သိပၸံပညာနဲ႔ မေျဖရွင္းႏုိင္တဲ့ျဖစ္ရပ္တစ္ခု (သုိ႔) ေက်ာက္ခဲမုိးမ်ား ရြာျခင္း

Posted on

ေရးသားသူ – ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

ဒီေန႔ေခတ္မွာ ကမာၻၾကီးဟာ နည္းပညာေတြ သိပ္ကို တိုးတက္ထြန္းကားလို႔ေနပါျပီ။ အဲဒီလို တိုးတက္ထြန္းကားေပမဲ႔ ကၽြန္မတို႔ ကမၻာေျမၾကီးေပၚမွာ သိပၸံနည္းပညာေတြနဲ႔ အေျဖရွာလို႔ မရႏိုင္ေသးတဲ႔ အျဖစ္အပ်က္ေတြ မ်ားစြာ ရွိေနေသးတယ္ဆိုတာ မျငင္းႏိုင္ပါဘူးေနာ္။ အဲဒီအထဲကမွ ထူးဆန္းတဲ႔ အျဖစ္အပ်က္တစ္ခုက မိုးေကာင္းကင္ေပၚကေန ေက်ာက္တံုးေတြဟာ မိုးသီးမိုးေပါက္ေတြလို အဆက္မျပတ္ က်လာတဲ႔အျဖစ္အပ်က္ တစ္ခုလည္း အပါအဝင္ပါ။

ေကာင္းကင္ေပၚကေန ဘယ္သူက ပစ္လုိက္မွန္းမသိတဲ႔ ေက်ာက္ခဲေတြ က်လာတာမ်ဳိး ၾကားဖူးၾကမယ္ထင္ပါတယ္။ ကၽြန္မတို႔ ျမန္မာမွာေတာ႔ အဲဒီအျဖစ္အပ်က္ကို ပုဏၰက တိုက္တယ္လို႔ လူၾကီးေတြ ေျပာသံၾကားဖူးပါတယ္။ အခ်ိဳ႕ေဒသေတြမွာ ထူးထူးဆန္းဆန္း ပဲမိုးရြာတာ၊ ငါးမိုးရြာတာေတြ ျဖစ္ခဲ႔ဖူးတယ္လို႔ သိရပါတယ္။ ေကာင္းကင္ေပၚကေန ပဲေစ႔ေတြ မိုးလို အဆက္မျပတ္က်လာတာ၊ ေနာက္ ငါးအရွင္လတ္လတ္ေတြ က်လာတာမ်ိဳးတို႔ ၾကားဖူးခဲ႔ရပါတယ္။

ေရွးေခတ္ကတည္းက ဒီအျဖစ္အပ်က္ဟာ ျဖစ္ပ်က္ခဲ႔ဖူးတဲ႔အတြက္ ပညာရွင္ေတြ၊ ေလ႔လာသူေတြအတြက္ ဦးေႏွာက္ေျခာက္စရာ ျဖစ္ရပ္တစ္ခု ျဖစ္ခဲ႔ပါတယ္။ အင္မတန္ ၾကည္လင္  ေနတဲ႔ ေကာင္းကင္ေပၚ ကေန ေက်ာက္တံုး၊ ေက်ာက္ခဲေတြဟာ မိုးရြာသလို ထူးထူးဆန္းဆန္း က်လာတဲ႔အျဖစ္ဟာ မၾကံဳဖူးရင္ ယံုႏိုင္စရာ မရွိပါဘူး။ ထိုကဲ႔သို႕ ေက်ာက္တံုးမိုး ရြာခ်တဲ႔အျဖစ္ဟာ သမိုင္းတစ္ေလွ်ာက္ ဘယ္တုန္းကတည္းက ျဖစ္ခဲ႔ဖူးတယ္ဆိုတာ မသိရေပမဲ႔ အေစာဆံုး မွတ္တမ္းအျဖစ္ ရွိခဲ႔တာကေတာ႔ ၁၆၉၀ခုႏွစ္မွာ Robert Kirk  ကေန စျပီး မွတ္တမ္းတင္ခဲ႔ပါတယ္။ ၁၆၉၈ခုႏွစ္မွာလည္း New Hampshire နဲ႔ လန္ဒန္တို႔မွာလည္း ေက်ာက္တံုးမိုးရြာတဲ႔ အျဖစ္အပ်က္ကို  Lithobolia သို႕မဟုတ္ “မေကာင္း ဆိုးဝါးမ်ား ပစ္လႊတ္လိုက္တဲ႔ ေက်ာက္ခဲမ်ား” လို႕ ေခါင္းစဥ္တပ္ၿပီး ေရးသားခဲ႕ပါတယ္။ ကမၻာတစ္ဝွမ္းလံုးမွာ ျဖစ္ပ်က္ခဲ႔ဖူးတဲ႔ ေက်ာက္တံုးမိုးမ်ားအေၾကာင္း မွတ္တမ္းမ်ားကို ဆက္လက္ ေလ႔လာ ၾကည္႔မယ္ ဆိုရင္…

