ဝ၊ ဒီဇင်ဘာ ၂၇ – ၂၉ ။ ။ မြန်မာနိုင်ငံ ဝိုင်အမ်ဘီအေအသင်းများနှင့် အလားတူ အသင်းများ၏ ပထမအကြိမ် မြောက်နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကြီးကို ရန်ကုန်မြို့တွင် ကျင်းပသည်။

၁၉၁၆၊ ဒီဇင်ဘာ ၁ ။ ။ အိန္ဒိယဘုရင်ခံချုပ် လော့ချမ်းစဖို့ ရန်ကုန်မြို့သို့ ရောက်ရှိသည်။

၁၉၁၈၊ ဒီဇင်ဘာ ၁၇ ။ ။ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် မြန်မာပြည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး စီမံကိန်း (Craddock Scheme) ကို ထုတ်ပြန်ကြေညာသည်။

၁၉၁၉၊ ဒီဇင်ဘာ ၂၃ ။ ။ ဒါနသုခအသင်း (၁၉၁၉) ကို တည်ထောင်သည်။ အမှုဆောင် အဖွဲ့ဝင်များမှာ ဥက္ကဋ္ဌ ဒေါ်ကြင်မှိန်၊ အကျိုးဆောင်မှာ ဒေါ်လှခင်တို့ ဖြစ်သည်။ ယင်းအသင်းသည် ဝိုင်အမ်ဘီအေ အသင်းကြီးနှင့် ဆက်သွယ်သောအခါ ‘ဝံသာနုကုမ္မာရီအသင်း’ (Young Women Buddhist Association – Y.W.B.A) ဟု ပြောင်းလဲခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၂၀၊ ဒီဇင်ဘာ ၁ ။ ။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ စတင်အာဏာတည်ခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ ပါဝင်ဖွဲ့စည်းသော ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာသည်။

၁၉၂ဝ၊ ဒီဇင်ဘာ ၃ ။ ။ ရန်ကုန်ကောလိပ်ကျောင်းသားများ ဖြစ်ကြသော ကိုဘခင်၊ ကိုဘိုးကွန်း၊ ကိုဘဦး၊ ကိုအောင်ဒင်၊ ကိုထွန်းဝင်း၊ ကိုဖေသိန်း၊ ကိုဘရှင် (သံတွဲ)၊ ကိုဘရှင် (ထားဝယ်)၊ ကေညီပိတ်၊ ကိုလှတင်နှင့် ကိုမောင်အေးတို့ (၁၁)ဦးသည် ရွှေတိဂုံစေတီတော် ရင်ပြင် အနောက်ထောင့် (ယခုဗောဓိညောင်ပင်ကြီးနေရာ)တွင် စုဝေးကာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဋ္ဌာန် ပြုခဲ့သည်။

၁၉၂၀၊ ဒီဇင်ဘာ ၄ ။ ။ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားများ ဗဟန်း၊ ရွှေကျင်ကျောင်းတိုက်၊ ဦးအရိယာကျောင်းတိုက်အတွင်း အစည်းအဝေးကျင်းပပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

၁၉၂၀၊ ဒီဇင်ဘာ ၅ ။ ။ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသားသပိတ် စတင်မှောက်သည်။

၁၉၂၀၊ ဒီဇင်ဘာ ၁၇ ။ ။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် သပိတ်မှောက်စခန်းတွင် ကောလိပ်ကျောင်းသားများကအထက်တန်းကျောင်းသားများကို စတင်ပညာ သင်ကြား ပေး သည်။

၁၉၂၀၊ ဒီဇင်ဘာ ၂၉ ။ ။ ဂျီစီဘီအေ အသင်းချုပ်ကြီး၏ ပြည်လုံးကျွတ် အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပ၍ နေရှင်နယ်ကျောင်းများ၊ ကောလိပ်ကျောင်းများနှင့် သိပ္ပံကျောင်းများကို မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ရန်နှင့် ဝိုင်အမ်ဘီအေနှင့် အလားတူအသင်းများ ကြီးကြပ်အုပ်ချုပ်သော ကျောင်းများကို နေရှင်နယ်ကျောင်းများ ပြုလုပ်ရန်နှင့် အထောက်အပံ့ခံကျောင်းကို ပြန်မတက်ရန် တိုက်တွန်းနှိုးဆော်ရန် ဆုံးဖြတ်သည်။

၁၉၂၂၊ ဒီဇင်ဘာ ၂ ။ ။ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံကို အုတ်မြစ်ချသည်။

