ကျိုင်းတုံက ဒီဇိုင်းအဆန်းနဲ့ ရောင်စုံဂူလေးများ

Posted on

မူရင်း ရေးသားသူ – ရန်နိုင်(သီလ၀)

ဓာတ်ပုံတွေကတော့ ကိုရန်နောင်စိုး ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ။

မီးခိုးခေါင်းတိုင်တစ်ခုမှ မီးခိုးမည်းမည်းများ ပျံ့လွင့်တက်နေသည့် တောင်ကုန်းတစ်ခုပေါ်တွင် ဝမ်းနည်းပူဆွေး၍ ငိုကြွေးနေကြသူများ အပါအဝင် လူများစွာက ကားကြီး၊ ကားငယ်အသွယ်သွယ်ဖြင့် ဆင်းတက်လှုပ်ရှားနေကြသည်။

လူအချို့သည် ပြာမှုန့်နှင့် မီးသွေးခဲများကြားရှိ အရိုးစုများကို နွားနို့ရည်များဖြင့် ဆေးကြောသန့်စင်ကာ ရွေးချယ်၍ အိုးတစ်ခုအတွင်းသို့ ထည့်သွင်းနေကြသည်။

တခြားတော့မဟုတ် တိုင်းရင်းသားမျိုးနွယ်စုပေါင်း များစွာနေထိုင်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် ဟွေဖျန်းသုသာန်တွင် သေဆုံးသူများကို လာရောက်မီးသင်္ဂြိုဟ်နေကြသည့် မြင်ကွင်းပင်ဖြစ်သည်။

ယင်းသုသာန်မြေအတွင်း၌ အရွယ်အစားတူ အုတ်ဂူငယ်လေးများကြားတွင် အခြားမြို့ရွာများတွင် မတွေ့မမြင်နိုင်သည့် လူနေအိမ်များကဲ့သို့ အသေးစားတစ်ထပ်နှင့် နှစ်ထပ် ရောင်စုံဂူနေအိမ်လေးများကို ထူးထူးဆန်းဆန်း မြင်တွေ့ရမည်ဖြစ်သည်။

ငွေကြေးချမ်းသာသည့် ကျန်ရစ်သူ မိသားစုများသည် ရောင်စုံဂူနေအိမ်လေးများကို တည်ဆောက်၍ သေဆုံးသွားသူများ၏ အရိုးပြာများကို ထည့်သွင်းမြှုပ်နှံပေးရာမှ ယင်းသုသာန်မြေအတွင်း ပုံသဏ္ဌာန်မျိုးစုံရှိ ရောင်စုံဂူနေအိမ်လေးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“မီးသင်္ဂြိုဟ်ပြီးတဲ့ အရိုးပြာတွေကို ပုံမှန်ဆိုရင်တော့ နှစ်လက်မပတ်လည် အုတ်ဂူလေးတွေထဲမှာပဲ ထည့်သွင်းမြှုပ်နှံခွင့်ပြုတာပါ။ အခုလို အိမ်ပုံစံဂူလေးတွေကတော့ ကျန်ရစ်သူမိသားစုတွေရဲ့ ဆန္ဒအရ နေအိမ်ပုံစံတွေ ဆောက်လုပ်ခွင့်ပေးထားတာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယင်းသို့သင်္ဂြိုဟ်ပုံသည် တရုတ်ရိုးရာဓလေ့မှ အခြေခံလာခြင်းဖြစ်သည်။ သို့သော် တရုတ်ရိုးရာတွင် စက္ကူပုံများဖြင့် အသုဘရှင်တို့ ကြိုက်နှစ်သက်သည့် (သို့မဟုတ်) သေဆုံးသူ၏ ဆန္ဒအရ ကြိုက်နှစ်သက်သည့်ပုံ (အိမ်ပုံမှမဟုတ်ဘဲ ကားပုံများလည်း ပြုလုပ်ကြသည်)ကို စက္ကူဖြင့် ပုံစံသွင်းပြုလုပ် သင်္ဂြိုဟ်လေ့ရှိ ကြသည်။ ယခုသင်္ဂြိုဟ်ပုံမှာတော့ ယင်းသို့မဟုတ် ရှမ်းနှင့် တရုတ်ရောထားသည့် သင်္ဂြိုဟ်နည်းဟုဆိုရမည် ဖြစ်သည်။

အဆိုပါနေအိမ်ပုံစံ ဂူများပြုလုပ်သူသည် ယခင်က ရိုးရိုးနေအိမ်ပုံစံသာ ပြုလုပ်ကြသော်လည်း နောက်ပိုင်းတွင် တကယ့်နေအိမ်ပုံစံများအတိုင်း ကားပါကင်၊ ရေစင်၊ ရုပ်သံစလောင်းများ စသည်တို့ပါ တပ်ဆင်တည်ဆောက်လာကြောင်း ဦးမျိုးမြင့်အောင်က ရှင်းပြသည်။

