တူပြိုင်ဂူလိုဏ် နှစ်လောင်းပြိုင် မသာတော်

Posted on

ရေးသားသူ – ကိုရန်နောင်စိုး

မန္တလေးမြို့ က ကြေးမြင်ကျောင်းကြီးဆီကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါတယ် ။ ပထမအကြိမ်ရောက်ကတည်းကပဲ သချိုင်းကမ္ပည်းစာကျောက်ချပ်တွေကပ်ထားတဲ့ ကျောင်းရှေ့ ကရေအိုးစင်လေးကိုသတိပြုမိတာပါ ။ အစပထမမှာ ကမ္ပည်းစာတွေကိုဖတ်မိတော့ မင်းတုန်းမင်းကြီး သားတော် သမီးတော်တို့ရဲ့ အုတ်ဂူက ကျောက်ချပ်တွေဖြစ်တယ်လို့ပဲ သာမန်အားဖြင့်မှတ်ထားမိတာပါပဲ ။

နောက်ပိုင်းမှာကြေးမြင်ကျောင်းကိုစိတ်ဝင်စားကြတဲ့ မိတ်ဆွေတွေကိုလိုက်ပို့ရင်း အထပ်ထပ်ရောက်ဖြစ်ခဲ့တဲ့အခါ စောစောကပြောခဲ့တဲ့ ကမ္ပည်းကျောက်စာတွေကို သေသေချာချာဖတ်မိပြန်ပါတယ် ။ အဲဒီတော့မှ ကျောက်စာချပ်က ထူးခြားချက်လေးတစ်ခုကို သတိပြုမိတာပါ ။

ကမ္ပည်းစာကျောက်ချပ်ပိုင်ရှင်တွေက မင်းတုန်းမင်းရဲ့ သားတော်နဲ့ သမီးတော်တွေဖြစ်ကြတဲ့ ပျဉ်မနားမင်းသားကြီးနဲ့ ထရံကာထိပ်ခေါင်တင်တို့ဇနီးမောင်နှံဖြစ်ပြီး သူတို့ရဲ့ မွေးဖွားခုနှစ် နဲ့ ကွယ်လွန်တဲ့ ခုနှစ်နေ့ရက်တွေကိုလည်း အဲဒီကျောက်ချပ်မှာဖော်ပြထားတယ် ။ သူတို့ရဲ့ ကွယ်လွန်တဲ့ခုနှစ် ရက်လတွေကိုစစ်ကြည့်တော့ စိတ်ဝင်စားဖွယ်အချက်တစ်ချက်ကိုတွေ့ ရတာပါ ။

ဒီဇနီးမောင်နှံနှစ်ယောက်ဟာ ၁၉၆၃ ဇွန်လအတွင်း တစ်ယောက်နဲ့ တစ်ယောက် သုံးရက်ကျော်ကျော်လောက်ပဲခြားပြီးကွယ်လွန်လွန်ခဲ့တာဖြစ်ကြောင်း အဲဒီကမ္ပည်းစာအရ သိရပါတယ် ။ မင်းသမီးကြီးက ဇွန်လ ၂ ရက်နေ့မှာကွယ်လွန်ပြီး မင်းသားကြီးက နောက်သုံးရက်ကျော်အကြာဖြစ်တဲ့ ဇွန်လ 6 ရက်နေ့မှာကွန်လွန်ခဲ့တာပါတဲ့ ။

အချိန်က သက္ကရာဇ် ၁၂၄၀ ပြည့်နှစ် ၀ါတွင်းကာလ မင်းတုန်းမင်းတရားကြီး ကျမ်းမာရေးယိုယွင်းနေတဲ့အချိန် ။ တစ်နေ့တော့ မင်းတရားကြီးနံနက်ပွဲတော်တည်ပြီးတဲ့အချိန်မှာ ငယ်ရွယ်တဲ့သားတော်သမီးတော်များကို အခစားဝင်စေပါတယ် ။ အသက် ငါးနှစ်နှင့် ဆယ်နှစ်အကြားဖြစ်ကြတဲ့ သားတော်လေးများနဲ့ သမီးတော်လေးများကိုတစ်ဖက်စီခြံရံစေပြီး ခမည်းတော်ဘုရင်ကြီးက အနှိပ်တော်ဆက်စေပါသတဲ့ ။

