ကမ္ဘာပေါ်က အလှပဆုံးသော သင်္ချိုင်း ၁၀ ခု

Posted on

သုသာန်တစပြင်နဲ့ သင်္ချိုင်းဂူတွေဟာ အပြင်ပန်းကနေကြည့်ရင် မနှစ်မြို့စရာ အမှတ်အသားတွေ ဖြစ်ကြပေမယ့် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ အသိုင်းအဝိုင်းတစ်ခုရဲ့ အဆင့်အတန်းကို ဖော်ညွှန်းပေးနိုင်တဲ့ အကောင်းဆုံးအမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါအပြင် ကွယ်လွန်သွားပြီဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့အဆင့်အတန်းနဲ့ ကျန်ရစ်သူမိသားစုက သူအပေါ် ဘယ်လောက်တန်ဖိုးထားကြောင်းကိုလည်း ကွယ်လွန်သူကို မြုပ်နှံထားတဲ့ နေရာမှာ တွက်ဆနိုင်ပါတယ်။

ဒါအပြင် ရှေးဟောင်းသင်္ချိုင်းတွေအတွင်းမှာ မြင်တွေ့ရလေ့ရှိတဲ့ အဆောက်အအုံတွေ၊ လက်မှုအနုပညာလက်ရာတွေ၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ တန်ဆာဆင်ထားတဲ့ ဂူဗိမာန်တွေကို ကြည့်ခြင်းအားဖြင့် ခေတ်အဆက်ဆက်မှာ နာမည်ကျော်ကြားခဲ့တဲ့ သမိုင်းဝင်လက်မှုအနုပညာအဆင့်အတန်းကို လေ့လာနိုင်ပါတယ်။ အချို့သုသာန်တွေဆိုရင် လွန်စွာလှပတဲ့ ရှုခင်းတွေရှိတဲ့အရပ်မှာ ထာဝရလဲလျောင်းနေတော့မဲ့ သူတွေအတွက် အမှတ်တရ ကောင်းကောင်းကိုဖန်တီး ပေးထားတာကိုလည်းမြင်တွေ့ ရပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးသော သင်းင်္ချိုင်း(၁၀)ခုရဲ့ အကြောင်းပဲဖြစ်ပါတယ်။

(၁) Skogskyrkogarden

ဥရောပတိုက်၊ဆွီဒင်နိုင်ငံ ၊စတော့ဟုမ်းမြို့အပြင်ဘက်မှာ တည်ရှိတဲ့ ဆွတ်ပျံ့ဖွယ် တောတန်းလေးအတွင်းမှာတော့ (၁၉၉၄)ခုနှစ်ကတည်းက UNESCO ရဲ့ကမ္ဘာအမွေအနှစ်ဖြစ် သတ်မှတ်ခြင်းကိုခံထားရတဲ့ Skogskyrkogarden သင်္ချိုင်းတည်ရှိပါတယ်။ ဒီနေရာရဲ့ ထူးခြားချက်ကတော့ သင်္ချိုင်းတစ်ခုဖြစ်ရုံသာမကပဲ(၂၀)ရာစုအတွင်းမှာ ဒုတိယမြောက် အကြီးဆုံး ရှေးဟောင်းယဉ်ကျေးမှု၊ အနုပညာလက်ရာတွေ စုစည်းရာ နေရာအဖြစ် UNESCOက သတ်မှက်ထားတဲ့ နေရာလည်းဖြစ်ပါတယ်။ (၁၉၁၇)ခုနှစ်လောက်ကတည်းကသင်္ချိုင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့တဲ့ Skogskyrkogarden ရှေး စကင်ဒီနေဗီးယား ယဉ်ကျေးမှုအနုပညာ စုဝေးရာအရပ်ဖြစ်တာကြောင့် နောက်ပိုင်းမှာ အစိုးရရဲ့ အစီစဉ်နဲ့ နိုင်ငံတကာ ယဉ်ကျေးမှုဗိသုကာ ပညာရပ်ဆိုင်ရာ ပြိုင်ပွဲတွေကိုနှစ်စဉ် ကျင်းပ လေ့ရှိပါတယ်။

အဓိကကျင်းပတာကတော့ ဂူဗိမာန်အလှဆင်ခြင်းပြိုင်ပွဲတွေနဲ့ မြေမြုပ်သဂြိုလ်ခြင်းဆိုင်ရာ အလှဆင်ပြိုင်ပွဲတွေဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က တော့ ကမ္ဘာအရပ်ရပ်က ပျောက်ကွယ်တဲ့ ထူးခြားတဲ့ မြုပ်နှံသဂြိုလ်ခြင်းဆိုင်ရာ လက်ရာ တွေကို ဒီသချိုင်းမှာ တစ်စုစည်းတည်း မြင်တွေ့ရဖို့နဲ့ ဆွီဒင်နိုင်ငံရဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်အတွက် ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲတွေမှာ ထူးထူးခြားခြား အနိုင်ရခဲ့သူတွေကတော့ ဆွိဒင်နိုင်ငံဖွား ဗိသုကာပညာရှင် အမျိုးသမီးငယ် နှစ်ယောက် ဖြစ်ကြတဲ့ Gunnar Asplund နဲ့ Siguard Lewerentz တို့ ဖြစ်ကြပြီး အလယ်အေဒီခေတ် (၁၁၀၀)မှ (၁၄၀၀)အတွင်းရှိ ဂူဗိမာန် အလှဆင်ခြင်း ဗိသုကာ လက်ရာတွေကို အသုံးပြုပြီး ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။

