ေရခဲေသတၱာ ကမာၻထဲက ဘ၀မ်ား (သို႔) ကမာၻေျမ ေျမာက္ဖ်ားအဆံုးကလူေနျမိဳ႕

Posted on

ေရးသားသူ – ဟန္လင္းေအာင္ (Messenger News Journal)

အထီးတည္း၊ ေလထုညစ္ညမ္း၊ အလြန္ေအး။ အသက္ေသြးတို႔ရင္းကာ တည္ေဆာက္ထား။ ကမၻာ့ေျမာက္ဖ်ားဆံုး လူေနျမိဳ႕ ေနာရစ္ခ္၏ ဂုဏ္ရည္အခိ်ဳ႕ျဖစ္၏။ အာတိတ္ စက္၀ိုင္းစြန္းကေန ေျမာက္ဘက္ မိုင္ (၂၅၀) အကြာမွာ တည္ရိွသည္။

နီကယ္၊ ေၾကးနီ၊ ပလာဒီယမ္ သတၱဳမ်ား လိႈင္လိႈင္ထြက္သည့္ သယံဇာတ ၾကြယ္၀ေသာျမိဳ႕အျဖစ္ လူသိမ်ားသလို၊ ေျမာက္၀င္ရိုးစြန္းနဲ႔ နီးလြန္းသျဖင့္ ေရခဲေသတၱာထဲက ျမိဳ႕အျဖစ္လည္း လူသိမ်ားသည္။

ရုရွားနိုင္ငံ ဆိုင္ေဘးရီးယား ေဒသမွာ တည္ရိွသည္။ ၁၉၃၅ ခုနွစ္တြင္ ဓာတ္သတၱဳမ်ား ေတြ႔ရိွျပီးေနာက္ ေနာ္ရစ္ခ္ျမိဳ႕ကို တစ္ကြ်န္းစံ အက်ဥ္းသားမ်ားျဖင့္ စတင္တည္ထားခဲ့ျခင္း ျဖစ္သည္။ ၾကမ္းတမ္းလွေသာ ရာသီဥတုတြင္ လူ႔အသက္ေပါင္း ေထာင္ေသာင္းခီ် ေသဆံုးခဲ့ရသည္။

ကမၻာ့ေျမာက္ဖ်ားစြန္းနား ကပ္ေနေသာ ေနာရစ္ခ္ျမိဳ႕အဖို႔ ျပင္ပကမာၻနွင့္ ကုန္းလမ္း အဆက္အသြယ္မရိွ။ ေလေၾကာင္းကိုသာ အားကိုးရသည္။ ေရလမ္းကလည္း တစ္နွစ္လံုးတြင္မွ လအနည္းငယ္ေလာက္သာ ပြင့္သည္။ တစ္နွစ္လံုးတြင္ ရက္ေပါင္း (၂၈၀) ေလာက္က ေဆာင္းတြင္းၾကီး ျဖစ္သည္။ ရက္ေပါင္း (၁၃၀) ေလာက္က နွင္းမုန္တိုင္းေတြ တိုက္ခတ္ေနသည္။ တစ္နွစ္တာ ပ်မ္းမွ်အပူခိ်န္က အနုတ္ (၁၀) ဒီဂရီ စင္တီဂရိတ္။ ေဆာင္းတြင္းၾကီးမွာဆို အနုတ္ (၅၅) ဒီဂရီ စင္တီဂရိတ္ထိ ရိွသည္။

ေနာ္ရစ္ခ္သည္ ဆိုင္ေဘးရီးယားတြင္ တည္ရိွျပီး အာတိတ္စက္၀ိုင္းမွ ေျမာက္ဘက္မိုင္ (၂၅၀) တြင္တည္ရိွကာ နွစ္စဥ္ ပ်မ္းမွ်အပူခိ်န္ အနုတ္ (၁၀) ဒီဂရီ စင္တီဂရိတ္ ရိွသည္။ ျပင္ပကမၻာနွင့္ အဆက္ျပတ္ေနေသာ ေနာရစ္ခ္ျမိဳ႕သားမ်ားက က်န္တစ္ကမၻာလံုးကို ကုန္းမၾကီးဟု ေခၚေ၀ၚၾကသည္။