၁၉၂၆၊ ဒီဇင်ဘာ ၃ ။ ။ စံဖဲအား ဖမ်းဆီးခေါ်ဆောင်လာစဉ် သာစည်မြို့နယ်၊ သာဂရရွာသူကြီး အိမ်တွင် ခေတ္တနားခိုက် ထွက်ပြေးလွတ်မြောက်သွားသည်။ ထို့အတွက် သာဂရရွာကို ဒဏ်ငွေ ၆၅၀ကျပ် ဒဏ်ရိုက်သည်။

၁၉၂၈၊ ဒီဇင်ဘာ ၁၁ ။ ။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အာဝင်က ဆာဟာကုတ်ဘတ္တလာ၏ ရုပ်ထုအား ယခုတက္ကသိုလ်စာတိုက်ရှေ့ရှိ မြေကွက်လပ်အလယ်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်သည်။

၁၉၃၀၊ ဒီဇင်ဘာ ၂၂ ။ ။ ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ သာယာဝတီခရိုင် ရေတိုက်ရွာမှ စတင်သည်။

၁၉၃၀၊ ဒီဇင်ဘာ ၂၃ ။ ။ ဖားရွှေကျော် ပထမတိုက်ပွဲတွင် ရာဇဝတ်ဝန်ကလေး ဦးမောင်ကလေး (ဂဠုန်ဦးစောဇနီး ဒေါ်သန်းခင်၏ ပထမအိမ်ထောင်) နှင့် ပုလိပ်အဖွဲ့ ဆုတ်ခွာရသည်။

၁၉၃၀၊ ဒီဇင်ဘာ ၂၄ ။ ။ ဝဲရွာဗိုလ်တဲရှိ သစ်တောအင်ဂျင်နီယာ မစ္စတာဖီးကလပ်အား တောင်သူလယ်သမား ဂဠုန်တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ရာ ဖီးကလပ်နှင့်တကွ တောအုပ်ဦးဘရင်၊ စာရေးဦးတင်အောင်တို့ သေဆုံးသည်။

၁၉၃၀၊ ဒီဇင်ဘာ ၂၅ ။ ။ ဖားရွှေကျော် ဒုတိယတိုက်ပွဲတွင် ရာဇဝတ်ဝန်လေး ဦးမောင်ကလေး ကျဆုံး၍ ပန်ချာပီတပ်များ ဆုတ်ခွာရသည်။

၁၉၃၀၊ ဒီဇင်ဘာ ၃၁ ။ ။ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံ၏ ဋ္ဌာနချုပ် အလံတောင်စခန်းကို ဘားမားရိုင်ဖယ် (Burma Rifle)က တက်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ ဆရာစံ အလံတောင်မှ ဆုတ်ခွာရသည်။

၁၉၃၀၊ ဒီဇင်ဘာ ၃၁ ။ ။ မြန်မာအမျိုးသမီး နေရှင်နယ်ကောင်စီ (National Council of Burmese Women)ကို အမှုဆောင် (၇)ဦးဖြင့် ဖွဲ့စည်းတည်ထောင်သည်။ မြန်မာ – ဂျပန် ယဉ်ကျေးမှုအသင်းကို စတင်တည်ထောင်သည်။

၁၉၃၂၊ ဒီဇင်ဘာ ၂၃ ။ ။ ဆာဟူးဂ်ျလင်းစဒေါင်းစတီဖင်ဆင်သည် မြန်မာနိုင်ငံဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။

၁၉၃၈၊ ဒီဇင်ဘာ ၅ ။ ။ ရေနံမြေသပိတ်တပ် မကွေးမြို့သို့ ရောက်ရှိသည်။

၁၉၃၈၊ ဒီဇင်ဘာ ၁၂ ။ ။ မကွေးမြို့ မဲထီးကျောင်းတိုက်အတွင်း ရေနံမြေသပိတ် တပ်သားများအား တရားဟောမှုဖြင့် ကိုဗဟိန်းနှင့် ကိုဗဆွေတို့ကို ဗြိတိသျှအစိုးရက ဖမ်းဆီးသည်။

၁၉၃၈၊ ဒီဇင်ဘာ ၁၃ ။ ။ ရေနံမြေသပိတ်တပ် မကွေးမြို့မှ ရန်ကုန်သို့ ဆက်လက်ချီတက်သည်။ ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအသင်းတိုက်၌ ကျောင်းသားထုအစည်းအဝေး ကျင်းပ၍ ကိုဗဟိန်း နှင့် ကိုဗဆွေတို့ကို လွှတ်ရန်၊ ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများ ရုပ်သိမ်းရန် အဆိုများ တင်သွင်းသည်။

၁၉၃၈၊ ဒီဇင်ဘာ ၂၀ ။ ။ ရန်ကုန်တက္ကသိုလ် အပါအဝင် ရန်ကုန်မြို့၌ ကျောင်းပေါင်းစုံ ကျောင်းသားထုက အတွင်းဝန်းရုံးကို ဝိုင်း၍ သပိတ်တား ဆန္ဒပြကြသည်။ မြင်းစီးပုလိပ်များက သပိတ်တား ကျောင်းသူကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲသည်။