တကယ်တော့ မင်းတုန်းမင်းကြီးက အညောင်းတော်ပြေစေလိုလို့ နှိပ်တော်ဆက်စေတာမဟုတ်ဘဲ သားတော်သမီးတော်ကလေးများကို တွေ့ ချင်လို့ အခုလိုအခစားဝင်ရောက်စေတာဖြစ်မှာပါ ။ အနှိပ်တော်အဆက်ခံနေတဲ့ မင်းတရားကြီးက ကိုယ်တော်နဲ့ အနီးကပ်ဆုံးမှာရှိနေတဲ့ တစ်ဖက်တစ်ချက်က သားတော်လေးနဲ့ သားတော်လေးနှစ်ပါးကို စူးစူးစိုက်စိုက်ရှုစားတော်မူပြီး တစ်ခုခုကို သဘောကျစွာနဲ့ပြုံးတော်မူသတဲ့ ။ စိတ်ထဲမှာလည်း သမီးတော်လေးနဲ့ သားတော်လေးနှစ်ပါးကို ကျီစယ်လိုတဲ့စိတ်တွေလည်း ဖြစ်ပေါ်လာတယ်ထင်ပါရဲ့  ။

မင်းတရားကြီးက လက်ယာဘက်မှာ အနိပ်တော်ဆက်နေတဲ့ ခုနှစ်အရွယ် ပျဉ်းမနားမင်းသားလေးကို ခေါင်းညိပ်အချက်ပြပြီး ၀ဲဘက်က ငါးနှစ်အရွယ် ထံရံကာမင်းသမီးလေးကို မေးငေါ့ပြလို့ “ သားတော်လေး သူ့ကို သိသလားကွဲ့ ” လို့မေးတော်မူသတဲ့ ။ ပျဉ်းမနားမင်းသားလေးက ခမည်းတော်မင်းတရားကြီးရဲ့ အမေးကို နှိပ်နေရင်းက
“မြို့ လှ ၊ မြို့ လှ” ဆိုပြီး တိုတိုတုတ်တုတ်နဲ့ပြန်ဖြေဆိုလိုက်သတဲ့ ။ တကယ်တော့ ခမည်းတော်မင်းကြီးက ရုတ်တရက်အမေးတော်ရိုလိုက်တာမို့ မင်းသားလေးခမြာ ထင့်ထင့်ငေါ့ငေါ့ဖြစ်သွားတာနေမှာပါ ။

မင်းသားလေး အဲဒီလိုပြန်ဖြေကို ရည်ညွှန်းခံရသူမင်းသမီးလေးက သဘောမကျဘူး ၊ မင်းသားလေးကို မျက်စောင်းတစ်ချက်ထိုးလို့ စိတ်ထဲမှာလည်း ခမည်းတော်မေးတော်မူတာကို အခုလိုမျိုးမရိုမသေဖြေရကောင်းလားဆိုပြီး မကျေမနပ်ဖြစ်လို့နေသတဲ့ ။ နောက်ထပ် မင်းသမီးလေးမကျေနပ်တဲ့အချက်က သူဟာ မြို့ လှမြို့ ကိုစားရတာအပြင် ထရံကာမြို့ ကိုလည်းစားနေရသေးတော့ ဖြေရင်လည်း မြို့ လှမြို့ နဲ့ထံရံကာမြို့ စားမင်းသမီးလို့ ပြည့်ပြည့်စုံစုံဖြေပါတော့လားပေါ့ ။ အခုတော့ သူ့ကိုရည်ညွှန်းပြီး ပျဉ်မနားမင်းသားလေးဖြေလိုက်ပုံက “မြို့ လှ မြို့ လှ” တဲ့ ။ အဲဒီအဖြေကို မင်းသမီးလေးကမကျေနပ်တာနဲ့ နှိပ်နေရင်း ပျဉ်းမနားမင်းသားလေးကိုမျက်စောင်းလေးထိုးပြီး နှတ်ခမ်းကိုလည်း စူထားလိုက်တော့တယ် ။

