မျောလွင့်နေတဲ့ အိမ်ဖြူတော် (သို့) အဲဖို့ဝမ်း

Posted on

လက်ရှိကမ္ဘာပေါ်မှာခေတ်အမီဆုံးနဲ့အလျို့ဝှက်ဆုံးသော လေယာဉ်အဖြစ် အများစုက သတ်မှတ်ထားတာကတော့ အမေရိကန်ပြည်ထောင်စုသမ္မတ စီနင်းလိုက်ပါလေ့ ရှိတဲ့ Air Force One လေယာဉ်တွေဖြစ်ပါတယ်။ ကမ္ဘာသိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဦးဆောင် နေတဲ့ စူပါပါဝါနိုင်ငံကြီးရဲ့ ဥသျှောင်တစ်ဦးစီးနင်းတဲ့ ယာဉ်ဖြစ်တာကြောင့်လည်း နောက် ဆုံးပေါ်နည်းပညာရပ်တွေကို တစ်စုတစ်စည်းထဲ တွေ့မြင်နေရတာ အဆန်းတော့ မဟုတ်ပါဘူး။

Air Force One လေယာဉ်ဟာ အမေရိကန်သမ္မတစီးနင်းတဲ့ အထူးလေယာဉ်တစ်ခုအဖြစ်သာမက လေယာဉ်နဲ့ပူးတွဲပါဝင်လာတဲ့ ခေတ်မီဖွဲ့စည်း တည်ဆောက်ပုံတွေကြောင့် လေပ်ါမှာ မျှောလွင့်နေတဲ့ ဟိုတယ်တစ်ခုနဲ့ ပိုတူပါတယ်။ Air Force One နဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အချက်အလက် များစွာတည်ရှိနေပြီး အမေရိကန်ဟောလီးဝုဒ် ရုပ်ရှင်တွေထဲကလို ဆန်းပြားတဲ့ နည်းပညာရပ်တွေအားလုံးလည်း ဒီလေယာဉ်မှာတည်ရှိနေပါတယ်။

ဒီတစ်ခါမျှဝေပေးချင်တာကတော့ Air Force Oneရဲ့ လူသိပ်မသိ လောက်သေးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံအချက်အလက်တွေနဲ့ အမေရိကန်သမ္မတ အချို့ရဲ့ ထူးထူးဆန်းဆန်း အပြုအမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။ နည်းပညာခေတ်ဖြစ်တာနဲ့ အညီ ယခုဖော်ပြမဲ့အချက် အလက်တွေဟာ တစ်ဟုန်တိုးပြောင်းလဲနေတဲ့ အမေရိကန်သိပ္ပံပညာကျော်တွေ ကြောင့် Up to Date မဖြစ်နိုင်တာကိုလည်း ဝန်ခံပါရစေ။

၁။ အကျယ်အ၀န်း – စတုရန်းပေ ၄၀၀၀

၄၀၀၀ စတုရန်းပေကျယ်ဝန်းတဲ့ Air Force One ဟာ အိမ်ကြီးတစ်အိမ်လောက်ကို ကြီးမား ပါတယ်။ Air Force One အတွင်းမှာ အမေရိကန်အစိုးရ ရုံးဌာနတွေ၊ မီဒီယာနဲ့ သတင်း ထုတ်ပြန်ရေးရုံးခန်းတွေ၊ လေယာဉ်ပေါ်ပါဝင်လာတဲ့ ခရီးသည်တွေရဲ့အိတ်တွေ ထားရှိရမဲ့ သီးသန့်နေရာတွေ အပြင် သမ္မတကတော် First Lady အတွက် အခန်းတွေပါရှိပါတယ်။ စတုရန်းပေ ၄၀၀၀ အကျယ်အ၀န်းဟာ သမ္မတတစ်ယောက်အတွက် လုံလောက်ပြီး စီစဉ်ညွှန်ကြားချက် လုပ်ငန်းဆောင်တာတွေအားလုံးကို လေယာဉ်ပေါ်မှာပဲ လုပ်နိုင်ပါတယ်။ အိပ်ခန်း ၊ ရေချိုးခန်း ၊ ရေစိမ်ကန်နှစ်ခု ၊ အိမ်သာတွေနဲ့ Gym အသေးစားတစ်ခုပါဝင်ပါတယ်။