၁၉၃၈၊ ဒီဇင်ဘာ ၂၁ ။ ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကိုလှရွှေက မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျောင်းသားများသပိတ်မှောက်ရန် နှိုးဆော်စာ ထုတ်ပြန်သည်။

၁၉၃၈၊ ဒီဇင်ဘာ ၂၂ ။ ။ ဂျပ်ဆင်ကောလိပ်ကျောင်းသား ကိုအောင်ကျော်သည် အတွင်းဝန်များရုံးကို ဝိုင်း၍ သပိတ်တား ဆန္ဒပြစဉ်က ပုလိပ်များ၏ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခံရသည့်ဒဏ်ရာများကြောင့် ၁၃း၂၅ နာရီတွင် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သည်။

၁၉၄၀၊ ဒီဇင်ဘာ ၂၇ ။ ။ ရန်ကုန်တက္ကသိုလ်နယ်မြေ တက္ကသိုလ်သမဂ္ဂအဆောက်အအုံရှေ့၌ ဗိုလ်အောင်ကျော် ကြေးရုပ်ထု ဖွင့်ပွဲကျင်းပသည်။ (ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်အောင်ကျော် ကြေးရုပ်ထုသည် ပျောက်ဆုံးသွားသည်။) ထိုနေ့မှာပင် ရွှေတိဂုံစေတီတော် အနောက်ဘက် အလုံလမ်းနှင့် ဦးဝိစာရလမ်းဆုံ နေရာတွင် ဦးဝိစာရ အထိမ်းအမှတ် ကြေးရုပ်ထုနှင့် ကျောက်တိုင်ကို စိုက်ထူခဲ့သည်။

၁၉၄၁၊ ဒီဇင်ဘာ ၂၃ ။ ။ မီနာမီအဖွဲ့ကို တောင်ပိုင်းတပ်မတော်လက်အောက်မှ ဂျပန်အမှတ် ၁၅ တပ်မတော်၏ လက်အောက်သို့ လွှဲပြောင်းယူသည်။

၁၉၄၁၊ ဒီဇင်ဘာ ၂၆ ။ ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ သွေးသောက်၍ ကတိသစ္စာခံယူသည်။

၁၉၄၁၊ ဒီဇင်ဘာ ၂၇ ။ ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ဖွင့်ပွဲ စစ်ရေးပြအခမ်းအနား ကျင်းပသည်။

၁၉၄၂၊ ဒီဇင်ဘာ ၂ ။ ။ ရန်ကုန်မြို့တော် စည်ပင်ခန်းမ၌ ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A) က ကြီးမှူး၍ (၂၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပသည်။

၁၉၄၂၊ ဒီဇင်ဘာ ၁၀ ။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ဗဟိုမျိုးချစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဦးမြက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မျိုးချစ်အသင်းများကို ဖျက်သိမ်းကြောင်း ကြေညာသည်။

၁၉၄၂၊ ဒီဇင်ဘာ ၂၆ ။ ။ မြန်မာပြည် အစိုးရအဖွဲ့သည် ဗမာ့ဝန်ထမ်းအဖွဲ့ချုပ်ကြီး ‘ဝတပ်’ (The Circle Army) ဖွဲ့စည်းသည်။ အဖွဲ့ချုပ်တွင် ဝန်ကြီးချုပ် ဒေါက်တာဘမော်က ဥက္ကဋ္ဌဖြစ်ပြီး အတွင်းရေးမှူးအဖြစ် အရှေ့အာရှလူငယ်များ အစည်းအရုံးဥက္ကဋ္ဌ (ဗမာနိုင်ငံ) ဦးဗဂျမ်း(ပုဂံ) က ဆောင်ရွက်သည်။

၁၉၄၅၊ ဒီဇင်ဘာ ၂၆ ။ ။ ဖတပလ အမှုဆောင်အဖွဲ့က ပြန်တမ်းထုတ်၍ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်အား ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ အတိုကောက်အားဖြင့် ဖဆပလဟု ခေါ်ဝေါ်သုံးစွဲရန် ကြေညာသည်။

၁၉၄၆၊ ဒီဇင်ဘာ ၁ ။ ။ မြစ်ကြီးနားမြို့နယ် မန်စိန်ရွာတွင် ကချင်အကြီးအကဲများက ဗိုလ်ချုပ်အောင်ဆန်းအား ထမ်းစားပွဲဖြင့် ဧည့်ခံပြီး ဓါးလွယ်လက်ဆောင်ပေးအပ်သည့် အခမ်းအနား ကျင်းပသည်။