မင်းသမီးလေးဖြစ်နေပုံကို အနှိပ်တော်ဆက်ခံနေတဲ့မင်းတုန်းမင်းကြီးကသဘောကျတော်မူသွားပြီး ပျဉ်မနားမင်းသားလေးကို မေးငေါ့လို့ “သမီးတော်လေးက သူ့ကိုရော သိသလားဗျား” လို့မေးပြန်ပါတယ် ။ ဒီအခါမှာ ထံရံကာမင်းသမီးလေးက ခမည်းတော်ဘုရားကို လက်အုပ်လေးချီလို့ “ပျဉ်းမနားမောင်မောင်ပါဘုရား” ဆိုပြီး ယဉ်ကျေးသိမ်မွေ့ စွာနဲ့ လျှောက်တင်လိုက်ပါတယ် ။

ပြီးတော့မင်းသမီးလေးက “တွေ့ လား ဒီလို ယဉ်ယဉ်ကျေးကျေးလျှောက်တင်တတ်ရတယ်” ဆိုတဲ့ မျက်နှာပေးလေးနဲ့ ပျဉ်းမနားမင်းသားလေးဘက်ကို မျက်စောင်းလေးထိုးလိုက်သေးသတဲ့ ။ မင်းတုန်းမင်းကြီးမှာ သူတို့နှစ်ယောက်ရဲ့  ဖြစ်နေပုံတွေကို သဘောကျလွန်းလို့ သားတော်သမီးတော်တွေအကြား အနှိပ်တော်အဆက်ခံနေရင်း တဟားဟားနဲ့ ရယ်မောနေခဲ့ရတယ်လို့ ဆိုပါတယ် ။

အဲဒီနေ့က မင်းသားမင်းသမီးလေးတွေကို ပြန်ခါနီးမှာ ပျဉ်းမနားမင်းသားလေးနဲ့ ထရံကာမင်းသမီးလေးတို့ကို ဘယက်တစ်ကုံးစီနဲ့ ကျန်သားတော်သမီးတော်လေးတွေကိုတော့ ကစားစရာအရုပ်တွေချီးမြှင့်လိုက်သတဲ့ ။ နောက်ပြီး ပျဉ်းမနားသားတော်လေးရဲ့ မယ်တော် ကြေးမြင်မိဖုရားကြီးနဲ့ ထရံကာမင်းသမီးလေးရဲ့ မယ်တော်ဖြစ်တဲ့ ငါန်းဇွန်းမိဘုရားတို့ကိုလည်း အခစားဝင်ခဲ့ဖို့ မင်းတုန်းမင်းကြီးက အမှာပါးလိုက်ပါသေးတာပါ ။

မိဖုရားနှစ်ပါးအခစားဝင်တော့ မင်းတုန်းမင်းကြီးက “သည်ကလေးတွေ အရွယ်ရောက်လာတဲ့အထိ မောင်တော်နေရတော့မယ်မထင်ပါ့ ၊ သည်တော့ သင်းကလေးတို့ အရွယ်ရောက်လာရင် လက်ဆက်ပေးလိုက်ကြပါကွယ်တို့” လို့ဆိုပြီးမိန့်တော်မူခဲ့တယ်လို့ ဆိုပါတယ် ။ မင်းတုန်းမင်းရဲ့  အမိန့်စကားဟာ အဲဒီအချိန်ကစပြီး ရွှေနန်းတော် အသိုင်းအ၀ိုင်းထဲမှာတီးတိုးသတင်းစကားအဖြစ်နဲ့ ပျံ့ နှံ့ သွားပါတော့တယ် ။ အဲဒီသတင်းစကားပျံ့ နှံမှုဟာ ပါတော်မူပြီးနောက်ပိုင်း ပျဉ်းမနားမင်းသားလေးနဲ့ ထရံကာမင်းသမီးလေးတို့ အရွယ်ရောက်လာခဲ့တဲ့အထိ ဆိုပါတော့ ။

