ရခိုင်ရိုးမတောနက်ကြီးထဲ ပျောက်ဆုံးသွားသော ဗြိတိသျှတပ်ရင်းကြီး

Posted on

မူရင်းရေးသားသူ – ကပ္ပတိန် ၀န (Wana Htike)

( ကျွန်တော်တို့အရင်က တစွန်းတစကြားဖူးနေတဲ့ အကြောင်းပါ။ ဒီအကြောင်းနဲ့ ပတ်သတ်လို့ သိထားတာရှိရင်လည်း ပြန်လည်ဝေမျှသွားပါဦး )

“ဝိညာဉ်တပ်ရင်း(Ghost Battalion)”

“ကယ်ကြပါ…ကယ်ကြပါ….ကျုပ်တို့နောက်ကို မလိုက်ပါနဲ့တော့”
“ဟာ ….ဘာကြီးတွေလည်း ကျွန်တော့်ကိုမသတ်ပါနဲ့….”

” ဒီ နေရာမှာ …သူတို့ကိုတွေ့ခဲ့တာပါ တပ်ရင်းတစ်ရင်းစာလောက်ရှိတဲ့ အင်္ဂလိပ်စစ်သားကြီးတွေ”
“အား….အား….လာပြီ…လာနေပြီ”…

“ဟော…ခြေသံတွေ…ခြေသံတွေ ဘင်ခရာသံတွေ…သူတို..သူတို့လာပြန်ပြီ ဝိညာဉ်စစ်သားတွေ ဝိညာဉ်တပ်ရင်းကြီး… ဝိညာဉ်တပ်ရင်းကြီး……”

ထို အဖြစ်အပျက်များ၏ အစသည်ကား…….

ဒုတိယကမ္ဘာစစ် (World War ll) 1939- 1945 ခုနှစ်အတွင်း ဂျပန်ကြည်းတပ်မတော်၏ ဒု ဗိုလ်ချုပ်ကြီး ဟာနယား ကွပ်ကဲသော ဂျပန့်တပ်မတော် အမှတ် (၅၃) နှင့် အမှတ်(၅၅)တပ်မနှင့် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဝေဗယ်လ် ခေါင်းဆောင်သော ဗြိတိသျှ တပ်မဟာ ၁၄ တို့၏ ပြင်းထန်သော ရခိုင် တိုက်ပွဲစဉ်အတွင်း ရခိုင်ရိုးမ၏ တစ်နေရာတွင် အလောင်းများရှာမတွေ့ပဲ ထူးဆန်းစွာ ပျောက်ဆုံးသွားသော ဗြိတိသျှ တပ်ရင်းတစ်ရင်းရှိခဲ့ပါသည်။

အလောင်းများလည်းရှာမတွေ့ လက်နက်ခဲယမ်း များလည်းမတွေ့။ စစ်ပွဲအပြီးတွင်တိုက်ပွဲ တိုက်ခဲ့သော ဂျပန်များအား မေးမြန်းကြည့်သောလည်း သူတို့လည်း မသတ်ခဲ့ကြောင်း မသိခဲ့ကြောင်းဖြေဆိုလာခဲ့ပါသည်။ ထို အဖြစ်အပျက်အား ယနေ့ထက်တိုင် ဖြေရှင်းမရသောဖြစ်စဉ်(ဝါ) အဖြေရှာမရသောပုဒ်စာ အဖြစ်သတ်မှတ်ခဲ့ကြပါသည်။

ထိုတပ်ရင်းကား မည်သည့်အတွက်ကြောင့် ပျောက်ဆုံးသွားသည် မည်သည့်နေရာရောက် သွားသည်ကို မသိရှိနိုင်ခဲ့ကြပေ။ သို့ရာတွင် ထို ပျောက်ဆုံးနေသောဗြိတိသျှတပ်ရင်း အား ရခိုင်ရိုးမ၏ နေရာအနှံတွင် တွေ့နေရဆဲဖြစ်သည် ဟုဆိုကြသည်။ သူတို့ပျောက်ဆုံးသွားစဉ် ၁၉၄၅ ခုနှစ်မတိုင်ခင်က အဝတ်အစားမျိုး အသက်အရွယ်မျိုးဖြင့် တောလိုက်မုဆိုးများ တောတွင်းခရီးသွားများ အတော်များများတွေ့ခဲ့ကြရပါသည်။ ယခုထက်တိုင်တစ်ခါတစ်ရံ တွေ့နေရဆဲဖြစ်ပါသည်။ သူတို့က ဒေသခံများအား မသတ်ပါ၊ မထိတွေ့ပါ သို့သော်…သူတို့ပျောက်ဆုံးသွားစဉ်က ကဲ့သို့ တိုက်ပွဲဝင်နေသည့် ပုံစံ…စစ်ဘင်ခရာဖြင့်ချီတက်နေဆဲ ဖြစ်ပါသည်။