၁၉၀၁ ခုႏွစ္ ေအာက္တိုဘာ ၁၃ရက္ေန႔မွာ Ohio ျပည္နယ္က Harrisonville မွာ ေက်ာက္ခဲမိုးရြာတဲ႔ အျဖစ္အပ်က္ကို Buffalo Express မွာ ေရးသားေဖာ္ျပခဲ႔ပါတယ္။ ပထမတုန္းကေတာ႔ ေက်ာက္ခဲေတြဟာ Zach Dye ရဲ႕ အိမ္ ျပတင္းတံခါးကို လာမွန္ရာက စခဲ႔႔ပါတယ္။ အဲဒီလို သူ႔အိမ္ျပတင္းကို ေက်ာက္ခဲေတြ လာမွန္ျပီးေနာက္မွာ တစ္ရြာလံုးရဲ႕ အိမ္ေခါင္မိုးေတြေပၚကိုလည္း ေကာင္းကင္ေပၚကေန ေက်ာက္တံံုးေတြ က်လာပါေတာ႔တယ္။ ေနာက္ရက္မွာလည္း ေက်ာက္ခဲမိုး ထပ္ျပီးေတာ႔ရြာလာျပန္ပါတယ္။ ရြာသားေတြက ဒီအျဖစ္အပ်က္ဟာ ကေလးငယ္ေတြအတြြက္ မေကာင္းတဲ႔ အတိတ္နမိတ္ျဖစ္တယ္လို႔ ယူဆျပီး ေၾကာက္ရြံ႕ထိတ္လန္႔ေနခဲ႔ပါတယ္။ ဒါေၾကာင့္ ကေလးေတြကိုလည္း ဘယ္ကိုမွ မသြားေစဘဲ လူၾကီးေတြ အနီးမွာသာ ေနေစခဲ႔ပါတယ္။ တတိယေန႕မွာလည္း ေက်ာက္ခဲမိုးေတြဟာ အဲဒီရြာကေလးမွာ ထပ္ျပီးေတာ႔ ရြာက်လာခဲ႔ျပန္ပါတယ္။ ထူးဆန္းလွတဲ႔ ဒီအျဖစ္အပ်က္ဟာ ရြာသားေတြအတြက္ေတာ႔ အေျဖမရွိတဲ႔ ပုစာၦတစ္ပုဒ္လို ျဖစ္ခဲ႔ရပါတယ္။

၁၉၀၃ ခုႏွစ္ စုမၾတားကၽြန္းမွာလည္း အလားတူ အျဖစ္မ်ိဳးျဖစ္ခဲ႔ပါတယ္။ အဲဒီအျဖစ္အပ်က္ကို ၾကံဳခဲ႔ရသူကေတာ႕ W.G Grottendieck ျဖစ္ပါတယ္။ သူက အျဖစ္အပ်က္ကို ျပန္လည္ ေျပာျပရာမွာ မနက္ေစာေစာ ၁နာရီေလာက္အခ်ိန္ သူဟာ အိပ္ေမာက်ေနခဲ႔ ပါတယ္။ အဲဒီအခ်ိန္မွာ သူ႕အခန္းထဲကို အနက္ေရာင္ ေက်ာက္ခဲေလးေတြ က်လာတဲ႔အတြက္ သူလန္႔ႏိုးလာတယ္လို႔ ဆိုပါတယ္။ အဲဒီ ေက်ာက္ခဲေလးေတြဟာ ထိကိုင္လိုက္တဲ႔အခါ ပူပူေႏြးေႏြးေလးဘဲ ရွိေနျပီး သူ႕အခန္းရဲ႕ အမိုးေပၚမွာလည္း ေက်ာက္ခဲက်လာစရာ အေပါက္ေတြဘာေတြ လံုးဝမရွိတဲ႔အျပင္ အခန္းရဲ႕ ျပတင္းတံခါးမ်ားလည္း လံုျခံဳစြာ ပိတ္ထားခဲ႔ပါတယ္။ ဘယ္ကေန ေရာက္လာမွန္း မသိတဲ႔ ေက်ာက္တံုးေတြဟာ ခပ္ေျဖးေျဖးေလး က်လာတာကို သူ႔မ်က္စိနဲ႔ ျမင္လိုက္ရတယ္လို႔ သူၾကံဳခဲ႔ရတဲ႔ ေက်ာက္ခဲမိုး ရြာတဲ႔အျဖစ္ကို ျပန္လည္ေျပာျပပါတယ္။

၁၉၁၃ ခုႏွစ္မွာေတာ႔ ဘယ္လ္ဂ်ီယံႏိုင္ငံ Marcinelle က အိမ္တစ္အိမ္ဟာ ၄ရက္ဆက္တိုက္  ေက်ာက္ခဲမိုး ရြာခံရတဲ႔ အျဖစ္အပ်က္ကို ရဲစခန္းက မွတ္တမ္းတင္ခဲ႔႔ပါတယ္။ ရဲေတြဟာ ၄င္းအိမ္ေဘးဝန္းက်င္ကေန ေနရာယူျပီး အိမ္တစ္ခုလံုးနဲ႔ ေဘးပတ္ဝန္းက်င္တစ္ခုလံုးကို ကင္းပုန္းဝပ္ျပီး ေစာင္႔ၾကပ္ေနခဲ႔ၾကေပမဲ႔ ေက်ာက္ခဲေတြက်လာတာကိုသာ ျမင္ေတြ႔ရျပီး ပစ္တဲ႔သူကို လံုးဝမေတြ႔ရဘူးလို႔ ဆိုပါတယ္။ ရဲအရာရွိျဖစ္သူက ကၽြန္ေတာ္ဟာ က်လာတဲ႔ ေက်ာက္တံုးေတြကို အတိုင္းသား ျမင္ေနခဲ႔ပါတယ္။ ေက်ာက္တံုးရဲ႔ အရွိန္ေၾကာင္႔ အိမ္ျပတင္းမွန္ ကြဲသြားတာကိုပါ ေတြ႔ရေပမဲ႔ ဘယ္သူက ပစ္မွန္း မသိရဘူးလို႔ မွတ္တမ္းတင္ထားခဲ႔ပါတယ္။ အဲဒီအျဖစ္အပ်က္မွာ ၄ရက္အတြင္း က်လာတဲ႔ ေက်ာက္တံုးေက်ာက္ခဲေတြဟာ အလံုးေရ ၃၀၀ခန္႔ ရွိခဲ႕ပါတယ္။

