ရွှေရောင်လွှမ်းတဲ့ ဇလုံတောင်အကြောင်း သိကောင်းစရာ

Posted on

ရေးသားသူ –  ကျော်မိုးဝင်းသန့်

ဇလုံတောင်သည် စစ်ကိုင်းတိုင်း ၊ ကသာခရိုင်၊ ဗန်းမောက်မြို့ အနောက်မြောက်ဖက်တွင် ရှိသော ကျောက်တောင်တစ်လုံးဖြစ်သည်။ ကျောက်တောင်၏ တည်ရှိနေပုံ ဆန်းကြယ်မှုနှင့် တည်ထားသော ဘုရားတို့ကြောင့် ထင်းရှားသည်။ ဓာတ်ပုံကို မြင်ရုံနှင့် လာချင်လာအောင် ဆွဲဆောင်မှုရှိသော ညှို့ဓာတ်ရှိသည်ဟု ခေါ်နိုင်သည့် တောင်တစ်လုံးဖြစ်သည်။

မြန်မာနိုင်ငံ အထက်ပိုင်း၌ ထူးကဲ့သော ဂုဏ်တန်ခိုး တော်နှင့် ပြည့်စုံသော ဇလုံတောင် စေတီတော်ကြီးမှာ မွန်ပြည်နယ်မှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးနှင့် ပမာတူစွာအံ့ဖွယ် ထူးခြားသော ဉာဏ်တန်ခိုးတော် တို့နှင့် ပြည့်စုံသော သမိုင်း ဝင်စေတီတော်ကြီး တစ်ဆူ ဖြစ်ပါသည်။

ပင်လယ်ရေ ပြင်ထက် အမြင့်ပေ (၃ဝ၉ဝ) အမြင့်ရှိသော သေလာ ပဗ္ဗက တောင်ထိပ်ပေါ်ဝယ် ထူးတင့်စွာ ဖူးမြော်ခွင့်ရသော ဇလုံတောင် စေတီတော်ကြီးမှာ သမိုင်းအခြေခံ တောင့်တင်းခဲ့သည်။ သမိုင်းဖြစ်တော်စဉ် အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်း ဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္ဓာ (၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖ လှူဒါန်းသော ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့သည်။

ဤသို့သော မှတ်တမ်းမှတ်ရာများ၏ ဆင်း သက်မှုအရ သက္ကရာဇ်(၄၉၂) ခုနှစ်၌ အရှင်အရဟံနှင့် အရှင်အာစရ ဘွဲ့မည်ရသော ရဟန္တာ (၂)ပါး ဇလုံတောင်သို့ ကြွတော်မူပြီး တောင်၏အမြင့်ဆုံး ကျောက်စာတွင် ဖေါ်ပြထား သည်။ ဒေသန္တရဗဟုသုတကို လေ့လာရှာမှီးကြသော ဘုရားဖူးများမှာ တယ်ပင်ပြန့်မှ လူသွားကျောက်ခြပ်တို့အကြားမှ တောင်ထိပ်ပေါ်သို့ တက်ရောက်ကြရသည်။ ဇလုံ တောင် ဝန်းကျင်၌ ကမ္ဘာ့အံ့စရာတစ်ခုနှယ်မြင်တွေ့ကြရသော ကျောက်မဏ္ဍပ်ကြီး ကလည်း အံ့မခန်းစရာပင်။

ထိုကျောက်မဏ္ဍပ်၌ ရှေးပဝေသဏီနှစ်ပရိစ္ဆေဒကတည်းက ကျောက် ဖြစ်ရုပ်ကြွင်းများအဖြစ် မြင်တွေ့နေရဆဲဖြစ်သော ကျောက်ဆန်အိတ်ကြီး များကလည်း အံ့ဩစရာကောင်းပါသည်။ အကျယ်အဝန်းကြီးမားလှသော ကျောက် မဏ္ဍပ်ကြီးပေါ်၌ စေတီငယ်များနှင့် ဗုဒ္ဓရုပ်ထုတော်တို့ကလည်း သပ္ပါယ်ကြည်ညိုစရာ ဖူးတွေ့ရသည်။

ဇလုံတောင်တည်ရှိရာ တောကြီးတောင်ကြီးထဲ၌ သဘာဝ၏ဆေးဖက်ဝင် တောဆေးတောမြစ်တို့ စုံလင်လှ၏။ တောရဆောက်တည်၍ တရားရှာမှီးကြသည့် ယောဂီသူတော်စင်နှင့် ရဟန်းတော်တို့ အနေအစားချို့တဲ့စွာနှင့် တပအကျင့်ကို ကျင့်ကြံ လှက်ြရှိကြသည်မှာ တောရ၏ စိတ္တဝိဝေကတစ်ခုဖြစ်သည်။