ဒေသခံ များ၏ အခေါ်အရ ထိုတပ်ရင်းကြီးအား ဝိညာဉ်တပ်ရင်းဟု လည်းကောင်း ထို အမျိုးအမည်မသိ ထူးဆန်းသောသူတို့ကို ဝိညာဉ် စစ်သားများ ဟု ခေါ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအဖြစ်အပျက်ကား အမှန်တကယ်ဖြစ်ပျက်ခဲ့သလို ယနေ့ထက်တိုင် ရခိုင်ပြည်နယ် ဂွမြို့အနီးတွင် တောတောင်အတွင်း လှည့်လည်သွားလာနေသော ထို ဝိညာဉ်တပ်ရင်းကြီးကို ကံနိမ့်သူများ ကံကြုံကြိုက် ကံတိုက်ဆိုင်သူတို့ က တစ်ခါတစ်ရံတွေ့နေရဆဲဖြစ်ပါသည်။

ထိုအကြောင်းအရာများအား မိတ်ဆွေများ ဖတ်ရူနိုင်စေရန်ရည်ရွယ်၍ မိတ်ဆွေ တစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်အား ရေးဖွဲ့လိုက်ရပါတော့သည်။

…….ကပ္ပတိန် ဝန……

“ဝိညာဉ်တပ်ရင်း”

” ကယ်ကြပါ ကယ်ကြပါ” ပြေးလွှားနေသော ခြေသံများ အထိတ်တလန့်အော်ဟစ်နေသံ…..
နေရာက ရခိုင်ရိုးမ တစ်နေရာ…..
ခြောက်ခြားဖွယ်အော်ဟစ်နေသံများ…..
ရှေးဟောင်း စစ်ဘင်ခရာသံများ

ထို အကြောင်းအရာများ၏ အစ ကား……

ကိုရွှေမောင်တစ်ယောက် တောင်လိပ်၊ သင်းခွေချပ် စသည့် တောတွင်းသတ္တဝါများ ရှာရန်အတွက် ဂွမြို့ ၏ အနီးရှိ ရခိုင်ရိုးမ တောင်တန်းကြီးပေါ်တွင် ရောက်ရှိနေစဉ် ဖြစ်သည်။ ယခုသူရောက်နေသည့်နေရာက ဂွမြို့နှင့် ဧရာဝတီတိုင်းဆက်သွယ်သည့် ကားလမ်းမကြီး၏ နံဘေးတွင်ဖြစ်သည်။ ညနေ နေဝင်ရီတရောအချိန် သူမနက်ကထဲက လာခဲ့၍ တောင်လိပ် ၃ကောင်ရခဲ့သည်။ သူက တောင်လိပ်ဖမ်းမုဆိုးတစ်ယောက်ဖြစ်သည်။

မနက်စောစော ဂွမြို့ရှိ သူ့အိမ်မှ ထွက်ခွာရင်း ရိုးမပေါ်တက်ခဲ့သည်။ အချိန်အတော်ကြာအောင် တောတိုးခဲ့ရင်း ရခိုင်ရိုးမ၏တောနက်ထဲသို့ သူရောက်ခဲ့သည်။ ယခုပြန်ရန် ပြင်နေစဉ် လူ၂ယောက်၏ အထိတ်တလန့်အော်သံနှင့်အတူ နောက်မှ လိုကမလာသော တောနင်းသံ စစ်ဘင်ခရာခံများ….မပီမသ စကားပြောသံများ….ဘာတွေလည်း….လူသံတွေများလှချည်လား…။