Skogskyrkogarden ရဲ့သာယာလှပတဲ့ ပတ်ဝန်းကျင်ကြောင့် သင်္ချိုင်းဥယျာဉ်လို့ တောင် တင်စားခေါ်ဆိုလေ့ရှိကြပြီး ယင်း(၁၉)ရာစုကတည်းက တည်ဆောက်ခဲ့တဲ့ သင်္ချိုင်းဥယျာဉ်ဟာ မျဉ်းဖြောင့်သဏ္ဍန် တစ်သတ်မတ်တည်း တည်ရှိနေတာကို လည်း မြင်တွေ့ရမှာပါ။ သင်္ချိုင်းကို စတင်ဝင်ရောက်ချိန်မှာပဲ တောင်ကုန်းအချို့နဲ့ တစ်တန်းတည်းအနေအထားရှိနေတဲ့ အလွန်မြင့်တဲ့ ထင်းရှူးပင်တွေကို မြင်တွေ့ရမှာပါ။ UNESCO ကပညာရှင်တွေကတော့ ဒီသချိုင်းရဲ့ပုံရိပ်ဟာ(၂၀)ရာစု အစောပိုင်းကာလတွေမှာတော့ အလှပဆုံးသော ရှုခင်းများတည်ရှိရာအရပ်အဖြစ် အသိ အမှတ်ပြုကြပါတယ်။ ဒါအပြင် ကမ္ဘာအရပ်ရပ်က ဂူဗိမာန်ဆိုင်ရာ အနုပညာလက်ရာအားလုံးကို ဒီနေရာမှာ တစ်စုတစ်စည်းတည်း တွေ့နိုင် တာကြောင့် Skogskyrkogardenကို ကမ္ဘာပေါ်မှာ အလှဆုံးသော သင်္ချိုင်းတစ်ခု အဖြစ်လည်း သတ်မှတ်ထားခဲ့ကြပါတယ်။

(၂) Santa Maria Magdalena de Pazzis Cemetery

ပေါ်တိုရီကို နိုင်ငံ San juan မှာရှိတဲ့ Santa Maria Magdalena de Pazzis သင်္ချိုင်း ဟာလည်း အလွန်လှပတဲ့ တည်နေရာအနေအထားကို ပိုင်ဆိုင်ထားပြီး အပေါ်စီးကနေ ကြည့်လိုက်ပါက Atlantic သမုဒ္ဒရာနဲ့ အတူတွဲဖက်ပြီး မြင်တွေ့ရမှာပါ။ ဒေသခံတွေ ကတော့ အပေါ်စီးကနေကြည့်လိုက်ရင် မြင်တွေ့ရတဲ့ သမုဒ္ဒရာနဲ့တွဲစပ်တည်ရှိတဲ့ သချိုင်းရဲ့ အနေအထားဟာ ကွယ်လွန်သူဝိညဉ်တွေရဲ့ အခြားသောဘဝသစ်ကို ကူး ပြောင်းသွားတဲ့ သင်္ကေတပုံရိပ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ Santa Maria Magdalena de Pazzis သချိုင်းနဲ့ Atlantic သမုဒ္ဒရာအကြားမှာ အဖြူ ရောင်လှိုင်းကာနံရံတစ်ခုနဲ့ ခြားနားထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မိုးကုတ်စက်ဝိုင်းရဲ့ အပြာရောင်ရေပြင်အောက်မှာ လှိုင်းထန်တဲ့ သမုဒ္ဒရာရေပြင်နဲ့ ဆက် စပ်တည်ရှိနေတဲ့ Santa Maria Magdalena de Pazzis သင်္ချိုင်းရဲ့ပုံရိပ်ဟာ ကမ္ဘာ ကျော်ရှုခင်းပုံရိပ်များစွာကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။ Santa Maria Magdalena de Pazzis သင်္ချိုင်းကိုတော့ (၁၈၆၃)ခုနှစ် လောက်က စတင် တည်ဆောက်ခဲ့တာဖြစ်ပြီး (၁၆)ရာစုလောက်တုန်းကတော့ အဲဒီနေရာဟာ Castillo San Felipe del Morro အမည်ရတဲ့ ခံတပ်ဟောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်မှာလည်း Santa Maria Magdalena de Pazzis သင်္ချိုင်းဟာ Puerto Rico နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်အများဆုံး လာရောက်လည်ပတ်တဲ့ နေရာအဖြစ်တည်ရှိ နေပြီလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀)ပတ်ဝန်းကျင်က San Juan မြို့ရဲ့ ဒေသခံအများစုကို Santa Maria Magdalena de Pazzis သချိုင်းအတွင်းမှာပဲ မြုပ်နှံသဂြိုလ်ခဲ့ကြပါတယ်။ ဒီသင်္ချိုင်းမှာ Puerto Rico နိုင်ငံရဲ့ အထင်ကရ နိုင်ငံရေးသမားတွေ၊ရုပ်ရှင်သရုပ် ဆောင် နဲ့ နာမည်ကျော်အနုပညာရှင်များစွာကို လာရောက်မြုပ်နှံထားတာကို တွေ့ရပါတယ်။ Puerto Rico နိုင်ငံရဲ့ သမိုင်းအထောက်အထားတွေအရ San Juan ခံတပ်မြို့က မြို့သူ /သားတွေဟာ Castillo San Felipe del Morroခံတပ်ကို အခြေပြုပြီး နယ်ချဲ့တွေရဲ့ရန်ကို တွန်းလှန်တိုက်ထုတ်ကြရင်း ကျဆုံးသွားကြတာဖြစ်တဲ့အတွက် ဒီနေရာဟာ Puerto Rico နိုင်ငံရဲ့အထင်ကရ နေရာတစ်ခုဖြစ်နေပါတယ်။ ဒါအပြင် လှပတဲ့ရှုခင်းတွေကြောင့်လည်း နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် အဆက်မပြတ်လာရောက် လေ့လာရာ နေရာလည်းဖြစ်ပါတယ်။