၂။ အထပ် ၃ ထပ် ပါရှိပါတယ်

ယနေ့ခေတ်အသုံးပြုနေကြတဲ့ Boeing 747sလေယာဉ်တွေမှာတောင် အထပ်နှစ်ထပ် သာပါဝင်ပေမဲ့ Air Force Oneမှာတော့ အထပ်(၃)ထပ်ပါဝင်နေပါတယ်။ လေယာဉ် အတွင်းဝင်ရောက်ရာမှာ အမေရိကန်သမ္မတက
ဒုတိယမြောက်အထပ်ကနေ ဝင်လေ့ရှိ ပြီး ကျန်တာဝန်ရှိသူတွေကတော့ အောက်ဆုံးထပ်ကနေ Air Force One အတွင်းနေရာ ယူကြရပါတယ်။

ရုပ်မြင်သံကြားတွေမှာ တွေ့ရတဲ့ အမေရိကန်သမ္မတစတင်ဆင်းသက် လာတဲ့ လှေကားဟာ Air Force One ဒုတိယ အထပ်ကနေ ပေါ်ထွက်လာတာ ဖြစ်ပြီး အမေရိကန် သမ္မတနဲ့ အထူးတပ်ဖွဲ့ဝင်တွေမြေပြင်ပေါ်ရောက်ရှိပြီး ကားအတွင်း ဝင်ရောက်တဲ့အချိန်မှာသာ Air Force One အောက်ဆုံးထပ်မှာ နေရာယူထားတဲ့ တာဝန် ရှိသူအချို့နဲ့ဂျာနယ်လစ်တွေဟာ လေယာဉ်ဒုတိယထပ်ကို အလျှင်အမြန် တက်ရောက်ပြီး ဒုတိယထပ်ကလှေကားကနေ မြေပြင်ကို ဆင်းသက်ကြရတာပါ။ အမေရိကန် သမ္မတရဲ့လုံခြုံရေးအစီစဉ်တွေကြောင့် မီဒီယာနဲ့ အပြင်စည်းလုံခြုံရေး တာဝန်ရှိသူ အချို့ဟာ ပင်မတံခါးပေါက်ကနေ Air Force One အတွင်း ဝင်ရောက်နေရာ ယူခွင့်မရှိကြပါဘူး။

၃။ Air Force One ဘိုးရင်း လေယာဉ်က(၂)စီးရှိပါတယ်။

အမေရိကန်သမ္မတ သွားရောက်တဲ့ ခရီး အခြေအနေနဲ့ လေယာဉ်တွေကို သုံးစွဲတဲ့ အချိန်ကို မူတည်ပြီး တစ်စီးပြီး တစ်စီးကို အလှည့်ကျ သုံးပြုကြပါတယ်။ သမ္မတရဲ့လေကြောင်းခရီးစဉ်တွေမှာ ပါဝင်တဲ့လေယာဉ်တွေအနက်က တစ်စီးဖြစ်တဲ့ C-20C ဂျက်လေယာဉ်ဟာ လည်းAF1နဲ့အတူ အထူးတာဝန်တွေကို တွဲဖက်ထမ်းဆောင် ပါတယ်။ Guifstream လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ နောက်ဆုံးနည်းပညာတွေ အသုံးပြုဖန်တီးထားတဲ့ အဲဒီလေယာဉ်ရဲ့ တာဝန်ကတော့ အရေးပေါ်အခြေအနေ ကျရောက်ခဲ့ပါက အန္တရာယ်စက်ကွင်းကနေ သမ္မတကို ခေါ်ထုတ်သွားရန်ဖြစ်ပါတယ်။

၎။ အသေးစားဆေးရုံတစ်ခုပါပါတယ်။

အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ရုတ်တရတ်မနာမကျန်း ဖြစ်သွားပါက အရေးပေါ်ကုသ နိုင်တဲ့ ဆေးရုံတစ်ရုံဟာ Air Force One အတွင်းတွဲဖက် ပါဝင်နေပါ တယ်။ သမ္မတရဲ့ ကျန်းမာရေးအတွက်အရေးပေါ်ထားရှိတဲ့ Air Force One ဆေးရုံဟာ အထူးကု ဆရာဝန်တွေရှိနေပြီး ကျန်းမာရေး စမ်းသပ်မှုတွေအပြင် လိုအပ်ပါက ခွဲစိတ်ကုသနိုင်လောက်တဲ့ အထိဆေးပစ္စည်းအစုံအလင်ထားရှိပါတယ်။