… ဤရိုးမကားသူငယ်စဉ်ကပင် ကျင်လည်ခဲ့သည်။ ဤမျှ လူစု လူဝေး၏တောနင်းသံမကြားဘူးခဲ့ပေ၊ ကားလမ်းဆိုသော်လည်း ရက်သတ္တပါတ် တစ်ခုမှာ ၂ကြိမ်ခန့်သာ ပြေးဆွဲသောကားလမ်း ၊ ဝါးခုတ်သော ကားများ ခြေလျင်ခရီးသည်များ ရှိသော်လည်း တောဆင်ရိုင်းအန္တရာယ်ကြောင့် အသွားအလာကြဲပါးသည်။ ယခုက ဘာသံတွေလဲ…။

ထိုစဉ်ပြေးလာသော လူ ၂ယောက်က သူ့ရှေ့ရောက်လာသည်။ သူတို့မျက်ဝန်းများက ပြူးကျယ်လျက် တစ်စုံတစ်ရာအားကြောက်ရွံနေဟန်။
“ဘာဖြစ်တာလဲဗျ…ဘာတွေ့လို့ဒီလောက် ပြေးလာတာလဲ”

လူတစ်ဦး က သူ့ရင်ဘတ်အားဖိထားကာ စကားမပြောနိုင်။ နောက်တစ်ယောက်ကမူ အသံတိုးတိုးဖြင့်ဖြေလာသည်။
“နောက်မှာ နောက်မှာသာကြည့်ပေတော့ဗျာ၊ ကျုပ်တို့က ကြိမ်ခုတ်တဲ့သူတွေပါ၊ တောတိုးရင်း အရိုးစုတွေ သေနတ်အပျက်တွေ မြေပုံဟောင်းတွေတွေ့လို့ကြည့်မိတယ်…သေနတ်တွေက သံချေးတက်ဆွေးမြေ့နေပါပြီ ၊ ယူကိုင်ကြည့်နေတုန်း …ဗြုန်းဆို…..အခုနောက်ကတွေ့ရတဲ့ ယူနီဖောင်း အစုတ်အပြတ်တွေနဲ့ လုဖြူကြီးတွေရောက်လာပြီး အင်္ဂလိပ်လိုတွေပြောရင်းပြေးဝင်လာတော့ ထွက်ပြေးလာရတာဗျာ….
ဟော…ဟော….ဟိုမှာ….ဟိုမှာ….”

ထိုစဉ် သူတို့အနီးဆီသို့ ခြေသံများကားနီးလာရင်း စကားပြောသံများကြားရလေသည်။ ထိုသူကား စကားပြောနေရင်း သူ့နောက်ဘက်ဆီသို့လက်ညိုးထိုးပြလေသည်။ ကိုရွှေမောင် မြင်လိုက်ရသည်ကား စစ်ယူနီဖောင်း အဟောင်းအစုတ်များဖြင့် လူအုပ်ကြီး……မြင်ရသည်ကား သွေးပျက်ဖွယ်….ညနေစောင်း ညီအစ်ကိုမသိတသိအချိန်…နေမင်းအလင်းရောင်ကား ဖျော့လျော့ကာနေကွယ်လေပြီတကား….

ကိုရွှေမောင်လည်း သူ့မျက်စိရှေ့မှ မြင်ကွင်းအားကြည့်ရင်း ထိတ်လန့်သွားလေတော့သည်။ ကိုရွှေမောင် နှင့်ထို လူ နှစ်ယောက်၏ မလှမ်းမကမ်း ဝါးရုံပင်ကြီးများ၏ အနီးတွင် စောစောက ချီတက်လာသော အင်္ဂလိပ်စစ်သားကြီးများက ရပ်တန့်လိုက်လေသည်။ အနီးကပ် ဖြစ်၍ ထို လူစု၏အလံများ ကိုင်ထားသောရိုင်ဖယ်သေနတ်များ ရင်ဘတ်မှ တံဆိပ်များ ကျောပိုးအိတ်များ လှံစွပ်ဖျားများ အားမြင်နေရသည်။ သူတို့ ၃ဦးအား သတ်တော့မည်လား။

ထိုလူတန်းကြီးက ရပ်တန့်နေရာမှ သေနတ်များအား အသင့်ကိုင်ကာ စစ်ရေးပြပုံစံဖြင့် ရှေ့သို့ တက်လာတော့သည်။ ထိုစဉ် ရုတ်တရက် စစ်ခရာသံများကြားကာ စစ်သားလူတန်းကြီးက ချာကနဲ နောက်လှည့်ရင်း စောစောက သူတို့လာရာဘက်ဆီသို့ ပြန်လှည့်သွားလေတော့သည်။

