အမေဇုန်မြစ်ထဲက ပေါရိသာရ အသားစားငါးများအကြောင်း

Posted on

Piranhas လို့သိကြတဲ့(အသားစားငါး)တွေဟာ သည်းထိတ်ရင်ဖိုအနောက်တိုင်း ရုပ်ရှင် တွေမှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်လေ့ရှိပါတယ်။ လူတစ်ယောက်လုံးကို စက္ကန့် ပိုင်းအတွင်းအရိုးကျသွားလောက်အောင် ကိုက်ဖြက်စားသောက်တတ်တဲ့ ကြောက်မက် ဖွယ်ရာ သတ္တဝါဆန်းတွေဟာ အကောင်အရွယ်အစား အလယ်အလတ်ကနေ အသေးဆုံး အနေအထားအထိ အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး အထူးသဖြင့် တောင်အမေရိက တိုက်မှာရှိတဲ့ မြစ်တွေအတွင်းမှာနေထိုင်လေ့ရှိပါတယ်။

ရေချိုဒေသတွေမှာသာ အနေများတဲ့ Piranhas မျိုးစိတ်တွေကိုတော့ အပူချိန်လုံလုံလောက်လောက်ရရှိနိုင်တဲ့ မြောက်အမေရိကတိုက်က ရေကန်အချို့နဲ့ မြစ်၊ချောင်း အချို့မှာလည်း တွေ့မြင်ရပါတယ်။ ဒါအပြင် အာရှတိုက်မှာရှိတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Kaptai ကန်မှာလည်း တွေ့ရှိရပါတယ်။

Piranhasဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ အသားစားငါးများလို့ အဓိပ္ပါယ်ရပြီး အမေဇုံဘာသာစကားကနေ ဆင်းသက်လာတယ်လို့သိရပါတယ်။ Piranhasတွေဟာ မျိုးစိတ်ပေါင်းဘယ်လောက်ရှိတာကိုတော့ တိတိကျကျမပြောနိုင် သေးပဲ ခန့်မှန်းချက်တွေအရတော့ မျိုးစိတ်ပေါင်း(၃၀ ကနေ ၆၀) အတွင်း ရှိနေနိုင်တယ် လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။

သက်ရှိလူသားနဲ့ တိရိစ္ဆာန်တွေ အတွက်ကတော့ Piranhas တွေဟာ အလွန်အန္တရာယ်ရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ Piranhas တွေဟာ ငွေရောင်ခန္ဓာကိုယ်ရှိပြီး အနီရောင်၊ပါးဟတ်နဲ့ အောက်မေးသား တစ်လျှောက်ဟာ အနီရောင်ရှိပါတယ်။ ဖော်ပြပါအရောင်အသွေးတွေဟာ ခပ်နွမ်းနွမ်း အရောင်သာရှိတာ ကြောင့် Piranhas တွေဟာ ရေအောက်တစ်နေရာကနေ တစ်နေရာကိုကူးပြောင်းသွားလာ ရာမှာ သူတို့ရဲ့မူလပုံစံကို အလွယ်တစ်ကူမတွေ့နိုင်ရန် အကူအညီပေးပါတယ်။

Piranhasတစ်ကောင်ဟာ ၅.၅-၁၇ လက်မအရှည်ရှိပြီး (၇.၇)ပေါင်အလေးချိန်ရှိပါတယ်။ Piranhas တွေရဲ့ အကြောင်းကိုကျောရိုးတည်ထားတဲ့ ရုပ်ရှင်ဇာက်လမ်းတွေကြောင့် လူအများစုဟာ Piranhas တွေဟာ လူသားကိုသီးသန့်စားသုံးတဲ့ သတ္တဝါတွေ လို့ထင် မှတ်ကြပါတယ်။ အမှန်တော့ Piranhas တွေဟာ Omnivore လို့ခေါ်တဲ့ အစုံစားသတ္တဝါ တွေသာဖြစ်ပါတယ်။

Piranhas တွေ နေ့စဉ်စားသောက်တဲ့ သတ္တဝါတွေကတော့ ခရု၊ ငါး၊ ရေနေသတ္တဝါအသေးလေးတွေနဲ့ပင်လယ် ရေအောက်မှာ ပေါက်ရောက် လေ့ရှိတဲ့ အပင်၊ အရွက်၊ အစေ့အဆံ၊ သစ်သီးတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောင်းအရာ တိုက်ဆိုင်ပြီး သူတို့ရဲ့ရေပိုင်နက်ထဲကို လူအပါအဝင်၊ မည်သည့်တိရိစ္ဆာန် မျိုးစုံကျဆင်းလာပါကလည်း Piranhas တွေအတွက် စားသောက်ပွဲကြီးပမာ ဖြစ်သွားပြီး ဝိုင်းဝန်းစားသောက်လေ့ရှိကြပါတယ်။