၅။ လေယာဉ်အမြန်နှုန်း

Air Force one အဖြစ်သုံးထားတဲ့ Boeing 747 ခရီးသည်တင်လေယာဉ်ဟာ တစ်နာရီကို (၆၅၀)မိုင်ထက် ပိုပြီးတော့ တောင်သွားလာနိုင်တာကြောင့် ကမ္ဘာပေါ်က စက်တပ်ယာဉ်တွေထဲမှာတော့ ထိပ်တန်း နေရာကနေ ပါဝင်နေတာအမှန်ပါပဲ။ ဒါကို အဆင့်မြှင့်တင်ထားတဲ့ Air Force One ကတော့ အဲဒီ ပမာဏထက် ပိုမို မြန်ဆန်တယ်လို့ သိရပြီး တစ်နာရီကို မိုင်(၇၀၀)ထက်ပိုမို ပျံသန်းနိုင်တယ် သိရပါတယ်။ ဒါပေမဲ့ အဲဒီအသွားနှုန်းဟာ လွန်ခဲ့တဲ့ ကာလတွေတုန်းက ဖြစ်ပြီး ယနေ့ အချိန်မှာတော့ Air Force Oneရဲ့ အမြန်နှုန်းကို တစ်သမတ်တည်း ထားဖို့ တော့ မလွယ်ကူနိုင်ပါဘူး။

၆။ သွားနိုင်တဲ့ အကွာအဝေး နဲ့ ပျံသန်းနိုင်တဲ့ အမြင့်

Boeing 747 ခရီးသည်တင်လေယာဉ်ကြီးဟာ ဆီဂါလန် (၅၃၀၀၀)ဂါလန်လောက်အပြည့်ဖြည့်နိုင်ပြီး ဒီပမာဏထည့်ထားမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝက်ခရီးကိုပျံသန်းဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် လေယာဉ်ရဲ့ဝန်အလေးချိန်ကတော့ ပေါင် ၈၀၀၀၀၀ လောက်အထိကို တက်သွားမှာဖြစ်ပါတယ်။ ဒါအပြင် ပုံမှန် Boeing 747 ခရီးသည်တင်လေယာဉ်တစ်စီးဟာ မြေပြင်ကနေပေပေါင်း(၄၅၀၀၀)ကျော်လောက် ပျံသန်းနိုင်တယ်လို့ ယေဘုယတွက်ချက်ကြပေမဲ့ Air Force One ကတော့ ခရီးသည်တင် လေယာဉ်အားလုံးထက် ပေပေါင်း(၁၀၀၀၀)ကျော် အမြင့်အထိပိုမို ပျံသန်းနိုင်ပါတယ်။

၇။ နျူကလီးယားဒါဏ်ခံနိုင်ပါတယ်

Air Force One ဟာ နျူကလီးယားလက်နက်ဒဏ်ကိုလည်း အကောင်းဆုံးခုခံနိုင်အောင် တည်ဆောက်ထားပြီး နျူကလီးယားပေါက်ကွဲမှုတွေကြားမှာတောင် ဖြတ်သန်းပျံသန်း နိုင်အောင်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါအပြင် Air Force One ရဲ့ ကိုယ် ထည်တွေဟာ မြေပြင်ကိုပြင်းထန်စွာ ရိုက်ခတ်မိခဲ့ရင်တောင် ပြိုပျက်ကျသွားမှာ မဟုတ် တဲ့အပြင် လေပေါ်မှာရှိနေတဲ့ ဗုံးဒါဏ်ခံနိုင်တဲ့အိမ်တစ်လုံးလိုပါပဲ။

၈။ လေပေါ်မှာပဲ လောင်စာဆီ ဖြည့်တင်းနိုင်တယ်

Air Force Oneရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ဝေဟင်ပေါ်မှာပဲ လောင်စာဆီ ဖြည့်တင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။မြေပြင်ထက်အမြင့် (၃၅၀၀၀)လောက်မှာ ရပ်တန့်ပြီး အခြားဆီတင်လေယာဉ်တစ်ခုရဲ့ အကူအညီနဲ့ ဆီဖြည့်တင်းနိုင်တဲ့ Air Force Oneတွေ ဟာလေကြောင်းသမိုင်းမှာတော့ အဆန်းအပြားတွေကိုလုပ်ဆောင်ပြနေသလိုပါပဲ။