၁၉၄၇၊ ဒီဇင်ဘာ ၁ ။ ။ ဗြိတိသျှ ဆဋ္ဌမမြောက် ဂျော့ဘုရင်က မြန်မာနိုင်ငံ လွတ်လပ်ရေး မူကြမ်းကို လက်မှတ်ရေးထိုး အတည်ပြုသည်။

၁၉၄၇၊ ဒီဇင်ဘာ ၃၀ ။ ။ နိုင်ငံတော် လုပ်ကြံမှု တရားခံများဖြစ်ကြသော မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောနှင့် တရားခံကိုးဦးကို ပြစ်မှုထင်ရှား၍ သေဒဏ်အပြစ်ကျခံရန် အမိန့်ချသည်။

၁၉၆၈၊ ဒီဇင်ဘာ ၄ ။ ။ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းသည်။

၁၉၈၈၊ဒီဇင်ဘာ ၂၇။။ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာသီရီသုဓမ္မဒေါ်ခင်ကြည်နံနက် ၇ နာရီ၁၇ မိနစ်တွင်ရန်ကုန်မြို့ ၌ကွယ်လွန်သည်။

ဒီဇင်ဘာလအတွင်း အောက်ပါအထင်ကရ ကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်များလည်း ပေါ်ပေါက်လာခဲ့သည်။

အင်္ဂလိပ် လက်အောက်ခံ အမေရိကန်ကိုလိုနီနယ်သား အချို့သည် ၁၇၇၃ ဒီဇင်ဘာ ၁၆တွင် ‘ရက်အင်ဒီယန်း’ လူမျိုးဟန်ဆောင်ကာ ရုပ်ဖျက်လျက် ဘောစတွန်မြို့၌ ဆိုက်ကပ်ထားသော အင်္ဂလိပ်ကုန်သဘောင်္ သုံးစင်းပေါ်သို့ တက်ရောက်ပြီးလျှင် လက်ဘက်ခြောက် သေတ္တာများကို ရေထဲသို့ လွှင့်ချပစ်ခဲ့ကြသည်။ (ထိုလူစုကို ကမ္ဘာ့သမိုင်း၌ ‘ဘောစတွန် လက်ဘက်ခြောက်ပါတီ’ဟု ခေါ်ခဲ့ကြသည်။) ဤသို့ပြုလုပ်ခြင်းမှာ အင်္ဂလိပ်တို့က အမေရိကန်နယ်သားများအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံမှုကို မကျေနပ်၍ တော်လှန်ခြင်းဖြစ် သည်။ ဤအဖြစ်အပျက်မှာ ၁၇၇၅ – ၁၇၈၃တွင် ဖြစ်ပွားခဲ့သော အမေရိကန် တော်လှန်ရေးကာလအတွင်း အရေးပါသောဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ပြင်သစ်စစ်ဘုရင် နပိုလီယန်၏ ဥရောပနယ်ချဲ့စစ်ကာလအတွင်း ၁၈၀၅ ဒီဇင်ဘာ ၂ရက်နေ့တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ အောစတာလစ်မြို့၌ ဖြစ်ပွားသော တိုက်ပွဲတွင် ရုရှနှင့် သြစတြီးယားစစ်တပ်များကို နပိုလီယန်တပ်က အပြတ်အသတ် အနိုင်ရလိုက်သည်။ ဤတိုက်ပွဲသည် ပြင်သစ်ဧကရာဇ် နပိုလီယန်၊ ရုရှားဧကရာဇ် ပထမမြောက် အလက်ဇန်ဒါးနှင့် သြစတြီးယားဧကရာဇ် ပထမမြောက် ဖရန်စစ်တို့အကြား ဖြစ်ပွားသောကြောင့် ဧကရာဇ်သုံးဦး၏ တိုက်ပွဲဟုလည်း ခေါ်တွင်ခဲ့သည်။

၁၈၂၃ ဒီဇင်ဘာ ၂ရက်နေ့တွင် မွန်ရိုးဝါဒကို အမေရိကန်သမ္မတမွန်ရိုးက လွှတ်တော်၌ ကြေညာခဲ့သည်။ မွန်ရိုးဝါဒမှာ အမေရိကတိုက် နိုင်ငံများ၏ အရေးအခင်းတွင် မည်သည့်ဥရောပနိုင်ငံမျှ စွက်ဖက်ခြင်း မပြုရန်နှင့် မိမိတို့ကလည်း ဥရောပနိုင်ငံများ၏ အရေးအခင်းတွင် စွက်ဖက်ခြင်းမပြုဟူ၍ ဖြစ်သည်။ စပိန်နှင့် ပေါ်တူဂီတို့က လက်တင်အမေရိက ကိုလိုနီနိုင်ငံများကို ပြန်လည်ရလိုခြင်းနှင့် သြစတြီးယား၊ ရုရှားနှင့် ပရပ်ရှား သုံးနိုင်ငံ မဟာမိတ်တို့က အကူအညီပေးလိုခြင်းကြောင့် မွန်ရိုးဝါဒ ကြေညာခြင်းဖြစ်သည်။

