စင္ကာပူ ႏွင့္ လီကြမ္ယု

Posted on

ေရးသားသူ – ညီေစာလြင္

၁၉၅၉ ခုႏွစ္မွာ သူ ၀န္ၾကီးခ်ဳပ္ျဖစ္လာတဲ့အခါ စင္ကာပူဟာ ျခင္ေပါတဲ့ ႏြံေတာၾကီး အဆင့္ပဲ ရွိပါတယ္။ လူေတြဟာ လယ္ေတာအိမ္မွာ ၀က္ေတြ၊ ၾကက္ေတြနဲ႔ ျဖစ္သလို ေနထိုင္ေနတုန္းပဲ ရွိပါတယ္။ သဘာ၀သယံဇာတ မရွိတဲ့ တုိင္းျပည္၊ အေျခခံ အေဆာက္အဦ ဘာမွ မတည္ေဆာက္ရေသးတဲ့ တုိင္းျပည္၊ ပညာေရး စနစ္ အားမေကာင္းတဲ့ တုိင္းျပည္ ျဖစ္ပါတယ္။

ၿမဳိ႕တစ္ၿမိဳ႕စာ ႏိုင္ငံေလး ျဖစ္လုိ႔ တျခား ဖြံ႔ျဖိဳးဆဲ ႏိုင္ငံေတြ လမ္းေၾကာင္းကို လိုက္လို႔ မျဖစ္၊ တျခား စက္မႈႏုိင္ငံေတြကို အတုယူေအာင္ကလည္း သူတို႔လို စက္မႈကုန္ၾကမ္းလည္း မရွိ၊ ျပည္တြင္း ေစ်းကြက္ကလည္း ေသးငယ္။ စက္မႈလက္မႈ ကြ်မ္းက်င္မႈလည္း မရွိ။ ဘယ္က စကိုင္ရမယ္မွန္း မသိေအာင္ ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ ၀န္ၾကီးခ်ဳပ္ လီက ျပည္သူေတြဟာ တုိင္းျပည္အတြက္ အေကာင္းဆံုး သယံဇာတေတြ ဆုိတာကို နားလည္ခဲ့တယ္။ အေျပာင္းအလဲကို အားသန္ေနၾကတဲ့ ျပည္သူလူထုကို ယံုၾကည္တယ္။

၁၉၆၁ ခုႏွစ္မွာ စင္ကာပူ အစိုးရရဲ႔ ရည္မွန္းခ်က္က လူတုိင္းအလုပ္အကိုင္ရရွိေရး ျဖစ္ပါတယ္။ ပညာလည္း ဟုတ္ဟုတ္ျငားျငား မရွိေသးလို႔ အေျခခံက်က်က စက္ရံုအလုပ္ရံုေတြမွာ ေစ်းေပါတဲ့ အလုပ္သမားေတြ ျဖစ္ဖို႔ပါပဲ။ ဒီၾကားထဲမွာ မေလးရွားက စြန္႔ပစ္လုိက္တဲ့ ႏိုင္ငံသစ္မွာ အဂၤလိပ္ေတြကလည္း ေရတပ္စခန္းေတြကို ပိတ္ပစ္ဖုိ႔ ဆံုးျဖတ္လုိက္ပါတယ္။ အက်ဳိးဆက္က စင္ကာပူ စီးပြားေရးမွာ ေလးပံုတပံုေလာက္ က်သြားခဲ့ပါတယ္။

၁၉၆၅ ေလာက္က်ေတာ့မွ စင္ကာပူ စီးပြားေရး နလံထစျပဳလာပါတယ္။ အဲဒီအခ်ိန္ေလာက္မွာပဲ စင္ကာပူနဲ႔ အျပိဳင္ မေလးရွားနဲ႔ အင္ဒိုနီးရွားတို႔ကလည္း ေစ်းေပါတဲ့လုပ္သားေတြနဲ႔ ဆြဲေဆာင္လာတယ္။ အဲဒီအခ်ိန္က စင္ကာပူမွာ အေမရိကန္၊ ဂ်ပန္၊ ဥေရာပကတို႔က စက္ရံု အလုပ္ရံုေတြ ရွိေနၾကပါတယ္။ ေစ်းေပါတဲ့လုပ္သားေတြ အိမ္နီးခ်င္းေတြက အျပိဳင္ဆြယ္လာတဲ့အခါ စင္ကာပူက ေနာက္တဆင့္ကို တက္လွမ္းဖုိ႔ ဆံုးျဖတ္လိုက္တယ္။ လုပ္အား ကဲတဲ့ စက္ရံု အလုပ္ရံုေတြကေန အရင္းအႏွီးကဲျပီး နည္းပညာအဆင့္ျမင့္တဲ့ လုပ္ငန္းေတြ၊ တန္ဖိုးျမွင့္ ၀န္ေဆာင္မႈေတြ ေပးဖို႔ ဆံုးျဖတ္လိုက္ပါတယ္။