၉။ မီးဖိုချောင်နှစ်ခု ပါပါတယ်

Air Force Oneလေယာဉ်ဟာ အမေရိကန်သမ္မတ တစ်ဦးတည်းခရီးသည် အဖြစ်လိုက် ပါနေတာမျိုးမဟုတ်ပဲ သံတမန်တွေ၊ဂျာနယ်လစ်တွေ၊သမ္မတရုံးဝန်ထမ်းတွေ၊ သက်ဆိုင် ရာခရီးအတွက် တာဝန်ခံပြည်ထောင်စုဝန်ကြီးတွေ ပါဝင်လိုက်ပါလေ့ရှိပါတယ်။ ခုဖော် ပြသူတွေကလွဲလို့ ကျန်ရှိတဲ့လေယာဉ်ဝန်ထမ်းတွေဟာ ခရီးစဉ်မပြီးဆုံးချိန်အထိ အိပ်စက်နားနေလို့မရပါဘူး။ သာမန်ခရီးသည်တင်လေယာဉ်တွေမှာတော့ မီးဖိုချောင် အသေးလေးတွေ တွဲဖက်ပါဝင်လေ့ရှိပေမဲ့ Air Force One မှာတော့ မီးဖိုချောင် (၂)ခုအထိ ပါဝင်နေပြီး လူ(၁၀၀)စာကို အဆင့်သင့်ကျွေးနိုင်တဲ့ အစားအစာတွေကို သိုလှောင်ထား ရှိပါတယ်။ အစားအစာချက်ပြုတ်သူတွေကိုတော့ အထူးအေ့ဂျင့်တွေက အမြဲစောင့် ကြည့်လေ့ရှိပါတယ်။

၁၀။ ဖုန်းအလုံးပေါင်း ၈၅လုံးပါဝင်ပါတယ်။

သာမန်လေယာဉ်ခရီးစဉ်တွေမှာတော့ ခရီးသည်တွေရဲ့ လက်ကိုင် ဖုန်းကို ပိတ်ရလေ့ရှိပါတယ်။ ဒါပေမဲ့ Air Force One မှာတော့ ဖုန်းအသုံးပြုခွင့်ရှိနေပြီး လေယာဉ်ပေါ်မှာတင် တစ်ချိန်တည်းအသုံးပြုနိုင်တဲ့ ဖုန်း(၈၅)လုံးလောက်ကို တပ်ဆင် ထားပါတယ်။

၁၁။ လေယာဉ်ဘီးတွေက ကင်မရာတွေ

(၁၉၅၉)ခုနှစ်နောက်ပိုင်းကာလတွေက Air Force Oneလေယာဉ်ဘီးတွေရဲ့ အနောက်ဘက်မှာ လျို့ဝှက်ကင်မရာတွေကို တပ်ဆင်ခဲ့ဖူးပါတယ်။ ဒီကင်မရာတွေဟာ မြေပြင်အောက် ပေ(၃၀၀၀၀)လောက်က အရာတွေကိုတောင် မှတ်တမ်းတင်နိုင်ကြ တယ်လို့ ဆိုပါတယ်။ ဒါဟာအမေရိကန် စီအိုင်အေက ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Allen Dulles ရဲ့အကြံဖြစ်ပြီး Washington D.Cဧရိယာအတွင်းမှာရှိတဲ့ လေဆိပ်တွေ အားလုံးမှာလည်း ဒီလိုကင်မရာတွေကို တပ်ဆင်ထားခဲ့တယ်လို့ဆိုပါတယ်။

၁၂။ အမေရိကန်သမ္မတ နဲ့ Coors ဘီယာ

အမေရိကန်သမ္မတတွေနဲ့ ပတ်သက်ပြီး Air Force One မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ ဖူးပါတယ်။ အကြောင်းကတော့ အမေရိကန်နာမည်ကျော်ဘီယာတံဆိပ်ဖြစ်တဲ့ Coors ဟာ ရောင်းအားမြှင့်ထုတ်ကုန်ဖြစ်ပြီး တစ်ခါတစ်ရံ အမေရိကန်အရှေပိုင်းမှာ ဝယ်လို့မရ တော့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အမေရိကန်သမ္မတ တစ်ဦးဖြစ်လာတဲ့ Gerald Ford လက်ထက်မှာတော့ Coors ဘီယာကို Air Force One အတွင်းမှာ သောက်သုံးနိုင်အောင် လျို့ဝှက်စီမံခဲ့ပါတယ်။ အမှန်က ဒီဘီယာကိုသောက်သုံးတဲ့ အလေ့အထဟာ Gerald Ford ရှေကသမ္မတ ဖြစ်ခဲ့တဲ့ Richard Nixon လက်ထက်ကတည်းကဖြစ်ပြီး သူကလျို့ဝှက် ထားခဲ့တာပါ။