(၃) Highgate Cemetery

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာတည်ရှိတဲ့ Highgate သင်္ချိုင်းဟာ အင်္ဂလန်နိုင်ငံရဲ့ တော်ဝင် မျိုးနွယ်အများစုကို မြုပ်နှံရာနေရာဖြစ်ပြီး အင်္ဂလန်သမိုင်းတစ်လျောက် ခေတ်စားခဲ့တဲ့ ရှေးဗိသုကာ လက်ရာတွေစုဝေးရာ နေရာတစ်ခုလည်း ဖြစ်နေပါတယ်။ နာမည်ကျော် အတွေးအခေါ်ပညာရှင် Karl Marx၊ စာရေးဆရာ ၊ Douglas Adams နဲ့ ပေါ့စတား George Michael တို့ကို ဒီသင်္ချိုင်းမှာပဲ မြုပ်နှံထားခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်းလက်ရာ များစွာပိုင်ဆိုင်ထားတဲ့ Highgate သင်္ချိုင်း ကိုတော့ အပိုင်း(၂)ပိုင်း ခွဲခြားလေ့လာနိုင်ပါတယ်။

သင်္ချိုင်းရဲ့ အနောက်ဘက်ပိုင်းမှာ ရှေးခေတ်များစွာအကြာက ဂူဗိမာန်တွေကိုထားရှိပြီး အရှေဘက်ပိုင်းမှာတော့ ထပ်မံရောက်ရှိလာတဲ့ ကွယ်လွန်သူ ဂူဗိမာန်တွေကို ထားရှိပါတယ်။ ၁၈၃၉ ခုနှစ်ကစတင်တည်ဆောက်ခဲ့တဲ့ Highgateသင်္ချိုင်းဟာအင်္ဂလန် ကသမိုင်းဝင် သချိုင်းများစွာ အနက်ကအထင်ရှားဆုံးဖြစ်ပြီး ဒီသင်္ချိုင်းတည်ဆောက်ရာမှာ အင်္ဂလန် တော်ဝင်မိသားစုတွေက ငွေကြေးများစွာကို အကုန်အကျခံတည်ဆောက်ခဲ့ပြီး သူတို့ အသိုင်းအဝိုင်းက ကွယ်လွန်သွားသူတွေအဖို့ ကြီးကျယ်ခန်းနားတဲ့ ဂူဗိမာန်များစွာ တည်ဆောက်ခဲ့ကြပါတယ်။

ဒါအပြင် Circle of Lebanon လို့သိကြတဲ့ မုဒ်ဦးပါတဲ့ ဂူဗိမာန်တွေကို Highgateသင်္ချိုင်းအတွင်းမှာ မြင်တွေ့ရပြီး အံ့ချီးလှတဲ့ အနုသုခုမလက်ရာများစွာနဲ့ တန် ဆာဆင် တည်ဆောက်ထားကို တွေ့မြင်နိုင်ပါတယ်။ ဒါအပြင် စိမ်းလန်းဝေဆာတဲ့ သစ်တောတန်း များစွာကို Highgate သင်္ချိုင်း အတွင်း ဖန်တီးထားတာကြောင့် ကြောက်စရာ သင်္ချိုင်းတစ်ခုနဲ့ မတူပဲ အနားယူ စရာ အိုအေစစ်တစ်ခုနဲ့ တူနေပါတယ်။