သူတို့ ၃ဦးလည်း ရပ်နေရာမှ ရုတ်တရက် ကိုရွှေမောင်တစ်ယောက် စိတ်ကူးရကာ ထိုစစ်သားတန်းကြီး၏ နောက်သို့ပြေးလိုက်သွားမိပါတော့သည်။ ပေါ်တင်တော့မလိုက်ရဲပေ။ ပုန်းလျိုး ကွယ်လျိုး လိုက်သွားမိပါတော့သည်။ ထို စစ်သားတပ်ရင်းကြီးက သူလိုက်လာသည်
ကိုလည်း လှည့်မကြည့်ချေ။ ပုံမှန်အတိုင်းပင် ဆက်လက်ချီတက်နေတော့သည်။

သူလည်းဆက်လိုက်လာရင်း ဆယ်မိနစ်ခန့် အကြာတွင်တော့ တောက ပိုနက်လာကာ တောင်ခါးပန်းတစ်ခုမှ နေ၍ ချောက်တစ်ခုသို့ ဆင်းရပေတော့မည်။ ချောက်ကား နက်ရိုင်းလှပေသည်။ အောက်ခြေမှ ဝါးရုံပင်အဖျားများအား လှမ်းမြင်နေရသည်။ ဘာကြောင့်မှန်းမသိ ထိုနက်ရိုင်းသော ချောက်ကမ်းပါးစပ်ထဲသို့ စစ်သားလူအုပ်ကြီးက ခပ်တည်တည်ပင် ဆင်းသွားလေတော့သည်။

လရောင်က ဝိုးတဝါးထွက်ပေါ်နေသည့်အထဲေ ချာက်ထဲသို့ဆင်းနေသော စစ်သားလူအုပ်ကြီး သူတို့၏ ဖျော့တော့သောအသားရေ မြက်ပင်ကိုင်းတော သစ်ရွက်ခြောက်များအား နင်းဖြတ် သွားနေသောအသံ၊ ကိုရွှေမောင်တစ်ယောက် နက်ရိုင်းသောချောက်ကမ်းပါးမှတဆင့်
ခပ်တည်တည်ဆင်းသွားသော လူအုပ်ကြီးအားကြည့်ရင်း သတိလစ်သွားပါတော့သည်။ သတိမလစ်လည်း သူခံနိုင်ရိုးလား။ ဘာကြိုး ဘာအကာအကွယ်မှ မပါပဲ ဝါးရုံပင်၏ထိပ်ဖျားပင်ရေးရေးမျှမြင်ရသော နက်ရိုင်းသောချောက် ကမ်းပါးထဲသို့ စစ်သားများအားလုံး ခုန်ချရင်း ပျောက်ကွယ်သွားသောကြောင့်ပင်။

မည်မျှကြာအောင် သူ သတိလစ်သွားသည် မသိပေ။ သူ့မျက်နှာပေါ်သို့ ရေလောင်းချလာသောကြောင့် သူပြန်သတိလည်လာလေသည်။ အချိန်ကား အာရုံတက်တော့မည်။ အိပ်ရာထ ဌက်ကလေးများ၏ စိုးစီ စိုးစီ အော်သံကြားနေရသည်။ မကြာမီ အာရုဏ်မိုးသောက်
အလင်းရောက်တော့မည်။

သူ့အားရေလာလောင်းသူအားရှာဖွေရန်ကြည့် လိုက်တော့ သူတစ်ယောက်တည်းသာ ချောက်ကမ်းပါး မရောက်ခင်မြေပြန့်ကလေးတွင် လဲနေလျက်သား။ သူ့နံဘေးတွင်တော့ ဒုတိယကမ္ဘာစစ်သုံး ရေဘူးဟောင်းကလေးတစ်လုံး ရေ များဖြည့်ထားလျက်။ သူလန့်အော်မိလေသည်။ ထိုစဉ် သူ့ရှေ့က ချောက်ကမ်းပါးဆီမှ စစ်ဘင်ခရာသံများ ထွက်ပေါ်လာပါတော့သည်။