၁၉၈၀ ျပည္လြန္ႏွစ္ေတြ အေရာက္မွာေတာ့ စင္ကာပူဟာ ႏိုင္ငံတကာစီးပြားေရးေလာကမွာ ဖန္တီးသူ ျဖစ္လာတယ္။ ႏုိင္ငံတကာ ကုမၸဏီၾကီးေတြဟာ ကြ်မ္းက်င္လုပ္သားေတြရွိရာ၊ လာဘ္ေပး လာဘ္ယူကင္းရာ အလုပ္လုပ္ရတာ တြင္က်ယ္တဲ့ စင္ကာပူမွာ ဌာနခ်ဳပ္ေတြ၊ သုေတသန ဌာနေတြကို ေျပာင္းေရႊ႔လာၾကတယ္။ ဒါေပမယ့္ စင္ကာပူက ဒီအဆင့္ေလာက္နဲ႔ မရပ္ဘဲ ေနာက္တဆင့္ကို ရည္မွန္းျပန္ပါတယ္၊ ပညာအေျခခံတဲ့ စီးပြားေရး (Knowledge Economy) အဆင့္ကို တက္လွမ္းဖို႔ ၾကိဳးစားပါတယ္။

ဒီေန႔ စင္ကာပူဟာ ကြန္ျပဴတာ Hardware အဓိက တင္ပို႔တဲ့ ႏုိင္ငံ၊ ကမၻာက အားထားရတဲ့ ဇီ၀နည္းပညာရဲ႔ ဗဟိုခ်က္ျဖစ္ေနပါျပီ။႔ ၁၉၆၅ ခုႏွစ္ေလာက္က စင္ကာပူရဲ ႔ တဦးခ်င္း ဂ်ီဒီပီဟာ ေဒၚလာ ၅၀၀ ပဲ ရွိခဲ့ရာက ဒီေန႔ ၉၀၀၀၀ ျဖစ္လို႔ အဆေပါင္း ၂၀၀နီးပါး တုိးတက္သြားျပီျဖစ္ပါတယ္။ စီးပြားေရး တုိးတက္မႈတခုတည္းကို တဖက္ေစာင္းနင္းလညး္ မဟုတ္ပါဘူး။ ဘက္ေပါင္းစံု ဖြံ႔ျဖိဳးေရးကို ထည့္သြင္းစဥ္းစားတြက္ခ်က္တဲ့ ကုလသမဂၢ လူသားဖြံ႔ျဖိဳးေရး အညြန္းကိန္းမွာ စင္ကာပူဟာ ထိပ္ဆံုး ၁၀ ႏုိင္ငံ စာရင္းမွာ ပါ၀င္ပါတယ္၊ အာရွမွာ ဒီလို ထိပ္ဆံုးက ပါ၀င္တာ စင္ကာပူ တႏိုင္ငံပဲ ရွိပါတယ္။

စင္ကာပူု ပညာေရးဟာလည္း တကမၻာလံုးက ေလးစားရတဲ့ အဆင့္မွာ ရွိပါတယ္။ စင္ကာပူ ကေလးေတြ သင္ေနတဲ့ သခ်ၤာသင္ရိုးကို ကယ္လီဖုိးနီးယား၊ ေတာင္အာဖရိက၊ နယ္သာလန္တို႔က ေက်ာင္းသားေတြလည္း သင္ေနၾကတယ္။ စင္ကာပူမွာ ရွိတဲ့ ေနရွင္နယ္ ယူနီဗာစတီဟာ အာရွမွာ ထိပ္ဆံုး တကၠသိုလ္ ျဖစ္ပါတယ္။

စင္ကာပူ အမ်ိဳးသားတကၠသိုလ္ လူထုေရးရာမူဝါဒ လီကြမ္ယုေက်ာင္းက အာရွ ထိပ္တန္း ေတြးေခၚပညာရွင္ ပါေမာကၡ Kishore Mahbubani ကစင္ကာပူ ေအာင္ျမင္ရျခင္း အေၾကာင္း ၇ ခ်က္ရွိတယ္လို႔ ဆုိတယ္။ အဲဒါေတြကေတာ့ (၁) ေစ်းကြက္စီးပြားေရး (၂) သိပၸံႏွင့္ နည္းပညာ၊ (၃) လူေတာ္လူေကာင္းကို ေနရာေပးျခင္း (၄) လက္ေတြ႔က်ျခင္း (၅) ျငိမ္းခ်မ္းေရး ယဥ္ေက်းမႈ၊ (၆) တရားဥပေဒ စိုးမိုးမႈ (၇) ပညာေရး တုိ႔ ျဖစ္ပါတယ္။