Piranhas တွေမှာ အစွယ်ပမာချွန်ထက်နေတဲ့ သွားစွယ်များစွာဟာ တစ်တန်းထဲ အနေအထားနဲ့ ပေါက်ရောက်နေပြီး Piranhas ရဲ့သွားတွေဟာ ငါးမျှားချိတ်တွေကို တောင် ပြတ်တောက်သွားတဲ့အထိ ကိုက်ခဲနိုင်ပါတယ်။ Piranhas ရဲ့ မေးရိုးတွေဟာ အလွန်သန်မာပြီး လူတစ်ယောက်ရဲ့လက်ကို (၁၀ စက္ကန့် အတွင်းပြတ်တောက်သွားအောင်) ပြုလုပ်နိုင်ပါတယ်။

ဒေသခံတွေကတော့ Piranhas ရဲ့သွားစွယ်တွေကို လက်နက်အဖြစ်၊ အိမ်သုံးဖြတ်တောက်တဲ့ ကိရိယာအဖြစ် အသုံးပြု ကြလေ့ရှိပါတယ်။ ငါးမန်းမျိုးနွယ်တွေကဲ့သို့ Piranhasတွေမှာ အာရုံခံအင်္ဂါတွေပါရှိပြီး ရေပြင်ရဲ့ မိုင်ဝက် လောက်အကွာမှာရှိတဲ့ သွေးညှီနှံအပါအဝင် အခြားခြားသော အနံ့တွေကို တိတိကျကျ ခန့်မှန်းနိုင်ပါတယ်။

Piranhas တွေဟာ Cannibals လို့ခေါ်တဲ့ မိမိမျိုးနွယ်ချင်းပြန်လည်စားသောက်ကြတဲ့ အသားစားငါးမျိုးနွယ်တွေဖြစ်ပြီး အစာရှာဖို့ခက်ခဲတဲ့အခြေအနေမျိုးနဲ့ မိတ်လိုက်ချိန် တွေမှာ တစ်ကောင်နဲ့တစ်ကောင် ပြန်လည်သတ်ဖြတ်စားသောက်မှုတွေကို ပြုလုပ်လေ့ ရှိပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်တွေမှာပါတဲ့ အတိုင်း Piranhas တွေဟာ လူတစ်ယောက်ကို စက္ကန့် အနည်းငယ်အတွင်း အရိုးကျသွားအောင်ကိုက်ဖြတ် စားသုံးနိုင်ကြပါတယ်။

သူတို့ဟာ အုပ်စုလိုက်နေထိုင်ကြတဲ့ ငါးမျိုးနွယ်တွေဖြစ်ကြပြီး အစာရှာဖွေရာမှာလည်း စုပေါင်းရှာဖွေလေ့ရှိပါတယ်။ Piranhas တွေဟာ အုပ်စုလိုက်အနေအထားရှိပေမဲ့ အစာ ရှာရာမှာတော့ တစ်နိုင်တစ်ပိုင်အနေအထားနဲ့ မိမိနဲ့သင့်လျော်တဲ့ သားကောင်ကို စားသောက်လေ့ရှိပါတယ်။ ဒါပေမဲ့ မိမိတို့ထက် အလွန်ကြီးမားတဲ့ သားကောင်ကိုတွေ့ရင်တော့ စုပေါင်းပြီး အမဲဖျက်ကြပါတော့တယ်။

ရေအောက်နယ်ပယ်မှာတော့ Piranhasတွေရဲ့ အဓိကရန်သူတွေကတော့ လင်းပိုင်၊ မိကျောင်း၊ ပင်လယ်လိပ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ Piranhas တွေဟာ ယင်းသတ္တဝါတွေကို ရှောင်ကွင်းသွားကြလေ့ရှိပါတယ်။

Piranhas တွေရဲ့ မိတ်လိုက်ရာသီတွေကတော့ ဧပြီလကနေ မေလအတွင်းဖြစ်ပြီး အမတစ်ကောင်ဟာ အနည်းဆုံးဥ(၅၀၀၀)ထောင်လောက်ကို ဥပေးလေ့ရှိပါတယ်။ ဥပြီးတဲ့ငါးဥတွေကိုတော့ Piranha အထီးရော၊အမကပါထိန်းသိမ်း စောင့်ရှောက်လေ့ ရှိပြီး (၉၀)ရာခိုင်နှုန်းသော မျိုးဥတွေဟာ အောင်မြင်စွာပေါက်ပွား ကြပါတယ်။

Piranhas တွေဟာ သူတို့ရဲ့ သဘာဝအတိုင်းဆိုရင် (၂၅)နှစ်လောက် သက်တမ်းရှိပြီး သူတို့ကို ပိတ်လှောင်ပြီးမွေးမြူထားမယ်ဆိုရင်တော့ (၁၀)နှစ်ကနေ နှစ်(၂၀)ကြား ကာလအထိသာ ရှင်သန်နိုင်ပါတယ်။

VIDEO

Leave a Reply