၁၈၆၅ ဒီဇင်ဘာ ၁၈ တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် (၁၃)အရ အမေရိကန်နိုင်ငံ၌ ကပ္ပလီငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းလိုက်သည်။ ငွေဝယ်ကျွန်စနစ်သည် အမေရိကန်ပြည်တွင်းစစ်(၁၈၆၁-၁၈၆၅)ပေါ်ပေါက်ရခြင်း၏အဓိကအကြောင်း အရင်းဖြစ် သည်။

ကျူဘားနိုင်ငံတွင် စပိန်၏ လွှမ်းမိုးမှုကြောင့် ၁၈၉၈ ဧပြီ ၂၄ရက်နေ့မှစ၍ ဖြစ်ပွားသော စပိန် အမေရိကန်စစ်ပွဲသည် ၁၈၉၈ ဒီဇင်ဘာလ ၁ဝရက်နေ့တွင် ချုပ်ဆိုသော ‘ပါရီ ငြိမ်းချမ်းရေးစာချုပ်’ ဖြင့် ပြီးဆုံးသွားခဲ့သည်။ အမေရိကန်နိုင်ငံက စစ်နိုင်သောကြောင့် ကျူဘား၊ ပြူတိုရီကို၊ ဂူအမ်ကျွန်းနှင့် ဖိလစ်ပိုင်တို့ကို စပိန်က လက်လွှတ်လိုက်ရသည်။ ထိုအချိန်မှစ၍ စပိန်၏ နယ်ချဲ့သြဇာ ကျဆုံးသွားလေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း အမေရိကန်နှင့် ဂျပန်တို့ စစ်ပြေငြိမ်းရေးအတွက် ဆွေးနွေးနေကြစဉ် ၁၉၄၁ ဒီဇင်ဘာလ ၇ရက်နေ့ နံနက်တွင် ဟာဝိုင်ယီကျွန်းရှိ ပုလဲဆိပ်ကမ်း အမေရိကန်ရေတပ်စခန်းကို ဂျပန်လေယာဉ်ပျံ ၁ဝဝ ကျော်နှင့် ရေငုပ်သဘောင်္များက စစ်မကြေညာဘဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်တို့၏ အကြီးဆုံးခံတပ်ကြီး ပျက်စီးသွားသည်။ တိုက်ပွဲမှာ ၁နာရီနှင့် ၅၅မိနစ်သာ ကြာသော်လည်း အမေရိကန်စစ်သဘောင်္များနှင့် လေယာဉ်များ အကြီးအကျယ် ပျက်စီးသွားသည့် အပြင် သေဆုံးသူပေါင်း ၂၃၄၁ဦး၊ ပျောက်ဆုံးနှင့် ဒဏ်ရာရသူပေါင်း ၂၂၃၂ ဦး ရှိသည်။

ထိုနေ့မှာပင် ဗြိတိန်က ဖင်လန်၊ ဟန်ဂေရီနှင့် ရူမေးနီးယားတို့ကို စစ်ကြေညာသည်။ အမေရိကန်က ဟန်ဂေရီနှင့် သြစတြီးယားကို စစ်ကြေညာသည်။ ဒီဇင်ဘာလ ၈ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဂျပန်ကို စစ်ကြေညာသည်။

ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ဂျာမနီနှင့် အီတလီတို့က အမေရိကန်ကို စစ်ကြေညာရာ အမေရိကန်ကလည်း ပြန်လည်စစ်ကြေညာခဲ့သည်။ ၁၄ရက်နေ့တွင် ဂျာမန်တပ်များ မော်စကိုမြို့ စစ်မျက်နှာမှ ပြန်လည်ဆုတ်ခွာရသည်။ ဒီဇင်ဘာ ၂၆ တွင် ဂျပန်က ဟောင်ကောင်ကို သိမ်းပိုက်လိုက်သည်။ ဤသို့ဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ဒပ်ခ်ျနှင့် အမေရိကန်တို့၏ ကမ္ဘာ့အရှေ့ဖျားကိုလိုနီနိုင်ငံများမှာ ရက်ပိုင်းအတွင်း ဂျပန်လက်အောက်သို့ ကျရောက်သွားလေသည်။