၁၉၂၁ ခုမွာ ျပင္သစ္ႏိုင္ငံ Aedeche က စိုက္ပ်ဳိးေရးျခံၾကီးတစ္ခုမွာလည္း ေက်ာက္ခဲမိုး ရြာတဲ႔အျဖစ္ ရွိခဲ႔ဖူးပါတယ္။ သို႕ေသာ္ ထူးဆန္းတာက အမ်ားသူငွာေတြလို ရက္နည္းနည္းသာ ရြာတာမ်ိဳး မဟုတ္ဘဲ ၄လခန္႔ ၾကာေအာင္ ျခံထဲကို ေက်ာက္တံုးေတြ က်ေနခဲ႔ပါတယ္။ ေက်ာက္တံုးေတြေၾကာင္႕ ကြဲသြားတဲ႔ မွန္ျပတင္းကေန  ပန္းသီးေတြပါ က်လာတာမ်ိဳးကို ၾကံဳခဲ႔ရတယ္လို႔ သိရပါတယ္။ ဒီအျဖစ္အပ်က္မွာလည္း ေက်ာက္ခဲေတြ က်လာတဲ႔ အေၾကာင္းရင္း၊ အျဖစ္အပ်က္ကို ရွာေဖြမရခဲ႔ပါဘူး။

၁၉၄၃ ခု ႏွစ္မွာ ကယ္လီဖိုးနီးယားျပည္နယ္ Oakland က Mrs Irene Fellow တို႔မိသားစုေနထိုင္ရာ အိမ္ကို ႏွစ္ပတ္တိတိ ေက်ာက္ခဲေတြနဲ႔ ပစ္ခံရတဲ႔ အျဖစ္အပ်က္ပါ။ အိမ္ရွင္ျဖစ္သူက သူ႕အိမ္ကို ဘယ္သူမွန္းမသိတဲ႔သူက ေက်ာက္ခဲေတြနဲ႔ အဆက္မျပတ္ ပစ္ေပါက္ေနခဲ႔တယ္ ဆိုျပီး ရဲစခန္းကို သြားေရာက္ တိုင္ၾကားပါတယ္။ ရဲစခန္းက လာေရာက္ စစ္ေဆးၾကည္႔ရႈတဲ႔ အခ်ိန္မွာ နံရံေတြ၊ ျပတင္းေပါက္ေတြမွာ ေက်ာက္ခဲ ထိမွန္ခံထားရတဲ႔ အရာေတြ၊ ျခံဝင္းထဲမွာလည္း အျပင္က ေရာက္လာတဲ႔ ေက်ာက္ခဲေတြကို ေတြ႔ရေပမဲ႔ ဘယ္ေနရာက ပစ္လိုက္တဲ႕ ေက်ာက္ခဲေတြမွန္း စံုစမ္းလို႔ မရခဲ႔ပါဘူး။ ရက္အတန္ၾကာ စံုစမ္းေပမဲ႔  တစ္ေယာက္ေယာက္က ပစ္လိုက္တယ္ဆိုတဲ႔ မ်က္ျမင္သက္ေသ အေထာက္အထားကိုလည္း မေတြ႔ဘူးလို႔ ဆိုပါတယ္။ ဒီလိုနဲ႔ ဒီ အျဖစ္အပ်က္ဟာလည္း စံုစမ္းလို႔မရတဲ႔ အမႈတစ္ခုအေနနဲ႔သာ ထားလိုက္ရပါေတာ႔တယ္။