” ဒုန်း….ဒုန်း…ဒုန်း”

သူလည်း ရေဘူးကလေးအားမြို့ပြန်အရောက်တွင် ထိုစစ်သားများနှင်တွေ့ခဲ့ သည့်အကြောင်းပြန်ပြောပြရန်ယူလိုက်ရင်း နောက်ကြောင်း သို့လှည့်မကြည့်ပဲ ပြေးထွက်လာခဲ့ပါတော့သည်။ စစ်ဘင်ခရာသံများကမူ ထွက်ပေါ်နေဆဲ။ ပြေးရင်းလမ်းရောက်တော့ စောစောက လူနှစ်ယောက် နှင့်သူတွေ့သော နေရာရောက်လာသည်။ လူတစ်ယောက်က အခြားသူတစ်ယောက်အား ပိုက်ထားရင်း ငိုနေသည်။ ဘာဖြစ်တာလည်းမေးတော့…
လူနှစ်ဦးအနက် တစ်ဦးကားအကြောက်လွန်ကာ နှလုံးခုန်ရပ်သေဆုံးခဲ့လေပြီ။

သူလည်း ထိုသူအားအကျိုးအကြောင်းပြောရင်း မြို့ဆီသို့ပြန်ပြေးခဲ့မိပါတော့သည်။ ထိုသူကမူ မလိုက်ပဲ သူ့သူငယ်ချင်းအား ထွေးပွေ့နေရင်း ကျန်နေခဲ့ပါတော့သည်။မြို့သို့ရောက်သည့်အထိ သူပြေးလာခဲ့မိသည်။ စစ်သုံးရေဘူးကလေးကမူ သူနှင့်အတူပါလာလျက်။ မြို့သို့ သူရောက်ချိန်တွင်တော့ သူ့ ရပ်ကွက်ထဲမှ လူငယ်များအား အကျိုးအကြောင်းပြောကာ လူစုလျက် တုတ် ဓား လက်နက်များ ယူရင်း စောစောက နေရာဆီသို့ပြန်သွားခဲ့ပါတော့သည်။

ကြောက်လန့်ဇောနှင့်ပြေးလာသည်ပင် အချိန် ၂နာရီခန့်ကြာလိမ့်မည်။ တောတိုးခရီး ၅နာရီလောက်ပြန်တိုးရသည်။ တောင်များအားဖြတ်သန်းရင်း လူနှစ်ယောက်ကျန်ခဲ့သည့်နေရာနားသို့ ပြန်ရောက်လာသည်။ လူနှစ်ယောက်အားမတွေ့ရတော့ပေ။ သို့သော် သူတို့မျှော်လင့်မထားသော မြေပုံဟောင်းကလေး ၂ခုအား ထိုလူ ၂ဦးနှင့်တွေ့သောနေရာ၏ မလှမ်းကမ်းတွင်တွေ့ရလေသည်။ ဘာတွေလည်း…သူတို့လည်းမတွေးတတ်တော့ မြေပုံများက ဟောင်းနွမ်းနေပြီ။

ထိုနောက် သူတို့ချောက်ကမ်းပါးအစပ်ဆီသို့ သွားခဲ့ကြသည်။ ချောက်ကမ်းပါးမှနေ၍ စစ်ဘင်ခရာသံလည်းမကြားရတော့ပေ။ ဆင်းရန် မလွယ်ကူပေ။ တော်တော်နက်သည့်ချောက်ကမ်းပါးပင်။ ချောက်ကမ်းပါး၏ ကမ်းပါးရံစောင်းတွင် ပေါက်ရောက်နေသော နွယ်ပင်များအားသေချာကိုင်ရင်း ရဲဝံ့သောလူငယ်နှစ်ဦးဆင်း သွားကြည့်လေသည်။ ဒီအတိုင်းခုန်ချသွားလျှင် အောက်ရောက်လျှင် အရိုးအသား တခြားစီ ဖြစ်ပေရော့မည်။