မင်းတုန်းမင်းကြီးရေးခဲ့တဲ့ နဖူးစာရေးကို အင်္ဂလိပ်လက်ထက်ရောက်တဲ့အချိန်မှာ အကောင်ထည်ဖော်လိုက်ကြပါတော့တာပါ ။ ၁၉၀၂ ခုနှစ် မတ်လ ၂၅ ရက်နေ့ ရန်ကုန်မြို့ က မီးဇာဘတ်အိမ်တော်မှာ ပျဉ်းမနားမင်းသားနဲ့ တရံကာထိပ်ခေါင်တင်တို့မင်္ဂလာပွဲကို ကြီးကျယ်ခန်းနားစွာနဲ့ အင်္ဂလိပ်အစိုးရအရာရှိတွေက ကြီးမှူးပြီး ကျင်းပပေးခဲ့ကြပါတယ် ။

အဲဒီအချိန်မှာ ပျဉ်မနားမင်းသားက အသက် ၃၀ နှစ်ရှိပြီဖြစ်ပြီး ထရံကာထိပ်ခေါင်တင်က အသက် ၂၈ နှစ်ရှိပါပြီတဲ့ ။ လက်ထပ်ပြီးနောက်ပိုင်းမှာ အင်္ဂလိပ်တို့ရဲ့ မြန်မာမင်းသားတို့အပေါ်ပြုမြဲထုံးစံအတိုင်း ပျဉ်းမနားမင်းသား အိန္ဒိယကိုပို့လိုက်တော့တာပါ ။ ဒီတော့ ထရံကာထိပ်ခေါင်တင်လည်း သျှောင်နောက်ဆံထုံးပါဆိုသလို ပျဉ်းမနားမင်းသားကြီးနဲ့အတူ အိန္ဒိယအထိလိုက်လိုက်ပါခဲ့ရတာပေါ့ ။

မင်းတုန်းမင်းကြီးကြောင်းလမ်းချက်ကနေ အစပြုပြီး ပေါင်းဖက်ဖြစ်သွားကြတဲ့ မင်းသားကြီးနဲ့ မင်းသမီးကြီးတို့ ဇနီးမောင်နှံဟာ တစ်ဦးနဲ့တစ်ဦး သိပ်ကိုချစ်ကြတယ်လို့ဆိုတယ် ။ မင်းသားကြီးက သူ့ဇနီးထရံကာမင်းသမီးကြီးကို နုမလေး ၊ ဘေဘီလေး လို့ ကြင်ကြင်နာနာခေါ်လေ့ရှိသတဲ့ ။ တစ်ယောက်နဲ့ တစ်ယောက်လည်း မျက်စိအောက်က အပျောက်မခံကြဘူး ။ မင်းသားကြီးနဲ့ မင်းသမီးကြီးတို့ ဇနီးမောင်နှံဟာ မြန်မာနိုင်ငံရဲ့ ခေတ်အပြောင်းအလဲ အမျိုးမျိုးနဲ့ ကြုံခဲ့ရတော့ အခက်ခဲမျိုးစုံကိုရင်ဆိုင်ပြီး ဘ၀ကိုဖြတ်သန်းခဲ့ကြရတာပါ ။

အိန္ဒိယမှာဖွားမြင်တဲ့ ပထမသားတော်လေးကို ကြေးမြင်မိဖုရားကမြန်မာနိုင်ငံကို ဆောင်ယူလာပြီး သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တယ်လို့ ဆိုပါတယ် ။ နောက်ထပ်ထွန်းကားခဲ့တဲ့ သားတော်တွေကလည်း စစ်ကြီးအတွင်းမှာ ရှေ့ ဆင့်နောက်ဆင့်ကွယ်လွန်ကွယ်လွန်သွားခဲ့ပြန်ပါတယ် ။ မင်းသားကြီးတို့ ဇနှီးမောင်နှံ အသက်ကြီးလာတဲ့ အချိန်မှာတော့ မြေးတွေ အချွေရံတွေနဲ့ပဲ ဘ၀နေ၀င်အချိန်ကို ဖြတ်သန်းရတော့တာပါ ။