၁၃။  သမ္မတတွေနဲ့ အစားအစာ

အမေရိကန်သမ္မတတွေအနက် စစ်လိုလားတဲ့ခေါင်းဆောင်အဖြစ် နာမည်ကျော်ခဲ့တဲ့ George HW Bush ဟာ အစားအစာနဲ့ပတ်သက်ပြီး ဇီဇာကြောင်သူတစ်ဦးအဖြစ် နာမည်ကျော်ပါတယ်။ အထူးသဖြင့်သူဟာ ဟင်းသီး၊ဟင်းရွက်တွေကို စားသောက်ခြင်း ကို လုံးဝမနှစ်သက်သူ ဖြစ်ပြီး Broccoli (ပန်းမုန်လာဥမျိုး)ကို Air Force One အတွင်းမှာ မတင်ဆောင်ဖို့ ထူးထူးခြားခြား စည်းကမ်းထုတ်ပြန်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတဘုရှ်ရဲ့ စားဖိုမှူးက သမ္မတရဲ့အမုန်းဆုံးအရာတွေဟာ ဟင်းသီးဟင်းရွတ်တွေ ဖြစ်ပြီး ယင်းကာလက Air Force Oneအတွင်းမှာသာမက အိမ် ဖြူတော်မှာပါ အထက်ပါစည်းကမ်းကို ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ Reagan ရဲ့ထူးဆန်းတဲ့ ဗီဇကတော့ ဂျယ်လီအလုံးသေးသေးလေးတွေကို ထည့်သွင်းထားတဲ့ ဘူးအသေးလေးတွေကို သူအနီးပတ်ဝန်းကျင်မှာ ထားရှိစေတာပဲဖြစ်ပါတယ်။ သမ္မတဟာ အဲဒီဂျယ်လီဘူးတွေအတွင်း လက်နှိုက်နေရ တာကို အတော်ဘဝင်ကျနေတဲ့ပုံပေါက်ပြီး Air Force Oneအတွင်းမှာသာမက အိမ်ဖြူ တော်မှာရှိတဲ့ ဘဲဥပုံရုံးခန်း၊ အစည်းအဝေးခန်းတွေ အထိတိုင်အောင် ဂျယ်လီစေ့ဘူးတွေ ကိုထားရှိစေပါတယ်။ သမ္မတ Reaganရဲ့ သက်တော်စောင့်တွေ အတွက် အလုပ်တစ်ခု ပိုလာတယ်လို့ပဲ သတ်မှတ်ရမှာပါ။

၁၄။ မည်သည့်လေဆိပ်ကိုမဆို အတက်၊အဆင်းပြုလုပ်နိုင်

နာမည်ကျော် Air Force Oneအတွက်တော့ အခြားလေယာဉ်တွေလို လေကြောင်းဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာဖို့မလိုအပ်ပါဘူး။ ဒါအပြင် အခြားလေယာဉ်တွေလို ဆိုက်ရောက်တဲ့ လေဆိပ်နဲ့ ထွက်ခွာရတဲ့လေဆိပ်တွေရဲ့ လေကြောင်းဆိုင်ရာ စစ်ဆေးချက်တွေကို ရှောင်ရှားနိုင်ပြီး စစ်ဘက်နယ်ဘက်ဆိုင်ရာ မည်သည့်လေဆိပ်ကိုမဆို အတက်၊အဆင်းပြုလုပ်နိုင်ပါတယ်။

၁၅။ မျှောလွင့်နေတဲ့ အိမ်ဖြူတော်

အချို့ကတော့ Air Force Oneကို မျှောလွင့်နေတဲ့ အိမ်ဖြူတော်အဖြစ် တင်စားခေါ်ဆို ကြပါတယ်။ အကြောင်းကတော့ အိမ်ဖြူတော်မှာပြုလုပ်နိုင်တဲ့ အမေရိကန်သမ္မတရဲ့ တာဝန်အများစုကို Air Force Oneပေါ်မှာပဲ ပြုလုပ်နိုင်လို့ ဖြစ်ပါတယ်။ နျူကလီးယား လက်နက်၊ ဓာတုလက်နက် ဒဏ်ကိုခံနိုင်တဲ့အပြင် Air Force One ဟာ ရေဒါဖျက်စနစ်တွေကိုပါတပ်ဆင်ထားပြီး သူဦးတည်ရာအရပ်ကို ဘေးရန်ကင်းကင်းနဲ့ သွားလာနိုင်လို့ပါ။