အတက်ရောအဆင်းရောကြာချိန် တစ်နာရီပြည့်လုမတတ်တွင်တော့ ထို လူငယ်နှစ်ဦး ချောက်ကမ်းပါးပေါ်ပြန်တက်လာသည်။ သူတို့မနှင့်အတူပါလာသည်ကား ဟောင်းနွမ်းနေသည့် ဗြိတိသျှ စစ်တပ်သုံးစစ်သံခမောက်တစ်လုံးပင်။ တစ်ခြားအရာဘာမှမရှိ ။ သိုသော်ချောက်၏အောက်ခြေတွင် ထူးထူးခြားခြား တံမြက်စည်းလှည်းထားသလို မြက်ပင်များလဲပြိုနေသည်။ လူများစွာ ရပ်တန့်နေခဲ့သည့်မြေပြင်ပုံစံများေ တွ့ခဲ့ရသည်ဟုပြောလေသည်။ အချိန်အတော်ကြာစောင့်ပြီးနောက် မထူးသည်မို့ သူတို့ပြန်လာခဲ့ကြပါသည်။ သံခမောက်ကိုလည်းယူလာခဲ့ပါသည်။

မြေပုံဟောင်း ၂ခု တွေ့ခဲ့ရာတောစပ်ကလေးကိုဖြတ်ကျော်အပြီး ကွင်းပြင်တစ်ခုအရောက်တွင်တော့ ဝတ်ဖြူစင်ကြယ်နှင့် အဘိုးကြီးတစ်ဦးက မြေပုံ ကလေးများဘက်သို့ လာနေသည်ကို တွေ့ရလေသည်။ သူတို့အားမြင်သောအခါ မေးလာပါတော့သည်။
“ဘာလာရှာကြသလည်း အမောင်တို့ ဗြိတိသျှစစ်သားတွေလား ဒါမှမဟုတ် အလောင်းတစ်ခုကိုပိုက်ရင်း ငိုနေတဲ့ လူရွယ်လား”

ကိုရွှေမောင်ကပြန်ဖြေသည်။
” နှစ်ခုစလုံးပါပဲအဘိုး ၊ ဒီအကြောင်းတွေကိုအဘိုးဘယ်လိုသိနေတာလဲ”

“ဒီလိုပါ အမောင်တို့ အဘိုးက ဒီနေရာတစ်ဝိုက်မှာ တစ်နှစ်အဓိဌာန်ပြုရင်းတောတွင်းဂန္ဓာရီ ခရီးလှည့်လည်နေတာပါ ၊ မောင်ရင်တို့ တွေ့ခဲ့တဲ့ ဗြိတိသျှစစ်သားတွေကတော့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးသွားခဲ့တဲ့ ဗြိတိသျှ တပ်မဟာ ၁၅ က တပ်ရင်းတစ်ရင်းပါပဲ၊ သူတို့က တစ်ခါတစ်ရံ ပေါ်ပေါ်လာတတ်တယ်၊ ထူးဆန်းတာက သူတို့က စစ်ဖြစ်တုန်းကပုံစံ အတိုင်းပဲသွားလာနေကြတယ်။

အသက်ရော ရုပ်တွေပါ အဲ့ဒီအချိန်ကအတိုင်းပဲ မပြောင်းလည်းဘူး…အချိန်ယန္တယားသာ ပြောင်းသွားတာ သူတို့ကအရင်အတိုင်းပဲ၊ သေသွားကြတာမဟုတ်သလို သက်ရှိတွေလည်း မဟုတ်ကြဘူး….

အချိန် တွေကြာတာတောင် ဒီရုပ် ဒီအရွယ်ပဲ…ထူးဆန်းတဲ့အကြောင်းတော့ရှိလိမ့်မယ်…ဟိုလူနှစ်ယောက်ကတော့ ဗြိတိသျှစစ်သားတွေကိုတွေ့ရင်း အကြောက်လွန်သေသွားကြတာပါ။ သူတို့ကတော့ မကျွတ်လွတ်ကြပဲ တစ်ခါတစ်ရံ တောလည်တဲ့သူတွေကို သူတို့ကခြောက်လန့်ကြတယ်…အမှန်က သူတို့မြေပုံတောင်အရိုးဆွေးရော့မယ် ၊ သေတာကြာပြီလေ…