အနောက်တိုင်း ဗေဒင်အရ ဒီဇင်ဘာ ၁ရက်မှ ၂ဝရက်အတွင်း မွေးဖွားသူတို့သည် အမျက်ဒေါသ ထွက်လွယ်သည်။ သို့သော် ခွင့်လွှတ်တတ်သည်။ အလုပ်တစ်ခုကို အားကြိုးမာန်တက် လုပ်ကိုင်လိုစိတ်နည်းပါးတတ်ကြသော်လည်း မိမိရည်မှန်းသော ပန်းတိုင်သို့မူကား မရောက်မနေ ဇွဲကောင်းကောင်းဖြင့် ဖြည်းဖြည်းမှန်မှန် ချီတက်တတ်ကြသည်။

ဒီဇင်ဘာ ၂၁ရက်မှ ၃၁ရက်အတွင်း မွေးဖွားသူများကား မျှော်လင့်ချက်ဆန္ဒပြင်းပြ၍ အပြိုင်အဆိုင်လုပ်ကိုင်တတ်ကြသည်။ အများအားဖြင့် တကိုယ်တည်းနေထိုင်တတ်ကြပြီး၊ စိတ်ကူးယဉ်တတ်ကြသည်။ ၎င်းတို့သည် ဖက်ရှင်လုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း ကြော်ငြာလုပ်ငန်းများ အကျိုးပေး၍ တီထွင်ဆန်းသစ်တတ်သူများ ဖြစ်သည်။

ဒီဇင်ဘာလဖွား ကမ္ဘာကျော်ပုဂ္ဂိုလ်များမှာ ရောမစာဆိုတော်ကြီး ဟိုးမား၊ ဒိန်းမတ်နက္ခတ္တဗေဒပညာရှင် တိုင်ကိုဘရား၊ ကမ္ဘာကျော် ဒီကင်မရွန် ဝတ္ထုများရေးသူ အီတလီ စာရေးဆရာကြီး ဂျိုဗင်နီဘိုကက်ချို၊ အင်္ဂလိပ် သင်္ချာနှင့် ရူပဗေဒပညာရှင် ဆာအိုင်ဆက်နယူတန်၊ စာရေးဆရာ သောမတ်ကာလိုင်း၊ ‘ပျောက်ဆုံးခဲ့သည့် ကောင်းကင်ဘုံ’ ကဗျာရှည်ကြီး ရေးဖွဲ့ခဲ့သော ကဗျာစာဆိုတော် ဂျွန်မီလတန်၊ ‘ဂုဏ်နှင့်မာန’ ဝတ္ထုရေးသူ စာရေးဆရာမကြီး ဂျိန်းအော်စတင်၊ ကဗျာဆရာနှင့် ဝေဖန်ရေးဆရာ မက်သယူးအာနိုး၊

ဓါတုဗေဒနှင့် ရူပဗေဒပညာရှင် ဆာဟန်ဖရီးဒေဗီး၊ ဗြိတိသျှ စာရေးဆရာ ရုဒယဒ်ကစ်ပလင်း၊ စက်မှုတော်လှန်ရေးခေတ်အတွင်း ချည်ငင်စက်ကို တီထွင်ခဲ့သော ဆာရစ်ချတ်အက်ကရိုက်၊ ကြက်ပေါင်စေးမှ မော်တော်ကားတာယာ အသုံးပြုနိုင်အောင် တီထွင်ခဲ့သော အမေရိကန်လူမျိုး ချားလ်ဂွတ်ရီးယား၊ ဂျာမန်စာဆို ဟင်းနရစ်ဟိန်း၊ ဂီတပညာရှင် ဘီသိုဗင်၊ စာပေနိုဘယ်ဆုရ နယ်လီဆာ့ခ်ျ၊ နက္ခတပညာရှင် ဂျိုဟန်ကက်ပလာ၊ ပြင်သစ်ပြဇာတ်ဆရာ ဂျိန်းရာစင်၊ မဒမ်ဗော်ဗရီ ဝတ္ထုကြီးကို ရေးသားခဲ့သော သရုပ်မှန်စာရေး ကတ်စတပ် ဖလောဘတ်၊ လော့ဂျင်နှင့် တိုင်ဖုန် ဝတ္ထုများရေးသားခဲ့သော ပိုလန်စာရေးဆရာ ဂျိုးဇက်ကွန်ရက်၊ နိုဘယ်ဆုရ နော်ဝေးစာဆိုတော် ဗျန်ဆင်တို့ ဖြစ်ကြသည်။