အကြမ်းဖက် အဖွဲ့အစည်းတစ်ခု အနေနဲ့ Air Force Oneအတွင်း ဝင်ရောက်လာနိင်ခဲ့ရင်တောင် သမ္မတနဲ့ အခြားခရီးသည်အားလုံး အတွက် အာမခံချက်ရှိတဲ့ လုံခြုံရေးအစီအမံ များစွာလည်း ယာဉ်အတွင်း တစ်ပါတည်း ပါဝင်နေပါတယ်။ ဒါအပြင် လူသိမခံတဲ့ အသေးစိတ် လုံခြုံရေးအစီစဉ်တွေဟာ Air Force Oneအတွင်း အများအပြားကျန်ရှိ နေသေးတယ်လို့ လေ့လာသူ အများစုက သတ်မှတ်ထားကြပါတယ်။

၁၆။ ထိုင်ခုံနေရာသတ်မှတ်ထား

Air Force One လေယာဉ်က ခရီးသည်တွေရဲ့ နေရာခုံတွေဟာ အိမ်ဖြူတော်မှာကဲ့သို့ မည်သူက မည်သည့်နေရာမှာ ထိုင်ရမှာကို လေယာဉ်မထွက်ခင် ကတည်းက သတ်မှတ် ခဲ့ပြီးဖြစ်ပါတယ်။ Air Force One အတွင်းမှာ ရှိတဲ့ ထိုင်ခုံတွေရဲ့ တစ်ဝက်ဟာ လျိုဝှက်လုံခြုံရေးဝန်ထမ်းတွေနဲ့ စီအိုင်အေအထူးအေဂျင့်တွေ အတွက်သီးသန့်ဖြစ်နေတတ်ပါတယ်။

၁၇။ လေယာဉ်တန်ဖိုး

လေယာဉ်ပျံတစ်စီး တည်ဆောက်တဲ့ ဈေးနှုန်းဟာ အလွန်များပြားတယ်ဆိုတာ အားလုံး သိရှိပြီး ဖြစ်ပါတယ်။ အထူးသဖြင့် Air Force One လို အထူးတည်ဆောက်ရတဲ့ လေယာဉ်တွေရဲ့ တန်ဖိုးဟာ အလွန်ကိုများပြားပါတယ်။ အချက်အလက်တွေအရ Air Force Oneရဲ့ ကနဦးတည်ဆောက်ခတင် အမေရိကန်ဒေါ်လာသန်း(၆၆၀)လောက်ကျ သင့်ပြီး သန်း(၁၄၀)ကိုတော့ လက်ငင်းပေးချေရပါတယ်။

၁၈။ အထူးလုံခြုံရေး ရုံးခွဲ

(၂၀၀၂)ခုနှစ်က ဂျာမနီနိုင်ငံဘာလင်ကို သွားရောက်တဲ့Air Force Oneရဲ့ခရီးစဉ် အတွင်းမှာတော့ အမေရိကန်သမ္မတဖြစ်သူ George W Bush က အမေရိကန်အစိုးရရဲ့ အထူးလုံခြုံရေး ရုံးခွဲတစ်ခုကို Air Force Oneပေါ်မှာ ဖွင့်လှစ်ဖို့စတင်ကြိုးပမ်းခဲ့ပါတယ်။ ယင်းကာလက သမ္မတရဲ့ အဆိုပြုချက်ဟာ အမေရိကန်အစိုးရရဲ့ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊စစ်ရေးကိစ္စရပ်တွေကို တာဝန်ရှိသူပိုင်းက အဖြေရှာရန်အကောင်းဆုံး နည်းလမ်းဖြစ်တာကြောင့် လက်ခံခဲ့ပြီး ယနေ့ထက်တိုင်သုံးစွဲလျက်ရှိပါတယ်။