အဘိုးသိသလောက်ကဒီလောက်ပဲ၊ အဘိုးလည်းဗြိတိသျှစစ်သားတွေကို တွေ့ဘူးတယ်…စစ်ဘင်ခရာနဲ့လမ်းလျောက်နေကြတယ်၊ ပြီးရင် ချောက်ထဲခုန်ချပျောက်ကွယ်သွားကြတယ်၊ အမြဲတမ်းမတွေ့ရသလို …တစ်ခါတစ်ရံ နေ့ခင်းဘက်တွေ ညဘက်တွေ မထင်တဲ့အချိန်တွေတွေ့ရတယ်။ လူတွေကိုတော့ ဘာမှမလုပ်ပါဘူး။ သူတို့လုပ်ရိုးလုပ်စဉ်ပဲလုပ်နေကြပုံပါပဲ ၊ တွေ့ချင်လို့သီးသန့်လိုက်ရှာရင်မတွေ့ရဘူး…အမောင်တို့က ကံကြုံလို့တွေ့ရတာထင်တယ်…ကဲ..ကဲ..အဘိုးလည်းတောတွင်းခရီးသွားလိုက်ဦးမယ်…နောက်ရက်ဆို အဘိုးလည်း ဒီနေရာကနေ တစ်ခြားတောတောင်တွေဘက် သွားရတော့မယ်”

အထက်ပါအတိုင်းရှည်လျားစွာပြောရင်း အဘိုးကြီးလည်းတောထဲဝင်သွားလေတော့သည်။ ကိုရွှေမောင် တို့အဖွဲ့လည်း အကြောင်းစုံ သိရကာပြန်ခဲ့လေတော့သည်။ နောက် ရက်များ လများတွင်လည်း ထို နေရာအပြင် အခြားသော ရခိုင်ပြည်နယ်၏ တောတောင်ထဲတွင်
လှည့်လည်သွားလာနေသော ဒုတိယကမ္ဘာစစ်က ဗြိတိသျှ တပ်ရင်းအားတွေ့သူမြင်သူများ ရှိကြောင်း ကိုရွှေမောင်ကြားလာရပါတော့သည်။ ယနေ့ထက်တိုင်လည်း ထိုဝိညာဉ်တပ်ရင်းအား ကံကြုံကြိုက်လျှင် တောတောင်ထဲသွားရင်းမြင်တွေ့နေရသူများ ရှိကြောင်း သိရှိခဲ့ပါသည်။

ကိုရွှေမောင်လည်း ထိုဝိညာဉ် တပ်ရင်းနှင့်ထပ်မံတွေ့လို၍ သူတွေ့ခဲ့သောချောက်ကမ်းပါးစပ်နှင့် တွေ့ခဲ့သောတောထဲတွင်နောက်ထပ် အကြိမ်များစွာထပ်မံရှာသော်လည်း မတွေ့ရတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ကိုရွှေမောင်ထံတွင် စစ်သံခမောက်ဟောင်းတစ်လုံးနှင့်ယခုထက်ထိတိုင်ရေထည့်သောက်နေဆဲ စစ်ရေဘူးတစ်လုံးရှိနေသည်ကား အသေအချာပင်ဖြစ်ပါတော့သည်။

(ကိုယ်တွေ့ကြုံခဲ့သူ ကိုရွှေမောင်ဆိုသူ မိတ်ဆွေတစ်ဦး၏ ဖြစ်ရပ်မှန်အားရေးသားသည်။ ဖတ်ခဲ့ဘူးသော ဆောင်းပါးတစ်ပုဒ်တွင်မှု ထိုပျောက်ဆုံးသွားသော ဗြိတိသျှတပ်ရင်းနှင့် ပါတ်သက်၍ ထိုစဉ်အချိန်က ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ ကမူ သေနတ်တစ်ချက်မျှ မဖေါက်လိုက်ရသောဆုံးရှုံးမှုဟု ပြောဆိုခဲ့ပါကြောင်း ဖတ်ရူဘူးပါသည်။ ကျွန်တော့် အတွေးများကမူ သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုဟု ထင်မြင်မိပါသည်။ လွတ်လပ်စွာကွဲလွဲ နိုင်ပါသည်။ ထူးဆန်းသည့်အကြောင်းအရာမို့ ကျွန်တော် ရေးသားတတ်သလောက် ရေးသားဖော်ပြလိုက်ရပါတော့သည် )

ကပ္ပတိန် ဝန

Ref: Field Marshal Sir William Slim ရေးသားသော “Defeat into Victory စာအုပ်မှ

Leave a Reply