သားဖြစ်သူ ကျန်းမာစေဖို့ ကိုယ်ပိုင်ကျွန်းဝယ်ပေးခဲ့တဲ့ ဖခင်

Posted on

တရုတ်နိုင်ငံ ဂျီအန်ဆုပြည်နယ် Huai’an မြို့မှာနေထိုင်တဲ့ ဖခင်တစ်ယောက်က သားဖြစ်သူကျန်းမာရေးအတွက် ကျွန်းတစ်ကျွန်းလုံးကို ၀ယ်ပေးခဲ့တာဖြစ်ပါတယ်။

ဖခင်ရဲ့အမည်က  Zhu Zhisong ဖြစ်ပြီး သားဖြစ်သူကို ၂၀၀၆ ခုနှစ်မှာ မွေးခဲ့တာပါ။ သားဖြစ်သူ Wanlingji ဟာ အသက် ၃နှစ်အရွယ်ကတည်းက လည်ပင်း အကျိတ်ရောင်ရမ်းခြင်းရောဂါကို ခံစားခဲ့ရပါတယ်။ သားဖြစ်သူအတွက် ရှန်ဟိုင်းက အကောင်းဆုံးဆရာဝန်တွေနဲ့ ကုသခဲ့ပေမယ့် ထင်သလောက် မသက်သာခဲ့ပါဘူး။ ဆရာဝန်တွေက ကုသရုံနဲ့ သက်သာမှာမဟုတ်ပဲ သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝလေရှိတဲ့ နေရာမှာသာနေစေဖို့ ဒါမှသာပြန်လည်ကျန်းမာလာစေမယ် လို့အကြံပေးကြပါတယ်။

Zhisong ဟာ အသင့်တင့် ပိုက်ဆံရှိသူဖြစ်ပေမယ့် ကျွန်းတစ်ကျွန်းလုံးဝယ်ဖို့အတွက်တော့ အဆင်သင့်ရှိမနေခဲ့ပါဘူး။ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ Huaihe မြစ်ထဲမှာရှိတဲ့ Zehukou ဆိုတဲ့ကျွန်းလေးတစ်ကျွန်းကို သွားတွေ့ပါတယ်။ အကျယ်အ၀န်းအားဖြင့်တော့ စတုရန်းပေ ၅၀၀၀၀ နီးပါးသာ ကျယ်ဝန်းတဲ့ ကျွန်းဖြစ်ပါတယ်။ ကျွန်းရဲ့တန်ဖိုးဟာ ယွန် ၁သန်း(ဒေါ်လာ ၁သိန်းခွဲနီးပါး) ရှိပေမယ့် သားဖြစ်သူအတွက် ဘာမဆိုလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ Zhisong ဟာ သူ့ပိုင်ဆိုင်မှုအားလုံးကိုထုခွဲကာ ဒီကျွန်းကို ၀ယ်ယူလိုက်ပါတယ်။

ဝယ်ယူပြီးတဲ့ကျွန်းကို Wu Wei လို့အမည်ပေးလိုက်ပါတယ်။ အဓိပ္ပါယ်ကတော့ ဘာမဆိုလုပ်ပစ်မယ် တဲ့။ အဲဒီနောက်တော့ သူတို့မိသားစုဟာ မြို့ပြလူနေမှုစနစ်ကနေ ကျွန်းပေါ်ကို ပြောင်းရွှေ့ပစ်ခဲ့ပါတယ်။ ဒီကျွန်းပေါ်မှာ အခန်း ၇ခန်းပါတဲ့ အိမ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ သဘာဝထိမ်းသိမ်းတဲ့အနေနဲ့ ဆိုလာစွမ်းအင်ကိုသာ သုံးစွဲထားပါတယ်။

အခုတော့ တချိန်က မြို့ပြလူနေမှုစနစ်မှာ ရှုပ်ထွေးခဲ့တဲ့ သူတို့ရဲ့ဘ၀ဟာ အလွန်ရိုးရှင်းသွားပါပြီ။
“ကျွန်တော်တို့ မနက် ၅နာရီမှာ အိပ်ယာထတယ် ၊ ပြီးတော့ဟင်းသီးဟင်းရွက်တွေခူးတယ် ၊ ငါးနဲ့ ပုဇွန်တွေဖမ်းတယ် ၊ သစ်ပင်နဲ့ သစ်သီးတွေကိုစိုက်တယ် ၊ ည၈နာရီဆို အိပ်ကြပြီ၊ ပြီးတော့ သဘာဝနဲ့အသားကျအောင်နေတယ် ၊ အရမ်းပျော်ဖို့ကောင်းတဲ့ ဘ၀ပါ ” လို့ Zhisong က ရိုးရှင်းသွားခဲ့တဲ့သူ့ဘ၀အကြောင်းကို ပြောပြခဲ့ပါတယ်။

Zhisong မိသားစုဟာ လတ်ဆတ်သန့်ရှင်းတဲ့ လေကိုရရှိဖို့အတွက် ဒီကျွန်းပေါ်မှာ နေထိုင်ခဲ့တာ အခုဆိုရင် ၉နှစ်ရှိသွားပါပြီ။ ဇနီးဖြစ်သူရဲ့ ထိပ်ကပ်နာဟာလည်း ဒီကျွန်းရောက်ပြီး ၁နှစ်အကြာမှာ ပျောက်ကင်းခဲ့ပါတယ်။ ကျွန်းပေါ်ရောက်ပြီး နှစ်နှစ်ကြာတဲ့အခါ သားဖြစ်သူရဲ့ရောဂါကို ဆေးရုံမှာထပ်စစ်ဆေးကြည့်တဲ့အခါ ရောဂါမရှိတော့တာကိုတွေ့လိုက်ရပါတယ်။ သားဖြစ်သူ ကျန်းမာသွားပေမယ့် သူတို့မိသားစုဟာ မြို့ကိုပြန်မပြောင်းတော့ပဲ ဒီကျွန်းမှာပဲ ဆက်လက်နေထိုင်ကြပါတယ်။

ဒီကျွန်းရဲ့စားစရာဟာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သစ်သီး နဲ့ဟင်းသီးဟင်းရွက်တွေဟာ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက် တစ်ပတ်တစ်ခါတော့ မြို့ကိုတက်လေ့ရှိပါတယ်။

ဒီမိသားစုရဲ့ ဖြစ်ရပ်ဟာ တရုတ်နိုင်ငံအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီသတင်းကိုကြားတဲ့လူပေါင်းများစွာဟာ သူတို့မိသားစုရဲ့ကျွန်းပေါ်ကို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။ ဧည့်သည်တွေ နားခိုဖို့အတွက်လည်း ကျွန်းပေးမှာ အခန်း ၇ခန်းပါတဲ့ အိမ်တစ်လုံးကိုဆောက်ပေးထားတဲ့အပြင် ပုခက်တွေ ၊ ဘားတန်းတွေကိုလည်း ကျွန်းပေါ်မှာ ဖန်တီးပေးထားပါသေးတယ်။ လာလည်တဲ့မိတ်ဆွေတွေဟာ သဘာဝနဲ့အတူပျော်ရွှင်နေတဲ့ Zhisong တို့မိသားစုကို အားကျလျှက်ရှိကြပါတယ်။

Ref:
Kwong Wah News

Leave a Reply