ကုန်ကျစရိတ်အနေနှင့် သေဆုံးသူများ၏ အရိုးပြာများကို ဂူသွင်းမြှုပ်နှံရာတွင် ရိုးရိုးနှစ်ပေပတ်လည် အုတ်ဂူများဆောက်လုပ်ပါက ကျပ်သုံးသောင်းခွဲဝန်းကျင် ကုန်ကျမည်ဖြစ်သည်။

အကယ်၍ ဆန်းဆန်းပြားပြားဖြင့် ငွေကြေးတတ်နိုင်သူအတွက် ရောင်စုံကြွေပြားများဖြင့် အလှဆင်ထားသည့် တစ်ထပ်ဂူနေအိမ်များ ဆောက်လုပ်ပါက ကျပ်နှစ်သိန်းခွဲမှ ကျပ်သုံးသိန်းခန့် ကုန်ကျမည်ဖြစ်ပြီး နှစ်ထပ်ဂူနေအိမ်များဆိုပါက ကျပ်ခြောက်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်သည်။

“တချို့ကျန်ရစ်တဲ့ မိသားစုတွေဆို သေဆုံးသူ အရင်နေခဲ့တဲ့အိမ်ကို လိုက်ကြည့်ခိုင်းပြီးမှ ပုံစံတူဂူနေအိမ် ဆောက်လုပ်ခိုင်းသလို နဂိုအိမ်မှာပါတဲ့ ရေစင်တို့၊ စလောင်းတို့ကအစ အသေးစိတ် ထည့်ပေးခိုင်းတယ်”ဟု ကျိုင်းတုံမြို့ရှိ နာရေးအကျိုးတော်ဆောင် ကိုအောင်က ပြောကြားသည်။

ထိုအိမ်ပုံစံဂူများကို ယုံကြည်မှုဓလေ့ထုံးတမ်းများအရ ကျန်ရစ်သူမိသားစုများအနေနှင့် သေဆုံးသူများကို လက်ရှိဘဝ၌သာမက နောင်တမလွန်ဘဝ၌ပါ အိုးအိမ်တိုက်တာများဖြင့် ချမ်းသာစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်မြှုပ်နှံ သင်္ဂြိုဟ်ပေးခြင်းဖြစ်သည်။

“ချမ်းသာတဲ့မိသားစုတွေကတော့ သေဆုံးသူတွေကို ဒီဘဝမှာရော၊ နောင်ဘဝမှာပါ ချမ်းသာစွာ နေထိုင်စေဖို့ ပုံစံတူဂူနေအိမ်တွေ ဆောက်လုပ်ပေးကြသလို ဆင်းရဲတဲ့သူတွေကတော့ သေဆုံးသူတွေအနေနဲ့ ဒီဘဝမှာ တိုက်တာအိုးအိမ်တွေနဲ့ ချမ်းသာစွာမနေခဲ့ရလို့ နောင်ဘဝမှာ ချမ်းသာစွာနေနိုင်အောင် ဂူနေအိမ်တွေ ဆောက်လုပ်ပေးကြတာလည်း ရှိပါတယ်”ဟု လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ဦးကိုသက်က ရှင်းပြပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သေဆုံးသူများ၏ အရိုးပြာများကို ဂူနေအိမ်များပြုလုပ်ကာ မြေမြှုပ်သင်္ဂြိုဟ်သည့် အလေ့အထများ ရှိသည်ဟုမသိရသော်လည်း ကျိုင်းတုံမြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ယင်းကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် ဂူသွင်းသင်္ဂြိုဟ်သည့် အလေ့အထရှိကြောင်း ဆောက်လုပ်ရေး ကန်ထရိုက်တာ ဦးသန်းဝင်းအောင်က သူ၏ အတွေ့အကြုံကို ပြောပြသည်။

ယခင်က ကျိုင်းတုံရှိ သေဆုံးသူများမြှုပ်နှံသင်္ဂြိုဟ်ခဲ့သည့် ဆင်နှစ်ကောင်သင်္ချိုင်းဟောင်းသည် ကျိုင်းတုံမြို့နှင့် တစ်မိုင်ခန့် ကွာဝေးသည့်အပြင် သေဆုံးသူများကို မြေမြှုပ်ရန်နှင့် ဂူသွင်းသင်္ဂြိုဟ်ရန် မြေနေရာ မလုံလောက်၍ ၂၀၀၇ ခုနှစ်တွင် မြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည့် ဟွေဖျန်းသုသာန်သို့ ပြောင်းရွှေ့ခဲ့သည်။