(၄) Pere Lachaise

ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာတည်ရှိတဲ့ Pere Lachaise သင်္ချိုင်း ဟာ နှစ်စဉ် ကမ္ဘာအရပ်ရပ် ကလာရောက်လည်ပတ်သူ (၃.၅)သန်းလောက်ရှိနေပြီး ကမ္ဘာပေါ်မှာတော့ လာရောက် လည်ပတ်သူ အများဆုံးသော သချိုင်းအဖြစ် စံချိန်တင်ထားပါတယ်။ ဒါကလည်း Pere Lachaise သချိုင်းအတွင်းတည်ရှိတဲ့ ထင်ရှားတဲ့ အဆောက်အအုံ၊ ဂူဗိမာန်တွေကြောင့် ပဲဖြစ်ပါတယ်။ အထူးသဖြင့် (၁၂)ရာစုမှ (၁၆)ရာစုအတွင်း အနောက်ဥရောပမှာ ခေတ်စားခဲ့တဲ့ ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ အထိမ်းအမှတ် အဆောက်အအုံများစွာဟာ Pere Lachaiseရဲ့ပုံရိပ်ကို မြှင့်တင်ပေး နေပါတယ်။

Pere Lachaiseသင်္ချိုင်းဟာ ပထမဆုံးသော ဥယျာဉ်နဲ့တွဲဖက်တည်ဆောက်ထားတဲ့ သင်္ချိုင်းတစ်ခု ဖြစ်ပြီး (၁၈)ရာစုကနေ (၁၉)ရာစုအတွင်းမှာတော့ ပြင်သစ်အာဏာ ပိုင်တွေက တဖြည်းဖြည်းချဲ့ထွင် တည်ဆောက်လာခဲ့ပါတယ်။ ဒါကလည်း တိုးတက်လာတဲ့လူဦးရေနဲ့အညီ မြို့ဧရိယာကို ချဲ့ထွင်ရာမှာ လိုအပ်ချက်တစ်ခုဖြစ်နေတဲ့ သင်္ချိုင်းမြေ ကို ချဲ့ထွင်တဲ့ သဘောဖြစ်ပါတယ်။ မူလရည်ရွယ်ချက်က ပန်းခြံတစ်ခုအနေနဲ့ သတ်မှတ် တည်ဆောက်ခဲ့တာ ဖြစ်လို့ သာယာလှပတဲ့ ဝန်းကျင်တစ်ခုဖြစ်အောင် အရင်ပြုလုပ်ခဲ့ ကြပါတယ်။

စိမ်းလန်းစိုပြေနေတဲ့ တောတန်းတွေအလယ်မှာ မြေနီလမ်းလေးများစွာကို ပုံစံဖော်တည်ဆောက်ထားတာ ဖြစ်ပြီး ကျေးငှက်သာရကာ မျိုးစုံရဲ့ မြည်တွန်သံကို သာယာနာပျော်စရာ ကြားရလေ့ရှိပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်များစွာ အရိုးချခဲ့ကြတဲ့ Pere Lachaise သင်္ချိုင်းဟာ ပန်းပေါင်းစုံ ဝေဆာဖူးပွင့်ရာ အရပ်ဖြစ်ပြီး လာရောက်လည်ပတ်သူတွေအဖို့ လွမ်းမော ဖွယ်ရာ ခံစားချက်ကို အစဉ်သဖြင့် ထုတ်လွှတ်ပေးလေ့ရှိတဲ့ နေရာအဖြစ်လည်း ကျော်ကြားပါတယ်။

(၅) Waverly Cemetery

သြစတေးလျနိုင်ငံ ၊ဆစ်ဒနီမြို့တော်မှာတည်ရှိတဲ့ Waverly Cemeteryဟာ (၁၈၇၇) ခုနှစ်လောက်ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာအလှဆုံး သင်္ချိုင်းစာရင်း မှာ ပါဝင်လာခဲ့ပါတယ်။ Waverly Cemetery ရဲ့ တည်နေရာဟာ ဆစ်ဒနီမြို့ရဲ့ ဆင်ခြေဖုံးအရပ်အဖြစ် သတ်မှက်ထားတဲ့ Bronteအရပ်ရဲ့ အနောက်ဘက်စွန်း မှာရှိတဲ့ ချောက်ကမ်းပါးစွန်းရဲ့ ထိပ်စွန်းမှာတည်ရှိနေတာဖြစ်ပါတယ်။ Waverly Cemeteryမှာ မြုပ်နှံထားတဲ့ပုံစံကတော့ ပြင်သစ်နိုင်ငံက Pere Lachaiseသချိုင်းလိုပဲ မြေမြုပ်သဂြိုလ်ရတဲ့ သင်္ချိုင်းဖြစ်ပြီး ဥယျာဉ်တစ်ခုကိုပါ တွဲဖက် ဖန်တီးထားပါတယ်။