ေနာက္ထပ္ အလားတူျဖစ္ရပ္တစ္ခုကေတာ႔ ၁၉၆၃ခုႏွစ္ မတ္လ ၂၄ရက္ေန႕က နယူဇီလန္ႏိုင္ငံ၊ ဝယ္လ္လင္တန္က အိမ္တစ္အိမ္မွာ တည္းခိုေနတဲ႔ ဧည္႔သည္ေတြ ရွိတဲ႔ အခ်ိန္မွာ ေက်ာက္ခဲမိုးရြာတဲ႔ ျဖစ္ရပ္တစ္ခုဟာ ၇နာရီခန္႔ၾကာေအာင္ ျဖစ္ပြားခဲ႔ပါတယ္။ ရဲေတြဟာ ဒီအျဖစ္အပ်က္ကို သြားေရာက္ စံုစမ္းတဲ႔အခါမွာ အိမ္၊ ျခံဝင္းထဲမွာ က်ေနတဲ႔ ေက်ာက္ခဲေတြၾကားမွာ ထူးထူးျခားျခား အေၾကြေစ႔ေတြ ပါဝင္ေနတာကို ေတြ႔ရပါတယ္။ ပထမေတာ႔ ထိုအိမ္က ဧည္႔သည္ေတြ က်ေနတဲ႔ အေၾကြေစ႔လို႔ ထင္ခဲ႔ေပမဲ႔လည္း အေၾကြေစ႔ေပါင္းမ်ားစြာကို ေတြ႔ရတဲ႔အခါမွာေတာ႔ ဧည္႕သည္ေတြရဲ႕ အေၾကြေစ႔လည္း မဟုတ္ပါဘူးလို႔ ျငင္းဆိုၾကျပီး ေနာက္မွာေတာ႔ ထူးဆန္းတဲ႔ အေၾကြေစ႔နဲ႔ ေက်ာက္ခဲ ေတြဟာ ဘယ္က ေရာက္လာတယ္ဆိုတာ အေျဖမရွိ ျဖစ္ခဲ႔ရျပန္ပါတယ္။ ေနာက္ထပ္ ႏွစ္ညတိတိ အလားတူအျဖစ္မ်ိဳး ျဖစ္ျပီးေနာက္ ေက်ာက္ခဲမိုးေတြ က်လာတာ ရပ္သြားပါေတာ႔တယ္။ သို႕ေပမဲ႔လည္း ေက်ာက္ခဲေတြ က်ေစတဲ႔ တရားခံေတာ႔ျဖင္႔ ရွာေဖြလို႔ မရခဲ႔ျပန္ပါဘူး။

၁၉၇၃ခုႏွစ္မွာ နယူးေယာက္ Skaneateles တံငါသည္ႏွစ္ေယာက္ေနာက္ကို ေက်ာက္ခဲေလးေတြနဲ႔ သူတို႔ ဘယ္ေနရာကိုသြားသြား အေနာက္ကေန ပစ္ေပါက္ေနခဲ႔တာ ျဖစ္ပါတယ္။ သူတုိ႕ႏွစ္ဦးဟာ ငါးမွ်ားရာကေန အိမ္ကို အျပန္မွာ ခုလို ေက်ာက္တံုးေတြနဲ႔ ပစ္ခံရတာျဖစ္ျပီး သူတို႕ဟာ ကားဆီကို ေရာက္ေအာင္ အျမန္ဆံုး ေျပးၾကပါေတာ႔တယ္။ မၾကာခင္မွာ ေက်ာက္ခဲေလးေတြ က်တာ ရပ္သြားျပီးေနာက္ အရက္ေသာက္ဖို႔ တိုင္ပင္ၾကျပီး ဘားတစ္ခုခုကို ထြြက္လာၾကခ်ိန္မွာ သူတုိ႔ ႏွစ္ေယာက္ဆီကို ေက်ာက္တံုးေတြ ျပန္ျပီး က်လာျပန္ပါတယ္။ အဲဒီ အျဖစ္အပ်က္ မွာလည္း ေက်ာက္တံုးေတြ ပစ္တဲ႔ တရားခံ၊ အေထာက္အထားမ်ားကို ရွာမေတြ႔ခဲ႕ပါဘူး။

တူရကီမွာ ေက်ာက္ခဲမုိးမ်ားရြာျခင္း ဗီဒီယုိ

အေမရိကန္ႏိုင္ငံ အာရီဇိုးနားျပည္နယ္မွာ ၁၉၈၃ ခုႏွစ္ကလည္း ထူးထူးဆန္းဆန္း ေက်ာက္ခဲမိုးရြာတဲ႔အျဖစ္ ၾကံဳရျပန္ပါတယ္။ Berkbigler မိသားစုဟာ အိမ္အသစ္တစ္အိမ္ကို ေျပာင္းေရြ႕လာခဲ႔ျပီး ေနာက္မွာ အဲဒီအိမ္ကို ညေန ၅နာရီခြဲကေန ည ၇နာရီအတြင္းမွာ ေက်ာက္ခဲေတြနဲ႔ အၾကိမ္ေပါင္းမ်ားစြာ ေပါက္တာ ခံၾကရပါတယ္။ ေဒသခံ တာဝန္ရွိသူမ်ား အဲဒီအိမ္ကို ေရာက္လာတဲ႔အခါ မွာေတာ႔ သူတို႕ကိုယ္တိုင္ ေက်ာက္ခဲနဲ႔ ေပါက္တာခံၾကရျပီးေနာက္ ထိုအိမ္ကို လာေရာက္ဖို႔ တြန္႔ဆုတ္ သြားခဲ႔ၾကပါတယ္။ ထူးဆန္းလွေသာ ေက်ာက္ခဲမိုးရြာတဲ႔အျဖစ္က ေက်ာက္ခဲေတြဟာ  အလြန္တရာမွ က်ဥ္းေျမာင္းလွတဲ႔ ကားဂိုေဒါင္ၾကားထဲကေန ျဖတ္သန္းျပီး ကားျပတင္းဆီ ေရာက္လာ တာဟာ မယံု ႏိုင္စရာ  ေကာင္းလွတယ္ လို႔လည္း ရဲေတြက ဆိုပါေသးတယ္။