အဆိုပါဟွေဖျန်းသုသာန်သစ်တွင် လူသေ အလောင်းများကိုမြှုပ်နှံသည့် မြေဧရိယာ နည်းပါးသက်သာစေရန်ရည်ရွယ်၍ တပ်မတော်ထိပ်ပိုင်း အကြီးအကဲများ ကိုးကွယ်ဆည်းကပ်နေသည့် ဝစီပိတ်ဆရာတော်မှဦးဆောင်ကာ မီးသင်္ဂြိုဟ်စက်ကို တည်ဆောက်ခဲ့ပြီး အရိုးပြာများကို နှစ်ပေပတ်လည် အုတ်ဂူလေးများနှင့် ဂူသွင်းသင်္ဂြိုဟ်ခွင့်ပြုပေးခဲ့ရာမှ ရောင်စုံဂူနေအိမ်လေးများ ပိုမိုမြင်တွေ့လာရခြင်းဖြစ်သည်။

“ပုံမှန်မြေမြှုပ်မယ်ဆိုရင် မြေက ၆ ပေ၊ ၄ ပေ မြေနေရာပေးရတယ်။ အခုလို မီးသင်္ဂြိုဟ်ပြီး ဂူသွင်းရင် မြေနေရာ အကုန်အကျသက်တာတော့ ခြောက်ဦး ဂူသွင်းလို့ရတာပေါ့။ ဘယ်လိုပုံစံနဲ့ပဲ သင်္ဂြိုဟ်ချင်ပါစေ ကျန်ရစ်သူတွေဆန္ဒအတိုင်း ခွင့်ပြုပေးပါတယ်”ဟု ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ရှေးယခင်က တရုတ်မင်းဧကရာဇ်များ သေဆုံးသွားပါက ယင်းတို့ပိုင်ဆိုင်သည့် ကျေးကျွန်များနှင့် တိရစ္ဆာန်များ အပါအဝင် အသုံးအဆောင်ပစ္စည်းများကို ၎င်းတို့နှင့်အတူ မြေမြှုပ်သင်္ဂြိုဟ်သည့် အစဉ်အလာရှိခဲ့သကဲ့သို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ တရုတ်လူမျိုးများသည် ယင်းတို့၏မိသားစုဝင်များ သေဆုံးသွားပါက အသုံးပြုခဲ့သည့် နေအိမ်၊ ယာဉ်စသည့် ပိုင်ဆိုင်မှုများကို ပုံစံတူအရုပ်များပြုလုပ်ကာ ပို့ဆောင်သင်္ဂြိုဟ်သည့်ဓလေ့လည်းရှိခဲ့သည်။

“ကျွန်တော်တို့ဒေသမှာတော့ သေဆုံးသူတွေရဲ့ အရိုးပြာတွေကို အခုလို ရောင်စုံဂူအိမ်လေးတွေ လုပ်ပေးကြတာ မထူးဆန်းကြပေမယ့် ကျန်တဲ့ဒေသတွေမှာ ဒီလိုမျိုးမရှိကြလို့ထင်တယ်။ လူမှုကွန်ရက် (Facebook)မှာ ရောင်စုံဂူနေအိမ်လေးတွေပုံကို တင်တာကို Like လုပ်ပြီး ကွန်းမန့်ပေးတဲ့အပြင် ထပ်ဆင့်ရှယ်ကြတာ အများကြီး တွေ့ရတယ်”ဟု ဦးကိုသက်က ပြောကြားသည်။

ထိုကဲ့သို့ ရောင်စုံအုတ်ဂူလေးများကို ဟွေဖျန်းသင်္ချိုင်းတွင် တိုင်းရင်းသားများသာ အများစု သင်္ဂြိုဟ်ကြသော်လည်း ကျိုင်းတုံမြို့နယ်စည်ပင်ကမူ လူမျိုးဘာသာမရွေး ပြုလုပ်နိုင်လို့ ဆိုသည်။

ထိုသို့ဆိုသော် ရိုးရာဓလေ့ထုံးတမ်းအရဖြစ်စေ၊ ယုံကြည်သက်ဝင်မှုကြောင့်ဖြစ်စေ၊ မည်သို့ပင်ဆိုစေကာမူ ကျိုင်းတုံမြို့ ဟွေဖျန်းသုသာန်အတွင်းမှာတော့ ရောင်စုံဂူနေအိမ်လေးများ တိုးလာတော့မည်မှာ အမှန်ပင်ဖြစ်သည်။

ရန်နိုင်(သီလ၀)
The Voice Journal

Leave a Reply