တစ္နွစ္ကို နွစ္လက ေန႔ေရာညပါ ေမွာင္မဲေနသည့္ ၀င္ရိုးစြန္းညမ်ား ျဖစ္သည္။ တစ္နွစ္ကို ကိုးလေလာက္ထိက နွင္းဖံုးေဆာင္းရာသီ ျဖစ္သည္။ ရာသီဥတု ခက္ခဲ ၾကမ္းတမ္းသည့္တိုင္ သတၱဳတြင္းျမိဳ႕ ေနာ္ရစ္ခ္တြင္ လူဦးေရ (၁၇၀၀၀၀) ေက်ာ္ ေနထိုင္ေနသည္။ ရုရွား ဓာတ္ပံုဆရာမ အယ္လီနာ ခ်ာနီရိႈဗာသည္ ‘ည၏ ေန႔ ၊ ေန႔၏ ည’ ဓာတ္ပံု ပေရာဂ်က္ အတြက္ ေနာရစ္ခ္တြင္ ရက္သတၱပတ္ေပါင္းမ်ားစြာ ေနထိုင္ကာ ေနာရစ္ခ္ ေဒသကို ဓာတ္ပံုျဖင့္ ေဖာ္က်ဴးထားသည္။

တစ္နွစ္လံုးတြင္ အေမွာင္ၾကီးစိုးသည့္ အခိ်န္သာ မ်ားေနသျဖင့္ ျမိဳ႕ခံမ်ားသည္ စိတ္ဖိစီး၊ စိတ္ရႈပ္၊ အိပ္ခိ်န္မမွန္မႈ စိတ္ေ၀ဒနာမ်ား ခံစားၾကရသည္။ ေပ်ာ္ရႊင္တက္ၾကြစရာ ၀န္းက်င္ အေနအထားကလည္း နည္းလွသျဖင့္ ျမိဳ႕ခံမ်ားသည္ စိတ္က်ေ၀ဒနာမ်ား ခံစားရသည္။ တစ္နွစ္လံုး ေတာင့္တခဲ့ရေသာ ေႏြဦး ရာသီအ၀င္ေန႔တြင္ စာေျခာက္ရုပ္ကို မီးရိႈ႕ကာ ၾကိဳဆိုၾကသည္။

ျမိဳ႕ခံအမ်ားစုမွာ သတၱဳတြင္း လုပ္သားမ်ား ျဖစ္ျပီး ဘ၀က ခက္ထန္ၾကမ္းတမ္းသည္။ အနစ္နာခံရမႈမ်ား အတြက္ ဆုလာဘ္ကား တစ္နွစ္ကို ရက္ (၉၀) ၾကာ အားလပ္ရက္ရရိွျခင္း၊ အသက္ (၄၅) နွစ္ ျပည့္လွ်င္ အျငိမ္းစားယူခြင့္ရိွျခင္း ျဖစ္သည္။

ေဆာင္းတြင္းမွာ ကေလးေတြ အျပင္ထြက္ရခဲသည္။ ကေလးေတြ လေပါင္းမ်ားစြာ ၾကာေအာင္ အိမ္ထဲမွာခ်ည္း ေနရတာမိ်ဳးေတြ ၾကံဳရသည္။ တိုက္ခန္းတဲြမ်ားတြင္ ကေလးမ်ား ေဆာ့ကစားနိုင္သည့္ ခန္းမက်ယ္ၾကီးမ်ား ထည့္သြင္း ေဆာက္လုပ္ ေပးထားသည္မွာလည္းေနာရစ္ခ္ျမိဳ႕ျပပံုစံ ျဖစ္သည္။

နွင္းမုန္တိုင္း တိုက္ခတ္ေသာ ရက္မ်ားမွာ ဘတ္စ္ကားမ်ား (၁၅) စီး၊ အစီး (၂၀) တန္းစီျပီး ျမိဳ႕ထဲနွင့္ သတၱဳတြင္းမ်ားဆီသို႔ လုပ္သားမ်ား အၾကိဳအပို႔ လုပ္ေပးသည္။ ဘတ္စ္ကားတစ္စီး ပ်က္သြားသည္နွင့္ ခရီးသည္မ်ား အျခားကားေတြေပၚ အျမန္ဆံုး တက္နိုင္ေအာင္ ျဖစ္သည္။ နွင္းမုန္တိုင္းထဲတြင္ အကာအကြယ္မဲ့ေနလွ်င္ အသက္ပါ ဆံုးရံႈးနိုင္သည္။ ကားတန္းသည္ တစ္ေန႔လံုးတြင္မွ သံုးၾကိမ္သာ ထြက္သည္။

ေအးခဲေသာ ေဒသတြင္ သတၱဳတြင္းထြက္ မီးခိုးမ်ားေၾကာင့္ ေနာရစ္ခ္သည္ ကမၻာေပၚတြင္ ေလထုအညစ္ညမ္းဆံုးျမိဳ႕ (၁၀) ျမိဳ႕ထဲတြင္ ပါ၀င္သည္။ ေနာရစ္ခ္ျမိဳ႕ခံမ်ားသည္ အျခား ရုရွားေဒသခံမ်ားထက္ ပ်မ္းမွ်သက္တမ္း (၁၀) နွစ္ေလာက္တိုသည္။ ကင္ဆာ ျဖစ္နိုင္ေျခ နွစ္ဆပိုမ်ားသလို၊ အသက္ရူ လမ္းေၾကာင္းေရာဂါ ျဖစ္သူ ကလည္း မ်ားလွသည္။ ေလထု ညစ္ညမ္းမႈသည္ ေနာရစ္ခ္ ေဒသခံ ကေလးငယ္ ေသဆံုးမႈ (၃၇) ရာခိုင္နႈန္း၊ အရြယ္ေရာက္ျပီးသူ ေသဆံုးနႈန္း (၂၁ ဒသမ ၆) ရာခိုင္နႈန္းနွင့္ ဆက္စပ္ေနသည္။