အသက်တွေကြီးလာတော့ တစ်ဦးကိုတစ်ဦး မှီထိန်းပြီး ချစ်ကြင်နာစွာနဲ့ နေလာခဲ့ကြတာဖြစ်ပါတယ် ။ နှစ်ပေါင်း ၆၀ ကျော်အတွင်း အတူတကွနေထိုင်နေထိုင်လာခဲ့တာဟာ တစ်ဦးနဲ့တစ်ဦး ဘယ်တုန်းကမှ မခွဲဖူးဘူးလို့ ဆိုပါတယ် ။ အသက်တော် ၉၀ ကျော်လာတာတောင်မှ အတူမခွဲဘဲ ကုတင်တစ်လုံးတည်းမှာသာ အိပ်စက်တော်မူသတဲ့ ။ သို့သော်လည်း တစ်ချိန်မှာတော့ …….. ။

၁၉၆၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် လူထုသတင်းစာမှာ “မင်းတုန်းမင်း၏ သမီးတော် အသက်တော် ၉၀ ရှိ ထရံကာထိပ်ခေါင်မင်းသမီးကြီး နတ်ရွာစံရှာပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ နာရေးသတင်တစ်ခု ပါလာပါတယ် ။ အဲဒီနာရေးသတင်းမှာ …. မင်းတုန်းမင်းရဲ့  သားတော် သမီးတော်အရင်းနစ်ပါး မန္တလေးမြို့ မှာရှိနေသေးရာမှာ အသက်တော် 90 ရှိပြီဖြစ်တဲ့ ထရံကာထိပ်ခေါင်တင်မင်းသမီးကြီးဟာ ဇွန်လ ၂ ရက်နေ့ ည ၇ နာရီအချိန်မှာ လူကြီးရောဂါနဲ့ကွန်လွန်ခဲ့ပြီဖြစ်ကြောင်း ၊ လွန်ခဲ့တဲ့ ၇ ရက်ခန့်က မြေးတော်များကို သင့်သလို ရှင်ပြုနားသအလှူတော်ပြုပြီးနောက် အနည်းငယ် နေမကောင်းဖြစ်ရာမှ ညနေ ၇ နာရီအချိန်လောက်မှာ ပုတီးစိပ်ရင်း နတ်ရွာစံသွားတော်သွားခြင်းဖြစ်ကြောင်း ဖော်ပြပါရှိတယ်လို့ဆိုပါတယ် ။ ဒီသတင်းကို ဖတ်လိုက်ရတဲ့မြို့ နေလူထုကတော့ သြော် … တို့မန္တလေးမြို့ မှာ နောက်ဆုံးအသက်ရှိထင်ရှားကျန်နေသေးတဲ့ မင်းတုန်းမင်းရဲ့ သမီးတော်ကြီး နတ်ရွာစံရှာပြီကိုး … ဆိုပြီးတော့သာ အမှတ်တရဖြစ်လိုက်ကြတာပါ ။

ထရံကာမင်းသမီးကြီးရဲ့ နာရေးကြေညာပါပြီးနေက် လေးရက်မြောက်နေ့ ဖြစ်တဲ့ ဇွန်လ ၇ ရက်နေ့ လူထုသတင်းစာမှာ “ပျဉ်းမနားမင်းသားကြီးပါ နတ်ရွာစံရှာပြီ” ဆိုတဲ့ခေါင်းကြီးသတင်းတစ်ပုဒ်ပါလာပြန်တော့ မန္တလေးမြို့ နေလူထုကြီးဟာ ထိတ်တလန့်တအံ့တတသြမှုတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ် ။ အဲဒီသတင်းမှာ ဖော်ပြထားတာက …..