ဇလုံတောင်သည် သာယာသည်၊ လှပသည်၊ အေးချမ်းသည်၊ သန့်ရှင်းသည်။ ကြည်နူးရသည်။ ဆန်းသစ်သည်၊ ရင်ခုန်ရသည်။ စိတ်ဓာတ်လန်းစွင့်သည်။ နက်နဲသော တောရ၏အလှ လြှိုမြှောင်ရရုံတို့၏ အံ့ဖွယ်ဆန်းပြားမှုနှင့် ပေါကြွယ်ဝသည်။ ကတူးနှင့် ရှမ်း၊ ကဏန်း တိုင်းရင်းသားတို့ အခြေချ နေထိုင်လှက်ြရှိသော ဗန်းမောက်မြို့နယ်မှာ သဘာဝက အစုလိုက်အပုံလိုက် ဖန်တီးပေးထားသော ပန်းစုံ တောကြီးနှင့် တောမြိုင်ကြီးကား လူပေါင်းများစွာ အတွက် စိတ်ဓာတ်ကို ညှို့ငင် ဖမ်းစားနိုင်စွမ်းသော ရတနာသိုက်ကြီးတစ်ခုသာ ဖြစ်ပါသည်။

ကျောက်တောင်သည် သံတောင်(၄၄၄)တောင် ပေအားဖြင့်(၆၆၆)ပေ မြင့်ပါသည်။ တစ်ချိန်က သလွန်တောင်ဟုခေါ်ဆိုခဲ့ကြပြီး နောင်တွင် ဒေသခံများက ဇလုံမှောက်ထားသည်နှင့်တူ၍ “ဇလုံတောင်” ဟု ခေါ်ဆိုခဲ့ကြကြောင်း သိရှိရပါသည်။ ကျောက်တောင်ကြီးပေါ်တွင် ဘုရားတည်ခဲ့သည်မှာ (၄၉၂)ခုက ဖြစ်သည့်အတွက် နှစ်ပေါင်း(၉၀၀)ခန့် ကြာခဲ့ပြီဖြစ်သည်။

အရှင်ဓမ္မဒဿီအမည်ရှိ ရှင်အရဟံနှင့် တပည့် အရှင်အာစာရမထေရ်မြတ်(၂)ပါးသည် ဇလုံတောင်သို့ ကြွရောက်တော်မူပြီး ဣစ္ဆာသရလိုတရ ချမ်းသာကြီး အောင်တော်မူ အောင်ဆုယူစေတီများကို ဦးစွာပထမ တည်ထားကိုးကွယ်ခဲ့ပါသည်။(၁၂၁၁)တွင် ဘုန်းတော်ကြီး ဦးသာအေးက ဒုတိယအကြိမ်မွမ်းမံ ပြု ပြင်ပြီး။(၁၂၇၆)တွင် စက်တောကိုးဌာနအဝင်  ကန်ရွာကျောင်းဆရာတော်၊တိုက်သူကြီး ဦးရွှေသီးနှင့် ဝေးနီးမြို့ရွာ ဒါယကာတို့က ကြေးချိန် (၂၅)ပိဿာရှိ ကြေးခေါင်းလောင်းသွန်းလုပ်လှူ ဒါန်း ခဲ့ပါသည်။

(၁၂၉၇)တွင် သောင်သွတ်မြို့ ဝဲတက်ရွာဇာတိ အရှင်ကုဝေရက သားတော်တောင်ကျောက်ပလ္လင်၌ ဂန္ဓကုဋိတိုက်စေတီ(၅)ဆူ တည်ပြီး။ဥာဏ်တော် (၄)ပေရှိ လိုတိုင်းပြည့် ဗျာဒိတ်ပေး(ပဉ္စလောဟာ) ဗုဒ္ဓရုပ်ပွားတော်ကို သွန်းလောင်းပြီး တတိယအကြိမ် သာသနာပြုခဲ့ကြလေသည်။

သက္ကရာဇ်(၁၃၁၁)တွင် စက်တောကုန်းရိုးကြီးကျောင်း ဆရာတော်နှင့် အလယ်ရွာ ကန်ရွာ အနောက်တာ ဆရာတော်ကြီးများ ဦးဆောင်ပြီး ဝေးနီးမြို့ရွာ ဒါယကာတို့က အောင်ဆုယူ အောင်တော်မူ စေတီများကို မွမ်းမံပြင်ဆင်၍ စတုတ္ထအကြိမ် ရွှေထီးတော်အထွဋ်တင်လှူ ကာ သာသနာပြု ခဲ့ကြောင်း သာသနာ့မော်ကွန်းတင် ကျောက်စာတွင် ဖော်ပြထားပါသည်။