အထက္ပါအျဖစ္အပ်က္ေတြဟာ ဒီကမၻာၾကီးေပၚမွာ ျဖစ္ပ်က္ခဲ႔တဲ႔ ေက်ာက္ခဲမိုးရြာခ်တဲ႔ အျဖစ္ေတြထဲက အနည္းငယ္သာ ျဖစ္ပါတယ္။ ကမၻာၾကီးရဲ႕ အႏွံ႔အျပားမွာ အလားတူ ျဖစ္ရပ္မ်ိဳး ေျမာက္မ်ားစြာ ျဖစ္ပ်က္ခဲ႔ဖူး ပါေသးတယ္။ သို႕ေသာ္လည္း ျဖစ္ရပ္တိုင္းမွာ ေက်ာက္ခဲမိုးရြာေစတဲ႔ တရားခံ (သို႔မဟုတ္) လူပုဂၢိဳလ္ တစ္ဦး တစ္ေယာက္ကိုမွ သက္ေသအျဖစ္ ရွာေဖြေတြ႔ရွိျခင္း မရွိခဲ႔ပါဘူး။

ဒါေၾကာင္႔လည္း ကမၻာေျမၾကီးဟာ သိပၸံပညာနဲ႔ အေျဖရွာလို႔ မရႏိုင္တာေတြ လူသားတို႔ မစဥ္းစားႏိုင္ ေသးတာေတြ ၊ အံ႕ၾသ ထူးဆန္းတာေတြ ရွိေနေသးတယ္ဆိုတာ သက္ေသေတြဘဲ မဟုတ္ပါလားေနာ္။ ဒီအျဖစ္အပ်က္ အေၾကာင္းမ်ားကိုေတာ့ Maria ရဲ႕ “Mystical Rain of Stones” ေဆာင္းပါးကို ဘာသာျပန္တာ ျဖစ္ပါတယ္ရွင္.. ေက်ာက္ခဲမိုး၊ ငါးမိုး၊ ပဲမိုးေတြ ရြာတာနဲ႔ ပတ္သက္ျပီး ေတြ႔ၾကံဳဖူးတာ၊ ၾကားဖူးတာမ်ား ရွိခဲ႔ရင္လည္း ေကာ္မန္႔မွာ ေရးသြားခဲ႔ပါ။

ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

——————-

သိပ္ပံပညာနဲ့ မဖြေရှင်းနိုင်တဲ့ဖြစ်ရပ်တစ်ခု (သို့) ကျောက်ခဲမိုးများ ရွာခြင်း (unicode)

ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)

ဒီနေ့ခေတ်မှာ ကမ္ဘာကြီးဟာ နည်းပညာတွေ သိပ်ကို တိုးတက်ထွန်းကားလို့နေပါပြီ။ အဲဒီလို တိုးတက်ထွန်းကားပေမဲ့ ကျွန်မတို့ ကမ္ဘာမြေကြီးပေါ်မှာ သိပ္ပံနည်းပညာတွေနဲ့ အဖြေရှာလို့ မရနိုင်သေးတဲ့ အဖြစ်အပျက်တွေ များစွာ ရှိနေသေးတယ်ဆိုတာ မငြင်းနိုင်ပါဘူးနော်။ အဲဒီအထဲကမှ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုက မိုးကောင်းကင်ပေါ်ကနေ ကျောက်တုံးတွေဟာ မိုးသီးမိုးပေါက်တွေလို အဆက်မပြတ် ကျလာတဲ့အဖြစ်အပျက် တစ်ခုလည်း အပါအဝင်ပါ။

ကောင်းကင်ပေါ်ကနေ ဘယ်သူက ပစ်လိုက်မှန်းမသိတဲ့ ကျောက်ခဲတွေ ကျလာတာမျိုး ကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်မတို့ မြန်မာမှာတော့ အဲဒီအဖြစ်အပျက်ကို ပုဏ္ဏက တိုက်တယ်လို့ လူကြီးတွေ ပြောသံကြားဖူးပါတယ်။ အချို့ဒေသတွေမှာ ထူးထူးဆန်းဆန်း ပဲမိုးရွာတာ၊ ငါးမိုးရွာတာတွေ ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ကောင်းကင်ပေါ်ကနေ ပဲစေ့တွေ မိုးလို အဆက်မပြတ်ကျလာတာ၊ နောက် ငါးအရှင်လတ်လတ်တွေ ကျလာတာမျိုးတို့ ကြားဖူးခဲ့ရပါတယ်။

ရှေးခေတ်ကတည်းက ဒီအဖြစ်အပျက်ဟာ ဖြစ်ပျက်ခဲ့ဖူးတဲ့အတွက် ပညာရှင်တွေ၊ လေ့လာသူတွေအတွက် ဦးနှောက်ခြောက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်မတန် ကြည်လင်  နေတဲ့ ကောင်းကင်ပေါ် ကနေ ကျောက်တုံး၊ ကျောက်ခဲတွေဟာ မိုးရွာသလို ထူးထူးဆန်းဆန်း ကျလာတဲ့အဖြစ်ဟာ မကြုံဖူးရင် ယုံနိုင်စရာ မရှိပါဘူး။ ထိုကဲ့သို့ ကျောက်တုံးမိုး ရွာချတဲ့အဖြစ်ဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကတည်းက ဖြစ်ခဲ့ဖူးတယ်ဆိုတာ မသိရပေမဲ့ အစောဆုံး မှတ်တမ်းအဖြစ် ရှိခဲ့တာကတော့ ၁၆၉ဝခုနှစ်မှာ Robert Kirk  ကနေ စပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၆၉၈ခုနှစ်မှာလည်း New Hampshire နဲ့ လန်ဒန်တို့မှာလည်း ကျောက်တုံးမိုးရွာတဲ့ အဖြစ်အပျက်ကို  Lithobolia သို့မဟုတ် “မကောင်း ဆိုးဝါးများ ပစ်လွှတ်လိုက်တဲ့ ကျောက်ခဲများ” လို့ ခေါင်းစဉ်တပ်ပြီး ရေးသားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ ကျောက်တုံးမိုးများအကြောင်း မှတ်တမ်းများကို ဆက်လက် လေ့လာ ကြည့်မယ် ဆိုရင်…

