ရေးသားသူ – ဆရာဋ္ဌေး (DVB Burmese)
၁၉ ရာစု နှောင်းပိုင်းလောက်က ဗြိတိသျှအမျိုးသမီးငယ်တစုက ဆောင်းဦးပေါက်ရာသီရောက်ရင် လင်ရှာဖို့ အိန္ဒိယကို စွန့်စွန့်စားစား သင်္ဘောနဲ့ ခရီးထွက်လေ့ရှိတယ်။ အိုင်စီအက်စ်တွေ အရေးပိုင် နယ်ပိုင်တွေကို အမိဖမ်းဖို့ ခရီးထွက်ခဲ့ကြတာ။ အဲ့ဒါကို စာရေးဆရာကြီး Charles Allen က သူ့ရဲ့ Raj မှာ Fishing Fleet ဆိုတဲ့ စကားလုံးကို တီထွင်ပြီး သုံးခဲ့ရာက မျက်နှာဖြူအရာရှိတွေ ကြီးစိုးတဲ့ ဂျင်မခါနာကို “ငါးမျှားတဲ့နေရာ” ဆိုတဲ့ ဝေါဟာရနဲ့ အစားထိုး ခေါ်ခဲ့ကြတယ်လို့ ဆိုတယ်။ မျက်နှာဖြူအရာရှိတွေကို ငါးမျှားတဲ့နေရာပေါ့။ တချို့အမျိုးသမီးတွေက အိန္ဒိယသွားတယ်။ အချို့က မလေးရှား၊ မြန်မာ စသဖြင့် ကိုလိုနီနိုင်ငံတွေမှာရှိတဲ့ ဂျင်မခါနာရှိရာမှာ အသီးသီး ငါးမျှားထွက်ကြတာပါ။
ဂျင်မခါနာကလပ် (Gymkhana Club) ဆိုတာ မျက်နှာဖြူအရာရှိတွေသာ အသင်းဝင်ခွင့်ရတဲ့ ကလပ်ပါ။ ဒါနဲ့ပတ်သက်ပြီး မောရစ်ကောလစ်က Trials in Burma မှာ “ရန်ကုန် မျက်နှာဖြူအသိုင်းအဝိုင်းကိုတော့ အင်္ဂလိပ်တွေကပဲ လုံးဝ အုပ်စီးထားတယ်။ ပဲခူးကလပ်၊ ကန်တော်ကြီး ဘုတ်ကလပ်နဲ့ ဂျင်မခါနာကလပ်တို့ပေါ့။ အဲ့ဒီကလပ်တွေမှာ မျက်နှာဖြူ ဥရောပတိုက်သားတွေသာ အသင်းဝင်ခွင့်ရှိတယ်။ အသင်းဝင်ဖြစ်ဖို့ ငွေကြေးချမ်းသာစရာမလို။ ရာထူးရာခံရှိဖို့မလို။ လူကြီးလူကောင်းဖြစ်ဖို့မလို။ အသင်းဝင်ဖြစ်ဖို့ အရည်အချင်းမှာ လူမျိုးသတ်မှတ်ချက် (သို့) အရေပြား အသွေးအရောင် သတ်မှတ်ချက်သာ အဓိကဖြစ်တယ်။” လို့ ဖော်ပြခဲ့ပါတယ်။
ဂျင်မခါနာကလပ်ကိုတော့ မြန်မာနိုင်ငံမှာ ၁၈၇ဝ မှာ စတင်ဖွင့်တယ်လို့ ဆိုပါတယ်။ အချို့မှတ်တမ်းတွေကတော့ ၁၈၇၁ လို့ဆိုတယ်။ Gymkhana ကို မြန်မာ-အင်္ဂလိပ် အဘိဓာန်ကတော့ “မြင်းအလှစီးပြိုင်ပွဲ” လို့ ဖွင့်ဆိုပါတယ်။ တကယ်တော့ ဂျင်မခါနာဆိုတာ အင်္ဂလိပ်ရဲ့ Gym နဲ့ khana ဆိုတဲ့ ဟင်ဒီ၊ ပါရှန်း စကားတို့ ပေါင်းစပ်ထားတာလို့ သိရတယ်။ ခါနာဆိုတာပါ ရှင်းလို့ကတော့ House; Dwelling လို့ Hobson Jobson Dictionary မှာ ဖော်ပြထားတယ်။ ဒီအဘိဓာန်က အင်္ဂလိပ်တို့ မွေးစားထားတဲ့ ဟင်ဒူစတန်ဒီနဲ့ ပါရှင်းစကားလုံးတွေက ဖော်ပြတဲ့ အဘိဓာန်ပါ။ ဂျင်မခါနာကို “Multi-game လို့ ဖော်ပြကြပါတယ်။ အဓိကတော့ အင်္ဂလိပ်တို့ရဲ့ မြင်းစီးကလပ်ပေါ့။
ဂျင်မခါနာဖွင့်ပွဲလုပ်တော့ ဆင်ပြိုင်ပွဲတွေ၊ မြင်းစီးအလှပြိုင်ပွဲတွေနဲ့ ဖွင့်လှစ်ခဲ့တယ်လို့ ဆိုတယ်။ နေရာကတော့ မစ်ရှင်ကုန်းမှာရှိတဲ့ အခု အမျိုးသမီးဆေးရုံနေရာနဲ့ ကလေးဆေးရုံနေရာပေါ့။ စုစုပေါင်း ဆယ်ဧကလောက်ကျယ်တယ်လို့ ဆိုပါတယ်။ မျက်နှာဖြူအရာရှိတွေ မြင်းစီးနဲ့ ခရစ်ကက်ကစားရင်း ကိုယ်လက်လှုပ်ရှား အားကစားလုပ်တဲ့ နေရာပေါ့။ ၁၉၁ဝ မှာတော့ အသင်းဝင်ပေါင်း တထောင်ကျော်ရှိတယ်လို့ တွေ့ရတယ်။ စတည်ဆောက်စဉ်ကတော့ နှစ်ထပ်ဆောင်ပေါ့။ ပထမထပ်မှာ ကပွဲခန်းမပါတယ်။ ကော်ဖီဆိုင်နဲ့ ဘားဆိုင်ရှိတယ်။ မြေညီထပ်မှာတော့ စည်းဝေးခန်းမနဲ့ ရေနွေးငွေ့ခန်းတွေပါရှိပြီး တပတ်ကို သုံးရက် ဖျော်ဖြေရေးတီးဝိုင်းတွေ လုပ်လေ့ရှိတယ်လို့ ဆိုတယ်။ မျက်နှာဖြူအရှိတွေ သီးသန့်ပျော်စံရာပေါ့။ ဒီကလပ်မှာတော့ အဓိကအသင်းဝင်က စစ်ဘက်နဲ့ အရပ်ဘက် စီးပွားရေးသမားတွေ များတယ်လို့ဆိုတယ်။
ဂျင်မခါနာရဲ့ ပထမဆုံး ခရစ်ကက်ပြိုင်ပွဲက ၁၉၁၂ ခုနှစ်မှစတာ။ တချို့မှတ်တမ်းတွေအရတော့ ၁၉၂၇ ခုနှစ်မှာ ဂျင်မခါနာကလပ်နဲ့ မာရီဘုန်း ခရစ်ကက်ကလပ်တို့ ပထမဆုံးပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ ဆိုတယ်။ ဂျင်မခါနာရဲ့ ဆည်းဆာချိန်ရောက်ရင် မျက်နှာဖြူ အရာရှိတွေကလည်း ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရင်း ဘီယာသောက်ရင်း အပန်းဖြေကြသလို အရာရှိကတော်တွေကလည်း သူတို့လင်ယောကျ်ားတွေကို စောင့်ရင်း အပန်းဖြေကြပေါ့။ အနည်းငယ် ညပိုင်းဘက် ချဉ်းကပ်လာပြီဆိုရင်တော့ ဂျင်မခါနာအပေါ်ထပ် ကပွဲခန်းမမှာ မျက်နှာဖြူကြီးငယ်မဟူ ပျော်ရွှင်စွာ ကကြ ပျော်မြူးကြပေါ့။ မျက်နှာဖြူ လူပျိုလူလွတ် အရာရှိလေးတွေကတော့ ညနေစောင်းပြီဆိုတာနဲ့ “ငါးသွားမျှားကြမယ်” ဆိုပြီး ပြောလေ့ရှိတယ်။ အချို့လည်း ငါးမျှားချိတ်မှာ လာဟတ်တာတွေရှိသလို အချို့လည်း အချည်းနှီးဖြစ်ခဲ့သူတွေလည်း ရှိပေမပေါ့။
ဒါပေမယ့် ပူစရာမရှိပါဘူး။ ဆောင်းဦးပေါက်ရင် ရောက်လာတတ်တဲ့ မျက်နှာဖြူမလေးတွေ ရောက်လာပြီဆိုရင် အဲ့ဒီအချိန်ဟာ ဂေါ်မစွံလူပျိုကြီးတွေလည်း အစွံထုတ်သွားတတ်ကြတာပါပဲလို့ သိမီသူတွေ ပြန်လည်ဖောက်သည်ချတာကို ဖတ်ရဖူးတယ်။ အဲ့ဒီလို အခွင့်ထူးခံတို့ အောင်မြင်ပွင့်လန်းခဲ့ရာ ဂျင်မခါနာကလပ်ဟာ ၁၉၄၂ ခုနှစ် ဂျပန်တို့ဝင်လာချိန်မှာတော့ ဧကရာဇ်တို့ ကျဆုံးခန်းကို ရောက်ခဲ့ရပါတော့တယ်။ သမုဒ်ပြင်ထက်က ရေပွက်ပမာ ချုပ်ငြိမ်းခဲ့ရပါတော့တယ်။ ဒုတိယကမ္ဘာစစ်ကာလမှာ ဗုံးကျဲခံလိုက်ရပြီး ပြိုပျက်သွားခဲ့တယ်။ အခုလက်ရှိ ကလေးဆေးရုံရဲ့ အရန်သူနာပြုဆောင်နေရာဟာ တချိန်က မျက်နှာဖြူတို့ရဲ့ ကပွဲခန်းမနေရာတခု ဖြစ်ခဲ့တယ်။
အခုတော့ မျက်နှာဖြူတို့ ပျော်ရွှင်စံစားခွင့်ရခဲ့တဲ့ ဂျင်မခါနာကလပ်နေရာမှာ ဗဟိုအမျိုးသမီးဆေးရုံနဲ့ ကလေးဆေးရုံတို့ တည်ရှိနေပါပြီ။ အရင်က ဒီနေရာမှာ မျက်နှာဖြူကလွဲပြီး အာရှသားတွေ ခြေချခွင့်မရခဲ့တဲ့နေရာ။ မျက်နှာဖြူ ဂေါ်မစွံတွေ အစွံထုတ် ငါးမျှားခဲ့တဲ့နေရာ။ မြန်မာပြည်ရဲ့ အဆိုးအကောင်းတွေကို ကိုင်တွယ်ချယ်လှယ်ခဲ့တဲ့နေရာဟာ အခုတော့ အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာ အသားအရောင် မခွဲခြားဘဲ အနာဂတ်ပန်းလေးများ ဖူးပွင့်ရာ၊ အနာဂတ်ပန်းတို့ လန်းဆန်းအောင် ပြုစုယုယရာ အမျိုးသမီးဆေးရုံနဲ့ ကလေးဆေးရုံအဖြစ် ပြောင်းလဲလာခဲ့ပါတော့တယ်။
ဆရာဋ္ဌေး
DVB Burmese
Discussion about this post