လွန်ခဲ့တဲ့ (၁၉)ရာစုအတွင်းက မြုပ်နှံထားတဲ့ဂူတွေကို ယခုအချိန်ထိ မူလဗိသုကာလက်ရာ အတိုင်း မပျက်မယွင်းတည်ရှိနေသေးပြီး(အစိုးရက အစဉ်ရှေးမူ မပျက်ပြုပြင်ထား) ယနေ့ခေတ်အထိ အသစ်တိုးလာတဲ့ ဂူတွေကိုလည်း အဲဒီ သချိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ နောက်ဆုံးထုတ်ပြန်ချက်တွေအရတော့ Waverly Cemetery မှာဂူသွင်းသဂြိုလ်မယ်ဆိုရင်တော့ မြင့်မားတဲ့ အခိုးအခကို ကျန်ရစ်သူ မိသားစုက ပေးချေရမှာ ဖြစ်ပြီး ဒေသအာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ကိုပါ တောင်း ယူရမှာပါ။ သြစတေးလျလူမျိုးတွေရဲ့ ဓလေ့ကတော့ သေလွန်သူအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးတတ်ကြပြီး မြုပ်နှံတဲ့ နေရာကိုတောင် ကဗျာဆန်ဆန် ရွေးချယ်တတ်လေ့ရှိကြတာပါ။

ကမ်းမမြင်၊လမ်းမမြင်ပင်လယ်ပြင်ကြီး နောက်ခံထားပြီး တည်ရှိနေတဲ့ Waverlyသင်း ချိုင်း ဟာ သြစတေးလျနိုင်ငံရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးရဲ့ မျက်နှာပုံကျောက်ရုပ်ထုတွေ ထားရှိ တဲ့နေရာလည်း ဖြစ်နေပြန်ပါတယ်။ သြစတေးလျနိုင်ငံကျော် စာရေးဆရာ Louis Becke ကဗျာဆရာကြီး Dorothea Mackellar ၊နိုင်ငံခေါင်းဆောင် တစ်ဦးဖြစ်တဲ့ Sir James Martin၊ နာမည်ကျော် ကဗျာစာဆိုတစ်ယောက် ဖြစ်တဲ့ Henery Lawson(သူရဲ့ ကဗျာ အများစုဟာ Waverlyသင်္ချိုင်းအကြောင်း ကိုစပ်ဆိုပြီးနာမည်ကျော်ခဲ့တာပါ) စသူတွေရဲ့ မျက်နှာပုံ ကျောက်ရုပ်တုတွေကို Waverlyသင်္ချိုင်း အတွင်းမှာပဲ တွေ့မြင်နိုင်ပါတယ်။ အဲဒီမျက်နှာပုံ ရုပ်တုတွေ ထားရှိတဲ့ အစီစဉ်ကို (၁၉၂၂)ခုနှစ်လောက် ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်ပြီး Waverly သင်္ချိုင်းမှာလာရောက် မြုပ်နှံထားတဲ့ အနုပညာရှင်တွေကို အမှတ်ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

(၆) Laurel Hill Cemetery

အမေရိကန်ပြည်ထောင်စု အရှေမြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Pennsylvania က Philadelphia မြို့က စာကြည့်တိုက်ပိုင်ရှင်တစ်ဦး ဖြစ်တဲ့ John Jay Smith ဆိုသူက ၁၈၃၆ ခုနှစ်မှာ စတင်တည်ထောင်တဲ့ Laurel Hill သင်းချိုင်းဟာ လည်း လှပတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ပုံရိပ်ကိုပိုင်ဆိုင်ထားပါတယ်။ စတင်တည်ဆောက်သူရဲ့ ရည်ရွယ်ချက်ကတော့ သူရဲ့ချစ်လှစွာသော အမွှာသမီးငယ်လေးနှစ်ဦးကို အမှတ်ရစေချင်တဲ့ သဘောနဲ့ပါ။ Laurel Hill သင်္ချိုင်းရဲ့အနီးမှာတည်ရှိတဲ့ Schuylkill မြစ်အတွင်း ပြုတ်ကျ သေဆုံးခဲ့တဲ့ John Jay Smithရဲ့ သမီးငယ်လေးနှစ်ဦးကို အမှတ်ရတဲ့အနေနဲ့ မိခင်က အမွှာကလေးငယ်နှစ်ဦးကို ချော့မြူနေတဲ့ပုံထုဆစ်ထားတဲ့ ကျောက်ရုပ်တုဟာ ဝမ်းနည်း စရာအငွေ့အသက်တွေနဲ့ ပြည့်နှက်လို့နေခဲ့တာပါ။