၁၉၀၁ ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့မှာ Ohio ပြည်နယ်က Harrisonville မှာ ကျောက်ခဲမိုးရွာတဲ့ အဖြစ်အပျက်ကို Buffalo Express မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ပထမတုန်းကတော့ ကျောက်ခဲတွေဟာ Zach Dye ရဲ့ အိမ် ပြတင်းတံခါးကို လာမှန်ရာက စခဲ့ပါတယ်။ အဲဒီလို သူ့အိမ်ပြတင်းကို ကျောက်ခဲတွေ လာမှန်ပြီးနောက်မှာ တစ်ရွာလုံးရဲ့ အိမ်ခေါင်မိုးတွေပေါ်ကိုလည်း ကောင်းကင်ပေါ်ကနေ ကျောက်တုံးတွေ ကျလာပါတော့တယ်။ နောက်ရက်မှာလည်း ကျောက်ခဲမိုး ထပ်ပြီးတော့ရွာလာပြန်ပါတယ်။ ရွာသားတွေက ဒီအဖြစ်အပျက်ဟာ ကလေးငယ်တွေအတွက် မကောင်းတဲ့ အတိတ်နမိတ်ဖြစ်တယ်လို့ ယူဆပြီး ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေကိုလည်း ဘယ်ကိုမှ မသွားစေဘဲ လူကြီးတွေ အနီးမှာသာ နေစေခဲ့ပါတယ်။ တတိယနေ့မှာလည်း ကျောက်ခဲမိုးတွေဟာ အဲဒီရွာကလေးမှာ ထပ်ပြီးတော့ ရွာကျလာခဲ့ပြန်ပါတယ်။ ထူးဆန်းလှတဲ့ ဒီအဖြစ်အပျက်ဟာ ရွာသားတွေအတွက်တော့ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်ခဲ့ရပါတယ်။

၁၉၀၃ ခုနှစ် စုမတြားကျွန်းမှာလည်း အလားတူ အဖြစ်မျိုးဖြစ်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို ကြုံခဲ့ရသူကတော့ W.G Grottendieck ဖြစ်ပါတယ်။ သူက အဖြစ်အပျက်ကို ပြန်လည် ပြောပြရာမှာ မနက်စောစော ၁နာရီလောက်အချိန် သူဟာ အိပ်မောကျနေခဲ့ ပါတယ်။ အဲဒီအချိန်မှာ သူ့အခန်းထဲကို အနက်ရောင် ကျောက်ခဲလေးတွေ ကျလာတဲ့အတွက် သူလန့်နိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောက်ခဲလေးတွေဟာ ထိကိုင်လိုက်တဲ့အခါ ပူပူနွေးနွေးလေးဘဲ ရှိနေပြီး သူ့အခန်းရဲ့ အမိုးပေါ်မှာလည်း ကျောက်ခဲကျလာစရာ အပေါက်တွေဘာတွေ လုံးဝမရှိတဲ့အပြင် အခန်းရဲ့ ပြတင်းတံခါးများလည်း လုံခြုံစွာ ပိတ်ထားခဲ့ပါတယ်။ ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ကျောက်တုံးတွေဟာ ခပ်ဖြေးဖြေးလေး ကျလာတာကို သူ့မျက်စိနဲ့ မြင်လိုက်ရတယ်လို့ သူကြုံခဲ့ရတဲ့ ကျောက်ခဲမိုး ရွာတဲ့အဖြစ်ကို ပြန်လည်ပြောပြပါတယ်။

၁၉၁၃ ခုနှစ်မှာတော့ ဘယ်လ်ဂျီယံနိုင်ငံ Marcinelle က အိမ်တစ်အိမ်ဟာ ၄ရက်ဆက်တိုက်  ကျောက်ခဲမိုး ရွာခံရတဲ့ အဖြစ်အပျက်ကို ရဲစခန်းက မှတ်တမ်းတင်ခဲ့ပါတယ်။ ရဲတွေဟာ ၎င်းအိမ်ဘေးဝန်းကျင်ကနေ နေရာယူပြီး အိမ်တစ်ခုလုံးနဲ့ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ကင်းပုန်းဝပ်ပြီး စောင့်ကြပ်နေခဲ့ကြပေမဲ့ ကျောက်ခဲတွေကျလာတာကိုသာ မြင်တွေ့ရပြီး ပစ်တဲ့သူကို လုံးဝမတွေ့ရဘူးလို့ ဆိုပါတယ်။ ရဲအရာရှိဖြစ်သူက ကျွန်တော်ဟာ ကျလာတဲ့ ကျောက်တုံးတွေကို အတိုင်းသား မြင်နေခဲ့ပါတယ်။ ကျောက်တုံးရဲ့ အရှိန်ကြောင့် အိမ်ပြတင်းမှန် ကွဲသွားတာကိုပါ တွေ့ရပေမဲ့ ဘယ်သူက ပစ်မှန်း မသိရဘူးလို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်မှာ ၄ရက်အတွင်း ကျလာတဲ့ ကျောက်တုံးကျောက်ခဲတွေဟာ အလုံးရေ ၃၀ဝခန့် ရှိခဲ့ပါတယ်။