ဤသို့ သာသနာပြုဒေသခံဆရာတော်ကြီးများနှင့် သာသနာပြုကုသိုလ်ရှင်များသည် အခါအားလျော်စွာ မွမ်းမံပြင်ဆင်ပြု ပြင်ခဲ့ကြသော်လည်း တစ်ချိန်က ထိန်းသိမ်းစောင့်ရှောက်မည့်ပုဂ္ဂိုလ် မရှိခဲ့၍ သမိုင်းဝင်စေတီတော်များမှာ တောမီးလောင်ခြင်း ဌာပနာဖောက်ခြင်းများကို ခံရသဖြင့် ပျက်စီးခြင်းသို့ ရောက်ခဲ့ရဖူးကြောင်း။ တောနက်အတွင်း လမ်းပန်း ဆက်သွယ်မှုခက်ခဲပြီး(ဗကပ)များ သောင်းကျန်းစဉ် ကာလက တိမ်မြုပ်ပျောက်ကွယ်ခဲ့ရကြောင်း။ ၁၉၉၀ ခုနှစ်တွင် ဗန်းမောက်မြို့နယ်ဒေသခံ ဆရာတော်များ၏ကြိုးပမ်းရှာဖွေမှုဖြင့် ပြန်လည် ဖော်ထုတ်နိုင်ခဲ့ကြောင်းများကို သိရှိရပါသည်။

ကျောက်တောင်ကြီးတွင်”ခမည်းတော်တောင်”နှင့် “မယ်တော်တောင်”ကျောက်လုံးကြီးနှစ်လုံးပူးတွဲပြီး ဘေးအနည်းငယ်နိမ့်သော နှစ်ဖက်တွင် “သားတော်တောင်”နှင့်”သမီးတော်တောင်”နှစ်လုံးပူးတွဲကာရှိနေခဲ့ပါသည်။ သို့ရာတွင် လွန်ခဲ့သော နှစ်(၄၀)ခန့်က “သမီးတော်တောင်”အပိုင်း  ပဲ့ကျခဲ့လေသည်။အဆိုပါကျောက်တုံးကြီး ပဲ့ကျသောအသံသည် ဗန်းမောက်မြို့နယ် တစ်နယ်လုံး သိမ့်သိမ့်တုန် မြည်ဟီးရိုက်ခတ်ခဲ့ကြောင်း သိရပါသည်။

တောင်ခြေအရင်းမှ တောင်ထိပ်သို့တက်ရာတွင် ကျောက်တောင်ကြီးနှစ်လုံးအကြားမှ အုတ်လှေကား နှင့် ကွေ့ပတ်တက်ရသည်။ ကျဉ်းကျပ်သောနေရာတွင် ကျောက်တံခါးကြီးရှိသလို ကျောက်တုံးကြီး နှစ်တုံးအကြား ကုတ်ကတ်တွယ်တက်ရသည့် နေရာများလည်းရှိပါသည်။ဤဘုရားကိုဖူးလျှင် အရိမေတ္တေယျဘုရားကိုဖူးတွေ့ရန်စာရင်းတွင် ပါဝင်မှာဖြစ်ကြောင်း အဆိုရှိသည့်တောင်လည်းဖြစ်ပါသည်။

ဇလုံတောင်ခြေတွင် ဘုန်းတော်ကြီးကျောင်း။ ဓမ္မာရုံ။ သိမ်နှင့် တည်းခိုဆောင်များ။ရေစက်။ မီးစက်။ ရဟတ်ယာဉ်ကွင်း။ စားသောက်ဆိုင်ခန်းများ စသည်တို့ရှိပါသည်။ဇလုံတောင်တော်ပေါ်တွင်မူ ခမည်းတော်ဆောင်(မနောမယအောင်ဆုယူစေတီ) မနောမယ အောင်တံခွန်တော်။သားတော်ဆောင်စေတီ (လိုတိုင်းပြည့် ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွားတော်)။ ချမ်းသာကြီး အဘယလာဘမုနိ နဂါးရုံဘုရားကြီး။ ချမ်းသာကြီး နဂါးရုံ ဗုဒ္ဓရုပ်ပွားတော်နှင့် မနောမယအလိုတော်ပြည့် ကိုးနဝင်းစေတီတို့ကို ဖူးတွေ့ရမည်ဖြစ်ပါသည်။ ဇလုံတောင်ဘုရားပွဲတော်ကို နှစ်စဉ် တန်ခူးလပြည့်ကျော်(၁၂)ရက်မှ ကဆုန်လဆန်း (၂)ရက်နေ့အထိ ကျင်းပလေ့ရှိပါသည်။