ဒါအပြင်(၁၉)ရာစုလောက်က လာရောက်မြုပ်နှံထားကြတဲ့ အမေရိကန်စစ်သည်တွေရဲ့ ဂူတွေကိုလည်း မြင်တွေ့နိုင်ပြီး အများစုကတော့ အမေရိကန်ပြည်တွင်းစစ်ကို အကြောင်းပြုပြီး သေဆုံးခဲ့ကြသူတွေ ဖြစ်ပါတယ်။ (၄၂) ဦးထက်မနည်းတဲ့ အမေရိကန် စစ်ဗိုလ်ချုပ်တွေကို Laurel Hill သင်္ချိုင်းမှာ မြုပ်နှံထားခဲ့ကြပြီး အဲဒီအရပ်မှာပဲ သစ္စာတရားကို ကိုယ်စားပြုတဲ့ Meadle maple အပင်တစ်ပင် ပေါက်ရောက်ခဲ့ဖူး တယ်လို့ဆိုပါတယ်။ နာမည်ကျော် အမေရိကန်စစ်ဗိုလ်ချုပ်တွေ ဖြစ်ကြတဲ့ Ulysses S. Grant နဲ့ William Tecumseh Sherman တို့ရဲ့အဆိုအရတော့ နာမည်ကျော် Gettysburg တိုက် ပွဲအတွင်းကျဆုံးသွားတဲ့ အမေရိကန်စစ်သည်တွေ မြုပ်နှံရာအရပ်မှာ Meadle maple အပင်ဟာ ထူးထူးဆန်းဆန်း လာရောက်ပေါက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ Laurel Hillရဲ့ အခြားအထိန်းအမှတ်အဆောက်အအုံတွေကို ပိုမိုပေါ် လွင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ Meadle mapleအပင်ကို တာဝန်ရှိသူတွေက ခုတ်လှဲခဲ့ပါတယ်။ Laurel Hill ရဲ့ပုံရိပ်ဟာ ဝမ်းနည်းစရာနဲ့ အတိပြီးနေပြီး ရောက်လာသူ အားလုံးကို ၀မ်းနည်းစေတဲ့ ခံစားမှုမျိုးကို ပေးတယ်လို့ အများစုက မှတ်ချက်ချကြပါတယ်။

(၇) Aoyama Cemetery

ဂျပန်နိုင်ငံ၊တိုကျိုမြို့မှာတည်ရှိတဲ့ Aoyama သင်္ချိုင်းဟာကမ္ဘာလှည့်ခရီးသွားတွေအလွန် စိတ်ဝင်စားကြတဲ့ နေရာဖြစ်ပြီး အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ ပန်းပွဲတော်လို့သိကြတဲ့ Hanami ကာလအတွင်း လာရောက်လည်ပတ်သူ အလွန်များပါတယ်။ မတ်လအကုန် မေလအစပိုင်း ကာလတွေမှာ ဂျပန်တစ်နိုင်ငံလုံး ဟာချယ်ရီပန်းတွေနဲ့ ဖုံးလွှမ်းနေပြီး ယင်းကာလတွေဟာ Aoyama သင်္ချိုင်းရဲ့ ပုံရိပ်ကို အထင်ပေါ်ဆုံးကာလ တွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံ ၊တိုကျိုမြို့ရဲ့ အသည်းနှလုံးအဖြစ်တင်စားကြတဲ့ Minato ဒေသမှာ တည်ရှိတဲ့ Aoyamaသချိုင်းဟာ မြို့အတွင်းမှာတည်ရှိနေတာဖြစ်ပြီး အိမ်မွေး ကြောင်အများစု နေပူစာလှုံတဲ့နေရာလည်း ဖြစ်ပါတယ်။ အစုအဖွဲ့လိုက်နေကြတဲ့ ကြောင်အုပ်တွေဟာ ဂှုတစ်ခုနဲ့တစ်ခုကြား သွားလာလှုပ်ရှားတဲ့ မြင်ကွင်းဟာ လာရောက် လည်ပတ်သူတွေအတွက် အမှတ်တရ မှတ်တမ်းတင်စရာ ပုံရိပ်တွေလည်း ဖြစ်နေပါတယ်။ ဒါအပြင် (၁၉)ရာစုကာလအတွင်းက ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ဆာမူရိုင်း တိုက်ခိုက် ရေး သမားတွေနဲ့ နာမည်ကျော် အနုပညာရှင်အချို့ကို မြုပ်နှံထားတဲ့ Aoyamaသချိုင်းဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်အရပ်လည်း ဖြစ်ပါတယ်။

ဒါအပြင် ကမ္ဘာပေါ်မှာ အမှန်တကယ်ရှိ ခဲ့တဲ့ သစ္စာအစောင့်သိဆုံးခွေးအဖြစ် သတ်မှတ်ထားခဲ့တဲ့ Hachiko ကိုလည်း Aoyamaသချိုင်းမှာပဲ မီးသဂြိုလ်ကာ ကျန်ခဲ့တဲ့အရိုးပြာကို သခင့်ဂူအနီးမှာ ဂူသွင်းသဂြိုလ်ထားတာကို တွေ့ရပါတယ်။ Shibuyu မီးရထားဘူတာကနေ သခင်ပြန်အလာကို ကိုးနှစ်တာ ကာလ လုံးလုံးစောင့်နေခဲ့တဲ့ ခွေးလိမ္မာလေး Hachikoရဲ့သခင်အသစ်ဟာ ယခုတော့ Aoyama သင်္ချိုင်း ဖြစ်နေခဲ့တယ်လို့ ဆိုရမှာပါ။