VIDEO

Ref: Daily Mail

ဟန္လင္းေအာင္
Messenger News Journal

—————–

ရေခဲသေတ္တာ ကမ္ဘာထဲက ဘဝများ (သို့) ကမ္ဘာမြေ မြောက်ဖျားအဆုံးကလူနေမြို့(unicode)

ရေးသားသူ – ဟန်လင်းအောင် (Messenger News Journal)

အထီးတည်း၊ လေထုညစ်ညမ်း၊ အလွန်အေး။ အသက်သွေးတို့ရင်းကာ တည်ဆောက်ထား။ ကမ္ဘာ့မြောက်ဖျားဆုံး လူနေမြို့ နောရစ်ခ်၏ ဂုဏ်ရည်အချို့ဖြစ်၏။ အာတိတ် စက်ဝိုင်းစွန်းကနေ မြောက်ဘက် မိုင် (၂၅၀) အကွာမှာ တည်ရှိသည်။

နီကယ်၊ ကြေးနီ၊ ပလာဒီယမ် သတ္တုများ လှိုင်လှိုင်ထွက်သည့် သယံဇာတ ကြွယ်၀သောမြို့အဖြစ် လူသိများသလို၊ မြောက်ဝင်ရိုးစွန်းနဲ့ နီးလွန်းသဖြင့် ရေခဲသေတ္တာထဲက မြို့အဖြစ်လည်း လူသိများသည်။

ရုရှားနိုင်ငံ ဆိုင်ဘေးရီးယား ဒေသမှာ တည်ရှိသည်။ ၁၉၃၅ ခုနှစ်တွင် ဓာတ်သတ္တုများ တွေ့ရှိပြီးနောက် နော်ရစ်ခ်မြို့ကို တစ်ကျွန်းစံ အကျဉ်းသားများဖြင့် စတင်တည်ထားခဲ့ခြင်း ဖြစ်သည်။ ကြမ်းတမ်းလှသော ရာသီဥတုတွင် လူ့အသက်ပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရသည်။

ကမ္ဘာ့မြောက်ဖျားစွန်းနား ကပ်နေသော နောရစ်ခ်မြို့အဖို့ ပြင်ပကမ္ဘာနှင့် ကုန်းလမ်း အဆက်အသွယ်မရှိ။ လေကြောင်းကိုသာ အားကိုးရသည်။ ရေလမ်းကလည်း တစ်နှစ်လုံးတွင်မှ လအနည်းငယ်လောက်သာ ပွင့်သည်။ တစ်နှစ်လုံးတွင် ရက်ပေါင်း (၂၈၀) လောက်က ဆောင်းတွင်းကြီး ဖြစ်သည်။ ရက်ပေါင်း (၁၃၀) လောက်က နှင်းမုန်တိုင်းတွေ တိုက်ခတ်နေသည်။ တစ်နှစ်တာ ပျမ်းမျှအပူချိန်က အနုတ် (၁၀) ဒီဂရီ စင်တီဂရိတ်။ ဆောင်းတွင်းကြီးမှာဆို အနုတ် (၅၅) ဒီဂရီ စင်တီဂရိတ်ထိ ရှိသည်။

နော်ရစ်ခ်သည် ဆိုင်ဘေးရီးယားတွင် တည်ရှိပြီး အာတိတ်စက်ဝိုင်းမှ မြောက်ဘက်မိုင် (၂၅၀) တွင်တည်ရှိကာ နှစ်စဉ် ပျမ်းမျှအပူချိန် အနုတ် (၁၀) ဒီဂရီ စင်တီဂရိတ် ရှိသည်။ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသော နောရစ်ခ်မြို့သားများက ကျန်တစ်ကမ္ဘာလုံးကို ကုန်းမကြီးဟု ခေါ်ဝေါ်ကြသည်။