ထင်ရှားသော ကမ္ဘာကျော်ခေါင်းဆောင်များအနက် နိုင်ငံပေါင်းချုပ် အသင်းကြီး ဖြစ်မြောက်ရေးကို ကမကထပြုခဲ့သော အမေရိကန် ၂၈ဆက်မြောက် သမ္မတ ဝုဒ်ရောဝီလ်ဆင်၊ ရုရှားခေါင်းဆောင် ဂျိုးဇက်စတာလင်၊ ဗြိတိသျှ နိုင်ငံရေးခေါင်းဆောင် ဝီလျံဂလက်စတုန်း၊ ရောမဧကရာဇ် နီရိုး၊ အင်္ဂလိပ် ဆဋ္ဌမမြောက် ဟင်နရီဘုရင်၊ ရုရှားပထမမြောက် အလက်ဇန်ဒါးဘုရင်၊ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူရာဒတ်ခ်ျ တို့သည် ဒီဇင်ဘာလဖွားများ ဖြစ်ကြသည်။

ထို့ပြင် ဒီဇင်ဘာလဖွား ကမ္ဘာကျော်အနုပညာရှင်များမှာ ဝုဒ်ဒီအယ်လန်၊ ဘရက်ပစ်၊ စတီဗင် ဆီလ်ဘတ်၊ ဘရစ်နေစပီးယား၊ ဂျိမ်းအော်စတင်၊ တရုတ်မင်းသမီး ဂေါင်းလီတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံမှ ဒီဇင်ဘာလဖွား အကျော်ဇေယျ ပုဂ္ဂိုလ်များမှာ ပါမောက္ခချုပ် ဦးကျော်ရင်၊ တိုးတက်ရေး ဦးစိန်၊ ဆမားဒူဝါ ဆင်ဝါးနောင်၊ တော်စိန်ခို၊ ဦးတင်အေး (ရှမ်းပြည်)၊ ဒယ်လီဂိတ် ဦးထွန်းရှိန်၊ သခင်ထွန်းအုပ် (ရဲဘော်သုံးကျိပ်ဝင်)၊ နန်းရင်းဝန် ဦးပု (ရွှေကျင်)၊ ဆာဂျေအေ မောင်ကြီး၊ မင်းကြီးကတော် ဒေါ်မြမေ၊ ဘဏ်သူဋ္ဌေးကြီး ဦးရဲကျော်သူ၊ ဆာဦးသွင်တို့ ဖြစ်ကြသည်။

ယခု ၂၀၁၄ခုနှစ် ဒီဇင်ဘာလသည် နတ်တော်လဆန်း ၁၀ရက်မှ နတ်တော်လကွယ်နေ့အထိ ၂၀ရက်၊ ပြာသိုလဆန်း ၁ရက်မှ ပြာသိုလဆန်း ၁၁ရက်နေ့အထိ ၁၁ရက် ပါဝင်သောကြောင့် ယခုနှစ် ဒီဇင်ဘာလသည် မြန်မာလ ၂လ အပါအဝင် သုံးလပေါင်းဆုံနေသည်။ သို့ရာတွင် ဒီဇင်ဘာလနှင့် အများဆုံး အကြုံးဝင်သော လ ကား နတ်တော်လပင်ဖြစ်သည်။

ရှေးအခါက မင်းနှင့်တကွ ပြည်သူအပေါင်းတို့သည် ဤလအခါ သမယတွင် နတ်တို့အား ပူဇော်ပသပွဲများ ကျင်းပခဲ့ကြသည်ကို အစွဲပြု၍ ‘နတ်လ’ (ဝါ) ‘နတ်တော်လ’ ဟု ခေါ်ဝေါ်ခဲ့ကြသည်။

မြန်မာပြက္ခဒိန်တွင် နတ်တော်လသည် နဝမမြောက်လဖြစ်သည်။ ရက်မစုံ ကွယ်သောကြောင့် နတ်တော်လတွင် ရက်ပေါင်း ၂၉ရက်သာ ရှိသည်။ တစ်ရက်တွင် မြန်မာနာရီ ၆၀ ရှိသည့်အနက် “နေ့လျှင်နာရီ၊ ဆဒွေစီ၍၊ တလီညဥ့်ရေး၊ သုံးဆယ့်လေးတည့်” ဆိုသည့်အတိုင်း နတ်တော်လ၌ နေ့ ၂၆နာရီ၊ ညဥ့် ၃၄နာရီရှိရာ၊ နေ့တာတို၍ ညဥ့်တာရှည်သောလ ဖြစ်သည်။ ဤလရာသီတွင် နံနက် စက်နာရီ ၆နာရီ ၂၇မိနစ်တွင် နေထွက်၍ ညနေ ၅နာရီ ၂၃မိနစ်တွင် နေဝင်လေသည်။ ရာသီအားဖြင့် ဓနုရာသီဖြစ်သည်။ ဤရာသီတွင် မိဂသီနက္ခတ်နှင့် လမင်းတို့ ယှဉ်ပြိုင်ကာ မွန်းတည့်သည်။ ပြုဗ္ဗာသဠိနက္ခတ်နှင့် နေမင်းတို့ ယှဉ်ကြသည်။ နတ်တော်လတွင် ဟင်္သာတာရာထွန်း၍ ရာသီရုပ်မှာ အထက်ပိုင်းလူ၊ အောက်ပိုင်းမြင်းပုံသဏ္ဍာန်ရှိပြီး လေးမြားလက်နက် ကိုင်စွဲသော ယောက်ျားရုပ် ဖြစ်သည်။