၁၉၂၁ ခုမှာ ပြင်သစ်နိုင်ငံ Aedeche က စိုက်ပျိုးရေးခြံကြီးတစ်ခုမှာလည်း ကျောက်ခဲမိုး ရွာတဲ့အဖြစ် ရှိခဲ့ဖူးပါတယ်။ သို့သော် ထူးဆန်းတာက အများသူငှာတွေလို ရက်နည်းနည်းသာ ရွာတာမျိုး မဟုတ်ဘဲ ၄လခန့် ကြာအောင် ခြံထဲကို ကျောက်တုံးတွေ ကျနေခဲ့ပါတယ်။ ကျောက်တုံးတွေကြောင့် ကွဲသွားတဲ့ မှန်ပြတင်းကနေ  ပန်းသီးတွေပါ ကျလာတာမျိုးကို ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်မှာလည်း ကျောက်ခဲတွေ ကျလာတဲ့ အကြောင်းရင်း၊ အဖြစ်အပျက်ကို ရှာဖွေမရခဲ့ပါဘူး။

၁၉၄၃ ခု နှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ် Oakland က Mrs Irene Fellow တို့မိသားစုနေထိုင်ရာ အိမ်ကို နှစ်ပတ်တိတိ ကျောက်ခဲတွေနဲ့ ပစ်ခံရတဲ့ အဖြစ်အပျက်ပါ။ အိမ်ရှင်ဖြစ်သူက သူ့အိမ်ကို ဘယ်သူမှန်းမသိတဲ့သူက ကျောက်ခဲတွေနဲ့ အဆက်မပြတ် ပစ်ပေါက်နေခဲ့တယ် ဆိုပြီး ရဲစခန်းကို သွားရောက် တိုင်ကြားပါတယ်။ ရဲစခန်းက လာရောက် စစ်ဆေးကြည့်ရှုတဲ့ အချိန်မှာ နံရံတွေ၊ ပြတင်းပေါက်တွေမှာ ကျောက်ခဲ ထိမှန်ခံထားရတဲ့ အရာတွေ၊ ခြံဝင်းထဲမှာလည်း အပြင်က ရောက်လာတဲ့ ကျောက်ခဲတွေကို တွေ့ရပေမဲ့ ဘယ်နေရာက ပစ်လိုက်တဲ့ ကျောက်ခဲတွေမှန်း စုံစမ်းလို့ မရခဲ့ပါဘူး။ ရက်အတန်ကြာ စုံစမ်းပေမဲ့  တစ်ယောက်ယောက်က ပစ်လိုက်တယ်ဆိုတဲ့ မျက်မြင်သက်သေ အထောက်အထားကိုလည်း မတွေ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ ဒီ အဖြစ်အပျက်ဟာလည်း စုံစမ်းလို့မရတဲ့ အမှုတစ်ခုအနေနဲ့သာ ထားလိုက်ရပါတော့တယ်။

နောက်ထပ် အလားတူဖြစ်ရပ်တစ်ခုကတော့ ၁၉၆၃ခုနှစ် မတ်လ ၂၄ရက်နေ့က နယူဇီလန်နိုင်ငံ၊ ဝယ်လ်လင်တန်က အိမ်တစ်အိမ်မှာ တည်းခိုနေတဲ့ ဧည့်သည်တွေ ရှိတဲ့ အချိန်မှာ ကျောက်ခဲမိုးရွာတဲ့ ဖြစ်ရပ်တစ်ခုဟာ ၇နာရီခန့်ကြာအောင် ဖြစ်ပွားခဲ့ပါတယ်။ ရဲတွေဟာ ဒီအဖြစ်အပျက်ကို သွားရောက် စုံစမ်းတဲ့အခါမှာ အိမ်၊ ခြံဝင်းထဲမှာ ကျနေတဲ့ ကျောက်ခဲတွေကြားမှာ ထူးထူးခြားခြား အကြွေစေ့တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ပထမတော့ ထိုအိမ်က ဧည့်သည်တွေ ကျနေတဲ့ အကြွေစေ့လို့ ထင်ခဲ့ပေမဲ့လည်း အကြွေစေ့ပေါင်းများစွာကို တွေ့ရတဲ့အခါမှာတော့ ဧည့်သည်တွေရဲ့ အကြွေစေ့လည်း မဟုတ်ပါဘူးလို့ ငြင်းဆိုကြပြီး နောက်မှာတော့ ထူးဆန်းတဲ့ အကြွေစေ့နဲ့ ကျောက်ခဲ တွေဟာ ဘယ်က ရောက်လာတယ်ဆိုတာ အဖြေမရှိ ဖြစ်ခဲ့ရပြန်ပါတယ်။ နောက်ထပ် နှစ်ညတိတိ အလားတူအဖြစ်မျိုး ဖြစ်ပြီးနောက် ကျောက်ခဲမိုးတွေ ကျလာတာ ရပ်သွားပါတော့တယ်။ သို့ပေမဲ့လည်း ကျောက်ခဲတွေ ကျစေတဲ့ တရားခံတော့ဖြင့် ရှာဖွေလို့ မရခဲ့ပြန်ပါဘူး။