၁၉။ ဂီတကြိုက်တဲ့ သမ္မတ

အမေရိကန်သမ္မတ ကလင်တန်လက်ထက်မှာတော့ Air Force One ဟာ မြူးကြွတဲ့ သံစဉ်တွေနဲ့ အတူခရီးဆက်ခဲ့ရတယ်လို့ဆိုရပါမယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ဘီးကလင်တန်ဟာ ဂျက်မြူးဇစ်ဂီတကို Air Force Oneပေါ်မှာ ကျယ်ကျယ်လောင်လောင် ဖွင့်ရန်သဘောတူခဲ့ ပါတယ်။ ဒါအပြင် သမ္မတ ကလင်တန်ဟာ Air Force One လေယာဉ်ပေါ်မှာပဲ ဆံပင်ညှပ်ခဲ့ဖူးပါတယ်။ အခြားလိုက်ပါမယ့် တာဝန်ရှိသူတစ်ယောက်ကို စောင့်ဆိုင်းရင်းနဲ့ပါ။ (၁၉၉၆) ခုနှစ် ကလင်တန် လက်ထက်မှာပဲ Air Force Oneမှာလိုက်ပါလာတဲ့ မီဒီယာသမားတွေကို FARGO ရုပ်ရှင်ကို လေယာဉ်ပေါ်မှာပဲ ပြသခဲ့ဖူးပါတယ်။

၂၀။ လေယာဉ် ပျံသန်းခ

Air Force Oneကိုတည်ဆောက်ရာမှာ ဈေးနှုန်းမြင့်မားတာမဟုတ်ပါဘူး။ Air Force Oneရဲ့ တစ်နာရီစာ ပျံသန်းခဟာ တစ်နာရီကို အမေရိကန်ဒေါ်လာ (၅၆၀၀၀)ကုန်ကျပါတယ်။ ဒါဟာ ဆီဖိုး၊ဝန်ထမ်းတွေရဲ့လုပ်အားခ၊ ခေတ်မီစက်ပစ္စည်း တွေ လည်ပတ်ရတဲ့ဈေးနှုန်းနဲ့ အထွေထွေကုန်ကျစရိတ်အားလုံးကြောင့် ဖြစ်ပါတယ်။ Air Force Oneရဲ့ ကောင်းကင်ထက်မှာတင်လောင်စာ ဖြည့်တင်းနိုင်တာကြောင့် ကမ္ဘာကြီးရဲ့ မည်သည့်နေရာကိုမဆို သွားသွား အဆင်ပြေပါတယ်။ Air Force Oneမှာတပ်ဆင်ထားတဲ့ စက်ကိရိယာတွေကြောင့်လည်း အဲဒီယာဉ်ရဲ့ ပျံသန်းနှုန်းဟာ အကန့်အသတ်မရှိဘူးလို့တောင် ဆိုကြပါတယ်။

၂၁။ ၀ါယာကြိုးအရှည် မိုင် ၂၄၀

နောက်ဆုံးပေါ် လေယာဉ်တစ်စီးဖြစ်တာနဲ့အညီ နေရာတိုင်းမှာ လျှပ်စစ်ပစ္စည်းတွေကို တပ်ဆင်ထားပါတယ်။ Air Force One မှာရှိတဲ့ ဝိုင်ယာကြိုးအရေအတွက်ဟာ တစ်တန်း တည်းဆွဲဆန့်လိုက်မယ်ဆိုရင်တော့ မိုင်(၂၄၀)လောက် ရှည်ပါလိမ့်မယ်။ ဒီဝါယာကြိုး တွေဟာ လေယာဉ်အတွင်း တယ်လီဖုန်းကြိုးတွေ၊ အခြားဆက်သွယ်ရေးဆိုင်ရာ နည်းစနစ်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။

၂၂။ Air Force One ဆိုတဲ့နာမည်

Air Force One ဆိုတဲ့နာမည်ဟာ အမေရိကန် အစိုးရရဲ့ သီးသန့်ပေးထားတဲ့ နာမည်တစ် ခုတော့မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတနဲ့ ဆက်စပ်ပြီးပေးထားတာ ဖြစ်ပါတယ်။ အမေရိ ကန်သမ္မတဟာ နိုင်ငံရဲ့အဓိက ပုဂ္ဂိုလ်ဖြစ်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ဟာ သူအပေါ်မူတည်နေတာကြောင့် သမ္မတရဲ့လှုပ်ရှားမှုတိုင်းဟာ နိုင်ငံတော်ရဲ့ အရေးကိစ္စ တွေဖြစ်လာပါတယ်။ ဒါကြောင့် သူစီးနင်းတဲ့လေယာဉ်ကို သီးသန့် တစ်စီးတည်း ရှိတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ One ဆိုတဲ့ အဆုံးသတ်ကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ စီးနင်းတဲ့ စစ်လေယာဉ်ကို Army One လို့ခေါ်ရမှာဖြစ်ပြီး သူစီးနင်းတဲ့ ဟယ်ရီကော်ပတာကိုလည်း Marine One လို့ခေါ်ဆိုကြပါတယ်။ အမေရိ ကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်အသုံးအနှုန်းတွေ လို့ဆိုရပါမယ်။ Air Force One ရှိသလို Air Force two လည်းရှိပါသေးတယ်။ ဒါကတော့ အမေရိကန် ဒုတိယသမ္မတ လိုက်ပါစီးနင်းတဲ့လေယာဉ်ကို ခေါ်တာဖြစ်ပါတယ်။