အစဉ်အဆက်ယုံကြည်ကြသည့် ဇလုံတောင်တော်၏ထူးခြားချက်များမှာ

၁။ဂေါတမဗုဒ္ဓမြတ်စွာဘုရားသခင် ၇ ရက်သီတင်းသုံးခဲ့ခြင်း။
၂။အရိမေတ္တယျဘုရားရှင် တရားဦးဟောမည့်နေရာဖြစ်ခြင်း။
၃။ဇလုံတောင်ဘုရားကို ဖူးသူတိုင်း နောင်ပွင့်မည့် ဘုရားရှင်နှင့် တွေ့ကြုံ ရန် စာရင်းဝင်ခြင်း။
၎။ဇလုံတောင်တော်၏အောက်ခြေတွင်စီးဆင်းနေသော ချောင်းငယ်တစ်ခုတွင် ရောင်စုံကျောက်သံပတ္တမြားနှင့် ရွှေမှုန်ရွှေဖတ်များ မျောပါနေတတ်ခြင်း။

၅။အဆိုပါချောင်းငယ်ရေသည် ကချင်ပြည်နယ်အတွင်းရှိ အင်းတော်ကြီးအိုင်အထိ ထိစပ်မှုရှိနေခြင်း။
၆။တစ်ပေါင်းလ လပြည့်လကွယ်ရက်များတွင်အလွန်ကြီးမားသော မျောက်ဖြူ ကြီးတစ်ကောင် ဘုရားဖူးလာလေ့ရှိခြင်း။
၇။အဆိုပါမျောက်ဖြူ ကြီးဘုရားလာဖူးမည်ဆိုလျှင် လပြည့်ညပင်ဖြစ်လင့်ကစားမိုးရွာသွန်းခြင်းနှင့် ဘုရားမှရောင်ခြည်တော်လွှတ်ကာ နိမိတ်ပြတတ်ခြင်း။

၈။ဤတောင်သို့ရောက်ဖူးသူတိုင်း အေးချမ်းဆိတ်ငြိမ်သော သဘာဝတရား၏ ဆွဲဆောင်မှုကြောင့် လောကီကိုငြီးငွေ့ပြီး တရာရှာမှီးလိုစိတ်ပြင်းထန်စွာဖြစ်မိစေခြင်း။
၉။ကျောက်တောင်ကြီးသည် အချိန်ရာသီအလိုက် ထူးဆန်းစွာ အရောင်များပြောင်းလေ့ရှိခြင်း။
၁၀။တောင်ထိပ်သို့တက်ရာ ကျောက်ကြားလမ်း ကျောက်တံခါးတွင် အကုသိုလ်ကြီးသူများ မဝင်ရောက်နိုင်ခြင်း။

“အံ့ဖွယ်ထူးမြတ် ကျောက်မဏ္ဍာပ်တောင်တော်”

ဇလုံတောင်တော်၏ တောင်ဘက်(၂)မိုင်ခန့် အကွာ တောင်ပေါ်တွင် ကျောက်မဏ္ဍာပ်ဘုရားရှိပါသည်။ ကျောက်မဏ္ဍာပ်ဆိုသည်မှာ တောင်ထိပ်တွင်အလျားပေ(၈၀)အနံပေ(၇၀) ခန့်ရှိသော ကျောက်ဖျာကြီးတစ်ချပ် အုပ်မိုးနေခြင်းကိုဆိုလိုပါသည်။ ကျောက်ဖျာကြီးပေါ်တွင် စေတီငယ်တစ်ဆူနှင့် ကျောက်ဖျာအောက်တွင် ဆင်းတုတော် တစ်ဆူတည်ရှိပါသည်။ကျောက်ဖျာတစ်ဘက်ခြမ်းတွင် နောင်ပွင့်မည့်ဘုရားအား လှူ ဒါန်းရန်အတွက်ဟု ဆိုကာ ကျောက်ဆန်အိတ်များစီထားသည်ကို တွေ့ရပါသည်။ကျောက်မဏ္ဍာပ်မှ အပြန်တွင် သဘာဝကျောက်တံတားကို ဖြတ်လျှောက်ရမည်ဖြစ်ပါသည်။ ဇလုံတောင်သို့ မရောက်မီ ခရီးတစ်ထောက် ဝင်းရောက် နားခိုနိုင်ပါသည်။

တန်​​ဆောင်​မုန်းလပြည့်​ည ဇလုံ​တောင်​​ရွှေ​ရောင်​လွှမ်းသည့်​ မြင်​ကွင်း ဗွီဒီယို

လေ့လာဖတ်ရှု မေးမြန်းစုံစမ်းမိသမျှ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
ကျော်မိုးဝင်းသန့်

Leave a Reply