၁၉၇၃ခုနှစ်မှာ နယူးယောက် Skaneateles တံငါသည်နှစ်ယောက်နောက်ကို ကျောက်ခဲလေးတွေနဲ့ သူတို့ ဘယ်နေရာကိုသွားသွား အနောက်ကနေ ပစ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ငါးမျှားရာကနေ အိမ်ကို အပြန်မှာ ခုလို ကျောက်တုံးတွေနဲ့ ပစ်ခံရတာဖြစ်ပြီး သူတို့ဟာ ကားဆီကို ရောက်အောင် အမြန်ဆုံး ပြေးကြပါတော့တယ်။ မကြာခင်မှာ ကျောက်ခဲလေးတွေ ကျတာ ရပ်သွားပြီးနောက် အရက်သောက်ဖို့ တိုင်ပင်ကြပြီး ဘားတစ်ခုခုကို ထွက်လာကြချိန်မှာ သူတို့ နှစ်ယောက်ဆီကို ကျောက်တုံးတွေ ပြန်ပြီး ကျလာပြန်ပါတယ်။ အဲဒီ အဖြစ်အပျက် မှာလည်း ကျောက်တုံးတွေ ပစ်တဲ့ တရားခံ၊ အထောက်အထားများကို ရှာမတွေ့ခဲ့ပါဘူး။

အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်မှာ ၁၉၈၃ ခုနှစ်ကလည်း ထူးထူးဆန်းဆန်း ကျောက်ခဲမိုးရွာတဲ့အဖြစ် ကြုံရပြန်ပါတယ်။ Berkbigler မိသားစုဟာ အိမ်အသစ်တစ်အိမ်ကို ပြောင်းရွေ့လာခဲ့ပြီး နောက်မှာ အဲဒီအိမ်ကို ညနေ ၅နာရီခွဲကနေ ည ၇နာရီအတွင်းမှာ ကျောက်ခဲတွေနဲ့ အကြိမ်ပေါင်းများစွာ ပေါက်တာ ခံကြရပါတယ်။ ဒေသခံ တာဝန်ရှိသူများ အဲဒီအိမ်ကို ရောက်လာတဲ့အခါ မှာတော့ သူတို့ကိုယ်တိုင် ကျောက်ခဲနဲ့ ပေါက်တာခံကြရပြီးနောက် ထိုအိမ်ကို လာရောက်ဖို့ တွန့်ဆုတ် သွားခဲ့ကြပါတယ်။ ထူးဆန်းလှသော ကျောက်ခဲမိုးရွာတဲ့အဖြစ်က ကျောက်ခဲတွေဟာ  အလွန်တရာမှ ကျဉ်းမြောင်းလှတဲ့ ကားဂိုဒေါင်ကြားထဲကနေ ဖြတ်သန်းပြီး ကားပြတင်းဆီ ရောက်လာ တာဟာ မယုံ နိုင်စရာ  ကောင်းလှတယ် လို့လည်း ရဲတွေက ဆိုပါသေးတယ်။

အထက်ပါအဖြစ်အပျက်တွေဟာ ဒီကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျောက်ခဲမိုးရွာချတဲ့ အဖြစ်တွေထဲက အနည်းငယ်သာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ အနှံ့အပြားမှာ အလားတူ ဖြစ်ရပ်မျိုး မြောက်များစွာ ဖြစ်ပျက်ခဲ့ဖူး ပါသေးတယ်။ သို့သော်လည်း ဖြစ်ရပ်တိုင်းမှာ ကျောက်ခဲမိုးရွာစေတဲ့ တရားခံ (သို့မဟုတ်) လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုမှ သက်သေအဖြစ် ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း ကမ္ဘာမြေကြီးဟာ သိပ္ပံပညာနဲ့ အဖြေရှာလို့ မရနိုင်တာတွေ လူသားတို့ မစဉ်းစားနိုင် သေးတာတွေ ၊ အံ့ဩ ထူးဆန်းတာတွေ ရှိနေသေးတယ်ဆိုတာ သက်သေတွေဘဲ မဟုတ်ပါလားနော်။ ဒီအဖြစ်အပျက် အကြောင်းများကိုတော့ Maria ရဲ့ “Mystical Rain of Stones” ဆောင်းပါးကို ဘာသာပြန်တာ ဖြစ်ပါတယ်ရှင်.. ကျောက်ခဲမိုး၊ ငါးမိုး၊ ပဲမိုးတွေ ရွာတာနဲ့ ပတ်သက်ပြီး တွေ့ကြုံဖူးတာ၊ ကြားဖူးတာများ ရှိခဲ့ရင်လည်း ကော်မန့်မှာ ရေးသွားခဲ့ပါ။

ချော(အစိမ်းရောင်လွင်ပြင်)

Leave a Reply