ထရံကာမင်းသမီးကြီး နတ်ရွာစံတဲ့နေ့ဟာ ဇွန်လ ၂ ရက်နေ့ဖြစ်တာမို့ အခု ကြရာတော် ပျဉ်မနားမင်းသားကြီးကွန်လွန်တဲ့နေ့နဲ့ဆိုရင် သုံးရက်ကျော်သာကွာကြောင်း ၊ မင်းသားကြီးဟာ နုမတော်နတ်ရွာစံပြီဆိုတာနဲ့ အကြီးအကျယ်စိတ်ထိခိုက်ပြီး ငယ်စဉ်ကကိုင်ခဲ့တဲ့ သေနတ်ကိုသာရှာနေပြီး နုမတော် ဒီလိုဖြစ်မယ်မှန်းသိရင် မနေ့ကတည်းက ငါ့ကိုယ်ငါသတ်သေတယ် လို့ ပြောနေကြောင်း ၊ သွန်လွန်ပေါ်မှာပြင်ထားတဲ့ မင်းသမီးကြီးရဲ့ အလောင်းအနားကိုသွားသွားပြီး မျက်ရည်မဆည်နိုင်ပဲ ငိုနေကြောင်း ၊ “သူမရှိရင် ငါနေလို့ကော ဘာကျေးဇူးရှိအုံးမှာလဲ” ဆိုပြီး မိန့်တော်မူကြောင်း ၊ မင်းသမီးကြီး နတ်ရွာစံတဲ့ညကစပြီး ပျဉ်းမနားမင်းသားကြီးဟာ ပွဲတော်လည်း ကောင်းကောင်းမတည်တော့ကြောင်း ၊ ညဘက်ဆိုလည်း တခြားကုတင်မှ ပြောင်းမအိပ်ဘဲ မင်းသမီးကြီးနဲ့ အတူစံတော်မူတဲ့ ( မင်းသမီးနတ်ရွာစံတဲ့ကုတင် ) ကုတင်မှာသာ လဲလျှောင်းနေကြောင်း တွေကို ဖော်ပြထားတယ်လို့ သိရပါတယ် ။

မင်းသားကြီးဟာ မင်းသမီးကြီး အလောင်းပြင်ထားတုန်းမှာ မျက်ရည်တရွှဲရွှဲနဲ့ ဖြစ်နေပြီး ကောင်းကောင်းလည်း မအိပ်စက်နိုင်ဘူးလို့ ဆိုပါတယ် ။ ဇွန်လ 3 ရက်နေ့ကတည်းက အအိပ်ပျက် အစားအပျက်နဲ့ စိတ်ထိခိုက်မှုတွေကြောင့် နေမကောင်းဖြစ်လာတဲ့အခါ မြေးများ ချွေးမများက ဆရာဝန်ပင့်ပင့်မယ်လို့ လျှောက်တင်ပေမယ့် မပင့်ခိုင်းဘူးတဲ့ ။ ၅ ရက်နေ့ရောက်တော့မှ ဆရာဝန်ပင့်ခိုင်းပါတယ် ။

ဆရာဝန်များကလည်း ဘာရောဂါကိုမှ ရှာမတွေ့ ဘူးတဲ့ ။ ဆရာတော်တွေကြွလာပြီး စိတ်ချမ်းသာအောင်နေဖို့ မင်းသးကြီးကို တရားပြပါတယ် ။ ညနေပိုင်းရောက်တော့ ပုတီးစိပ်တယ် ၊ တကိုယ်လုံးလည်းအေးစက်နေတယ် ၊ သူ့ကို ကိုင်ကြည့်တော့ “မင်းတို့အသားတွေပူတယ် မကိုင်နဲ့” လို့ ဆိုပြီး ယပ်သာခတ်ခိုင်းသတဲ့ ။ ဒီလိုနဲ့ပဲ မင်းသားကြီးဟာ နံက်လေးနာရီလောက်မှာ နတ်ရွာလားပါတော့တယ် ။ မနက်ရောက်တော့ စံအိမ်တော်မှာ ထံရံကာမင်းသမီးအလောင်းပြင်ထားတဲ့သလွန်နဲ့ ယှည်ပြီး ပျဉ်မနားမင်းသားကြီးရဲ့  အလောင်းကို ပြင်ထားလိုက်ရတော့တာပါ ။ ထူးထူးခြားခြား နှစ်လောင်းပြိုင်မသာတော်ဖြစ်ပါတယ် ။

ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာမင်းသမီးကြီးတို့ရဲ့  ရုပ်ကလာပ်ကို သုံးလကျော်ကြာပြီးဖြစ်တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာမှ ဂူသွင်းမြုတ်နှ့ခဲ့တယ်လို့ သိရပါတယ် ။ ဂူသွင်းမြုပ်နှံခဲ့တဲ့နေရာက ကြေးမြင်မိဖုရားကြီးရဲ့ သချိုင်းတော်ဝန်းမှာပါ ။ မင်းသားကြီးတို့ ဇနီးမောင်နှံနှစ်လောင်းကို အုတ်ဂူတစ်ခုထဲမှာသွပ်သွင်းပြီး အပေါ်မှာမှ ပြသာဒ်နှစ်ခုကိုခွဲလုပ်ခဲ့ပါသတဲ့ ။

ဒီနေရာမှာ ချစ်သမျှကိုပတ်ပျိုးထဲကစာသားလေးကို သွားပြီးသတိရမိပါတယ် ။ တူပြိုင် ဂူလိုဏ် ၊ စကား သစ္စာတိုင် ၊ သံသာလေကမ်းတိုင် ၊ တူပြိုင်လေကူးမယ် ၊ ဆုထူးငယ် ပန်ရွယ်သွန်း ။ ချစ်လို့ ရယ်တဲ့မကုန် ၊ ဝသုန်ဤမြေ ၊ သိကြားစေ သက်သေညွှန်း …… ။ အုတ်ဂူထဲရောက်တဲ့အထိ တစ်ယောက်နှစ်ယောက်မခွဲဘဲ အတူယှဉ်တွဲလို့ သံသယာတစ်ဖက်ကမ်းကို ကူးနိုင်ကြတာပါ ။ တကယ်ကို ချစ်ခြင်းမေတ္တာကြီးမားကြတဲ့ မောင်နှံနှစ်ဦးပါပဲ ။

မန္တလေးမြို့ ကြီး တိုးတက်ပြောင်းလဲလာတော့ ကြေးမြင်မိဖုရားသချိုင်းတော်ဝန်းဟာ လူနေရပ်ကွက်ထဲကို တစ်ဖြည်းဖြည်းရောက်လာခဲ့တာမို့ ဆွေတော်မျိုးတော်တွေက အုတ်ဂူများကိုတူးဖော်ပြီး ရွှေ့ ပြောင်းလိုက်ရတယ်လို့ သိရပါတယ် ။ သချိုင်းပြောင်းတဲ့အချိန်မှာ ကြေးမြင်ကျောင်းဆရာတော်က ပျဉ်းမနားမင်းသားကြီးနဲ့ ထရံကာမင်းသမီးကြီးတို့ရဲ့ အုတ်ဂူက ကဗ္မည်းကျောက်စာချပ်တွေကို သိမ်းထားပြီး သူ့ကျောင်းက ရေအိုးစင်အောက်ခြေမှာထည့်သွင်းထားတာပါ ။ ကြေးမြင်ကျောင်းမှာ ကျွန်တော်မြင်ခဲ့ရတာဟာ အဲဒီကျောက်စာချပ်တွေပဲဖြစ်ပါတယ် ။

( ရန်နောင်စိုး )

စာကိုး နှင့် ဓာတ်ပုံ ။ ကုန်းဘောင်အလွန် / ဒုတိယအုပ် ( မောင်သန်းဆွေ – ထားဝယ် )

Leave a Reply