(၈) La Recoleta Cemetery

တောင်အမေရိကတိုက်က အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့မှာတည်ရှိတဲ့ La Recoleta သင်္ချိုင်းဟာ ဒီဇိုင်းဆန်းတဲ့ အဆောက် အဦးတွေရဲ့ အရည်အသွေးကြောင့် ကျော်ကြားပါတယ်။ ဒါအပြင် အာဂျင်တီနားနိုင်ငံရဲ့ စာရေးဆရာတွေ၊ သမ္မတဟောင်းတွေနဲ့အတူ ကမ္ဘာကျော် အာဂျင်တီးနား မင်းသမီး Eva Peron တို့ကိုလည်း La Recoleta သင်္ချိုင်းမှာ မြုပ်နှံထားကြပါတယ်။ (၁၇၀၀)ပြည့်နှစ်လောက်ကတည်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ အခုသင်းချိုင်း နေရာမှာပဲ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ သီလရှင်ကျောင်း တစ်ကျောင်းကို စတင် တည်ဆောက်ခဲ့ပါတယ်။

(၁၈၂၂)ခုနှစ်မှာတော့ အာဏာပိုင်တွေက ဖော်ပြပါ အဆောက်အအုံတွေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး Buenos Aires မြို့ရဲ့ သင်္ချိုင်းနေရာ အဖြစ် သတ်မှက်ခဲ့ပါတယ်။ ပြင်သစ်လူမျိုး အင်ဂျင်နီယာ Prospero Catelin ဆိုသူက သင်္ချိုင်းရဲ့ ပုံစံကို ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး La Recoletaသင်္ချိုင်းနေရာကို လာရောက် နိုင်တဲ့ လမ်းခွဲများစွာကို ပိတ်ပစ်ခဲ့ပြီး လမ်းကြောင်းတစ်ခုတည်း ဖန်တီးခဲ့ပါတယ်။

La Recoletaသင်္ချိုင်းရဲ့ လူသိများ ထင်ရှားတဲ့အချက်တစ်ခု ကတော့ လွန်ခဲ့တဲ့ နှစ်(၂၀)ကာလ ကတည်းက အီတလီနိုင်ငံမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အာဂျင်တီးနား နွယ်ဖွားကမ္ဘာကျော် မင်းသမီး တစ်ဦးဖြစ်တဲ့ Eva Peronရဲ့ အရိုးဂူကို La Recoletaသင်္ချိုင်း နေရာကို ရွေပြောင်းခဲ့ခြင်း ဖြစ်ပါတယ်။ သူမရဲ့ အရိုးဂူဟာ နူးကလီးယား ဗုံးပေါက်ကွဲမှု ဒဏ်ကိုတောင် ခံနိုင်အောင်တည်ဆောက်ထားပြီး အဖိုးတန် ရွှေငွေများစွာ ကို ပါထည့်သွင်း သဂြိုလ်ခဲ့ပါတယ်။ ဆိုးကျိုးတစ်ရပ် အနေနဲ့ ကတော့ မသမာသူတွေက Eva Peronကို ထည့်သွင်းမြုပ်နှံထားတဲ့ ခေါင်းတလားအတွင်းမှာရှိတဲ့ ရွှေငွေ တွေကို ရယူနိုင်ဖို့ ဂူဖောက်ထွင်းမှုတွေကို အကြိမ် ကြိမ်ပြုလုပ်နေတာကိုတော့ အာဏာပိုင်တွေက ယနေ့တိုင် ကာကွယ်နေခဲ့ရခြင်းဖြစ် ပါတယ်။

(၉) Panteon General

မြောက်အမေရိကတိုက်၊ မက္ကဆီကိုနိုင်ငံ၊ Oaxaca အရပ်မှရှိတဲ့ Panteon General သင်္ချိုင်းဟာ အရွယ်အစားစုံလင်တဲ့ ဂူတွေနဲ့ပြည့်နှက်လျက်ရှိနေပြီး ဖွဲ့စည်း တည်ဆောက်ပုံ၊ သဘာဝ အနေအထားတွေအရ မြောက်အမေရိကရဲ့ အကျော်ကြားဆုံး သင်္ချိုင်းတစ်ခု အနေနဲ့ရပ်တည်နေပါတယ်။ အထူးသဖြင့် ဒေသအခေါ်အဝေါ် Dia de Muertos လို့သိကြတဲ့ သေခြင်းတရားနေ့ အခမ်းအနားပြုလုပ်တဲ့ ညမှာတော့ အစည်ကားဆုံး ပဲဖြစ်ပါတယ်။