တစ်နှစ်ကို နှစ်လက နေ့ရောညပါ မှောင်မဲနေသည့် ဝင်ရိုးစွန်းညများ ဖြစ်သည်။ တစ်နှစ်ကို ကိုးလလောက်ထိက နှင်းဖုံးဆောင်းရာသီ ဖြစ်သည်။ ရာသီဥတု ခက်ခဲ ကြမ်းတမ်းသည့်တိုင် သတ္တုတွင်းမြို့ နော်ရစ်ခ်တွင် လူဦးရေ (၁၇၀၀၀၀) ကျော် နေထိုင်နေသည်။ ရုရှား ဓာတ်ပုံဆရာမ အယ်လီနာ ချာနီရှိုဗာသည် ‘ည၏ နေ့ ၊ နေ့၏ ည’ ဓာတ်ပုံ ပရောဂျက် အတွက် နောရစ်ခ်တွင် ရက်သတ္တပတ်ပေါင်းများစွာ နေထိုင်ကာ နောရစ်ခ် ဒေသကို ဓာတ်ပုံဖြင့် ဖော်ကျူးထားသည်။

တစ်နှစ်လုံးတွင် အမှောင်ကြီးစိုးသည့် အချိန်သာ များနေသဖြင့် မြို့ခံများသည် စိတ်ဖိစီး၊ စိတ်ရှုပ်၊ အိပ်ချိန်မမှန်မှု စိတ်ဝေဒနာများ ခံစားကြရသည်။ ပျော်ရွှင်တက်ကြွစရာ ဝန်းကျင် အနေအထားကလည်း နည်းလှသဖြင့် မြို့ခံများသည် စိတ်ကျဝေဒနာများ ခံစားရသည်။ တစ်နှစ်လုံး တောင့်တခဲ့ရသော နွေဦး ရာသီအဝင်နေ့တွင် စာခြောက်ရုပ်ကို မီးရှို့ကာ ကြိုဆိုကြသည်။

မြို့ခံအများစုမှာ သတ္တုတွင်း လုပ်သားများ ဖြစ်ပြီး ဘဝက ခက်ထန်ကြမ်းတမ်းသည်။ အနစ်နာခံရမှုများ အတွက် ဆုလာဘ်ကား တစ်နှစ်ကို ရက် (၉၀) ကြာ အားလပ်ရက်ရရှိခြင်း၊ အသက် (၄၅) နှစ် ပြည့်လျှင် အငြိမ်းစားယူခွင့်ရှိခြင်း ဖြစ်သည်။

ဆောင်းတွင်းမှာ ကလေးတွေ အပြင်ထွက်ရခဲသည်။ ကလေးတွေ လပေါင်းများစွာ ကြာအောင် အိမ်ထဲမှာချည်း နေရတာမျိုးတွေ ကြုံရသည်။ တိုက်ခန်းတွဲများတွင် ကလေးများ ဆော့ကစားနိုင်သည့် ခန်းမကျယ်ကြီးများ ထည့်သွင်း ဆောက်လုပ် ပေးထားသည်မှာလည်းနောရစ်ခ်မြို့ပြပုံစံ ဖြစ်သည်။

နှင်းမုန်တိုင်း တိုက်ခတ်သော ရက်များမှာ ဘတ်စ်ကားများ (၁၅) စီး၊ အစီး (၂၀) တန်းစီပြီး မြို့ထဲနှင့် သတ္တုတွင်းများဆီသို့ လုပ်သားများ အကြိုအပို့ လုပ်ပေးသည်။ ဘတ်စ်ကားတစ်စီး ပျက်သွားသည်နှင့် ခရီးသည်များ အခြားကားတွေပေါ် အမြန်ဆုံး တက်နိုင်အောင် ဖြစ်သည်။ နှင်းမုန်တိုင်းထဲတွင် အကာအကွယ်မဲ့နေလျှင် အသက်ပါ ဆုံးရှုံးနိုင်သည်။ ကားတန်းသည် တစ်နေ့လုံးတွင်မှ သုံးကြိမ်သာ ထွက်သည်။

အေးခဲသော ဒေသတွင် သတ္တုတွင်းထွက် မီးခိုးများကြောင့် နောရစ်ခ်သည် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့ (၁၀) မြို့ထဲတွင် ပါဝင်သည်။ နောရစ်ခ်မြို့ခံများသည် အခြား ရုရှားဒေသခံများထက် ပျမ်းမျှသက်တမ်း (၁၀) နှစ်လောက်တိုသည်။ ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆပိုများသလို၊ အသက်ရူ လမ်းကြောင်းရောဂါ ဖြစ်သူ ကလည်း များလှသည်။ လေထု ညစ်ညမ်းမှုသည် နောရစ်ခ် ဒေသခံ ကလေးငယ် သေဆုံးမှု (၃၇) ရာခိုင်နှုန်း၊ အရွယ်ရောက်ပြီးသူ သေဆုံးနှုန်း (၂၁ ဒသမ ၆) ရာခိုင်နှုန်းနှင့် ဆက်စပ်နေသည်။

Ref: Daily Mail

ဟန်လင်းအောင်
Messenger News Journal

Leave a Reply