၂၃။ အမှတ်တံဆိပ်

Air Force Oneဆိုတာကတော့ အမေရိကန်သမ္မတရဲ့ အဆောင်အယောင် ၊အမှတ်အ သားတစ်ခုပါပဲ။ Air Force Oneဆိုတာနဲ့ အမေရိကန်သမ္မတစီးနင်းတဲ့ လေယာဉ်ဆိုတာ အားလုံးက သိနေကြပြီး လေယာဉ်ရဲ့ ကိုယ်ထည်မှာလည်း United States of America ဆိုတဲ့တံဆိပ်အပြင် အမေရိကန်ပြည်ထောင်စု သမ္မတတံဆိပ်ကိုလည်း ရေးထိုးတာကို တွေ့မြင်ရမှာပါ။ ယခုအချိန်မှာ ဒီအမှတ်အသားဟာ Air Force Oneနဲ့အတူ ကမ္ဘာကျော် အမှတ်အသားတစ်ခု အဖြစ်ထင်ပေါ်နေပြီ လည်းဖြစ်ပါတယ်။

၂၀၀၁ခုနှစ်၊စက်တင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးသော အကြမ်းဖက်ဖြစ်စဉ်မှာတော့ Air Force One ဟာ ကောင်းကင်ခံတပ်တစ်ခု အနေနဲ့ အမေရိကန် အစိုးရက ပြင်ဆင်ထားကြောင်း ကမ္ဘာကစတင် သတိထားမိပါတယ်။ အမေရိကန် တာဝန်ရှိသူတွေ တစ်ဆက်တည်းနားလည်လိုက်တာကတော့ Air Force Oneရဲ့ အားနည်းနေတဲ့အချိန်ဟာ မြေပြင်ပေါ်မှာ ရပ်တန့်ထားတဲ့ အချိန်ဖြစ်တယ်ဆိုတာ ကိုလည်း သိရှိသွားခဲ့ပါတယ်။ အဲအချိန်ကစပြီး Air Force Oneအတွက် နည်းပညာ ဆိုင်ရာ မြှင့်တင်မှု အချို့ကို စတင်ပြုလုပ်လာကြပါတယ် ။

Air Force Oneကိုတော့ အမေရိကန်လေကြောင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Boeing ကပဲ အထူးဒီဇိုင်းထုတ် ဖန်တီးပေးထားတာဖြစ်ပြီး အိမ်ဖြူတော်နဲ့ အမေရိကန်ပြည်ထောင်စု လုံခြုံရေးဌာနအသီးသီးက Air Force Oneလေယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

Air Force Oneဟာ အမေရိကန်သမ္မတအပါအဝင် လက်ထောက်အကြံပေးတွေ၊ လုံခြုံ ရေးဝန်ထမ်းတွေ၊ သက်ဆိုင်ရာ အမှုထမ်းတွေ အတွက်တော့ ရွေပြောင်းနိုင်တဲ့ ရုံးတစ်ရုံး နဲ့အလားတူနေပြီး စစ်ဘက်ဆိုင်ရာ လျို့ဝှက်ချက်အတော်များများဟာ Air Force One အတွင်းမှာပဲ ထားရှိပါတယ်။

အပေါ်မှာ ရေးထားခဲ့တာတွေကတော့ အမေရိကန်သမ္မတ စီးတော်ယာဉ်ပျံ Air Force One နဲ့ ပတ်သတ်လို့ သုတဇုန်မိတ်ဆွေများ သိချင်နေကြတဲ့ အချက်တချို့ပဲဖြစ်ပါတယ်။

သုတဇုန်

Leave a Reply