နှစ်စဉ် နိုဝင်ဘာ(၁)ရက်နေ့ရောက်တိုင်း မက္ကဆီကန်ဓလေ့ရိုးရာနဲ့ ကျင်းပတဲ့ သေခြင်းတရားနေ့ အခမ်းအနားမှာ ဒေသခံတွေဟာ သေလွန်ပြီးဖြစ်တဲ့ ဘိုးဘေး၊မိဘတွေရဲ့ သင်္ချိုင်းဂူတွေကို သန့်ရှင်းရေး ပြုလုပ်ခြင်း၊အလှဆင်ခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် ဂူတွေမှာ သေခြင်းတရား အမှတ်အသားတွေကို ချိတ်ဆွဲ ခြင်း၊ဖယောင်းတိုင်၊ပန်းနဲ့ အခြားသော အမှတ်တရ လက်ဆောင်ပစ္စည်းတွေကို လာရောက် ချထားခြင်းတို့ကိုလည်း ပြုလုပ်ကြလေ့ရှိပါတယ်။

မက္ကဆီကို တစ်နိုင်ငံလုံး မှာရှိတဲ့ သင်္ချိုင်းအားလုံးမှာ ကျင်းပတဲ့ အဲဒီ သေခြင်းတရား ပွဲတော်မှာ သင်္ချိုင်း အားလုံးကို အဝါရောင်.လိမ္မော်ရောင်၊ ပန်းရောင်တောက်တောက်တွေအဖြစ် နည်းမျိုး စုံနဲ့ ဖန်တီးထားလေ့ရှိပါတယ်။ ဒါအပြင် သေခြင်းတရားပွဲတော်ကိုဆင်နွှဲသူတိုင်းဟာ မျက်နှာပြင်ကို လူဦးခေါင်းခွံ ပုံ ဖြစ်အောင်ဖန်တီးထားကြပြီး ကလေးသူငယ်တွေကို အစားအစာ ဝေငှကြတဲ့ အလေ့ ရှိကြပါတယ်။ ဒါအပြင် အဆိုအက၊တီးဝိုင်းတွေကို ပါဝင်စေပြီး ကွယ်လွန်သူတွေ အတွက် ဆုတောင်း မေတ္တာပို့သမှုတွေကို ပြုလုပ်ပေးပါတယ်။

(၁၀) Monumental Cemetery of Staglieno

Monumental Cemetery of Staglieno သင်္ချိုင်းတည်ရှိရာအရပ်ကတော့ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့မှာဖြစ်ပါတယ်။ ဂျီနိုအာမြို့ပြင် တောင်ခြေတစ်လျှောက် မှာ တည်ရှိတဲ့ ဒီသင်္ချိုင်းဟာ ဥရောပမှာတော့ အကြီးဆုံးဖြစ်ပြီး တစ်ဖြောင့်တန်းပေါက်နေ တဲ့ ဗန်ဒါပင်တွေနဲ့အတူ စတုန်ရန်းပုံသဏ္ဍန်တည်ရှိနေပါတယ်။

(၁၉)ရာစုလောက်ကတည်းက အီတလီအာဏာပိုင်တွေက Staglieno သင်းချိုင်းကို စတင် တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ဥရောပတိုက်တစ်ခုလုံးမှာရှိတဲ့ ဗိသုကာ ပညာရှင် တွေကို ဖိတ်ခေါ်ပြီး ယနေ့တိုင်မြင်တွေ့ရတဲ့ အဆောက်အအုံ၊ကျောက်ရုပ်တုတွေကို တည်ဆောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဂျီနိုအာ ဟာယခင်ကတည်းက ဗိသုကာပညာ ရပ်နဲ့ ပတ်သက်ပြီး ကမ္ဘာကျော်ခဲ့တာဖြစ်ပြီး (၁၉)ရာစုအတွင်း ဥရောပက ဗိသုကာ လက်ရာအတော်များများဟာ ဂျီနိုအာမြို့က ပညာရှင်တွေနဲ့ ကင်းကွာခြင်းမရှိပါဘူး။

(၁၉)ရာစု ကာလအတွင်းက နာမည်ကျော်ပန်းပု အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Santo Varni ရဲ့လက်ရာ ဖြစ်တဲ့ ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို ဖော်ကျူးတဲ့ Faith လို့အမည်ရတဲ့ ကျောက်ရုပ်တုကို Staglienoသင်္ချိုင်းမှာ မြင်တွေ့နိုင်ပါတယ်။ ဒါအပြင် (၁၈၀၀)ပြည့်ကာလအတွင်းက အီတလီနဲ့ ကမ္ဘာအရပ်ရပ်က ဗိသုကာပညာရှင်တွေရဲ့ လက်ရာဖြစ်တဲ့ လိပ်ခုံးပုံ ခုံးမောက်နေတဲ့ အဆောက်အအုံအတော်များများကို Staglienoသင်္ချိုင်း အတွင်းမှာပဲမြင်တွေ့နိုင်ပါသေးတယ်။

အပေါ်မှာ ဖော်ပြခဲ့တာကတော့ ကမ္ဘာပေါ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းအမြောက်အများရှိတဲ့အထဲက အလှဆုံးဆိုတဲ့ သင်္ချိုင်း ၁၀ ခု အကြောင်းပါ။ ဗဟုသုတရတယ်ဆိုရင် သုတဇုန်ပေ့ကို ဆီးဖက်စ် လုပ်သွားပေးပါ။

သုတဇုန်

Leave a Reply