နတ်တော်လ၏ ရာသီပန်းမှာ ဂမုန်းပင်နှင့် သဇင်ပန်းတို့ဖြစ်သည်။ ရာသီပွဲတော်ကား ရှေးအခါက နတ်ကန္နားပွဲတော်သဘင်ဖြစ်သည်။ ယခုခေတ်တွင် ‘စာဆိုပူဇော်ပွဲ’ သဘင်မှာ နတ်တော်လ၏ အစဉ်အလာပွဲတော်ဖြစ်နေပေသည်။ နတ်တော်လနှင့် ပတ်သက်၍ စာဆိုတော်များက တေးချင်းကဗျာ၊ လင်္ကာ၊ ဘွဲ့စသည်တို့ကို စပ်ဆိုခဲ့ရာ စာဆိုတော် ဖိုးသူတော် ဦးမင်း၊ လူဦးမင်းနှင့် ဦးပေါ်ဦးတို့၏ နတ်တော်လရာသီဘွဲ့ကဗျာတို့မှာ ထင်ရှားပေသည်။ နတ်တော်လ၌ နတ်ကဲ့သို့ မြင့်မြတ်သော စာဆိုတော်ပညာရှင်တို့အား ချီးမြှောက်ပူဇော်၍ စာပေဆုနှင်းသဘင်များ၊ သက်ကြီးစာဆိုတော်များပူဇော်ကန်တော့ပွဲ ခင်းကျင်းသော အစဉ်အလာကို ကုန်းဘောင်ခေတ် ဗဒုံမင်း(ဘိုးတော်မင်းတရား) လက်ထက်မှ စ၍ စတင်ခဲ့သည်ဟု ဆိုလေသည်။

ဤအစဉ်အလာကိုလိုက်၍ ယခုခေတ်တိုင် နတ်တော်လဆန်း ၁ရက်နေ့ကို ‘စာဆိုတော်နေ့’ အဖြစ် သတ်မှတ်ခဲ့ကြလေသည်။ နှစ်စဉ်နတ်တော်လဆန်း ၁ရက်နေ့သို့ ရောက်တိုင်း သက်ကြီးစာရေးဆရာကြီးများအား သက်ငယ်စာရေးဆရာတို့က ပူဇော်ကန်တော့ခြင်း၊ လူထုအကျိုးပြု စာကောင်းပေမွန်များ ပြုစုကြသော ကဗျာဆရာ၊ ဝတ္ထုရေးဆရာနှင့် ကျမ်းပြုဆရာတို့အား စာပေဆုများ ချီးမြှင့်ခြင်း၊ အနယ်နယ်အရပ်ရပ်၌ စာပေဟောပြောပွဲများ၊ စာပေအလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ ကျင်းပ၍ စာပေတိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့ကြသည်။

‘လနတ်တော် မုန့်ဆန်းလှော်’ ဆိုသည့်အတိုင်း နတ်တော်လ၌ ကောက်သစ်စပါးတို့ လှိုင်လှိုင်ပေါ်ပေပြီ။ ဟေမန္တာဆောင်းလရာသီသို့ ဝင်ရောက်ခဲ့ပြီဖြစ်သော နတ်တော်လတွင် လသာသော ညအခါများ၌ ရှေးအခါကမှစ၍ ယနေ့တိုင် တောရွာမှ လူပျိုအပျိုများ ဝိုင်းဖွဲ့ကာ အုန်းသီးခြစ်သူခြစ်၊ မုန့်ဆန်းလှော်သူကလှော်၊ ဆုံတွင် ထောင်းသူကထောင်းနှင့် သောင်းသောင်းဖျဖျ လက်စုံစားသောက်လေ့ရှိကြသည်မှာ ပျော်ရွှင်ဖွယ်ရာ တရပ်ပင်ဖြစ်သည်။ တမိုးတွင်းလုံး ပင်ပမ်းခဲ့ရသမျှ နတ်တော်လ၌ အတိုးချပျော်ရွှင်ကြသောကြောင့် နတ်တော်လကား တောင်သူလယ်သမားများအဖို့ မြေကြီးက ရွှေသီး၍ အပျော်ကြီး ပျော်ကြရသောလရာသီဟူ၍ပင် ဆိုသင့်ပါတော့သည်။

သန်းဝင်းလှိုင်
MoeMaKha Blog

Leave a Reply