တကယ္က လီကြမ္ယုဟာ သူ ၀န္ၾကီးခ်ဳပ္ ျဖစ္လာတဲ့ အခ်ိန္ကစလို႔ စင္ကာပူမွာ ပညာေရးစနစ္ကို အားသြန္ခြန္စိုက္ အားထုတ္ခဲ့ပါတယ္။ တုိင္းျပည္ ဆင္းရဲတြင္းကေန ကင္းလြတ္ဖို႔ ဆုိရင္ ျပည္သူေတြ ပညာတတ္မွ ျဖစ္မယ္လုိ႔ သူက နားလည္ခဲ့တယ္။ “တုိုင္းျပည္ရဲ႔ ကံၾကမၼာဆုိတာ တုိင္းသူျပည္သားေတြရဲ႔ အရည္အခ်င္းအေပၚ မူတည္တယ္။ လူေတြကို ဘယ္လုိ ေရြးခ်ယ္မလဲ၊ ဘယ္လိုေလ့က်င့္မလဲ၊ ဘယ္လို စုဖြဲ႔မလဲ၊ ဘယ္လို စီမံခန္႔ခြဲမလဲဆုိတဲ့အေပၚမွာ မတူတဲ့ ရလဒ္ေတြ ေပၚထြက္လာတာပါပဲ” လို႔ လီကြမ္ယု ေျပာခဲ့ဖူးတယ္။

တိုငး္ျပည္အနာဂတ္ကို တည္ေဆာက္တဲ့အခါမွာ ဖြံ႔ျဖိဳးေရး အေျခခံ အခ်က္သံုးခ်က္ဟာ အေရးၾကီးတယ္လုိ႔ လီကြမ္ယုက ျမင္တယ္။ (၁) ကမၻာၾကီးနဲ႔ အျပန္အလွန္ဆက္သြယ္၊ (၂) ပညာေရးကို ျမွင့္တင္ (အထူးသျဖင့္ အဂၤလိပ္ဘာသာ)၊ (၃) သဟဇာတျဖစ္တဲ့ လူ႔အဖြဲ႔အစည္းကို တည္ေဆာက္၊ ဒီအခ်က္ သံုးခ်က္ပါပဲ။

လီကြမ္ယုဟာ စင္ကာပူကို အႏွစ္ ၃၀ အုပ္ခ်ဳပ္ခဲ့ပါတယ္။ ဒီမုိကေရစီ စံႏႈန္းနဲ႔ တုိင္းတာရင္ အျပစ္ေျပာ စရာေတြ ရွိေပမယ့္ ကင္းဘရစ္တကၠသိုလ္က ဥပေဒပညာနဲ႔ ဘြဲ႔ရခဲ့တဲ့ လီကြမ္ယုကို “အၾကင္နာရွိျပီး ဉာဏ္ရည္ျမင့္တဲ့” အာဏာရွင္အျဖစ္ ႏိုင္ငံေရး သိပၸံပညာရွင္ေတြက သတ္မွတ္ၾကပါတယ္။ သူ႔ အစိုးရဟာ ျပည္သူေတြရဲ႔ အက်ဳိးကို ဦးစားေပးတာ၊ တရားဥပေဒ စိုးမိုးေရးကို ေလးစားတာေတြ၊ လာဘ္ေပးလာဘ္ယူကင္းတာေတြဟာ တျခား အာဏာရွင္ ႏိုင္ငံေတြနဲ႔ မိုးနဲ႔ ေျမလို ကြာျခားပါတယ္။

ညီေစာလြင္

———————

စင်ကာပူ နှင့် လီကွမ်ယု (unicode)

ရေးသားသူ – ညီစောလွင်

၁၉၅၉ ခုနှစ်မှာ သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။ လူတွေဟာ လယ်တောအိမ်မှာ ဝက်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာဝသယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံ အဆောက်အဦ ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊ ပညာရေး စနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။

မြို့တစ်မြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်း မရှိ။ ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။

၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။

၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။ အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့အခါ စင်ကာပူက နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်အား ကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ဝန်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။

ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီဝနည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။့ ၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့ တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက ဒီနေ့ ၉၀၀၀၀ ဖြစ်လို့ အဆပေါင်း ၂၀ဝနီးပါး တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါဝင်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။

စင်ကာပု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။ စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။

စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှ ထိပ်တန်း တွေးခေါ်ပညာရှင် ပါမောက္ခ Kishore Mahbubani ကစင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ (၁) ဈေးကွက်စီးပွားရေး (၂) သိပ္ပံနှင့် နည်းပညာ၊ (၃) လူတော်လူကောင်းကို နေရာပေးခြင်း (၄) လက်တွေ့ကျခြင်း (၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ (၆) တရားဥပဒေ စိုးမိုးမှု (၇) ပညာရေး တို့ ဖြစ်ပါတယ်။

တကယ်က လီကွမ်ယုဟာ သူ ဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။ တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။ “တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လို ရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။

တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ (၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊ (၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ (၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊ ဒီအချက် သုံးချက်ပါပဲ။

လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။

ညီစောလွင်

Leave a Reply